အသင်းတစ်သင်းရဲ့ အနိုင်အရှုံးဟာ သူ့ရဲ့ခြေစွမ်းနဲ့ပဲ ဆိုင်တယ်ဆိုပေမယ့် အချို့အချက်အလက်တွေကိုလည်း ထည့်တွက်မယ်ဆိုရင်တော့ ပြောစရာတွေ အများကြီးရှိလာပါလိမ့်မယ်။ ဥပမာဆိုရရင် မနေ့ညကပွဲမှာ ဘရာဇီးလ်အသင်းအနေနဲ့ ၀တ်နေကျ အ၀ါ+အစိမ်း ၀တ်စုံမဟုတ်ဘဲ အပြာ+အဖြူ ၀တ်စုံကို ၀တ်ဆင်ယှဉ်ပြိုင်သွားတာဟာ ကြည့်ရတဲ့ပရိသတ်တွေအတွက် တစ်မျိုးဖြစ်နေခဲ့တာ အမှန်ပါပဲ။ ဘရာဇီးလ်လို့ ဆိုလိုက်တာနဲ့ အ၀ါရောင်တွေကိုပဲ ပြေးမြင်မိကြတဲ့ တစ်ကမ္ဘာလုံးက ပရိသတ်တွေအတွက် မနေ့ညက မြင်ကွင်းဟာ ဆားမပါတဲ့ဟင်းလို ဖြစ်နေမယ်ထင်ပါရဲ့။
ဒီနှစ်ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဟာ မထင်မှတ်တာတွေများစွာကို သယ်ဆောင်လာခဲ့တယ်ဆိုတာ အားလုံးလည်း အသိဖြစ်ပါတယ်။ မနေ့ညကတော့ ဖြစ်ပျက်ခဲ့ပြီးတဲ့ မထင်မှတ်တာတွေထက် ပိုမိုအံ့သြဖွယ်ကောင်းတာတစ်ခုကို ယူဆောင်လာခဲ့ပြန်ပါပြီ။ အဲဒါကတော့ တစ်ပွဲထက်တစ်ပွဲ ခြေစွမ်းပြလာတဲ့အတွက် ဒီနှစ်ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲမယ်လို့ ရေပန်းစားလာတဲ့ ဘရာဇီးလ်အသင်းကို ဟော်လန်အသင်းက အနိုင်ယူလိုက်တာပါပဲ။ ဟော်လန်ပရိသတ်တွေကလွဲရင် တစ်ကမ္ဘာလုံးက ဘောလုံးဝါသနာအိုးတွေက ဘရာဇီးလ်ကိုပဲ ယုံကြည်ခဲ့ကြတာပါ။ ဟော်လန်တော့ အဆော်ခံရပြီဆိုပြီး ပီတိစိတ်အခံလေးနဲ့ ကြည့်ခဲ့ကြတာပါ။ ပွဲကစားတဲ့အခါ တကယ်လည်း ဘရာဇီးလ်အသင်းက အသာစီးက ကစားနိုင်ခဲ့ပါတယ်။ ပထမပိုင်းတစ်ခုလုံး ဘရာဇီးလ်အသင်းရဲ့ အတို့၊ အဆွဲ၊ အလှည့်၊ အပတ်တွေကြားမှာ လိမ္မော်ရောင်တပ်သားတွေ အရူးမီးဝိုင်း ဖြစ်ခဲ့ရတာကို ကြည့်ခဲ့ရသူတိုင်း မြင်ခဲ့ပြီးဖြစ်ပါလိမ့်မယ်။ ဘရာဇီးလ်အသင်းကပဲ အချိတ်အဆက်မိမိ၊ ကျွမ်းကျင်မှုရှိရှိနဲ့ ဟော်လန်ကို တရစပ်ဖိအားပေးခဲ့ပါတယ်။ အဲဒါကြောင့်လည်း ပွဲစပြီး ၁၀ မိနစ်အတွင်းမှာ ရော်ဘင်ဟိုက လှပသေသပ်တဲ့ ဂိုးတစ်ဂိုးကို ဆမ်ဘာတွေအတွက် သွင်းယူနိုင်ခဲ့တာပါ။ ဟော်လန်တို့အနေနဲ့ ရော်ဘင်တစ်ဦးတည်းကို အားပြုကစားတဲ့ပုံစံကြောင့် ဘရာဇီးလ်တို့က အလွယ်တကူ ဟန့်တားနိုင်ခဲ့တာ တွေ့ရပါတယ်။
