Thursday, August 05, 2010

စစ်နှင့် ငြိမ်းချမ်းရေး


လူတွေ အစုအဝေးနှင့် နေလာစကတည်းက စစ်တိုက်ခဲ့ကြသည်။

စားနပ်ရိက္ခာအတွက် လူအုပ်စုတစ်ခုနှင့်တစ်ခု တိုက်ခိုက်ကြသည်။ နယ်မြေအတွက် တိုက်ခိုက်ကြသည်။ မိမိကို ရန်ပြုမှာ စိုးသည့်အတွက် မိမိက အရင်တိုက်ခိုက်သည်။ သည့်အပြင် အမျိုးမတူသည့်အတွက်၊ ဘာသာမတူသည့်အတွက်၊ သယံဇာတအတွက်၊ အင်ပိုင်ယာ ချဲ့ထွင်ရန်အတွက်၊ မဟာမိတ်များနှင့် ကတိက၀တ်ရှိသည့်အတွက် စသည့် အကြောင်းကြောင်းတို့ဖြင့် စစ်တိုက်ကြသည်။

ဘာကြောင့် သည်လို ဖြစ်ရသလဲ။

လူ၏ ပင်ကိုသဘာဝမှာပင် ရန်လိုသောစိတ်က လွှမ်းမိုးနေသည်ဟု ဆိုရမည်လား။

ပြင်သစ်တွေးခေါ်ရှင် မွန်တိန်း (Michel de Montaigne) ကတော့ လောက၌ လူလောက် ဆိုးဝါးကောက်ကျစ်သော သတ္တ၀ါမရှိဟု ဆိုသည်။ ဂျာမန်တွေးခေါ်ရှင် ရှိုပင်ဟောင်ဝါ (Arthur Schopenhauer) ကလည်း ယေဘုယျတွင် လူဟူသည်ကို ယဉ်ကျေးမှုစနစ်၏ လေ့ကျင့်ထိန်းကျောင်းမှုအောက်၌ မြင်နေတွေ့နေကြရတာ ဖြစ်သည်။ ပင်ကိုမူလသဘောအရမူ လူဟူသည် ရိုင်းစိုင်းကြမ်းကြုတ်၍ ကြောက်မက်ဖွယ်ကောင်းသော သတ္တ၀ါတစ်မျိုး ဖြစ်သည်ဟု ဆိုခဲ့သည်။ လူတွေ၏ သမိုင်းကြောင်းကို လေ့လာရာက အဲသည်လို အဆိုးဘက်ကောက်ချက်တွေ ထွက်လာခဲ့ခြင်း ဖြစ်လိမ့်မည်။

စစ်ပွဲများအကြောင်း သုတေသနပြုသူတို့၏ တွေ့ရှိချက်များကလည်း ၎င်းတို့အမြင်ကို ထောက်ခံအတည်ပြုသလို ရှိနေသည်။ သမိုင်းတစ်လျှောက် ပေါ်ပေါက်တည်ရှိခဲ့သည့် လူ့အဖွဲ့အစည်း (မြို့ပြ၊ တိုင်းပြည်၊ လူမျိုးစု စသည်) တို့၏ ၉၀-၉၅ ရာခိုင်နှုန်းသည် အနည်းဆုံး ရံဖန်ရံခါ စစ်တိုက်လေ့ရှိခဲ့ကြပြီး အချို့ဆိုလျှင် စစ်ပွဲပြတ်သည်ဟူ၍ပင် မရှိဟု ဆိုသည်။

စောစောပိုင်းကာလမှာ ကျောက်တုံး ကျောက်ခဲများ တုတ်တိုတုတ်ရှည်များနှင့် တိုက်ခိုက်ပြီး နောက်တွင် ဓားလှံ၊ လေးမြား၊ ထို့နောက် အမြောက်၊ သေနတ် စတာတွေဖြင့် တိုက်ကြသည်။ နောက်ဆုံးတော့ အဏုမြူလက်နက်။

