Malcolm X
"မီဒီယာဟာ ကမ္ဘာပေါ်မှာ စွမ်းအားအကြီးဆုံးအရာ ဖြစ်တယ်။ အပြစ်မဲ့သူကို အပြစ်ရှိသူဖြစ်အောင်၊ အပြစ်ရှိသူကို အပြစ်မဲ့သူဖြစ်အောင် လုပ်နိုင်တဲ့စွမ်းအား ရှိတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ လူထုရဲ့စိတ်ကို ချုပ်ကိုင်ထားနိုင်လို့ပဲ"(မာလ်ကွမ် အိပ်ခ်စ်)
ဂျပန်နဲ့ ပါတီနိုင်ငံရေး
ဂျပန်နိုင်ငံရေးသမားတွေဟာ ပါတီနိုင်ငံရေး ခုထိမလုပ်တတ်ကြသေးဘူးလို့ ဂျပန်ဝါရင့် နိုင်ငံရေးသမားကြီး နာကာဆိုနေ (၉၂ နှစ်) က ပြောလိုက်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရတယ်ဗျ။ ယော်... ဘယ်လိုများပါလိမ့်။ ဂျပန်လို ပါတီစုံဒီမိုကရေစီ အသားကျနေတဲ့နိုင်ငံမှာ ပါတီနိုင်ငံရေး မလုပ်တတ်ကြသေးဘူးဆိုတာ ဘယ်လိုများပါလိမ့်လို့ တွေးမိတာပေါ့ဗျာ။
နာကာဆိုနေဆိုတာကလည်း နှယ်နှယ်ရရ မဟုတ်ဘူး။ လွန်ခဲ့တဲ့ ၁၉၈၀ နှစ်များက ဂျပန်နိုင်ငံရဲ့ ၀န်ကြီးချုပ်ဖြစ်ခဲ့ဖူးသူ၊ ၀န်ကြီးဌာနတွေ အတော်များများ ကိုင်ခဲ့ဖူးသူ လက်ဟောင်း၊ အယ်လ်ဒီပီနိုင်ငံရေးသမားကြီးဗျ။ သူပြောတာကို ဖတ်ကြည့်တော့ ဂျပန်မှာ နှစ်ပါတီစနစ်ကို ကျကျနန မလုပ်တတ်ကြသေးတာကို ဆိုလိုတာကိုး။ နာကိုဆိုနေ လိုလားတာက အမေရိကန်တို့ ဗြိတိန်တို့လို နှစ်ပါတီအဓိက "သူတက်ငါဆင်း၊ သူဆင်းငါတက်" စနစ်မျိုး ထွန်းကားစေချင်တာ။ (မှတ်ချက်။ လက်ရှိဗြိတိန်ကတော့ ကွန်ဆာဗေးတစ်ပါတီ၊ လေဘာပါတီအပြင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီပါ အာဏာအ၀န်းအ၀ိုင်းထဲ ပါနေတာမို့ သုံးပါတီစနစ် ဖြစ်နေတယ်ဗျ။ သာမန်အားဖြင့်ကတော့ ဗြိတိန်လည်း အခြေခံက နှစ်ပါတီစနစ်ပါပဲ။)
ဂျပန်မှာ နာကာဆိုနေတို့ရဲ့ မိခင်ပါတီကြီး (အယ်လ်ဒီပီ) ဟာ နှစ် ၅၀ ကျော် ဆက်တိုက်လိုလို အာဏာရလာခဲ့ရာက မနှစ်က ရွေးကောက်ပွဲရှုံးပြီး အတိုက်အခံပါတီ ဖြစ်သွားတယ်။ အတိုက်အခံပါတီ ဒီပီဂျေခေါ် ဂျပန်ဒီမိုကရက်တစ်ပါတီက လက်ရှိအာဏာရပါတီ ဖြစ်နေတယ်။ ဒီပီဂျေကလည်း အာဏာရပါတီ ဖြစ်လို့မှ တစ်နှစ်မရှိသေး။ ၀န်ကြီးချုပ် နှစ်ယောက် ပြောင်းရပြန်တယ်။
ဂျပန်မှာ ၀န်ကြီးချုပ် အပြောင်းအလဲ များတာကတော့ အဆန်းမဟုတ်တော့ပါဘူး။ ဆုံလည်တံခါးနဲ့တောင် ပုံခိုင်းပြောကြတာ ကြားဖူးကြတယ် မဟုတ်လားဗျာ။ အခု လောလောဆယ်မှာကို လေးနှစ်အတွင်း ၀န်ကြီးချုပ် ငါးယောက် ပြောင်းခဲ့တယ်ဗျ။
