ကျွန်မတို့ ရပ်ကွက်တွင် နံနက်လင်းသည်နှင့် ပထမဦးဆုံး ကြားရသည့်အသံက ပဲပြုတ်သည်တို့၏ အသံ၊ မရှေးမနှောင်းမှာပင် ဆက်လက်ကြားရသည့် အသံမှာ သာသနာ့အလံ စိုက်ထူထားပြီး အသံကုန်ဖွင့်လာသော အသံချဲ့စက်တပ်ထားသည့် အလှူခံမော်တော်ကားကြီးမှ အသံတို့ဖြစ်ပါသည်။ နံနက်စောစော ဈေးသွားတတ်သည့် ကျွန်မနှင့် ထိုအလှူခံကားကြီးတို့မှာ လမ်းမှာလည်းတွေ့၊ မိမိအိမ်ရှေ့မှာလည်းတွေ့ပြီး မလွတ်တမ်း ကြားနေရသည်မှာ အလှူခံတို့၏ အသံပင် ဖြစ်ပါသည်။ သူတို့ပြောစကားအရ ဆိုသော် အနီးအနားမှ လာခြင်းမဟုတ်ပေ။ ရန်ကုန်မြို့ကြီးနှင့် နီးပြီး တန်ခိုးကြီးဘုရားများရှိသည့် အရောင်းအ၀ယ် စည်ကားလှသော မြို့လေးတစ်မြို့မှ ဖြစ်သည်။ မည်သည့်အချိန်ကများ အိပ်ရာထပြီး လာကြသည်မသိပေ။ နံနက်အစောကြီး ကားပေါ်တွင် ရဟန်းတစ်ပါး၊ နှစ်ပါးနှင့် လူဝတ်ကြောင်တွေ ပါလာသည်။ တစ်ခါတစ်ရံ အမျိုးသမီးများပင် ပါလာတတ်ကြပါသည်။
မကြာခဏလာပြီး အလှူခံရသည့် အကြောင်းရင်းမှာ သူတို့ကျောင်းကို မြို့သစ်သို့ ပြောင်းရွှေ့ခံရ၍ နေရာထိုင်ခင်း အခက်အခဲ။ အထူးသဖြင့် ရေအခက်အခဲနှင့် ကြုံတွေ့နေရသည်။ အ၀ီစိတွင်းတူးရန်၊ ရေလှောင်ကန်တည်ဆောက်ရန်၊ ရေပိုက်လိုင်းသွယ်ရန် စသည်တို့ ဖြစ်ကြပါသည်။
အလှူခံတို့၏ ပညာရပ်မှာ မသေးလှပါ။ ပြောတတ်လိုက်ကြသည်မှာ အထပ်မြင့်တိုက်ခန်းမှနေ၍ ငါးရာကျပ်တန်၊ တစ်ထောင်ကျပ်တန် ငွေစက္ကူမိုးတို့ ရွာသွန်းဖြိုးကုန်တော့သည်။ ဆရာတော်၊ သံဃာတော်များက ဒကာမတို့ကို အားကိုးတကြီးနဲ့ အလှူတော်ခံ၊ အပူဇော်ခံ ကြွရောက်လာကြပါတယ်။ အားပါတရ ၀မ်းပန်းတသာနဲ့ အခွင့်ရတုန်း လှူဒါန်းကြပါ။ အပေါ်ထပ်မှ စေတနာရှင်များ ဆင်းမလာနိုင်လျှင် တိုက်ပေါ်မှနေပြီး အလှူငွေကို အောက်သို့ ပစ်ချလိုက်ပါ။ ပစ်ချလို့ အပြစ်မရပါဘူး။ ရွှေမိုး၊ ငွေမိုး ရွာသွန်းဖြိုးသည်ဟု မှတ်ယူပြီး အကျိုးတော်ဆောင်များက ကောက်ယူကာ ဆရာတော်ထံသို့ အလှူရှင်ကိုယ်စား ရိုသေစွာ ဆက်ကပ်လှူဒါန်း ပေးပါမည်တဲ့။ ထို့အပြင် ရေပိုက်ဖိုး ငါးလုံးစာရပါပြီ။ တစ်လုံးကို မည်မျှကျပါသည်။ နောက်ထပ် ငါးလုံးစာရလျှင် ကျွန်တော်တို့ ဤနေရာမှ ထွက်ခွာပါတော့မည်။ ထိုအခါတွင် စေတနာအရရော၊ နားငြီးမခံနိုင်တာလည်း ပါမည်ထင်ပါသည်။ အချိန်တိုလေးအတွင်း စံချိန်၊ စံညွှန်းပြည့်သွားပါတော့သည်။ ထိုအခါတွင် ၀မ်းသာအားရ သီချင်းဖွင့်ပြီး အလှူခံကားကြီး ထွက်သွားပါတော့သည်။ အပြီးပြန်သွားသည်ဟု မထင်မှတ်ကြပါနှင့်။ ရှေ့တစ်လမ်းသို့ဝင်ပြီး ထိုနည်း၎င်း အော်ကြပြန်ပါသည်။ အပြင်မှ တယ်လီဖုန်းလာ၍ပင် ပြန်လည်ဖုန်းပြော၍ မရလောက်အောင် ဆူညံလှပါသည်။