သုတေသီတို့က အံ့သြစရာအချက်တစ်ခုကိုလည်း တွေ့ရှိခဲ့သည်။

အဲဒါက စစ်ပွဲဆင်နွှဲသူဦးရေနှင့် သေဆုံးသူဦးရေတို့ကို အချိုးချကြည့်သော် ခေတ်သစ်စစ်ပွဲကြီးမှာထက် မျိုးနွယ်စုများအကြား တိုက်ကြသည့် ခေတ်ဟောင်းစစ်ပွဲများက သေဆုံးသူ အချိုးအစား ပိုများသည်ဟူသော အချက်ဖြစ်သည်။ အကြောင်းက စစ်ကြီးများတွင် အနိုင်ရရေး၊ သိမ်းပိုက်နိုင်ရေးသည် အဓိကဦးစားပေးဖြစ်သော်လည်း မျိုးနွယ်စုစစ်ပွဲများတွင်မူ မျိုးဖြုတ်သတ်ဖြတ်နိုင်ဖို့ကို အဓိက အားထုတ်ကြသောကြောင့် ဖြစ်သည်။

သို့သော် သည်အတွက် ခေတ်သစ်စစ်ပွဲတွေက သက်သာသည်ဟု မဆိုလို။ ခေတ်သစ် စစ်ပွဲများတွင်လည်း လူမျိုးတုံးသတ်ဖြတ်သည့် အစိတ်အပိုင်းတွေ ရှိနေသေးသည်။ ထို့ပြင် သုံးစွဲသည့် စစ်လက်နက်ပစ္စည်းတွေက အင်အားပြင်းထန်လှသည်ဖြစ်ရာ သေကြေပျက်စီးမှုလည်း ကြီးမားလှသည်။ ထို့ပြင် မြို့ကြီးပြကြီးတွေပါ စစ်မြေပြင် ဖြစ်လာသဖြင့် လက်နက်ကိုင် တိုက်ခိုက်သူတွေထက် အရပ်သူအရပ်သားတို့ ပို၍ပင် သေဆုံးရသည်။

ဒါကြောင့်လည်း လူ့သမိုင်းတစ်လျှောက် ဖြစ်ခဲ့သမျှ စစ်ပွဲကြီးများထဲတွင် ဒုတိယကမ္ဘာစစ်သည် အသေအပျောက် အများဆုံး စာရင်းပေါက်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံပေါင်းစုံမှ သေဆုံးသူဦးရေ စုစုပေါင်းသည် သန်းပေါင်း ၆၀-၇၀ မျှ ရှိသည်ဟု ဆိုသည်။

စစ်ကြီးပြီးခါနီးမှာ အဏုမြူဗုံးနှစ်လုံး သုံးခဲ့သော်လည်း အဏုမြူစစ်ဟု မဆိုနိုင်။ သို့တိုင်အောင် ထိုဗုံးနှစ်လုံး ကြဲချခံရသည့် ဟီရိုရှီးမားနှင့် နာဂါဆကီမှ အဖြစ်ဆိုးသည် (၆)နှစ်တာ ဖြစ်ပွားခဲ့သည့် ဒုတိယကမ္ဘာစစ်အတွင်း ကြောက်မက်ဖွယ်အကောင်းဆုံး ဖြစ်ရပ်အဖြစ် လူသားတို့စိတ်အာရုံ၌ စွဲထင်ခဲ့သည်။

သည်နောက်ပိုင်းမှာ ကမ္ဘာစစ်ဖြစ်မည်ဆိုလျှင်ကား ရာထောင်ချီသော အဏုမြူလက်နက် မျိုးစုံတို့ကို သွန်ထုတ်သုံးစွဲကြမည်ဖြစ်ရာ ကမ္ဘာပေါ်တွင် လူသားဟူ၍မျှ ကျန်နိုင်ပါဦးမလား တွေးတောဖွယ်ဖြစ်သည်။ သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်း (Albert Einstein)အား တတိယကမ္ဘာစစ်ကြီးဖြစ်လျှင် မည်သို့သော အရာများဖြင့် တိုက်ခိုက်ကြလိမ့်မည်နည်း မေးသည့်အခါ အိုင်းစတိုင်းက "တတိယကမ္ဘာစစ်မှာ ဘာလက်နက်တွေနဲ့ တိုက်ခိုက်ကြမလဲ ကျွန်တော်မသိဘူး။ စတုတ္ထကမ္ဘာစစ်ကျရင်တော့ တုတ်တွေ၊ ကျောက်ခဲတွေနဲ့ တိုက်ခိုက်ကြလိမ့်မယ်" ဟူ၍ ဖြေခဲ့သည်။