ဝါရင့်နိုင်ငံရေးသမားကြီး နာကာဆိုနေက ဂျပန်မှာ နိုင်ငံရေးပါတီငယ်တွေ များနေတာကိုလည်း သဘောမတွေ့ဘူး။ အလကားရှုပ်နေကြတာလို့ မြင်တယ်။ အဓိက နှစ်ပါတီစနစ်ကို ပီပီပြင်ပြင် ဖြစ်ပေါ်စေဖို့ပဲ သူက တိုက်တွန်းတယ်ဗျ။
နိုင်ငံရေးသမားနဲ့ သတင်းစာ
နာကာဆိုနေပြောနေတဲ့အထဲ အရေးကြီးတဲ့ အချက်တစ်ချက် ပါသေးတယ်။ အဲဒါကတော့ သတင်းစာတွေနဲ့ ပတ်သက်တယ်။ သတင်းစာတွေဟာ ဆင်းရဲသားလူထု ကောင်းစားရေး လုပ်ပေးရမယ်ဆိုတဲ့ ပေါ်ပြူလစ်ဇင်း အယူအဆရဲ့ လွှမ်းမိုးခြင်း ခံနေရတယ်။ နိုင်ငံရေးသမားတွေကို သတင်းစာတွေက မှားကွက်ပဲ စောင့်ဖမ်းနေတယ်၊ နိုင်ငံရေးသမား မကောင်းသတင်းတွေကို မြိန်ရည်ရှက်ရည် ရေးနေကြတယ်လို့ သူက ပြောသွားတယ်ဗျ။
အဲဒါကတော့ သတင်းစာတွေအပေါ် နိုင်ငံရေးသမား အများစုကထားရှိတဲ့ သဘောထားကို နာကာဆိုနေက ထင်ဟပ်လိုက်တာပါပဲ။ သည်သဘောထားဟာ ခုမှပေါ်တာ မဟုတ်ဘူး။ ဂျပန်နိုင်ငံရေးသမားကပဲ သည်လိုပြောတာ မဟုတ်ဘူး။ အမေရိကန်နိုင်ငံရေးသမား၊ အင်္ဂလိပ်နိုင်ငံရေးသမား၊ မြန်မာနိုင်ငံရေးသမား၊ အတော်များများဟာ စာနယ်ဇင်းတွေကို မရှိမကောင်း ရှိမကောင်း၊ မပေါင်းလည်းခက် ပေါင်းလည်းခက်လို့ မြင်ကြစမြဲဗျ။ ခေတ်အဆက်ဆက် သည်အတိုင်းပဲ မြင်ခဲ့ကြတာဗျ။ တချို့နိုင်ငံရေးသမားတွေကဆိုရင် စာနယ်ဇင်းသမား၊ ယနေ့ခေတ်အခေါ် မီဒီယာသမားတွေကို လူရှုပ်တွေလို့တောင် ပြောကြတယ်ဗျာ။
တစ်ခါတုန်းက ဆိုရှယ်လစ်နိုင်ငံရေးသမားအုပ်စုကနေ ၀န်ထမ်းဘ၀ ကူးပြောင်းသွားပြီး အဆင့်မြင့်အရာရှိကြီး အဖြစ်ကနေ အငြိမ်းစားယူခဲ့သူတစ်ယောက် (ယခုတော့ သေရှာပါပြီ) ကတော့ မြန်မာပြည်မှာ နိုင်ငံရေးသမားတွေ၊ သတင်းစာဆရာတွေဟာ လုပ်သာလုပ်နေကြတာ အဆင့်မရှိဘူးလို့ ပြောတယ်။ ကျွန်တော်က မခံမရပ်နိုင်ဖြစ်မိလို့ ဂျာနယ်တစ်စောင်က ဆောင်းပါးရေးပြီး ပြန်လည်ချေပခဲ့တယ်။ မြန်မာ့လွတ်လပ်ရေး တိုက်ပွဲတစ်လျှောက် တိုင်းပြည်က လေးစားခဲ့ရတဲ့ သတင်းစာဆရာကြီးတွေ စာရင်းကို တန်းစီရေးပြခဲ့တယ်။ သူတို့လိုလူတွေထက် မယှဉ်နိုင်အောင် သာလွန်ကြီးမြတ်တဲ့ သတင်းစာဆရာတွေ မြန်မာပြည်မှာ ရှိခဲ့ပါတယ်ဆိုတာ သက်သေပြတာပါ။