ဒီနေ့ပွဲမှာ ပြောစရာဖြစ်ခဲ့တာကတော့ ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေပါပဲ။ ကွင်းလယ်ဒိုင်လူကြီးနဲ့အပြိုင် ပြောစရာအများကြီးကျန်ရစ်အောင် လုပ်ခဲ့သူကတော့ ဟော်လန်အသင်းရဲ့ ရော်ဘင်ပါပဲ။ သူ့ဆီကို ဘောလုံးရောက်ရင် လူပေးကစားခြင်းမပြုဘဲ တစ်ကိုယ်တော်အစွမ်းနဲ့ ကျော်ဖြတ်ဖို့ကြိုးစားတဲ့အတွက် ဘရာဇီးလ်အသင်းကလည်း သူ့ဆီကဘောလုံးကို ပျက်အောင်ဖျက်ထုတ်လေ့ ရှိပါတယ်။ အဲဒီလို ဖျက်ထုတ်ရာမှာ ရော်ဘင်ဟာ သူ့ကိုထိသည်ဖြစ်စေ၊ မထိသည်ဖြစ်စေ ဟန်ဆောင်လှဲချနေတဲ့အတွက် ကွင်းလယ်ဒိုင်လူကြီးက ဘရာဇီးလ်နောက်ခံလူ ဘက်စတော့စ်ကို အကြိမ်ကြိမ်သတိပေးပြီး အ၀ါကတ်ပြား ပြသခဲ့ပါတယ်။ အဲဒီအ၀ါကတ်ဟာ ဘရာဇီးလ်အသင်းအတွက် များစွာအကျိုးသက်ရောက်မှု ရှိခဲ့ပါတယ်။ ရော်ဘင်ကို ထိန်းနေတဲ့ ဘက်စ်တော့စ်ဟာ အ၀ါကတ်အပြခံရပြီးဖြစ်တဲ့အတွက် ခဏခဏလှဲနေတဲ့ ရော်ဘင်ကို ထိန်းချုပ်တဲ့နေရာမှာ အဟန့်ဖြစ်သွားတာကို တွေ့ရပါတယ်။ အဲဒါကြောင့်လည်း သူ့ဘက်ခြမ်းကနေ ရော်ဘင်အနေနဲ့ ပိုမိုလှုပ်ရှားခွင့် ရလာခဲ့တာကို တွေ့ရပါတယ်။ ဟော်လန်ရဲ့ ပထမချေပဂိုးဟာလည်း ပြစ်ဒဏ်ဘောရတာကနေ ရော်ဘင်နဲ့ စနိုက်ဒါ အပေးအယူလုပ်ပြီး စနိုက်ဒါက ဂိုးရှေ့ကို ကန်တင်ပေးရာကနေ ဂိုးသမားနဲ့ နောက်တန်းတို့ အချင်းချင်းရှုပ်ထွေးပြီး ဖိလစ်ပီမယ်လိုရဲ့ခေါင်းကိုထိပြီး ၀င်သွားခဲ့တာပါ။
ချေပဂိုးရသွားပြီးတဲ့နောက် ကစားခဲ့တဲ့ ဟော်လန်ရဲ့ခြေစွမ်းဟာ အံ့သြစရာပါ။ ပထမပိုင်းတစ်ခုလုံး စွဲမက်စရာ မရှိခဲ့တဲ့ ဟော်လန်ကစားကွက်ဟာ ဂိုးသွင်းယူပြီးချိန်မှာ အပေးအယူ၊ အချိတ်အဆက်မိလာပြီး ဘရာဇီးလ်ကို တစ်လှည့်ပြန်ပြီး ဖိကစားနိုင်ခဲ့တာ တွေ့ရပါတယ်။ ဘရာဇီးလ်အသင်းရဲ့ ပြစ်ဒဏ်ဘော ဖျက်ထုတ်မှုတွေအတွက် ကွင်းလယ်ဒိုင်ဟာ မကြာခဏ သတိပေးခဲ့ပေမယ့် ဟော်လန်အသင်းခေါင်းဆောင် ဘွန်းမဲလ်တစ်ယောက် မကြာခဏ ပြစ်ဒဏ်ကျူးလွန် နေတာတွေကိုတော့ လျစ်လျူရှုထားခဲ့ပါတယ်။ မနေ့ညက ကစားသွားတဲ့ပုံစံမှာ ဘွန်းမဲလ်တစ်ယောက် အ၀ါကတ်မရခဲ့တာဟာ အံ့သြစရာပါ။
