Monday, June 28, 2010

အရေအတွက်မှ အရည်အချင်းသို့


မြန်မာနိုင်ငံတွင် နိုင်ငံရေးစနစ်အမျိုးမျိုး ကျင့်သုံးခဲ့ပြီးဖြစ်သည်။ ၁၉ ရာစု ပထမထက်ဝက်အတွင်း ၁၈၂၄ တွင် ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားကာ ရခိုင်ဒေသနှင့် တနင်္သာရီဒေသကို အင်္ဂလိပ်တို့ထံ ပေးအပ်လိုက်ရသည်။ ထို့နောက် ၁၈၅၂ ခုတွင် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားကာ မြေထဲမြို့မှ အောက်မြန်မာပြည်အောက်ပိုင်း (ပဲခူးတိုင်းကြီး) ကို အင်္ဂလိပ်တို့လက်သို့ ပေးအပ်ခဲ့ရပြန်သည်။ တစ်ဖန် နှစ် ၃၀ ကျော်အကြာ ၁၈၈၅ ခုတွင် တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားကာ မြန်မာတစ်ပြည်လုံး အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့သည်။

သို့ဖြင့် ရခိုင်၊ တနင်္သာရီနှင့် မြန်မာပြည်အောက်ပိုင်းသည် အနောက်တိုင်း နိုင်ငံရေးစနစ်နှင့် ပညာရေးစနစ်ကို စောစီးစွာ ကြုံတွေ့ခဲ့ရသည်။ အနောက်တိုင်း ခေတ်မီပညာရေးကြောင့် အောက်မြန်မာနိုင်ငံသားများသည် ပို၍ အမြင်ကျယ်ခဲ့သည်။ ပြင်ပကမ္ဘာနှင့် အဆက်အဆံ ပို၍ များပြားကာ မျက်စိပွင့်ခဲ့ကြသည်။ ထိုအချိန်တွင် အထက်မြန်မာပြည်သည် သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်အောက်တွင် ပျပ်ဝပ်နေရဆဲဖြစ်သည်။

မြန်မာတစ်ပြည်လုံးကို သိမ်းပိုက်ပြီးနောက် ဗြိတိသျှတို့သည် စစ်အုပ်ချုပ်ရေးဖြင့် ရှေးဦးစွာ အုပ်ချုပ်သည်။ ထို့နောက် အောက်မြန်မာပြည်နည်းတူ အရာရှိအုပ်ချုပ်ရေးဖြင့် အုပ်ချုပ်သည်။ အရာရှိ အုပ်ချုပ်ရေးသည် အောက်ဆုံးအဆင့် ရွာသူကြီးအထိ အင်္ဂလန်ပြည့်ရှင် ဘုရင်က ကိုယ်စားအာဏာလွှဲအပ်ကာ အဆင့်ဆင့် အုပ်ချုပ်သွားခြင်း ဖြစ်သည်။ မြန်မာပြည်သည်လည်း အုပ်ချုပ်ရေးသဘောအရ သီးခြားနိုင်ငံ မဟုတ်တော့ဘဲ အိန္ဒိယပြည်၏ လက်အောက်ခံပြည်နယ်တစ်ခု ဖြစ်သွားသည်။

ထိုအချိန်ကာလအထိ မြန်မာတိုင်းရင်းသားတို့သည် တိုင်းရေးပြည်ရေးတွင် ပါဝင်ပတ်သက်ခြင်းမရှိ။ ပတ်သက်ခွင့်လည်း မရှိ။ အုပ်ချုပ်ခံသက်သက် ကျေးတော်မျိုး ကျွန်တော်မျိုးများ (subjects) သာ ဖြစ်ခဲ့သည်။ မြန်မာဘုရင်၏ ကျေးတော်မျိုး ကျွန်တော်မျိုးဘ၀မှ ၀ိတိုရိယဘုရင်မနှင့် နောက်ပိုင်းတွင် ဂျော့ဘုရင်၏ ကျေးတော်မျိုး ကျွန်တော်မျိုး ဘ၀သို့ ပြောင်းလဲသွားခြင်းသာ ဖြစ်သည်။

နိုင်ငံရေးရာများကို တိုင်ပင်ဆွေးနွေးရာတွင်လည်းကောင်း၊ မည်သို့မည်ပုံ ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်သင့်သည်ဟု စဉ်းစားရာတွင်လည်းကောင်း နိုင်ငံရေးခေါင်းဆောင်များသည် အရေးမပါသော ၀န်ကြီးဌာနများကိုသာ ကိုင်တွယ်ခွင့်ရကြသည်။