("ကျွန်တော်တို့ရဲ့ ဘိုးဘေးများ" ခေါင်းစဉ်နဲ့ ကျွန်တော့်ရဲ့ နိုင်ငံရေးဆောင်းပါးပေါင်းချုပ် (ရှာမှရှားတဲ့ နိုင်ငံရေးသမား" စာမျက်နှာ ၂၈၇-၂၉၀ မှာ ပြန်လည်ဖော်ပြခဲ့ပါတယ်။)
စတုတ္ထမဏ္ဍိုင် စကားလုံး
သတင်းစာဆရာနဲ့ နိုင်ငံရေးသမား မည်သူက တိုင်းပြည်အကျိုးကို ပိုပြီးဆောင်ရွက်နိုင်သလဲဆိုတဲ့ စကားရည်လုပွဲ ခေါင်းစဉ်မျိုးကို ကျွန်တော် စိတ်မ၀င်စားပါဘူး။ အဲသလိုမျိုးလည်း ဘယ်တော့မှ မဆွေးနွေးချင်ပါဘူးဗျာ။ သို့ပေမယ့် စာနယ်ဇင်း (မီဒီယာ)တွေကို စတုတ္ထမဏ္ဍိုင် (Fourth Pillar or Fourth Estate) လို့ တင်စားခေါ်ဝေါ်တာကိုတော့ အလွန်သဘောကျတယ်ဗျ။ ဥပဒေပြုရေးမဏ္ဍိုင် (လွှတ်တော်)၊ အုပ်ချုပ်ရေးမဏ္ဍိုင် (အစိုးရ)၊ တရားစီရင်ရေးမဏ္ဍိုင် (တရားရုံးများ)ကို အချုပ်အခြာအာဏာကြီးသုံးရပ် (တစ်နည်း) မဏ္ဍိုင်ကြီးသုံးရပ်လို့ သိထားကြတယ်။ အဲဒီမဏ္ဍိုင်ကြီး သုံးရပ်ကို စောင့်ကြည့်ပြီး သူတို့တတွေရဲ့လုပ်ရပ် အကောင်း၊ အဆိုးတွေကို ပြည်သူလူထုသိအောင် သုံးသပ်ဝေဖန်ထောက်ပြတဲ့ စာနယ်ဇင်းများ (ယနေ့ခေတ် မီဒီယာများ)ကို စတုတ္ထမဏ္ဍိုင်လို့ အသိအမှတ်ပြုတယ်ဆိုာ ဘယ်လောက်ဂုဏ်ယူစရာ ဖြစ်မလဲဗျာ။
သည်လောက် အလေးအနက်ပြောရတာက တစ်ချိန်တုန်းက "ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် သတင်းစာဆရာလေး ဘာလေးနဲ့ ကြီးကြီးကျယ်ကျယ် ပြောမနေနဲ့၊ လခစားဟာ လခစားပဲ၊ ခင်ဗျားတို့ကို လခပေးပြီး ခန့်ထားတာ။ ခိုင်းတဲ့အတိုင်းလုပ်" လို့ အပြောအဆို ခံခဲ့ရတဲ့ဘ၀မှာ နေခဲ့ရဖူးလို့ပါဗျာ။
မီဒီယာတွေကို စတုတ္ထမဏ္ဍိုင် (Fourth Pillar)လို့ စတင်ခေါ်ဝေါ်ခဲ့သူက အင်္ဂလိပ်စာရေးဆရာ၊ နိုင်ငံရေးသမား လော့ဒ်မက်ကောလေး (၁၈၀၀-၁၈၅၉) လို့ဆိုတယ်။ Fourth Estate လို့ အဦးဆုံးခေါ်ခဲ့သူက ဗြိတိသျှနိုင်ငံရေးသမား အက်ဒ်မန်ဘာ့ခ် (၁၇၂၉-၁၇၉၇) ဖြစ်တယ်လို့ ထောမတ်စ် ကာလိုင်းက ၁၈၄၁ မှာ ထုတ်ဝေတဲ့ သူရဲ့ နာမည်ကျော်စာအုပ် "Heros and Hero Worship in History" မှာ ကိုးကားထားတယ်။
ကျွန်တော်ပြောချင်တာက မီဒီယာဟာ စတုတ္ထမဏ္ဍိုင်ပဲလို့ ၁၈ ရာစု၊ ၁၉ ရာစုကတည်းက လက်ခံထားကြတယ် ဆိုတာပဲဗျ။ စတုတ္ထမဏ္ဍိုင် ပီပြင်အောင် တာဝန်ယူနိုင်စွမ်း ရှိ၊ မရှိကတော့ လူတွေအပေါ်ပဲ တည်မှာပေါ့ဗျာ။
No comments:
Post a Comment