အ၀ါကတ်ရထားတဲ့ ဘက်စ်တော့စ်အနေနဲ့ ခပ်ကြမ်းကြမ်း ကစားလို့မဖြစ်တော့တဲ့အတွက် ဟာကွက်တွေဖြစ်လာတာကို ဒွန်ဂါအနေနဲ့ အချိန်မီ ပြင်ဆင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရှေ့တန်းမှာ လုံးဝခြေမပေါ်တဲ့ ဖေဘီယာနိုကို အစောကြီး လူစားလဲမှု မလုပ်ခဲ့တာကတော့ မှားသွားခဲ့ပါတယ်။ ဖေဘီယာနိုဟာ ဒီပွဲမှာ လုံးဝကို ကစားပုံမကောင်းခဲ့ဘဲ လူပိုဖြစ်နေခဲ့ပါတယ်။ ရော်ဘင်ဟိုတစ်ယောက်တည်းက လှုပ်ကစားနေပြီး ကာကာနဲ့ တွဲဖက်ကစားနေခဲ့တဲ့အတွက် ထင်သလောက် မတိုးနိုင်ခဲ့ပါဘူး။ ကစားအားတက်လာတဲ့ ဟော်လန်တို့ဟာ တောက်လျှောက်ဖိကစားခဲ့ပြီး ၆၈ မိနစ်မှာတော့ ထောင့်ကန်ဘောကနေတစ်ဆင့် စနိုက်ဒါက ခေါင်းတိုက်သွင်းယူပြီး အနိုင်ဂိုးရသွားခဲ့ပါတယ်။ ၇၃ မိနစ်မှာ ရော်ဘင်ကို ခြေထောက်နဲ့ နင်းခဲ့တဲ့အတွက် ဖိလစ်ပီမယ်လိုကို အနီကတ်ပြ ထုတ်ပယ်လိုက်ချိန်မှာတော့ အရာရာဟာ ဘရာဇီးလ်အတွက် ခက်ခဲသွားခဲ့ပါတယ်။ ခေါင်းမာလှတဲ့ ဒွန်ဂါဟာ ချေပဂိုးရဖို့ အသည်းအသန် အရေးကြီးနေပေမယ့် လူပိုဖြစ်နေတဲ့ ဖေဘီယာနိုကို ၇၇ မိနစ်ကျမှသာ လူစားလဲခဲ့ပါတယ်။ နီလ်မာ ၀င်လာပြီးတဲ့နောက် ဘရာဇီးလ်တိုက်စစ် ပိုမိုကောင်းမွန်လာခဲ့ပြီး ပြန်လည်တိုက်စစ်ဆင်နိုင်ခဲ့ပေမယ့် လိုအပ်တဲ့ ချေပဂိုးကိုတော့ ရရှိခဲ့ခြင်း မရှိပါဘူး။
အဲဒါကြောင့် ပွဲအပြီးမှာ ဟော်လန်အသင်းက နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရသွားပြီး ဥရောပအသင်းတွေရဲ့ ကျိန်စာသင့်နေမှုကို ရပ်တန့်ပစ်ခဲ့ပါတယ်။ ဘရာဇီးလ်ရဲ့ အရှုံးဟာ တောင်အမေရိက အသင်းတွေအတွက် ထိတ်လန့်စရာဖြစ်ခဲ့ပြီး အနည်းနဲ့အများဆိုသလို သက်ရောက်မှုရှိလာတော့မှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဟော်လန်အသင်းကတော့ ဆီမီးဖိုင်နယ်လ်ကို တက်ရောက်သွားပြီဖြစ်ပြီး ဥရုဂွေးနဲ့ ဂါနာတို့ရဲ့ တွေ့ဆုံမှုက အနိုင်ရတဲ့အသင်းနဲ့ ဆုံတွေ့ကြရမှာပါ။
