တစ်နေ့ကတော့ စကားဝိုင်းတစ်ခု နားထောင်လိုက်ရတယ်။ အဲဒီကနေ သိလိုက်တာက နိုင်ငံရေးသမားတချို့နဲ့ နိုင်ငံရေးလေ့လာသူအချို့ဟာ အခြေခံဥပဒေကိုလည်း သေသေချာချာ မဖတ်ဖူးဘူး။ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေကိုလည်း သေသေချာချာ မဖတ်ဖူးဘဲ ကြိုတင်တွက်ဆထားတဲ့ ထင်ကြေးတွေနဲ့ ပြောနေရေးနေကြတယ် ဆိုတာပါပဲ။
မကြာသေးခင်က တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ "၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကို အာဏာလွှဲမယ်လို့ ယုံကြည်ပါသလား" လို့ မေးတယ်။ မေးသူစာနယ်ဇင်းသမားဟာ ၂၀၀၈ အခြေခံဥပဒေအရ ပေါ်လာမယ့် နိုင်ငံရေးစနစ်ဟာ ပါလီမန်ဒီမိုကရေစီလား၊ သမ္မတအုပ်ချုပ်ရေးလား၊ ကွဲကွဲပြားပြား နားလည်ဟန်မတူဘူး။ ဖြေဆိုတဲ့ နိုင်ငံရေးသမားကြီး ဆိုသူကလည်း "ဟုတ်ကဲ့ အနိုင်ရတဲ့ပါတီကို အာဏာလွှဲအပ်မယ်လို့ ယုံကြည်ပါတယ်" လို့ ဖြေလိုက်တာကြားရတယ်။ တယ်ခွကျပါလားဗျာ။ ၂၀၀၈ အခြေခံဥပဒေဟာ ပါလီမန်ဒီမိုကရေစီစနစ် မဟုတ်ဘူး။ သမ္မတအုပ်ချုပ်ရေး ဆိုတာလောက်တော့ သိဖို့ကောင်းပါတယ်။ အနိုင်ရတဲ့ပါတီကို အာဏာလွှဲအပ်တဲ့ ဖြစ်စဉ်မျိုးနဲ့ ဘာမှမဆိုင်ဘူးလေ။ အမေရိကန်ပြည်ထောင်စုမှာ ရီပတ်ဗလီကင်ပါတီအစိုးရက ရွေးကောက်ပွဲမှာ ရှုံးသွားပြီး ဒီမိုကရက်တစ်ပါတီကို အာဏာလွှဲပြောင်း ပေးအပ်လိုက်တယ်ဆိုတာမျိုးမှ မရှိတာ။
ပါလီမန်ဒီမိုကရေစီကျင့်သုံးမှု
ဝက်စ်မင်စတာပုံစံလို့ခေါ်တဲ့ ပါလီမန်စနစ်က ဗြိတိသျှစနစ်ပါ။ အာဏာရပါတီဟာ လေဘာပါတီ ဖြစ်ချင်ဖြစ်မယ်။ ကွန်ဆာဗေးတစ်ပါတီ ဖြစ်ချင်ဖြစ်မယ်။ သည်တော့ ပါလီမန် (အောက်လွှတ်တော်)မှာ အမတ်အများစုရထားတဲ့  ပါတီရဲ့ခေါင်းဆောင်က ၀န်ကြီးချုပ်တာဝန်ယူပြီး ၀န်ကြီးအဖွဲ့ကို ဖွဲ့စည်းတယ်။ အဲဒီနောက် အုပ်ချုပ်ရေးအာဏာကို အာဏာရပါတီရဲ့ မူဝါဒများနဲ့အညီ ကျင့်သုံးသွားတာပါ။ အာဏာရပါတီဟာ ကိုယ့်တစ်ပါတီတည်း အများစုမဲမရခဲ့ရင် ပါတီငယ်အချို့ကို ၀န်ကြီးရာထူးခွဲတမ်း ဝေမျှပေးပြီး သိမ်းသွင်းရတယ်။ အဲသလို ညွန့်ပေါင်းအစိုးရအဖြစ် အာဏာယူထားရာက တစ်ချိန်ချိန် အမှားအယွင်းရှိလာပြီဆိုရင် အတိုက်အခံပါတီတွေက ညီညွတ်ရေးရယူပြီး လက်ရှိအစိုးရကို အယုံအကြည်မရှိ အဆိုတင်သွင်းနိုင်တယ်။ အစိုးရ ပြုတ်ကျသွားနိုင်တယ်။ ပြုတ်မကျရင်တောင်မှ ရွေးကောက်ပွဲကို စောပြီးကျင်းပပေးရတာမျိုး ဖြစ်လာတတ်တယ်။ ဂျာမနီ၊ အီတလီ၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း စသည်တို့ဟာ ဗြိတိသျှပုံစံ ပါလီမန်ဒီမိုကရေစီစနစ်နဲ့ သွားနေကြတာပါ။ မြန်မာနိုင်ငံမှာလည်း ၁၉၄၈- ၁၉၆၂ ကာလတစ်လျှောက်လုံး အဲဒီအတိုင်းပါပဲ။
