သည်စကားကို ပြောလိုက်သူက အမျိုးသမီးရွယ်တစ်ယောက် ဖြစ်သည်။ အဆင်မပြေတာတွေ တိုးလိုးတန်းလန်းထားပြီး လစ်ထွက်သွားသည့် သူ့သားကို လှမ်းအော်နေခြင်း ဖြစ်သည်။
သို့သော် သူ့အသံက တန်ရုံမဟုတ်။ ခုနစ်အိမ်ကြား ရှစ်အိမ်ကြားဖြစ်ရာ ကောင်လေး အတော်ရှက်သွားသည်။ မျက်နှာအောက်ချကာ အမေ့အနား ခပ်ကုတ်ကုတ် ပြန်လာသည်။
ဒါက လူတစ်ယောက်၏ ဘ၀အတွက် ကြီးကျယ်လှသည့် အဖြစ်အပျက်တစ်ရပ်တော့ မဟုတ်ပါ။ သို့သော် တစ်ခါတစ်ရံ၌ မကြီးကျယ်ဘူးထင်ရသည့် သည်လိုကိစ္စကလေးများသည် ကာလရှည်ကြာ တည်တံ့စွဲမြဲနေတတ်ကြပါသည်။
ပြောသူစိတ်ထဲတွင် တကယ်မရည်ရွယ်ဘဲ ထွက်သွားခြင်းသာဖြစ်သည့် အဲသည့်စကားလုံးများမှာ ကြီးမားသော တန်ခိုးစွမ်းအားတွေ ပါရှိနေတတ်သည်။
"ဟဲ့ကောင် ငတုံး၊ နင် ဘာတစ်ခုမှ အသုံးမကျပါလားဟဲ့"၊ တဲ့။
သည်စကားမျိုးသည် ပြောပြီး ပျောက်မသွား။ အပြောခံရသူ နားထဲတွင် ပဲ့တင်ထပ်၍ ကျန်ရစ်တတ်သည်။
* * * * * * * * * *
တလောက မယ်လကမ်ဒဲလ်ကော့ဖ် အမည်ရှိ ပုဂ္ဂိုလ်တစ်ယောက်နှင့်တွေ့၍ သူ့ထံမှ ဇာတ်လမ်းတစ်ပုဒ် ကြားခဲ့ရသည်။
ဒဲလ်ကော့ဖ်က အသက် ၄၈ နှစ်ရှိပြီ။ ပြီးခဲ့သည့် ၂၄ နှစ်လုံးလုံး စာရေးခြင်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုခဲ့သည်။ အဓိက,က ကြော်ငြာလုပ်ငန်းနယ်ပယ်၌ ဖြစ်သည်။ သူပြော၍ သိရသည်က၊
ငယ်စဉ်က ဒဲလ်ကော့ဖ်သည် အလွန်ရှက်တတ်ကြောက်တတ်သူ၊ လူတောမတိုးရဲသူတစ်ဦး ဖြစ်ခဲ့သည်။ သူ့မှာ သူငယ်ချင်း အပေါင်းအသင်း နည်းသည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း အလွန်နည်းခဲ့သည်။
သို့သော် တစ်နေ့ အထက်တန်းကျောင်းတွင် အင်္ဂလိပ်စာ ဆရာမ ရုသ်ဘရောက်(ချ)က သူတို့အတန်းသားများအား စာတစ်ပုဒ် ရေးခိုင်းသည်။ ဆရာမက သူတို့အား To Kill a Mocking Bird လုံးချင်းဝတ္ထုကို သူ့အတိုင်းမရပ်ဘဲ ဆက်ရေးမည်ဆိုက မည်သို့ရေးမည်လဲဟု ၀တ္ထုတစ်ခန်းစာလောက်စီ စမ်းရေးခိုင်းကြည့်ခြင်း ဖြစ်သည်။
ဒဲလ်ကော့ဖ်လည်း တစ်ခန်းရေးပြီး ဆရာမထံတင်သည်။ အဲသည်တုန်းက သူဘာတွေရေးခဲ့သည်၊ ဆရာမက အမှတ်ဘယ်လောက် ပေးခဲ့သည်ဆိုတာ သူမမှတ်မိတော့။ သို့သော် သူမှတ်မိသည့်အရာ၊ ဘယ်သောအခါမှလည်း မေ့ပျောက်မှာ မဟုတ်တော့သည့် အရာက သူ့စာနဘေးတွင် ဆရာမ ရေးသားခဲ့သည့် မှတ်ချက်စကား ဖြစ်သည်။
"အရေးအသား ကောင်းသည်" တဲ့။
စာက ဒါလေးပဲ ဖြစ်သည်။ သို့သော် သည်ဟာလေးကပင် သူ့ဘ၀ကို ပြောင်းလဲစေခဲ့သည်။
"ဒီစာလုံးတွေ မဖတ်ရခင်အထိ ကိုယ့်ကိုယ်ကိုယ် ဘာကောင်မှန်း မသိခဲ့ဘူး။ တစ်နေ့ ငါဘာဖြစ်ရမယ်ဆိုတဲ့ စိတ်ကူးမျိုးလည်း လုံးဝမရှိခဲ့ဘူး၊ ဒီမှတ်ချက်စကားလေးလည်း ဖတ်ပြီးရော ကျွန်တော် အိမ်ပြန်ရောက်တာနဲ့ ၀တ္ထုတိုတစ်ပုဒ် တန်းရေးတော့တာပဲ၊ ဒါက ကျွန်တော်စိတ်ကူးနေတာ ကြာပြီ၊ မရေးရဲလို့ မရေးဘဲနေခဲ့တာ"၊ သူက ဆိုသည်။