Man of the Match - စနိုက်ဒါ (ဟော်လန်)
(အချိန်ပိုတွင်လည်း တစ်ဂိုးစီ သရေကျနေသဖြင့် ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းရာ ဥရုဂွေးက ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရသည်)
တောင်အမေရိကဟန်နဲ့ အာဖရိကဟန်တို့ ထိပ်တိုက်တွေ့ဆုံတဲ့ ဒီပွဲဟာ စိတ်လှုပ်ရှားမှုတွေ ပေးခဲ့ပါတယ်။ ပြောစရာတွေ အများကြီး ဖြစ်ကျန်ခဲ့အောင်လည်း လုပ်သွားခဲ့ကြပါတယ်။ ကမ္ဘာ့ဖလားရဲ့ ပထမဦးဆုံးသာ ချန်ပီယံဥရုဂွေးအသင်းနဲ့ ဒီနှစ်ကမ္ဘာ့ဖလားမှာ အာဖရိကန်တို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ဂါနာတို့ ဆုံတွေ့ခဲ့တဲ့ပွဲဟာ ရင်ခုန်စရာအတိပါ။နှစ်ဖက်အသင်းက တိုက်စစ်မှူးတွေ ဂိုးကံခေတာနဲ့ ဂိုးသမားတွေ လက်စွမ်းပြနေတာကြောင့် ပထမပိုင်းမှာ ဂိုးမရှိသရေနဲ့ ပြီးတော့မယ်လို့ ထင်မှတ်ခဲ့ကြတာပါ။ ဒါပေမယ့်လည်း ပထမပိုင်းရဲ့ အချိန်ပို ၂ မိနစ်မှာ ဂါနာအသင်းက မွန်တာရီက အဝေးကန်ချက်ကနေ အမှတ်မထင် ဂိုးသွင်းယူသွားတဲ့အတွက် အာဖရိကန်တွေအားလုံး အပျော်တွေဖုံးခဲ့ရပါတယ်။
ဒုတိယပိုင်းမှာတော့ ပွဲဟာ ပိုကြည့်ကောင်းလာပါတယ်။ ချေပဂိုးရဖို့လိုနေတဲ့ ဥရုဂွေးဟာ တင်ကစားလာပြီး ဂါနာအသင်းကို ဖိအားပေးခဲ့ပါတယ်။ ၅၅ မိနစ်မှာတော့ ဥရုဂွေးရဲ့ ဂိုးသွင်းစက် ဖော်လန်က အလွတ်တည်ကန်ဘောကနေတစ်ဆင့် ဂိုးသွင်းယူပြီး တောင်အမေရိကသားတွေအတွက် ကျေနပ်စေခဲ့ပါတယ်။ တစ်ဂိုးစီသရေဖြစ်ချိန်မှာ နှစ်သင်းစလုံးက အနိုင်အတွက် တင်ကစားလာကြမယ်လို့ ထင်မှတ်ခဲ့ပေမယ့် တစ်ဦးနဲ့တစ်ဦး အမှားမခံတော့ဘဲ ဘောလုံးပိုင်ဆိုင်မှုကို အဓိကထားလာတာ တွေ့ရပါတယ်။ ဒီနေ့ပွဲမှာ ဂါနာအသင်းရဲ့ ကစားပုံဟာ လေးစားစရာဖြစ်ခဲ့ပါတယ်။ နှစ်သင်းစလုံးဟာ အချိန်ပိုကစားရမယ်ဆိုတာကို ကြိုတင်သိနေတဲ့အလား ထိန်းကစားသွားတဲ့အတွက် တစ်ချက်တစ်ချက် ထိုးဖောက်မှုတွေကလွဲရင် အနည်းငယ်အေးသွားခဲ့ပါတယ်။