တချို့အလှူခံကား မိဘမဲ့ကလေးများကို ကျွေးမွေးပြုစု ပညာသင်ပေးထားသည့် ပရဟိတကျောင်းကဟု ဆိုပါသည်။ သူတို့ပြောသည့် နေရပ်မှာ ဝေလံသီခေါင်လှသည်ဖြစ်၍ မိမိတို့အလုပ်ပျက်ခံပြီး မည်သူမျှလည်း သွားရောက်ကြည့်ရှုကြမည် မဟုတ်ပေ။ မိဘမဲ့ စားရမဲ့ သောက်ရမဲ့ ကလေးများကို မိမိတို့သားသမီးများကဲ့သို့ စေတနာထား သနားပြီး ထမင်းဝိုင်းများ လှူဒါန်းကြပါ။ ထမင်းဝိုင်း ဆယ်ဝိုင်းပြည့်လျှင် ဤနေရာမှ ထွက်ခွာပါမည်ဟု ဆိုကြပြန်ပါသည်။ ကျွန်မတို့ ရပ်ကွက်သည် အရောင်းအ၀ယ်သမားများ၊ မိသားစုထဲမှ နိုင်ငံခြားသို့ သွားရောက်လုပ်ကိုင်နေကြသူများ စသည်ဖြင့် ငွေပေါပြီး အလှူရက်ရောသည့် လူလတ်တန်းစား ရပ်ကွက်ဖြစ်ပါသည်။ ကျွန်မတို့ရပ်ကွက်သည် အလှူခံအတုတို့၏ အချဉ်ဖမ်းရာ နေရာကြီးများ ဖြစ်နေသလား မသိပေ။ လူအများသိကြသည့် အစစ်အမှန် အလှူခံများလည်း လာတတ်ပါသည်။ တစ်နှစ်လျှင် တစ်ကြိမ်သာ ဆွမ်းဆန်စိမ်း အလှူခံထွက်တတ်သည့် စာသင်ကျောင်းတိုက်ကြီးများ အတွက်ဆိုလျှင် ဆန်ကို အိတ်လိုက်ပင် စေတနာထက်သန်စွာ လောင်းလှူကြပါသည်။ ဆွမ်းဆန်စိမ်း ပစ္စည်းများကို ကားကြီးများနှင့်ပင် သယ်ယူရပါသည်။ အစစ်အမှန်ကိုသိပြီး လှူရသောကြောင့် အလှူရှင်များမှာလည်း စိတ်သန့်ရှင်းပါသည်။
သီလရှင်ဆရာလေးတစ်ပါးသည်လည်း ဖြတ်ပိုင်းစာအုပ်ကိုင်ကာ ကျောင်းဆောက်ရန် တစ်ပါးတည်းလာပြီး အလှူခံနေသည်မှာ ဆယ်စုနှစ်ပင် ကျော်လာပါသည်။ ဆရာလေးရဲ့ ကျောင်းကို ဘယ်နှထပ်ဆောက်မှာလဲဟု မေးမည်စိုး၍ ထင်ပါသည်။ ယခုတော့ ဆရာလေး ကိုယ်ရောင်ပျောက်သွားပါပြီ။ တစ်နေ့တွင် ခေါင်းလောင်းကြိုးဆွဲသံကြား၍ တိုက်အောက်သို့ ငုံ့ကြည့်လိုက်ရာ သီလရှင်ဆရာလေးတစ်ပါးကို တွေ့ပါသည်။ ကျွန်မကို တွေ့သောအခါ "ခေါင်းလောင်းကြိုးမှာ စာအိတ်ချိတ်ထားတယ်။ ဆွဲယူပြီး တစ်ထောင်ကျပ်တန် ထည့်လိုက်ပါ" တဲ့။ ကျွန်မက "ဆရာလေးရေ အလှူဆိုတာ စေတနာရှိသလောက် လှူရတာလေ။ အခုတော့ ကန်တော့ပါသေးရဲ့" ဟု ပြန်ပြောလိုက်ပါသည်။
နောက်ဆုံးပေါ် အလှူခံနည်းတစ်မျိုး ခေတ်စားနေပါသည်။ အိုမင်းသော ဆရာတော်ကြီးတစ်ပါးကို လူနှစ်ယောက်တွဲလာကာ၊ ဆရာတော်ကြီး ကျန်းမာရေးအတွက် ဆေးဒါနလှူပါတဲ့။ ဆရာတော်ကြီးခမျာ သက်တော်ကြီးရင့်ပြီး ပင်ပန်းလွန်းသဖြင့် ခေါင်းငိုက်စိုက်ဖြင့် တစ်လှမ်းချင်း လှမ်းနေရသည်မှာ မြင်ရသူတိုင်း စိတ်မချမ်းသာစရာ ဖြစ်ပါသည်။ ဤနည်းကား အတော်လေး အဆင်ပြေပုံ ပေါ်ပါသည်။ နောက်ထပ် ဆရာတော်ကြီးဆေးဒါန အလှူခံများ တစ်တွဲပြီးတစ်တွဲ ပေါ်ထွက်နေပါတော့သည်။ တချို့ဆရာတော်များမှာ သက်တော်ကြီးရင့်သူများပင် မဟုတ်ကြပါ။
တရားရိပ်သာမှ ဆရာတော်များက သြ၀ါဒပေးပါသည်။ အလှူခံတွေ့လျှင် မိမိတတ်နိုင်သမျှလေး လှူလိုက်ပါ။ ကန်တော့ပါသေးရဲ့ မလုပ်ပါနှင့်။ တချို့အိမ်တွေမှာ "အလှူခံများ သည်းခံပါ" ဟု စာတန်းချိတ်ထားတာ မကောင်းပါဘူးတဲ့။
အရပ်ထဲမှာနေသော လူတွေ၏ ဒုက္ခကို လူတွေသာ အသိဆုံးပါဘုရား။
Thursday, August 05, 2010
အစစ်တစ်ခု အတုတစ်သောင်း - ခင်ပြုံး (မြန်မာစာ)
Posted by Ko Nyan Posted Time 2:33 PM
Labels ဆောင်းပါး-Article
Subscribe to:
Post Comments (Atom)
No comments:
Post a Comment