မည်သို့ရှိစေ၊ ထိုခေတ် ထိုကာလကစ၍ နိုင်ငံရေးသမားဟူသော လူ့အလွှာ တစ်နည်းအားဖြင့် လူအမျိုးအစားတစ်ရပ် ပေါ်ထွန်းလာခဲ့ရာ ၁၉၃၇ ခုတွင် ၉၁ ဌာန အုပ်ချုပ်ရေး ရွေးကောက်ပွဲများ၊ ၁၉၄၇ တွင် တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲများ၊ ၁၉၅၂၊ ၁၉၅၆၊ ၁၉၆၀ တို့တွင် ပါလီမန်ဒီမိုကရေစီ ရွေးကောက်ပွဲများကို ခေတ်အဆက်ဆက် နိုင်ငံရေးသမားများ ဖြတ်သန်းခဲ့ကြရသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ် (၁၉၇၄-၁၉၈၈) မှာမူ တစ်ပါတီစနစ်ဖြစ်၍ ပါတီတာဝန် ထမ်းဆောင်သူများမှာ လခစားနိုင်ငံရေးသမားများ ဖြစ်ခဲ့ကြသည်။ ထိုခေတ် ရွေးကောက်ပွဲများမှာလည်း ယှဉ်ပြိုင်အရွေးခံသူ မရှိသလောက်ဖြစ်၍ ကိုယ်စားလှယ်လောင်း တစ်ဦးတည်းကို ထောက်ခံ/ကန့်ကွက် မဲပေးရခြင်းဖြစ်သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ပါတီစုံဒီမိုကရေစီစနစ်ကို အစပျိုးခဲ့ရာ အရောင်အသွေးစုံ နိုင်ငံရေးပါတီစုံ ပေါ်ပေါက်လာသည်။ သို့သော် နိုင်ငံရေးသမားအဖြစ် ဘ၀ကို နှစ်မြှုပ်ဆောင်ရွက်သူများသည် အရေအတွက်အားဖြင့်ပင် နည်းပါးလွန်းနေသေးသည်ကို တွေ့ရသည်။

နိုင်ငံရေးသမားအလုပ်သည် ကိုယ်ကျိုးစီးပွားကို နောက်တန်းတွင်ထားပြီး အများအကျိုးကို မိမိအကျိုးထက် ပို၍ ဦးစားပေး လုပ်ကိုင်ရသောအလုပ် ဖြစ်သည်။ ကိုယ်ကျိုးစီးပွားအလို့ငှာ နိုင်ငံရေးလုပ်သူများ တွင်ကျယ်လာလျှင် တိုင်းပြည်ဆုတ်ယုတ်ဖို့သာ ရှိသည်။ ဗူးတောင်းနစ်လို့ ဇောင်ချမ်းပေါ်သည်ဟူသော အခြေအနေမျိုးကို ဆိုက်ရောက်သွားမည်ဖြစ်သည်။

သို့ဖြစ်ရာ အများအကျိုးကို မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်လိုသော အရင်းခံစိတ်ထားရှိသူ လူငယ် လူလတ်များ နိုင်ငံရေးနယ်ထဲသို့ များနိုင်သမျှ များများဝင်ရောက်ကြရန် ကျွန်ုပ်တို့ အားပေးတိုက်တွန်း နှိုးဆော်လိုပါသည်။ ထိုသူများသည် စိတ်ရင်းစေတနာ မှန်ကန်ကောင်းမွန်ပြီး ဖြစ်ရကား အရည်အချင်းပိုင်းကို "မုဆိုး စိုင်သင်" သကဲ့သို့ ဆက်လက်ဖြည့်ဆည်း သွားနိုင်ကြမည်ဟု ယုံကြည်ပေသည်။ နိုင်ငံရေးတွင် အဓိကအကျဆုံး အရည်အချင်းမှာ ဖြောင့်မတ်ခြင်း (sincerity) သာလျှင် ဖြစ်သည်မဟုတ်ပါလော။

1 comment:

  1. Anonymous6:05 PM

    "ကြိုးပမ်းဆောင်ရွက်လိုသော အရင်းခံစိတ်ထား" cannot be
    measured.

    See the voters as lenders (bankers), and the politicians as borrowers trying to secure
    loans without collaterals and votes (elected seats) as the loan (from the bank). You are right if you were suggesting those with assets to come forward to get loans while banning borrowers without capitals or assets to stay
    away from the banks. Those dick heads should
    not be in the politics at all. The real test
    is to ask them, qualify them with intangibles such as achievements, higher education, legal
    and management expertise, experience, integrity (how did they make their livings in the last decade etc., their bank accounts and assets). Or we will get more trishaw master calibre
    borrowers will come forward to secure loans
    (get votes) from us (bankers). I think some of
    the trishaw masters may be more educated and
    intelligent than current politcians.

    ReplyDelete

 
Web Statistics