အချိန်ပိုမှာလည်း ဂါနာအသင်းက အသာစီးနဲ့ ကစားနိုင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ အပေးအယူ၊ အချိတ်အဆက်မိမိနဲ့ ဥရုဂွေးအသင်းကို အလုပ်ရှုပ်စေခဲ့ပါတယ်။ စိတ်ညစ်စေခဲ့ပါတယ်။ ဒီနေ့ပွဲကို တသသဖြစ်အောင် လုပ်ခဲ့သူကတော့ ဥရုဂွေးအသင်းရဲ့ တိုက်စစ်မှူး ဆွာရက်ဇ်ပါပဲ။ အချိန်ပိုမိနစ်သုံးဆယ်ပြည့်လို့ နာကျင်အချိန်ပို ထပ်ဆောင်းပေးတဲ့အချိန်မှာ ဂါနာအသင်းကို သေချာပေါက် အနိုင်ပေးရတော့မယ့် ခေါင်းတိုက်ဂိုးသွင်းမှုကို လက်နဲ့ပုတ်ပြီး ကာကွယ်ခဲ့ပါတယ်။ အဲဒီအတွက် ရလာခဲ့တာကတော့ အနီကတ်တစ်ခုတည်း မဟုတ်ခဲ့ပါဘူး။ ရရှိတဲ့ပင်နယ်တီကို ဂါနာအသင်းရဲ့ ဂိုးသွင်းစက် ဂီယန်ကန်သွင်းတာမှာ အံ့သြဖွယ်ရာကောင်းလောက်အောင် ဂိုးဘားတန်းကိုထိမှန်ခဲ့ပါတယ်။ အာဖရိကန်တွေအတွက် သမိုင်းဝင်အောင်မြင်မှု ရရှိတော့မယ်လို့ မျှော်လင့်ခဲ့ကြသူတို့ ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရပါတယ်။ အဲဒီပင်နယ်တီသာ ၀င်ခဲ့မယ်ဆိုရင် ဂါနာတို့အနေနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ပြီဖြစ်ပါတယ်။ အခုတော့ အဲဒီပင်နယ်တီ မ၀င်တဲ့အတွက် ဆွာရက်ဇ်ရဲ့ လက်ထိဘောဟာ အနီကတ်ဆိုတာထက် အများကြီးပိုထိုက်တန် ခဲ့ပါတယ်။
ပင်နယ်တီမှာတော့ ဥရုဂွေးအသင်းက ၄ လုံးဝင်အောင် ကန်နိုင်ခဲ့ပြီး ဂါနာအသင်းကတော့ ၂ လုံးသာ ၀င်ခဲ့တဲ့အတွက် နောက်ဆုံးတစ်လုံးကို ဂါနာတို့ ကန်စရာမလိုတော့ဘဲ ဥရုဂွေးအသင်းက ၄ ဂိုး - ၂ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါကြောင့်မို့ တောင်အာဖရိကအသင်း ဘရာဇီးလ်ကို ဖြုတ်ချလာတဲ့ ဟော်လန်အသင်းနဲ့ ဆီမီးဖိုင်နယ်လ်မှာ ဆုံတွေ့ရတော့မှာပါ။ တောင်အာဖရိကတို့ရဲ့ သိက္ခာအတွက် ဟော်လန်ကို အနိုင်ကစားနိုင်မလားဆိုတာကို စောင့်ကြည့်ရပါဦးမယ်။
Man of the Match - ဖော်လန် (ဥရုဂွေး)
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၃ ရက်၊ စနေနေ့။
ညနေ ၃ နာရီ ၅၄ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၃ ရက်၊ စနေနေ့။
ညနေ ၃ နာရီ ၅၄ မိနစ်တွင်ပြီး၏။
No comments:
Post a Comment