အဲသည်နှစ်တစ်နှစ်လုံး သူဝတ္ထုတိုတွေ ရေးသည်။ ပြီး၊ ဆရာမ ဘရောက်(ချ)ကို ဝေဖန်သုံးသပ်ခိုင်းသည်။
ဆရာမက သူ့ကို အားပေးသည်။ သို့သော် မြှောက်မပြော။ တိတိကျကျ မှန်မှန်ကန်ကန် ဝေဖန်သည်။ "ဆရာမ အားပေးတာက ကျွန်တော့်အတွက် လိုအပ်သလောက် အနေတော်ပဲဗျ" တဲ့။ ဒဲလ်ကော့ဖ်က ဆိုသည်။
သူတို့ ကျောင်းသတင်းစာတွင် သူက တွဲဖက်အယ်ဒီတာ ခန့်အပ်ခံရသည်။ သူ့ကိုယ်သူ ယုံကြည်မှု တက်လာသည်။ သူ့မျှော်မှန်းချက်နယ်ပယ် ကျယ်ဝန်းလာသည်။ အောင်မြင်သော၊ စိတ်ကျေနပ်ချမ်းသာဖွယ်ကောင်းသော ဘ၀လမ်းကြောင်းတစ်ခုပေါ် သူ စတင်ခြေချမိသည်။
ဆရာမကသာ သူ့အဖြေစာရွက်ပေါ်မှာ အဲသည် မှတ်ချက်ကလေး ရေးမပေးခဲ့လျှင် သူ့ဘ၀အတွက် သည်လို ပြောင်းလဲချက်ကြီးတွေ ဖြစ်လာလိမ့်မည် မဟုတ်ဟု ဒဲလ်ကော့ဖ် ယုံကြည်ခဲ့သည်။
သူတို့ အထက်တန်း ကျောင်းသားဟောင်းတွေ နှစ် ၃၀ ပြည့် တွေ့ဆုံပွဲ ပြုလုပ်သည့်အခါ သူသွားရောက်ခဲ့သည်။ အငြိမ်းစား ယူပြီးနေပြီဖြစ်သည့် ဆရာမဘရောက်(ချ)ကို သူတွေ့ဆုံကာ ဆရာမ၏ မှတ်ချက်စကားလေးတစ်ခုက သူ့ဘ၀ကို မည်မျှ ပြောင်းလဲစေခဲ့ကြောင်း သူပြောပြသည်။ ဆရာမက သူ့အား စာရေးဆရာတစ်ယောက် ဖြစ်လာအောင် ဆောင်ရွက်နိုင်စေမည့် ယုံကြည်စိတ်ပေးခဲ့သဖြင့် နောက်တွင် သူကတစ်ဖန် အဲသည်ယုံကြည်စိတ်ကို နောင်တစ်နေ့ သူ၏ ဇနီးဖြစ်လာမည့် အမျိုးသမီးထံ လက်ဆင့်ကမ်းပေးနိုင်ခဲ့ကြောင်း၊ ယခု သူမသည်လည်း စာရေးဆရာမတစ်ဦး ဖြစ်နေကြောင်း၊ ထို့ပြင် သည်မျှတွင်မကသေးဘဲ သူ့အလုပ်ဌာနတွင် အလုပ်လုပ်ရင်း တစ်ဖက်က ဒီပလိုမာတစ်ခုရရန် ကြိုးပမ်းနေသည့် မိန်းကလေးတစ်ယောက်က သူ့ထံမှ အကြံပြုလမ်းညွှန်မှု လာရောက်တောင်းခံခဲ့ကြောင်း၊ ဤသို့ တောင်းခံခြင်းမှာလည်း သူ့အား စာရေးဆရာတစ်ဦးအဖြစ် လေးစားခြင်းကြောင့် ဖြစ်ကြောင်း၊ စသည်များပါ သူပြောပြခဲ့သည်။
သည်အကြောင်းကြားတော့ မစ္စစစ်ဘရောက်(ချ) ရင်ထဲတွင် အတော်လှိုက်လှိုက်လှဲလှဲ ခံစားသွားရသည်။
"ဆရာမရဲ့ မှတ်ချက်စကားလေးဟာ သည်လောက် ဝေးဝေးလံလံအထိ ခရီးပေါက်ခဲ့ပါကလားဆိုတာ ဆရာမရော ကျွန်တော်ပါ သည်အခိုက်အတန့်မှာ တစ်ပြိုင်တည်း ခံစားနားလည်လိုက်ရသလိုပဲဗျာ" ဟူ၍ ဒဲလ်ကော့ဖ်က ပြန်ပြောင်း ပြောဆိုခဲ့သည်။
* * * * * * * * * *
"ဟဲ့ကောင် ငတုံး၊ နင်ဘာတစ်ခုမှ အသုံးမကျပါလားဟဲ့" ဟူသော နှိပ်ကွပ်ဆဲဆိုစကားနှင့်၊ "အရေးအသားကောင်းသည်" ဟူသော ချီးမွမ်းအားပေးစကား။
တိုတောင်းသော စကားလေး တစ်ခွန်းစီပင်။
သို့သော် လူတစ်ယောက်၏ဘ၀ကို လုံးလုံးလျားလျား ပြောင်းလဲသွားစေနိုင်သည့် တန်ခိုးသတ္တိကိုယ်စီ ရှိကြပါပေသည်။
မူရင်း။ Bob Greene ၏ Words That Changed a Life
* * * * * * * * * *
No comments:
Post a Comment