ဟာသသဘောနဲ့ဖြစ်စေ၊ တမင်အရွဲ့တိုက်ပြီးဖြစ်စေ ဘောလုံးနဲ့ပတ်သက်ပြီး ပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိပါတယ်။ ပြောတဲ့လူတွေက သိတဲ့အတိုင်းပဲ ဘောလုံးအားကစားကို မနှစ်သက်ကြသူတွေပေါ့။ တစ်နည်းအားဖြင့် တွေ့သမျှလူတိုင်းက ဘောလုံးအကြောင်းကို အားပါးတရ ပြောကြဆိုကြ၊ ဆွေးနွေးကြ၊ ငြင်းခုန်ကြတာတွေကို ကြည့်မရသူတွေပေါ့။ ဘောလုံးအလာ့ဂျစ်သမားတွေလို့ အမည်ပေးရမလား မဆိုနိုင်ဘူး။ သေချာတာကတော့ အခြားလူတွေ ဘောလုံးအပေါ် ရူးသွပ်ကြတာကို အဲဒီလိုလူတွေက နားမလည်ကြဘူး ဆိုတာပါပဲ။
ဘောနဲ့ဝေးတဲ့ သူငယ်ချင်း
ကဲ... ထားပါလေ။ လိုရင်းကို ဆက်ရအောင်ပါ။ အဲဒီလို ဘောလုံးအလာ့ဂျစ်သမားတွေ ပြောလေ့ရှိတဲ့ စကားတစ်ခွန်းကို ပြောပြချင်လို့ပါ။ စာဖတ်သူသာ ဘောလုံးဝါသနာရှင်တစ်ဦး ဖြစ်နေမယ်ဆိုရင်လည်း အဲဒီစကားကို ကြားဖူးပြီးသား၊ ခဏခဏ အပြောခံပြီးသား ဖြစ်နေမှာပါ။ ကျွန်တော်လည်း မကြာခဏ အပြောခံဖူးပေမယ့် တကူးတကန့်တော့ ဘယ်သူ့ကိုမှ ရှင်းမပြခဲ့ဖူးပါဘူး။ ဒါပေမယ့် မနေ့ညနေက သူငယ်ချင်းတစ်ယောက်နဲ့အတူ လက်ဘက်ရည်ဆိုင် အတူထိုင်ရင်း အဲဒီအကြောင်းအရာကို ရောက်သွားလို့ပါ။ အရင်လို သူငယ်ချင်းတွေ အများကြီးနဲ့မဟုတ်ဘဲ သူနဲ့ကိုယ်နှစ်ယောက်တည်း အေးအေးဆေးဆေး ထိုင်ရတာကြောင့် ဘောလုံးနဲ့ပတ်သက်တာတွေကို စိတ်ရှည်လက်ရှည် ရှင်းပြနေမိပါတယ်။ သူက ဘောလုံးကို မုန်းတီးသူ၊ အလာ့ဂျစ်ဖြစ်သူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဘောလုံးနဲ့ပတ်သက်လို့ သူများတွေ ပြောသမျှကို ဘယ်လိုမှ နားမလည်နိုင်ဘူးကွလို့တော့ ပွင့်ပွင့်လင်းလင်း ၀န်ခံပါတယ်။ တစ်ဆက်တည်း ဘာဆက်ပြောသလဲဆိုတော့ "ငါလည်းကြုံတဲ့လူတိုင်းကို မေးဖူးပါတယ်။ ဒါပေမယ့် သူတို့ရှင်းပြတာတွေကို နားမလည်ဘူးကွ" တဲ့။
ဘောလုံးနဲ့သူဟာ သူစိမ်းပြင်ပြင်
အဲဒီမှာ ကျွန်တော်သိလိုက်ရတာတစ်ခုက ကျွန်တော့်သူငယ်ချင်းဟာ ဘောလုံးကိုမရူးသွပ်ပေမယ့် ဘောလုံးအကြောင်းကိုတော့ သိချင်စိတ်ရှိတယ် ဆိုတာပါပဲ။ သူ့မှာ သိချင်လျက်နဲ့ သူ့ရဲ့ အခြေခံဘောလုံးဗဟုသုတ နည်းပါးမှုကြောင့် နားမလည်ရလေခြင်းဆိုပြီး အားငယ်နေတယ်လို့လည်း ထင်မိပါတယ်။ သူက ခေတ်မီချင်သူလေ။ ခေတ်မီချင်တယ်ဆိုတာ ဒီလိုပါ။ ဘောလုံးကို သူစိတ်မ၀င်စားပေမယ့် တစ်ကမ္ဘာလုံးကလူတွေ သည်းသည်းလှုပ်ဖြစ်နေတဲ့ ဘောလုံးကို မကောင်းကြောင်းတော့ သူမပြောပါဘူး။ လူတိုင်းနီးနီး စိတ်ဝင်စားနေတဲ့ အကြောင်းအရာကို သူလည်း အခြားလူတွေနဲ့တန်းတူ သိချင်၊ နားလည်ချင်တာပါ။ ငယ်ငယ်လေးကတည်းက စည်းကမ်းကြီးပြီး တင်းကျပ်လှတဲ့ မိဘအုပ်ထိန်းမှုနဲ့ အိမ်ထဲမှာပဲ ကစားခဲ့ရတဲ့ မြို့ပြယဉ်ကျေးမှုမှာ ကြီးပြင်းလာခဲ့သူဆိုတော့ ဘောလုံးနဲ့ပတ်သက်ရင် ဘယ်လိုလုပ်ပြီး သူ့ခမြာ အကျွမ်းဝင် နားလည်နိုင်ပါ့မလဲ။ ကားရုပ်လေးတွေ၊ သေနတ်လှလှလေးတွေ၊ စက်ဘီးသေးသေးလေးတွေနဲ့ ဆော့ကစား၊ ကျောင်းဆင်းရင် အိမ်ကလာကြိုတဲ့ ကားနဲ့အိမ်ပြန်၊ ရုံးပိတ်ရက်မှာမှ တစ်ခါတလေရောက်ရတဲ့ ကလေးကစားကွင်းတွေနဲ့ ယဉ်ပါးခဲ့ရသူမို့ လမ်းထဲက သူငယ်ချင်းတွေနဲ့ ဟေလားဝါးလားလုပ်ပြီး ပျော်ပျော်ကြီးကစားရ၊ ကျောင်းဆင်းချိန်မှာ အိမ်မပြန်သေးဘဲ သူငယ်ချင်းတွေစုပြီး ကစားရတဲ့ ဘောလုံးအားကစားဟာ သူ့အတွက် စိမ်းနေတာ မဆန်းပါဘူး။
သူသိတဲ့ ဘောလုံးသမားတွေ
အမယ်... ကိုယ်တော်ချောက ဘောလုံးအကြောင်းကို မသိဘူးသာဆိုတယ်။ ဘယ်သူတွေကို သိတယ်မှတ်သတုံး။ ဘက်ဂီယိုကို သိသတဲ့။ နောက်... ရိုမာရီယိုကိုလည်း သိသေးသတဲ့။ ဟားဟား... ဟုတ်တာပေါ့... ၁၉၉၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဟာ ကျွန်တော်တို့ မြန်မာတွေအတွက် ပထမဆုံး ရင်းရင်းနှီးနှီး ထိတွေ့ခွင့်ရတဲ့ ပြိုင်ပွဲကြီးဖြစ်ခဲ့တာကိုး။ သတင်းစာတွေထဲမှာ၊ ရုပ်မြင်သံကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ခဲ့ရတာမို့ မြင်းမြီးဆံပင်နဲ့ ဘက်ဂီယိုကို မြန်မာမလေးတွေ သည်းသည်းလှုပ်ဖြစ်ခဲ့တာ ပြန်လို့တောင် အမှတ်ရမိသေးတော့တယ်။ အမယ်... အဲဒီလူတွေကိုပဲသိလို့ ဒီနေ့မော်ဒန်ဘောလုံးလောကမှာ နာမည်ကြီးနေသူတွေကိုလည်း မသိဘူးမထင်လိုက်လေနဲ့။ ပထမဆုံး သူပြောတာက ဟိုကောင် ဦးစွန်းဖုတ်နဲ့ကောင်ကွာတဲ့။ ဒိုကြီးကိုပြောတာလေ။ ဘရာဇီးလ်က ရိုနယ်လ်ဒိုကိုပြောတာ။ နောက်... စီရော်နယ်လ်ဒိုကို သိသတဲ့။ ရူပါဖြောင့်ဖြောင့်နဲ့ကောင်ကွတဲ့။ သွားခေါခေါနဲ့ကောင်က ဘယ်သူလဲကွ။ ငါသူ့ကိုသိတယ်။ နာမည်မေ့နေလို့တဲ့။ ဟားဟား... ရော်နယ်လ်ဒင်ဟိုကို ပြောတာလေ။ ကျွန်တော်က နာမည်ကိုပြောပြတော့ အားရ၀မ်းသာနဲ့ အေး..အေး... ဟုတ်တယ်၊ ရော်နယ်လ်ဒင်ဟို၊ ရော်နယ်လ်ဒင်ဟိုတဲ့။ သူပျော်နေတာကြည့်ပြီး ကျွန်တော်လည်း အတော်လေးကို ပျော်နေမိတယ်။ ဘောလုံးအကြောင်း မသိဘူးသာဆိုတယ်... ကိုယ်တော်က နောက်တစ်ယောက် ဘယ်သူ့ကိုပြောတယ်ထင်သလဲ၊ ဇီဒန်းကိုလည်း သိသတဲ့။ မင်းဟာက သိလှချည်လားကွလို့ မေးမိတော့ ဇီဒန်းက နို့မို့ဆို မှတ်မိမှာ မဟုတ်ဘူးကွတဲ့။ ဘယ်သူနဲ့တွဲပြီး မှတ်ထားတာမို့ သိနေတာလို့ နာမည်တစ်ခုကို ရွတ်ပြတော့ ကျွန်တော့်မှာ ရယ်လိုက်ရတာဗျာ။ ဟုတ်ပါရဲ့ ကျွန်တော်တို့ရဲ့ ဆရာတစ်ယောက်က ဇီဒန်းလိုပဲ နဖူးပြောင်ပြောင်ကြီးလေ။ ပြီးတော့ သူက တကယ့်ကို ဘောလုံးဂျိုး။ အသက်ကြီးတဲ့အထိ ဘောလုံးလည်းကန်တယ်။ သူ့ကိုလည်း ဇီဒန်းလို့ပဲ ကွယ်ရာမှာ nick name ခေါ်ကြတာကိုး။
ကလေးကြိုက်၊ ခွေးကြိုက်၊ ဘုန်းကြီးကြိုက်၊ မြန်မာကြိုက်
အဲဒီတော့ ကျွန်တော်က ပြန်ပြောမိပါတယ်။ မင်းဟာက ဘောလုံးနဲ့ပတ်သက်လို့ တော်တော်သိတယ်လို့ ပြောလို့ရတယ်ကွပေါ့။ အဲဒီလောက်သိရင် မင်းစကားဝိုင်းတွေမှာ ၀င်ပြောလို့ရပြီဆိုတော့ မလှတဲ့သူ့မျက်နှာ ပြဲပြဲကြီးနဲ့ တခစ်ခစ်ရယ်တယ်။ ကျွန်တော်ပါ ရောယောင်ပြီး လိုက်ရယ်မိတာပေါ့။ ဘောလုံးအသင်းတွေတော့ မင်းသိမှာပါဆိုတော့။ အေးသိတယ်တဲ့... မန်ယူနဲ့ အာဆင်နယ်ကို သိတယ်လေတဲ့။ ဟားဟား... အဲဒီနှစ်သင်းသိရင်ကို မင်းဘောလုံးလောကထဲကို ခြေစုံပစ်ဝင်လို့ရတယ်ဆိုတော့ တဟားဟား ထရယ်တယ်ဗျ။ ဘေးဝိုင်းကလူတွေက ကျွန်တော်တို့နှစ်ယောက်ကို ဘာလဲဟဆိုတဲ့ မျက်နှာပေးတွေနဲ့ လှည့်ကြည့်ကြတယ်။ ကျွန်တော်တို့နှစ်ယောက်လည်း ရှက်ကိုးရှက်ကန်းနဲ့ မသိချင်ယောင်ဆောင်ပြီး ဟားတိုက်ပြီး ရယ်နေလိုက်မိတယ်။ ပြီးတော့မှ မျက်နှာပိုးသတ်ပြီး အချင်းချင်း မျက်နှာရိပ်မျက်နှာကဲပြပြီး ပါးစပ်ကို ဘရိတ်အုပ်ရတယ်။
ပြောချင်တဲ့စကား
ဟော... လျှာရှည်နေလိုက်တာ ပြောချင်တာက အခုထိ မရောက်နိုင်ဘူး။ ဘယ်လိုလဲ... အတော်စိတ်ညစ်နေပြီလား။ စောစောကလို တောင်ရောက်မြောက်ရောက် ပြောပြီးတဲ့အချိန်မှာ ကျွန်တော့်သူငယ်ချင်း ဆက်ပြောလိုက်တဲ့ စကားလေးတစ်ခွန်းက ဒီစာမှာ ကျွန်တော်ပြောချင်တဲ့ အဓိကအကြောင်းအရာပါ။ သူပြောတာက ဒီလိုဒီလို...
"ဘောလုံးလေးတစ်လုံးကို လူ (၂၂)ယောက် ၀ိုင်းလုပြီး ကန်နေကြတာ စိတ်ညစ်စရာကြီးကွာ၊ တစ်ယောက်တစ်လုံး ပေးကန်လိုက်ရင် ပြီးတာပဲ" တဲ့။ ပြောလည်းပြောပြီးရော သူ့စကားသူ သဘောကျပြီး ရယ်နေပြန်ပါရောလား။ အတော်အရယ်သန်တဲ့ကောင်။ ကဲ... ပြောခဲ့တယ်မို့လား၊ ခင်ဗျားလည်း ကြားဖူးပြီးသား၊ ကြုံဖူးပြီးသား စကားတစ်ခွန်းပါလို့။
အံ့သြလောက်ပါတယ်
ဟုတ်တယ်ဗျ... ဘောလုံးဝါသနာမပါသူ အများစု နားမလည်ကြတဲ့အထဲမှာ အဲဒီအချက်ပါတယ်ဗျ။ ကျွန်တော်တို့ ၀ါသနာရှင်တွေကသာ ဘောလုံးဥပဒေတွေက ဘယ်လို၊ နည်းစနစ်တွေက ဘယ်လို၊ ဘယ်အခြေအနေမှာ ဘာဖြစ်တယ်ဆိုတာကို သိကြတာကိုး။ ၀ါသနာမပါတဲ့ လူတွေအတွက်က ဘယ်လိုလုပ် နားလည်လိမ့်မတုန်း။ ဘောလုံးလေးတစ်လုံးကို ရေကုန်ရေခန်း၊ အသည်းပေါက်မတတ် လိုက်လုနေကြတာဟာ ဘယ်လောက်များ ကြောင်တောင်တောင် နိုင်လိုက်သလဲလို့ သူတို့တွေက တွေးနေကြမှာကို အပြစ်တော့ မဆိုသာပါဘူး။ အဲ...ပိုဆိုးတာက အဲဒီလို ဘောလုံးတစ်လုံးကို လူ(၂၂)ယောက် ၀ိုင်းလုနေတာကို ဘေးကနေပြီး သန်းပေါင်းများစွာသော တစ်ကမ္ဘာလုံးက ပရိသတ်တွေက အားပေးနေကြတာ၊ ရူးသွပ်နေကြတာ၊ ရန်ဖြစ်နေကြတာ၊ ငြင်းခုန်နေကြတာက သူတို့အတွက် ပိုလို့တောင် ထူးဆန်းအံ့သြဖို့ကောင်းပြီး နားလည်လို့မရနိုင် ဖြစ်နေကြဦးမယ် ထင်ပါရဲ့ဗျာ။
ပြန်ပြောမိတဲ့စကား
သူငယ်ချင်းက အဲဒီလိုပြောလာတော့ အသေးစိတ် ပြန်ရှင်းမပြခဲ့ပေမယ့် စကားလေးတစ်ခွန်းတော့ သူ့ကို ပြန်ပြောဖြစ်ပါတယ်။ ရယ်ရယ်မောမောနဲ့ပေါ့။ "အေးကွာ... မင်းပြောသလို ကွင်းထဲက (၂၂)ယောက်ကို ဘောလုံးတစ်လုံးစီပေးပြီး ကန်ကြတာကို မင်းမြင်ကြည့်စမ်းပါ၊ ဘယ်လိုအရသာ ထွက်လာမလဲ" လို့ မေးမိတော့ ကျေးဇူးရှင်က ပထမတော့ နည်းနည်းတွေးတယ်၊ နောက်မှ ဘာကိုစဉ်းစားမိသွားတယ်မသိဘူး လက်ခုပ်လက်ဝါးတွေတီးပြီး အားရပါးရကို တဟားဟား ရယ်ပါရောလား။ လက်ကလည်း အမူအရာလုပ်၊ ပါးစပ်ကလည်း "ဟားဟား၊ တစ်ယောက်တစ်လုံးစီနဲ့ ကန်ကြရင်" ဆိုပြီး သူ့ဟာသူ သဘောကျနေတယ်လေ။ ကျွန်တော်လည်း မျက်စိထဲမှာ ဘောလုံးသမားတစ်ယောက်ကို ဘောလုံးတစ်လုံးစီနဲ့ ကွင်းထဲမှာ ပြေးနေကြတာကို မြင်ယောင်မိပြီး သူနဲ့အတူ လိုက်ရယ်မိတာပေါ့ဗျာ။
အတွေးမဆုံးပြီ
လက်ဘက်ရည်ဆိုင်ကပြန်လာပြီး အခန်းပြန်ရောက်တဲ့အထိ အဲဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ အတွေးတွေက အမျှင်မဆုံးနိုင်သေးဘူးလေ။ အဲဒီတော့လည်း ဆက်တွေးနေမိတာပေါ့။ ကိုင်း... ကျွန်တော်တွေးမိတာလေးတွေကို ပြန်ပြီးဖောက်သည်ချပါရစေဦး။ အလေးအနက် ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်နော်။ အပျင်းပြေ ပေါ့ပေါ့ပါးပါးသာ ဖတ်စေချင်ပါတယ်။ အချို့တွေအတွက်လည်း အတွေးပွင့်သွားစေတာတွေ ရှိကောင်းရှိနိုင်ပါရဲ့ဗျာ။
လူ့ဘ၀နဲ့ ဘောလုံးပွဲ
ဘ၀ဆိုတာကြီးကို ဘောလုံးပွဲတစ်ပွဲနဲ့ ခိုင်းနှိုင်းလိုက်တဲ့အတွက်တော့ ကျွန်တော့်ကို အပြစ်မြင်ကြမယ်လို့ မထင်ပါဘူးနော်။ လုံးဝဥဿုံချွတ်စွတ်ကြီး တူညီတာ မဟုတ်ပေမယ့် ဘ၀ဆိုတာ ဘောလုံးပွဲတစ်ခုလိုပဲဆိုတဲ့ အချက်တွေ အတော်များများ ရှိနေတယ်လေ။ ကျွန်တော်တွေးမိသမျှတွေကို အကျယ်မဖွင့်တော့ဘဲ တိုတိုတုတ်တုတ်ပြောပြရရင်-
- ပွဲသိမ်းခရာမမှုတ်ခင်စပ်ကြား ဘောလုံးပွဲတစ်ခုလုံး ကစားနိုင်ဖို့အတွက် သက်လုံကောင်းဖို့၊ ကြံ့ခိုင်ဖို့၊ ကျွမ်းကျင်မှုရှိဖို့၊ အကွက်မြင်ဖို့ လိုအပ်သလို သေဆုံးခြင်းဆိုတဲ့ ခရာသံမကြားခင် ဘ၀တစ်လျှောက်မှာလည်း လောကဓံကို ကြံ့ကြံ့ခိုင်နိုင်ဖို့အတွက် ကျွန်တော်တို့တွေ သက်လုံကောင်းဖို့၊ ကိုယ်စိတ်ကြံ့ခိုင်နေဖို့၊ သက်ဆိုင်ရာနယ်ပယ်တွေမှာ ကျွမ်းကျင်နေဖို့၊ အခွင့်အလမ်းတွေကို အကွက်မြင်ဖို့ လိုအပ်တယ်လေ။
- ကိုယ့်ရဲ့ဘောလုံးပညာ ဘယ်လောက်ပဲ ကျွမ်းကျင်ကောင်းမွန်နေပါစေ၊ အားပေးတဲ့ ပရိသတ်တွေသာ မရှိခဲ့ဘူးဆိုရင် အဲဒီပညာတွေဟာ အလကားပဲမဟုတ်လား၊ အဲဒီလိုပဲ ဘ၀မှာလည်း ကိုယ်ဘယ်လောက်ပဲ တော်နေတော်နေ၊ ငါတော်ရင် ပြီးတာပဲဆိုတဲ့စိတ် ထားနေလို့မရပါဘူး။ အဖွဲ့အစည်းတစ်ခုခုအတွက်၊ သို့မဟုတ် နိုင်ငံတစ်ခုခုအတွက် အသုံးဝင်နေပါမှ၊ တစ်နည်းအားဖြင့် ပတ်ဝန်းကျင်က၊ လူ့လောကတစ်ခုလုံးက ကိုယ့်ကို အသိအမှတ်ပြုပါမှ၊ကိုယ့်ကို လိုအပ်နေပါမှ ကိုယ့်ရဲ့အရည်အချင်းတွေဟာ အသုံးဝင်မှာပါလေ။ ဘောလုံးသမားဟာ ပရိသတ်ကို စော်ကားလို့မရ၊ ဥပေက္ခာပြုလို့ မရသလို ကျွန်တော်တို့တွေရဲ့ ဘ၀မှာလည်း ပတ်ဝန်းကျင်ဆိုတာကို ဥပေက္ခာပြုလို့ မရပါဘူး။
- ဘောလုံးကွင်းထဲမှာ ကိုယ်တစ်ယောက်တည်း ရပ်နေလို့ ဘောလုံးပွဲတစ်ပွဲ ဖြစ်မလာနိုင်ပါဘူး။ အဲဒီလိုပဲ ကိုယ့်အသင်းသား (၁၁)ယောက်ပဲ ရှိနေရင်လည်း ဘောလုံးပွဲမမြောက်ပါဘူး။ ကိုယ်နဲ့ပြိုင်ဘက် (၁၁)ယောက် ရှိနေမှသာ ဘောလုံးပွဲဖြစ်လာတာပါ။ ဘ၀မှာလည်း ကိုယ်တစ်ယောက်တည်း ရပ်တည်နေလို့ မရပါဘူး။ အဲဒီလိုပဲ ကိုယ့်ကိုထောက်ခံအားပေးမယ့်လူ၊ ကိုယ့်နဲ့အတူ စိတ်တူကိုယ်တူတွေချည်းပဲ ရှိနေရင်လည်း ဘ၀ဆိုတာ အဓိပ္ပါယ်မရှိတော့ဘူးလေ။ ဘ၀ဆိုတဲ့သရုပ် ပီပြင်ဖို့အတွက် ကိုယ့်ကို တားဆီးနှောင့်ယှက်မယ့်လူ၊ ကိုယ့်အဖွဲ့အစည်းကို ရင်ဆိုင်ဆန့်ကျင်မယ့်လူတွေလည်း ရှိရမယ်လေ။ ဒါမှလည်း ဘ၀ဆိုတဲ့ ဘောလုံးပွဲဟာ အသက်ဝင်တော့မှာပေါ့။
- ကိုယ်ဘယ်လောက်တော်တော် အသင်းဖော်တွေရဲ့ ပံ့ပိုးကူညီမှုတွေသာ မပါခဲ့ရင် အနိုင်ဂိုးသွင်းနိုင်ဖို့၊ အသင်းအနိုင်ရဖို့ မဖြစ်နိုင်ပါဘူး။ အဲဒီလိုပဲ ဘ၀မှာလည်း ကိုယ်တစ်ယောက်တည်း မိုးပျံအောင်တော်နေလည်း ကိုယ့်ကို ကူညီမယ့်လူ၊ ဖေးမမယ့်လူ၊ လက်ကမ်းမယ့်လူ၊ နားလည်မှုရှိရှိနဲ့ လက်တွဲမယ့်လူတွေကို မဖြစ်မနေလိုအပ်ပါတယ်။ လူ့လောကကြီး တိုးတက်လာတာဟာ တစ်ဦးတစ်ယောက်တည်းရဲ့ အစွမ်းကြောင့် မဟုတ်ဘူးဆိုတာကိုတော့ စာဖတ်သူလည်း သိပြီးဖြစ်မှာပါ။ ဘ၀ဆိုတဲ့ ဘောလုံးပွဲမှာ အခြားလူတွေနဲ့ သဟဇာတဖြစ်ဖို့၊ လက်တွဲညီဖို့၊ အကူအညီရဖို့ လိုအပ်သလို အခြားလူတွေကိုလည်း အကူအညီပေးဖို့၊ ဖေးမဖို့၊ လက်ကမ်းဖို့ လိုအပ်တယ်ဆိုတာ မမေ့ပါနဲ့ဗျာ။
- ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ဦးဖြစ်တဲ့ ပြင်သစ်က ဇီဒန်းကြီးခမြာ တစ်သက်လုံး ကောင်းလာခဲ့ပြီးကာမှ ဘာမှမကြာလှတဲ့ အခိုက်အတန့်လေးမှာ ဖြစ်ခဲ့ရတဲ့ ဒေါသစိတ်တစ်ချက်ကို မထိန်းလိုက်နိုင်တဲ့အတွက် အီတလီက မာတာရာဇီကို ခေါင်းနဲ့တိုက်ပြီး ရလာခဲ့တဲ့ အနီကတ် တစ်ခုကြောင့် သူ့အတွက်လည်း အမည်းစက်ဖြစ်ခဲ့ရ၊ တကယ့်အရေးကြီးတဲ့အချိန်မှာ ပြင်သစ်အသင်းလည်း လက်တစ်ကမ်းက ကမ္ဘာ့ဖလားနဲ့ အလှမ်းဝေးခဲ့ရ ဖြစ်ခဲ့ရတယ်။ ကျွန်တော်တို့ရဲ့ ဘ၀တွေမှာရော မရည်ရွယ်ပါဘဲ အသိဉာဏ်တစ်ချက်အလွတ်မှာ အမှတ်မထင် ပြုလုပ်ခဲ့မိတဲ့ အမှားလေးတွေကြောင့် တစ်သက်လုံး ကောင်းလာခဲ့သမျှတွေ မြောင်းထဲရောက်သွားရတာ၊ ကိုယ့်ကို မှီခိုနေရတဲ့သူတွေ ဒုက္ခရောက်သွားရတာမျိုး ဖြစ်ခဲ့သလားဆိုတာ စဉ်းစားကြည့်သင့်တယ်။
- ဘောလုံးဆိုတာ တစ်သင်းလုံး ညီညီညွတ်ညွတ်နဲ့ ကစားရတာပါ။ အဲဒီလိုပဲ ဘ၀ဆိုတာလည်း အခြားသော သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ မိသားစုတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ စတဲ့လူမျိုးစုံနဲ့ အပေးအယူမျှမျှ၊ လက်တွဲညီညီနဲ့ ဆောင်ရွက်ရတာမျိုးပါ။ အဲ... ဒါပေမယ့် ဘောလုံးအသင်းမှာ စီရော်နယ်လ်ဒိုလို၊ မက်ဆီလို၊ ရော်နယ်လ်ဒင်ဟိုလို၊ ဒရော့ဘာလို၊ ဂျရတ်လို၊ ကာကာလို၊ ဘူဖွန်လို သူမတူအောင် ထူးချွန်တဲ့လူတွေလည်း လိုအပ်တာအမှန်ပါ။ တကယ့်အရေးကြုံလာတဲ့အခါ ပွဲအဖြေကို ပြောင်းလဲပစ်နိုင်သူတွေဆိုတဲ့ စကားလုံးတွေကိုတော့ စာဖတ်သူလည်း ကြားဖူး၊ ဖတ်ဖူးမယ်ထင်ပါရဲ့။ အဲဒီလိုပဲ ဘ၀မှာလည်း သူတကာထက် ထူးချွန်ထက်မြက်သူတွေ လိုအပ်ပါတယ်။ သူတို့တွေကသာ ဘ၀တွေကို ပြောင်းလဲပစ်နိုင်တာကိုး။ ဥပမာဆိုရရင် အိုင်းစတိုင်းလို၊ နယူတန်လို၊ လင်ကွန်းလို၊ ဗိုလ်ချုပ်အောင်ဆန်းလို၊ ရှိတ်စပီးယားလို စတဲ့လူတော်တွေပေါ့။ ကိုယ်တိုင်က အဲဒီလို ထူးချွန်အောင်လုပ်ချင်လုပ်၊ ဒါမှမဟုတ် အဲဒီလိုထူးချွန်သူတွေကို အခွင့်အလမ်းတွေ ဖန်တီးပေးရမှာ၊ ကူညီပံ့ပိုးရမှာကတော့ ဘောလုံးပွဲနဲ့ အတူတူပါပဲဗျာ။
- ဘောလုံးပွဲမှာ စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ ဘ၀မှာလည်း ရှိတယ်ဆိုတာ ပြောဖို့လိုအံ့ မထင်ပါဘူး။ ဘောလုံးပွဲမှာ ကိုယ့်အသင်း အနိုင်ရဖို့အတွက် အစွမ်းကုန်ကြိုးစားကြတယ်။ ဘ၀မှာလည်း ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် ကြိုးစားကြတာပါပဲ။ ဒါပေမယ့် မသမာတဲ့နည်းလမ်း၊ သတ်မှတ်ထားတဲ့ ဘောင်တွေကကျော်လွန်ပြီး လုပ်ဆောင်လို့မရတာတော့ ဘ၀နဲ့ဘောလုံး နှစ်ခုစလုံးမှာ အတူတူပါပဲ။ ဘောလုံးပွဲမှာ ဒိုင်လူကြီး၊ ပရိသတ်တွေ ရှိသလို ဘ၀မှာလည်း သဘာဝတရားဆိုတဲ့ တရားသူကြီးနဲ့ ပတ်ဝန်းကျင်ဆိုတဲ့ ပရိသတ်တွေ ရှိတယ်လေ။ လိမ်လို့မရဘူး၊ ညာလို့မရဘူး။
- ဘောလုံးပွဲရဲ့ အဓိကအသက်ဟာ ရလဒ်ဖြစ်ပါတယ်။ အဲဒီရလဒ်ကို ဂိုးနဲ့ သတ်မှတ်ပါတယ်။ Goal ဆိုတဲ့ စကားလုံးမှာကိုက အဓိပ္ပါယ်တွေ ပြည့်ဝပြီးသားမို့ အထူးအထွေ ရှင်းပြစရာ လိုမယ်မထင်ပါဘူး။ ဒါပေမယ့် အဲဒီဂိုးကသာ အဓိကဆိုပြီး အခြားဟာတွေကို လျစ်လျူရှုလို့ မရပါဘူး။ ဥပမာတွေ ပြောပါရစေဦး။ ဘောလုံးကို တစ်ကမ္ဘာလုံးကလူတွေ စွဲလန်းကြတာဟာ ဂိုးသွင်းကြလို့ မဟုတ်ပါဘူး။ အဲဒီဂိုးသွင်းဖို့အတွက် ဖန်တီးကြတာ၊ တစ်နည်းပြောရရင် အပေးအယူ၊ အချိတ်အဆက်၊ ကစားကွက်၊ နည်းဗျူဟာ၊ တစ်ဦးချင်းကျွမ်းကျင်မှု စတာတွေကို ရင်ခုန်ကြတာ ဖြစ်ပါတယ်။ ဘာမှမကျယ်လှတဲ့ ဂိုးပေါက်ကလေးထဲကို ဘောလုံးတစ်လုံး ၀င်သွားတာကို အရသာခံကြတာလို့ မထင်မှတ်လိုက်ပါနဲ့။ အဲဒီလိုသာဆိုရင်တော့ ဘောလုံးဆိုတာကို ဘယ်သူကမှ အခုလောက် သည်းသည်းလှုပ်ဖြစ်နေကြမှာ မဟုတ်ပါဘူး။ ဂိုးမသွင်းဖူးတဲ့အသင်း မရှိဘူးဆိုတာ အားလုံးသိမှာပါ။ ဒါဆိုရင် ဘာဖြစ်လို့ လူတွေက အသင်းတွေရွေးပြီး ကြိုက်ကြရတာလဲ။ ဂိုးသွင်းတဲ့ဘောလုံးသမားချင်း အတူတူဟာကို ဘာဖြစ်လို့ ကြိုက်တဲ့လူကိုကြိုက်၊ မကြိုက်တဲ့လူကို မကြိုက်ရတာလဲ။ သုံးမှတ်ရရင် ပြီးရောဆိုတဲ့ မော်ရင်ဟိုကို ဘာဖြစ်လို့ ဘောလုံးလောကသားတွေက ခါးခါးသီးသီး ကန့်ကွက်ကြတာလဲ။ ကန်တိုင်းနိုင်တာမဟုတ်၊ ရာသီတိုင်း ဖလားရတာ မဟုတ်ပါဘဲ ဘာဖြစ်လို့ ဘာစီလိုနာတို့၊ အာဆင်နယ်တို့၊ ဘရာဇီးလ်တို့ကို လူတွေတသသ စွဲလန်းနှစ်ခြိုက်ကြတာလဲ။ ရှင်းပါတယ်ဗျာ... ဂိုးသွင်းဖို့အတွက် သူတို့တွေရဲ့ ကြိုးပမ်းမှုတွေထဲမှာ ရသမြောက်နေတာ၊ လှပနေတာတွေ ရှိနေလို့ပေါ့။ ဂိုးရရင်ပြီးရော ကြမ်းကြမ်းတမ်းတမ်းကစား၊ ညစ်နည်းပေါင်းစုံနဲ့ ရအောင်ဖန်တီးတဲ့ အသင်းတွေ၊ ကစားသမားတွေကို ပရိသတ်က လက်မခံကြဘူးလေ။ ဒါဆိုရင် လူ့ဘ၀မှာရော??? ကိုယ့်ရည်မှန်းချက် အောင်မြင်ရင်ပြီးရော၊ ကိုယ့်အဖွဲ့အစည်း အောင်မြင်ရင်ပြီးရောဆိုပြီး လုပ်ချင်ရင် လုပ်လို့ရပါတယ်။ ဒါပေမယ့် ကစားကွက်မလှတဲ့အတွက် ပရိသတ်က သဘောကျမှာ မဟုတ်ဘူးဗျ။ သုံးမှတ်ရရင် ပြီးရောဆိုတဲ့ တစ်ချိန်က မော်ရင်ဟိုရဲ့ စိတ်ဓာတ်မျိုးတွေဟာ ဒီနေ့ကမ္ဘာမှာ ဘယ်သူကမှ မကြိုဆိုချင်ကြတော့ဘူး။ ရလာတဲ့ဂိုးဟာ လှလှပပ၊ သန့်သန့်ရှင်းရှင်း၊ မျှမျှတတ ဖြစ်တာကိုပဲ အားလုံးက တမက်တမော ဖြစ်နေကြပြီလေ။