သမ္မတရွေးကောက်တင်မြှောက်တဲ့စနစ်
အခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာမှာက သမ္မတစနစ် ဖြစ်တယ်။ လွှတ်တော်နှစ်ရပ်က ရွေးကောက်ခံ ကိုယ်စားလှယ်များက ဒုတိယသမ္မတ တစ်ယောက်စီရွေးပေးမယ်။ လွှတ်တော်နှစ်ရပ်က တပ်မတော်သား ကိုယ်စားလှယ်များက ဒုတိယသမ္မတတစ်ယောက် ရွေးပေးမယ်။ ဒုတိယသမ္မတသုံးဦးဟာ လွှတ်တော်ကိုယ်စားလှယ် ဟုတ်ချင်ဟုတ်မယ်။ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ ဖြစ်ချင်လည်း ဖြစ်မယ်။ အဲဒီသုံးဦးထဲက တစ်ယောက်ကို လွှတ်တော်နှစ်ရပ်ပေါင်းကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ရမှာ ဖြစ်တယ်။ ကျန်နှစ်ယောက်က ဒုတိယသမ္မတများအဖြစ် ဆက်လက်တာဝန်ယူရမယ်။ အရွေးခံပြီးချိန်ကစပြီး သူတို့သုံးဦးဟာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့ရင်လည်း နုတ်ထွက်ပြီးသား ဖြစ်ရမယ်။ နိုင်ငံရေးပါတီကဆိုရင်လည်း ရာထူးသက်တမ်းအတွင်း သက်ဆိုင်ရာ ပါတီလုပ်ငန်းတွေကို ဆောင်ရွက်ခြင်းမပြုရလို့ ပါရှိတယ်။
အစိုးရအဖွဲ့ဝင်တွေဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီးများကို နိုင်ငံတော်သမ္မတက ခန့်အပ်မှာဖြစ်တယ်။ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူကိုလည်း ၀န်ကြီးခန့်နိုင်တယ်။ တကယ်လို့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ကို ၀န်ကြီးခန့်လိုက်ရင် အဲဒီအချိန်ကစလို့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က နုတ်ထွက်ပြီးသားဖြစ်မယ်။ နိုင်ငံရေးပါတီဝင်တစ်ယောက် ၀န်ကြီးဖြစ်လာရင် ရာထူးသက်တမ်းအတွင်း ယင်းပါတီ၏ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရလို့ ပါရှိတယ်။
အာဏာရပါတီဆိုတာ မရှိဘူး
အထက်ပါအကြောင်းများကြောင့် ၂၀၁၀ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် နိုင်ငံရေးပုံစံမှာ အာဏာရပါတီဆိုတာ မရှိပါဘူး။ လွှတ်တော်ဟာ ဥပဒေပြုရေး အလုပ်ကိုသာ ပဓာနတာဝန်အဖြစ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
အုပ်ချုပ်ရေးမဏ္ဍိုင်ဆိုတဲ့ အစိုးရလုပ်ငန်းနဲ့ ဘာမှမဆိုင်တော့ပါဘူး။ အမေရိကန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားတို့လို သမ္မတအုပ်ချုပ်ရေးစနစ်မှာ သမ္မတဖြစ်လာသူရဲ့ နောက်ခံပါတီက အရေးမကြီးဘဲ သမ္မတရဲ့ ကိုယ်ရည်ကိုယ်သွေးက ပိုအရေးကြီးပါတယ်။ (တောင်ကိုရီးယား၊ အင်ဒိုနီးရှားတို့ဟာ သမ္မတရွေးချယ်ရေးအဖွဲ့နဲ့ ရွေးချယ်ရာကနေ လူထု တိုက်ရိုက်ဆန္ဒမဲပေး ရွေးချယ်တဲ့စနစ်သို့ ပြောင်းလဲခဲ့ပါတယ်)
၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေးပါတီများမှ ရွေးကောက်တင်မြှောက်ခံရမယ့် လွှတ်တော်ကိုယ်စားလှယ်များရဲ့ အဓိကတာဝန်ပိုင်းဟာ တိုင်းပြည်အတွက် ထူးထူးခြားခြား အကျိုးဖြစ်ထွန်းစေမယ့် ဥပဒေများကို အဆိုပြုတင်သွင်းခြင်း၊ အခြားကိုယ်စားလှယ်များက တင်သွင်းလာမည့် ဥပဒေကြမ်းများကို ပါဝင်ဆွေးနွေးခြင်းတို့သာလျှင် ဖြစ်ပါလိမ့်မယ်။ ဥပဒေပြုရေးမဏ္ဍိုင်နဲ့သာ သက်ဆိုင်ပါတယ်။
ဝန်ကြီးဖြစ်ဖို့ကတော့ လွှတ်တော်ကိုယ်စားလှယ်ထဲက ရွေးချင်မှရွေးမယ်။ တက္ကသိုလ်ပါမောက္ခတစ်ယောက်ကို သမ္မတက မျက်စိကျပြီး ခန့်ချင်ခန့်မယ်။ ( ၁၉၆၉ ခုမှာ ဟားဗတ်ပါမောက္ခ ဒေါက်တာဟင်နရီကစ်ဆင်ဂျားကို နစ်ဆင်ကဖိတ်ခေါ်ပြီး အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်၊ နောက်တော့ နိုင်ငံခြားရေးဝန်ကြီး ခန့်ခဲ့တာမျိုး) စီးပွားရေး လုပ်ငန်းရှင်ကြီးများထဲက သင့်တော်မယ်ထင်သူကို ခေါ်ပြီး ၀န်ကြီးလုပ်ခိုင်းချင်ခိုင်းမယ်။ တပ်မတော်ကိုယ်စားလှယ်ထဲကရွေးပြီး ခေါ်ချင်ခေါ်မယ်။
ကမ္ဘာမှာ သမ္မတအုပ်ချုပ်ရေးပုံစံနဲ့  ပါလီမန်ဒီမိုကရေစီပုံစံ နှစ်မျိုးစလုံးကို ကိုယ့်နိုင်ငံကိုယ်လူမျိုးနဲ့ လိုက်ဖက်အောင် ရွေးချယ်ကျင့်သုံးနေကြတာပါပဲ။
သမ္မတစနစ်က လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ အရည်အသွေးနဲ့ သြဇာတိက္ကမအပေါ် အားပြုတာများတယ်။ ၁၉၄၅ ခုနှစ် သြဂုတ်လက ဂျပန်မြို့ကြီးနှစ်မြို့ပေါ် အနုမြူဗုံး ကြဲချခိုင်းတာ အမေရိကန်သမ္မတ ထရူးမင်းရဲ့ ဆုံးဖြတ်ချက်ပဲ။ တကယ်လို့ ၁၉၇၇ မှာ သမ္မတဖြစ်ခဲ့တဲ့ ဂျင်မီကာတာလို လူမျိုးသာ အဲဒီအချိန်က သမ္မတဆိုရင် အနုမြူဗုံး အသုံးပြုခွင့်ပေးမှာ မဟုတ်ဘူးလို့ တွက်ဆကြတယ်။ အလားတူပဲ ဂျော့ဒဗလျူဘုရှ်နေရာမှာ အိုဘားမားရှိခဲ့ရင် အီရတ်ကို စစ်တိုက်ခဲ့မှာ မဟုတ်ဘူးလို့ မှန်းဆကြတယ်။
ဆိုလိုတာက သမ္မတစနစ်ဟာ တာဝန်ယူတဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းမှာ အာဏာတွေ အများကြီးရှိလေတော့ ကောင်းခြင်း-ဆိုးခြင်းဟာ အဲဒီပုဂ္ဂိုလ် တစ်ယောက်တည်းအပေါ်မှာ အများဆုံးတည်တယ်လို့ ပြောချင်တာပါ။ အမေရိကန်သမ္မတ တစ်ယောက်ဟာ ရှင်ဘုရင်တစ်ပါးရဲ့ အာဏာထက်ပိုပြီး ပြင်းထန်တဲ့အာဏာရှိတယ်လို့ အဆိုရှိတယ် မဟုတ်လားဗျာ။
နိုင်ငံရေးဆောင်ရွက်မည့်သူများ စာဖတ်ကြစေချင်ပါတယ်။ အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွေးကောက်ပွဲဥပဒေတွေကိုတော့ ကြေညက်အောင် ဖတ်သင့်ပါတယ်။ တလွဲတချော်တွေ ပြောနေကြတာကြားရပြီး မနေသာလို့ ခုလိုရေးလိုက်ရတာပါ။
(Popular News ဂျာနယ်၊ တွဲ ၂၊ မှတ် ၁၃၊ ၁ ဧပြီ ၂၀၁၀)
thanks for your blog
ReplyDelete