အကယ်၍ ကံကောင်းထောက်မသဖြင့် တတိယကမ္ဘာစစ်အပြီးတွင် လူတချို့ ကျန်ခဲ့ဦးမည် ဆိုလျှင်ပင် လူ့ယဉ်ကျေးမှုစနစ်ကြီးကတော့ ပျက်စီးသွားမှာ သေချာသဖြင့် လူသားတွေ ကျောက်ခေတ်က ပြန်စရလိမ့်မည်ဟူသော သဘောဖြစ်သည်။

အဲသည် အနေအထားကို သိသည့်တိုင် တိုက်မလား၊ ခိုက်မလားနှင့် တစောင်စောင် လုပ်နေကြတာတွေကတော့ ကမ္ဘာအနှံ့မှာ ရှိမြဲရှိနေသည်။ အဏုမြူမတော်တဆ ဖြစ်မှုမှနေ၍ ရုတ်တရက် လန့်ဖျပ်ကာ တစ်ယောက်ကိုတစ်ယောက် လက်ဦးအောင် ထတိုက်ရာက မထင်မှတ်ဘဲ စစ်ကြီးဖြစ်သွားနိုင်သည်ဟု စိုးရိမ်သူတွေလည်း စိုးရိမ်ကြသည်။ သည့်အပြင် တခြားစိုးရိမ်စရာ အကြောင်းသစ်တွေလည်း ဆက်၍ဆက်၍ ဖြစ်ပေါ်လာနေသည်။

သည်လိုကာလမှာ အားကိုးနိုင်သည်က လူသားအချင်းချင်းကိုပဲ ဖြစ်သည်။

လူသားမှာ ရန်လိုတိုက်ခိုက်ချင်စိတ် အမဲလိုက်သမားစိတ်တွေချည်း ရှိသည်မဟုတ်။ မေတ္တာကရုဏာစိတ်၊ သည်းခံခွင့်လွှတ်စိတ်၊ ရိုင်းပင်းကူညီစိတ်များလည်း ရှိသည်။ သည့်အပြင် အများအကျိုးကိုကြည့်ကာ ဉာဏ်အမြော်အမြင်ရှိစွာ စဉ်းစားလုပ်ကိုင်တတ်သော စွမ်းရည်လည်း ရှိသည်။

သည်စွမ်းရည်တွေက လူသားကို ပျက်စီးမှုအန္တရာယ်မှ ကယ်တင်ပေလိမ့်မည်။

ဒေါသအာဃာတနှင့် အနိုင်ယူစိုးမိုးလိုစိတ်များ ကြီးမားကြသူတို့ကြောင့် ယခင်က စစ်ကြီးများ ဖြစ်ပွားခဲ့ကြသည်။ သို့သော် တစ်ကမ္ဘာလုံး ပျက်သုဉ်းသွားနိုင်သည့် သည်ကနေ့ အနေအထား ရောက်ရှိလာချိန်၌မူ မတူညီသည်တို့ကို သည်းခံ၍ လူတစ်ဖက်သားတို့အား မိမိနှင့် တန်းတူရည်တူများအဖြစ် သိမှတ်လက်ခံနိုင်စွမ်းရှိသည့် ဉာဏ်အမြော်အမြင်သမားတို့က ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ကြလိမ့်မည်ဟု မျှော်လင့် ယုံကြည်မိပါသည်။

ပြည်သူ့ခေတ်အယ်ဒီတာ
၂၈-၇-၂၀၁၀

No comments:

Post a Comment

 
Web Statistics