ရွှေအတိနှင့်
ရွှေတိဂုံရှင်၊ ဖူးတွေ့မြင်လျှင်
ရင်တွင်းအေးငြိမ်းစွတကား။
နိုင်ငံခြားသား၊ ခရီးသွားတို့
ဝမ်းပါးအံ့သြ၊ ရင်သပ်မော၍
ရွှေပေါငွေပေါ၊ ကျောက်သံပေါသည့်
သဘောပြည့်ဝ၊ ပြည်အလှဟု
နှုတ်မှချီးကျူး ကြားရဖူး၏။
ဝင်းလဲ့ရွှေရည်၊ ရွှေတိုင်းပြည်ဟု
နာမည်ကျော်ကြား၊ သို့တကားတဲ့
တရားရိပ်မြုံ၊ ရွှေတိဂုံသို့
ခိုလှုံဖူးမြော်၊ ရောက်ခဲ့သော်တည့်
ထုတ်ဖော်ချီးကျူး၊ ကြားရဖူး၏။
ကမ္ဘာတွင်ကား၊ အံ့တစ်ပါးပင်
ရွှေသားဝင်းမှည့်၊ ရွှေနှင့်ပြည့်သည့်
တိုင်းပြည့်ဂုဏ်တင်၊ တိဂုံရှင်ကြောင့်
သည်တွင်မွေးဖွား၊ သည်မြေသားဟု
ဝင့်ကြွားစရာ ရခဲ့ပါ၏။
သြော်.. ဝေးမြေရပ်ခြား၊ နေရငြားလည်း
လွမ်းအားပြည်သူ၊ နေ့တိုင်းဟူစွ
လေးဆူဓာတ်ပုံ၊ ရွှေတိဂုံကို
အာရုံထဲတွင်၊ ဖူးတွေ့မြင်၏
ရွှေစင်ရောင်ရှိန်၊ ပြိုးပြက်ထိန်သည့်
သိင်္ဂုတ္တရ၊ ကုန်းမြတ်လှ၌
တည်စွသပ္ပါယ်၊ ကြည်ညိုဖွယ်တည့်
ကြာနွယ်ရိုကျိုး၊ လက်စုံမိုး၍
ရှိခိုးရဘိ၊ နှိုင်းမရှိသော
သန္တိသုခ၊ ချမ်းသာရ၏
"ဗုဒ္ဓသာသနံ - စိရံတိဋ္ဌတု"၊ ကောင်းမြတ်ဆုနှင့်
သာဓုသံဝေ၊ မြန်မာ့မြေသည်
ရွှေတိဂုံလျှင်၊ ဆံတော်ရှင်၏
ဂုဏ်အင်ပြည့်ဖြိုး၊ သည်တန်ခိုးကြောင့်
ရွှေမိုးငွေမိုး၊ ရွာလျက်သော်...။
Friday, July 02, 2010
မြတ်ရွှေတိဂုံ - မောင်ဟေမာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment