မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ ကဆုန်လပြည့်နေ့ (၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၂၇ ရက်နေ့၊ အင်္ဂါနေ့) သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်တစ်ခု ဖြစ်ပါသည်။ မြန်မာတို့၏ အထိမ်းအမှတ်နေ့ အများစုသည် ဘာသာရေးအပေါ်တွင် အခြေခံသည်ကို အားလုံးသိပြီး ဖြစ်ပါသည်။ ထိုကဲ့သို့သော ဘာသာရေးနှင့် သက်ဆိုင်သည့် နေ့များထဲတွင်မှ ကဆုန်လပြည့်နေ့သည် အခြားသော နေ့ထူးနေ့မြတ်များထက် ပိုမိုထူးခြားလို့ နေပါသည်။ အဘယ်ကြောင့်ပါနည်း။
သုံးလောကထွဋ်ထား ဗုဒ္ဓမြတ်စွာဘုရားသည် ဤကဆုန်လပြည့်နေ့ဝယ်
- ဘုရားစင်စစ် ဧကန်ဖြစ်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားထံမှ ဗျာဒိတ်တော် ခံယူတော်မူခြင်း၊
- အလောင်းတော် သိဒ္ဓတ္ထမင်းသားအဖြစ် ဖွားမြင်တော်မူခြင်း၊
- သစ္စာလေးတန် တရားမှန်ကို ကိုယ်တော်တိုင် သိမြင်တော်မူပြီးနောက် ဗောဓိပင်အောက်တွင် ဘုရားစင်စစ် ဧကန် ဖြစ်တော်မူခြင်း၊
- မာရ်နတ်ကို အောင်မြင်တော်မူခြင်း၊
- (၄၅) ၀ါပတ်လုံး လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါအများကို စောင့်ရှောက်ကယ်တင်တော်မူပြီးနောက် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း
ထိုကဲ့သို့ ထူးကဲမွန်မြတ်ခြင်းများနှင့် ပြည့်စုံထုံမွှမ်းနေသည့် နေ့ထူးနေ့မြတ်တစ်ခု ဖြစ်ခြင်းကြောင့်လည်း ကဆုန်လပြည့် ဗုဒ္ဓနေ့ ဟူ၍ပင် အလေးအမြတ်ပြု သတ်မှတ်ပြောဆိုကြခြင်း ဖြစ်ပါသည်။
သို့သော် အများစုက သိကြသည်မှာ အဆိုပါအချက်များထက် ကဆုန်လပြည့်နေ့သည် ညောင်ရေသွန်းပွဲတော်နေ့ ဖြစ်သည်ဟူ၍သာ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုတော် အဆိုပါ ကဆုန်လပြည့်နေ့သည် မဟာဗောဓိပင် ပေါက်ရောက်ခဲ့သည့် နေ့ထူးလည်း ဖြစ်သောကြောင့် ဖြစ်ပါသည်။ မြတ်စွာဘုရားသခင်သည် မဟာဗောဓိပင်ခြေရင်း၌ ဘုရားအဖြစ်သို့ ရောက်ရှိခဲ့သောကြောင့် မဟာဗောဓိပင်သည် ဗုဒ္ဓဘာသာဝင်များအတွက် ဘာသာရေး အထိမ်းအမှတ်တစ်ခု ဖြစ်နေရခြင်း ဖြစ်ပါသည်။ ထို့အပြင် မဟာဗောဓိပင်ကို ပရိဘောဂစေတီအဖြစ်လည်း တန်ဖိုးထား ကိုးကွယ်ကြပါသည်။ ထိုကဲ့သို့သော မဟာဗောဓိပင်များကို ကဆုန်လပြည့်နေ့၌ ရေသွန်းလောင်းခြင်းသည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတစ်ရပ် ဖြစ်ပါသည်။
ညောင်ရေသွန်းလောင်းရခြင်း၏ ရည်ရွယ်ချက်ကို ကျွန်တော်ဖတ်ဖူးသမျှ ပြောပြလိုပါသည်။ ကဆုန်လအခါသည် ပူပြင်းခြောက်သွေ့သည့် အခါကာလဖြစ်သည်နှင့်အညီ သစ်ပင်ပန်းမာလ်တို့ ညှိုးငယ်ခြောက်သွေ့ကြရသည့် အခါသမယတစ်ခု ဖြစ်ပါသည်။ ထိုကဲ့သို့သော အခါသမယတွင် ဘုရားပွင့်ခဲ့သည့် မဟာဗောဓိပင်၏ အနွယ်အပွား ဗောဓိညောင်ပင်များ မညှိုးနွမ်း၊ မသေဆုံးသွားကြစေရန်အတွက် ရေသွန်းလောင်းကြခြင်း ဖြစ်သည်ဟု မှတ်သားရပါသည်။ နောက်တစ်ချက်ကတော့ ရှေးလူကြီးသူမများ၏ အယူအဆအရ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းခြင်းဖြင့် မိုးလေမှန်ပြီး ကောက်ပဲသီးနှံများ ဖြစ်ထွန်းစေသည်ဟုလည်း ယုံကြည်ခဲ့ကြကြောင်း သိရှိရပါသည်။