- နောက်ထပ်ဥပမာတစ်ခု ဆောင်ပါရစေဦး။ အီတလီကစားသမား ဒီကာနီယို အင်္ဂလန်ပရီမီးယားလိဂ် ပွဲစဉ်တစ်ခုမှာ ပြုလုပ်ခဲ့တဲ့ အပြုအမူ တစ်ခုပါ။ သူက ရှေ့တန်းတိုက်စစ်မှူးပါ။ ပွဲစဉ်တစ်ခုမှာ ဘောလုံးကိုလည်း သူရထားပါတယ်။ သူ့ရှေ့မှာလည်း ဂိုးပေါက်ပဲ ရှိပါတော့တယ်။ ကန်သွင်းဖို့ပဲ လိုတော့တာပေါ့ဗျာ။ ဒါပေမယ့် အဲဒီအချိန်မှာ ဂိုးသမားက ထိခိုက်ဒဏ်ရာတစ်ခုကြောင့် လဲနေပါတယ်။ ဒီကာနီယို ဘာလုပ်လိုက်ပါသလဲ။ ဂိုးပေါက်ထဲကို ကန်သွင်းမယ့်ဘောလုံးကို မကန်သွင်းတော့ဘဲ အပြင်ကိုကန်ထုတ်ပြီး Fair Play လုပ်လိုက်ပါတယ်။ ကွင်းထဲမှာရှိနေတဲ့ ပရိသတ်အားလုံး (သူ့ပရိသတ်ရော၊ ကိုယ့်ပရိသတ်ရော) ဟာ မတ်တတ်ရပ်၊ လက်ခုပ်တီး၊ လက်ခေါက်တွေမှုတ်ပြီး ဒီကာနီယိုကို ဂုဏ်ပြုချီးကျူးကြတာ တစ်ကွင်းလုံး ဘ၀ဂ်ညံသွားတဲ့အထိပါပဲ။ ဘောလုံးပွဲတစ်ခုမှာ ဂိုးရဖို့ဆိုတာ အရေးအကြီးဆုံးဖြစ်ပေမယ့် အဲဒီဂိုးကို သိက္ခာရှိရှိ၊ မျှမျှတတနဲ့ ရယူတာက အဖိုးတန်တယ်ဆိုတာကို သက်သေပြသွားခဲ့တာပါ။ ဒီကာနီယိုဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား မဖြစ်ခဲ့ဖူးပါဘူး။ ဒါပေမယ့် သူ့နာမည်ကတော့ ယနေ့အထိ ပြောနေရဆဲ၊ နောင်လည်း ပြောနေရဦးမယ့် သမိုင်းမှတ်တမ်းတစ်ခု ဖြစ်သွားခဲ့ရပါပြီ။ အဲဒီတုန်းကသာ ဂိုးသွင်းခဲ့မယ်ဆိုရင် အဲဒီဂိုးအတွက် သမိုင်းမှတ်တမ်းဟာ အခုသူရလိုက်တဲ့ သမိုင်းမှတ်တမ်းလောက် အဖိုးတန်လိမ့်မယ် မထင်ပါဘူး။ ကျွန်တော်တို့ လူ့ဘ၀တွေမှာရော??? ကိုယ့်ရည်မှန်းချက်တစ်ခု အောင်မြင်ဖို့အတွက် ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စိတ်ဓာတ်တွေနဲ့ လုပ်နေတဲ့သူတွေနဲ့ သိက္ခာရှိရှိနဲ့ လုပ်ကိုင်ဆောင်ရွက်နေသူတွေကို သမိုင်းက ဘယ်လိုများ မှတ်တမ်းတင်ထားသလဲဆိုတာ နည်းနည်းလောက် စဉ်းစားကြည့်စေချင်ပါတယ်။ ဘ၀မှာ လိုချင်၊ ရချင်တာတွေနဲ့ သိက္ခာယှဉ်လာတဲ့အခါ ကျွန်တော်တို့တွေ ဘာလုပ်ကြမှာလဲ။ Fair Play လုပ်မှာလား။ Goal ပဲ သွင်းမှာလား?
တစ်ယောက်တစ်လုံးစီ ပေးလိုက်ရင်
ကဲ... ဒါတွေက ကျွန်တော်တွေးမိသမျှတွေထဲက အချို့ကို ပြန်လည်ဖွင့်အံခြင်းမျှသာပါ။ ဒါဆိုရင် ဘောလုံးပွဲတစ်ခုဟာ ဘယ်လောက်အထိ ဘ၀ဆန်သလဲဆိုတာကို စာဖတ်သူ သဘောပေါက်လောက်ပြီ ထင်ပါရဲ့နော်။ သြော်... ကျွန်တော့်သူငယ်ချင်းပြောတဲ့ စကားလေးကို ဆက်ပါရစေဦးနော်။ ဟုတ်ကဲ့.. သူပြောသလို တစ်ယောက်ကို ဘောလုံးတစ်လုံးစီ ကန်ခိုင်းလိုက်ရင် ဘာတွေဖြစ်ကုန်မလဲဗျ။ စဉ်းစားကြည့်ရအောင်ပါ။ စာဖတ်သူလည်း ၀ိုင်းစဉ်းစားပေးပါဦး။ ငယ်ငယ်တုန်းက အတန်းထဲမှာ ဆုရဖူးတဲ့လူတွေများပါခဲ့ရင် ဆုရတဲ့ ခံစားချက်ကို ပြန်တွေးကြည့်စမ်းပါ။ သမီးက၊ သားက အတန်းထဲမှာ ဒုတိယရတယ်လို့ ပြောလိုက်လို့ တစ်ယောက်ယောက်ကများလေ... အတန်းထဲမှာ ကျောင်းသားက နှစ်ယောက်တည်းရှိတာလားလို့ မေးလာခဲ့တယ်ဆိုရင် ဘယ်လိုခံစားခဲ့ကြရပါသလဲ။ တစ်ယောက်တည်းရှိလို့ ပထမရတာနဲ့၊ ဆယ်ယောက်ထဲမှာ ပထမရတာ မတူဘူးလေ။ လူတစ်ရာထဲမှာ ပထမရရင် ပိုလို့တောင် ပျော်ရွှင်ရသေးတယ်မဟုတ်လား။ ဟော..... အသက်ကလေးရလာတော့ ချစ်ရကြိုက်ရတဲ့လူတွေ ရှိလာမှာပေါ့ဗျာ။ ဘယ်သူကမှ မကြိုက်ဘူးဆိုတဲ့ ကောင်မလေးမျိုးကိုမှ သေချာရွေးပြီး ကြိုက်နှစ်သက်တယ်ဆိုတဲ့လူ အလွန်အင်မတန် ရှားပါလိမ့်မယ်။ အများအားဖြင့်တော့ အားလုံးနီးပါးဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေ၊ ကိုကိုတိုင်းကြိုက်တဲ့ ရွှေရုပ်လေးတွေကိုပဲ ကြိုက်ကြတာများပါတယ်။ တချို့တချို့သော ချွင်းချက်တွေကိုတော့ မဆိုလိုဘူးပေါ့ဗျာ။ လူတိုင်းကြိုက်နေကြမှန်းသိတဲ့ မိန်းကလေးတစ်ယောက်ကို သူများကြိုက်လို့ဆိုပြီး ငါမကြိုက်တော့ပါဘူး ဆိုတဲ့လူနဲ့ အားလုံးကြိုက်တဲ့ ကောင်မလေးကို ငါမရ,ရအောင် လိုက်ပြမယ်ဆိုတဲ့လူ ဘယ်သူကများ ပိုများသလဲဆိုတာ တွေးကြည့်စေချင်ပါတယ်။ ဘယ်သူမှ မလုပ်ချင်တဲ့ အလုပ်ကို ပြိုင်ဖက်မရှိ လုပ်ချင်တဲ့လူနဲ့ အားလုံးလိုချင်တဲ့အလုပ်၊ ရာထူး၊ နေရာကို ယှဉ်ပြိုင်အနိုင်ယူပြီး ရယူချင်တဲ့လူ ဘယ်သူကများ ပိုများပါသလဲ။ ကဲ... အဲလောက်ဆိုရင် ကျွန်တော်ကိုဉာဏ် ဘာပြောချင်တယ်ဆိုတာ စာဖတ်သူအနေနဲ့ ဆ၀ါးမိမယ်လို့ ထင်မိပါရဲ့။ မောင်ဖြူက မနီကိုကြိုက်တယ်။ တခြားဘယ်သူကမှလည်း မနီကို မကြိုက်ကြဘူး။ အဲဒီတော့ မနီကလည်း မောင်ဖြူကို ပြန်ကြိုက်လိုက်တယ်။ မောင်မည်းက မ၀ါကိုကြိုက်တယ်။ မ၀ါကိုလည်း ဘယ်သူကမှ မကြိုက်ကြဘူး။ အဲဒီတော့ မ၀ါကလည်း မောင်မည်းကို ပြန်ကြိုက်တယ်။ အဲလိုသာဆိုရင်တော့ တစ်ယောက်ကို ဘောလုံးတစ်လုံးစီပေးပြီး ကန်ခိုင်းတဲ့ ဘောလုံးပွဲတွေကို ကျွန်တော်တို့တွေ ကြည့်နေကြရတာနဲ့ ဘာမှထူးမယ် မထင်ပါဘူးဗျာ။ ဘယ့်နှယ့်လဲ... ကြည့်လို့ကောင်းမယ် ထင်သလားဗျ???
ပြောလို့ဆုံးမယ်မထင်
အင်း... ဘောလုံးပွဲအကြောင်းတွေက ပြောလို့ဆုံးမယ်မထင်ပါဘူးဗျာ။ အို.. စာဖတ်သူမိတ်ဆွေ၊ သင့်ဝန်းကျင်မှာ ဘောလုံးကို အမြင်ကတ်လောက်အောင် ရူးသွပ်ခုံမင်တဲ့လူတွေများ ရှိခဲ့ရင် သူတို့ကို နားလည်ပေးလိုက်ကြပါ။ သူတို့ဘာကြောင့် အဲလိုဖြစ်ရသလဲဆိုတာကို မြင်အောင်ကြည့်လိုက်ကြပါ။ ဘောလုံးလေးတစ်လုံးကို လူ(၂၂)ယောက် မိုက်မိုက်ကန်းကန်း ၀ိုင်းလုနေကြတာကို အားအားလျားလျား အချိန်ကုန်ခံပြီး အရူးထနေကြတယ်လို့ မမြင်ဘဲ ဘ၀သင်ခန်းစာတွေကို လေ့လာသင်ယူနေကြတယ်လို့ အပေါင်းဆောင်တဲ့ အကြည့်လေးနဲ့ မြင်ပေးလိုက်စမ်းပါ။ အဲ... တစ်ဆက်တည်းမှာပဲ ငါသည်လည်း ဘ၀ဘောလုံးပွဲထဲမှာ ကိုယ်တိုင်ပါဝင်ကစားနေသူလား၊ ဘေးကနေ ထိုင်ကြည့်နေတဲ့ ပရိသတ်လားဆိုတာကို မေးကြည့်စေချင်ပါတယ်။ ဖြေကြည့်စေချင်ပါတယ်။ သေချာတာကတော့ စာဖတ်သူလည်း ဘောလုံးနဲ့မကင်းတဲ့ လူတစ်ယောက်ဖြစ်နေတယ်လို့ ဆိုတဲ့အခါ အံ့သြနေမလားပဲ။ မယုံရင်လည်း စာဖတ်သူရဲ့ သဘောပါနော့။
ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၂၆ ရက်၊ တနင်္လာနေ့။
နေ့လည် ၁ နာရီ ၃၉ မိနစ်တွင်ပြီး၏။
မှန်တာတွေချည်းေ၇းထားလို့ မန့်မနေတော့ပါဘူးဗျာ...
ReplyDelete