မည်သည့်ရည်ရွယ်ချက်များဖြင့် ကျင်းပကြသည်ဖြစ်စေ မြန်မာလူမျိုးတို့သည် ဗောဓိညောင်ပင်များကို ဘုရား၊ ကျောင်းကန်များ၌သာ စိုက်ပျိုးကြလေ့ ရှိပါသည်။ ထို့ကြောင့် ညောင်ရေသွန်းလောင်းရန်အတွက် ဘုရားကျောင်းကန်များကို မလွဲမသွေ သွားရောက်ကြရမည် ဖြစ်ပေသည်။ ထိုအခါ ဘုရားရှိခိုးခြင်း၊ တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်း၊ တရားနာခြင်း၊ တရားဆွေးနွေးခြင်း၊ ကောင်းမှုကုသိုလ်ပြုခြင်း စသည့်အချက်များနှင့် ပြည့်ဝကြမည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။ အမြော်အမြင်ကြီးမားသည့် ရှေးမြန်မာလူမျိုးများ၏ အတွေးအခေါ်တစ်ရပ်ဟု ထင်မြင်မိပါသည်။ (ကျွန်တော်က ထပ်လောင်းစဉ်းစားမိသည်မှာ ဗောဓိညောင်ပင်များ၏ မွေးနေ့ပွဲကျင်းပပေးခြင်း ဖြစ်သည်ဟုပင်။)
တစ်ကမ္ဘာလုံးက သစ်ပင်များကို ဂရုစိုက်ဖို့၊ သစ်ပင်တွေ စိုက်ပျိုးကြဖို့၊ သစ်တောတွေ ထိန်းသိမ်းကြဖို့ နှိုးဆော်လျက်၊ အားထုတ်လျက် ရှိကြပါသည်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအတွက်ကား ညောင်ရေသွန်းလောင်းသည့် ဓလေ့မှာ ရှေးနှစ်ပေါင်းများစွာမှသည် ယနေ့အထိ တည်တံ့နေသည်ကို ကြည့်ခြင်းအားဖြင့် မည်မျှခေတ်မီသည့် ဘာသာရေးတစ်ခုဖြစ်ကြောင်း ထင်ရှားလှပါသည်။ ဘာသာရေးအတွက် အလေးအမြတ်ထားရသည့် ဗောဓိညောင်ပင်များ မသေကြေစေရန်အတွက် ရေသွန်းလောင်းရန် စဉ်းစားမိခဲ့ကြခြင်း၊ စီစဉ်နိုင်ခဲ့ကြခြင်းသည် ရှေးမြန်မာကြီးများ၏ အမြော်အမြင်ကြီးမှုကို အထင်းသား မြင်တွေ့ရစေပါသည်။
ကဆုန်လပြည့် ဗုဒ္ဓနေ့ဝယ် ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူပြည်သားအားလုံး၊ အခြားသော ဘာသာအသီးသီးကို ကိုးကွယ်ယုံကြည်ကြသည့် မြန်မာပြည်သူပြည်သားအားလုံး၊ အတူတကွ မှီတင်းနေထိုင်ကြသည့် ကမ္ဘာသူကမ္ဘာသားအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းစွာဖြင့် လောကကောင်းကျိုးကို သယ်ပိုးနိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၂၇ ရက်၊ အင်္ဂါနေ့။
မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ ကဆုန်လပြည့်နေ့။
ည ၉ နာရီ ၃၅ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၂၇ ရက်၊ အင်္ဂါနေ့။
မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ ကဆုန်လပြည့်နေ့။
ည ၉ နာရီ ၃၅ မိနစ်တွင်ပြီး၏။
No comments:
Post a Comment