Saturday, June 26, 2010

နိုင်ငံရေး၏သဘော - နောင်ဦး


naungoo.jpg
နိုင်ငံရေး - နိုင်ငံရေးဆိုသည်ကို အင်္ဂလိပ်ဝေါဟာရအားဖြင့် Politics ဟု ခေါ်၏။ ယင်းစကားသည် ဂရိစကား Politikos မှ လာသည်။ Polis ဆိုသော ဂရိစကားကို အင်္ဂလိပ်လို City State ဟု ခေါ်၏။ မြန်မာလို မြို့ပြနိုင်ငံဟု ခေါ်နိုင်၏။ ထိုမြို့ပြနိုင်ငံ၏ အရေးအရာများကို စီမံခန့်ခွဲ၍ ဆောင်ရွက်အပ်သော သဘောကိုလည်းကောင်း၊ အလုပ်ကိုလည်းကောင်း၊ အခွင့်အာဏာကိုလည်းကောင်း၊ အတတ်ပညာကိုလည်းကောင်း ဂရိလူမျိုး၏ စကားဖြင့် Politikos ဟု ခေါ်သည်။ သို့ဖြစ်၍ နိုင်ငံရေးဆိုသည်မှာ နိုင်ငံနှင့်စပ်ဆိုင်သော အရေးကိစ္စများပင်ဖြစ်သည်။ လူသားတို့ နေ့စဉ်နှင့်အမျှ လူ့လောကတွင် တွေ့ကြုံနေကြရသော ကိစ္စများပင်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် နိုင်ငံရေးဆိုသည်မှာ လူ့ကိစ္စပင်ဖြစ်သည်။ လူသားတို့စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှုအစုစုသည် နိုင်ငံရေးပင်ဖြစ်သည်။

နိုင်ငံရေးတွင် အာဏာနိုင်ငံရေးနှင့် ထိုအာဏာနိုင်ငံရေးမှအပဖြစ်သော နိုင်ငံရေးဟူ၍ အကြမ်းအားဖြင့် နှစ်မျိုးခွဲနိုင်၏။ အာဏာနိုင်ငံရေးမှာ ဥပဒေပြုအာဏာ၊ တရားစီရင်ရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာဆိုသည့် အချုပ်အခြာအာဏာ ရရှိရေးနှင့် အစိုးရဖွဲ့အုပ်ချုပ်ရေးအတွက် အလုပ်လုပ်ခြင်းကိုခေါ်သည်။ အာဏာနိုင်ငံရေးတွင် နိုင်ငံရေးသမားများသည် အာဏာရရှိရေးအတွက် စည်းရုံးခြင်း၊ နိုင်ငံရေးပါတီများ ထူထောင်ခြင်း၊ နိုင်ငံရေးစည်းရုံးလှုပ်ရှားခြင်း၊ ရွေးကောက်ပွဲများ ပြုလုပ်ယှဉ်ပြိုင်အရွေးခံခြင်း၊ အစိုးရဖွဲ့စည်းအုပ်ချုပ်ခြင်း စသည့်အမှုတို့ကို ပြုကြသည်။ ထိုအာဏာနိုင်ငံရေးမှ အပဖြစ်သော ၀န်ထမ်းအဖွဲ့အစည်းများ၊ အလုပ်သမားများ၊ လယ်သမားများ၊ ကူးသန်းရောင်းဝယ်သူများ စသူတို့၏ ဆိုင်ရာဆိုင်ရာ နေ့စဉ်လုပ်ကိုင် ဆောင်ရွက်နေခြင်းသည်လည်း နိုင်ငံရေးပင်ဖြစ်သည်။ ဤနိုင်ငံရေးဆောင်ရွက်မှုမှာ အာဏာနှင့် မပတ်သက်ပေ။ တိုင်းပြည်နှင့်လူမျိုး အကျိုးစီးပွား သက်သက်ကိုသာ ဆောင်ရွက်သောနိုင်ငံရေး ဖြစ်သည်။

နိုင်ငံရေးအပေါ်ထားရှိသည့် သဘောထားနှင့် အမြင်တွင် အရှေ့တိုင်းနှင့် အနောက်တိုင်း ကွဲပြားခြားနားမှုရှိ၏။ အနောက်တိုင်းသားတို့က နိုင်ငံရေးအပေါ် ထားရှိသည့် သဘောထားမှာ အကောင်းဘက်သို့ မတိမ်းဘဲ အဆိုးဘက်သို့ ယိမ်းနေသည်ကို တွေ့ရ၏။ နိုင်ငံရေးကို တိုက်ရခိုက်ရ၊ ယှဉ်ပြိုင်ရ၊ ကလိမ်ချုံကျရ၊ ခြေပုန်းခုတ်ရ၊ ချောက်တွန်းရ၊ သစ္စာဖောက်ရသော အလုပ်ဟုမြင်၏။ နိုင်ငံရေးတွင် မုန်းတီးမှု၊ နာကြည်းမှုများ စနစ်တကျ ဖွဲ့စည်းနေသည်ဟု အနောက်တိုင်းသားတို့က ရှုမြင်သည်။ သူတို့၏ အမြင်နှင့်သဘောထားကို လွဲမှားသည်ဟုလည်း မဆိုသာ။ လက်တွေ့တွင် သူတို့မြင်သည့်အတိုင်း ဖြစ်နေသည်က များသည်။ နိုင်ငံရေးသမား တစ်ဦးနှင့် တစ်ဦးသော်လည်းကောင်း၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့သော်လည်းကောင်း ယှဉ်ပြိုင်မှုများ ရှိသည်။ ယှဉ်ပြိုင်ရာတွင်လည်း တရားနည်းလမ်း ကျသည်လည်းရှိသည်။တရားနည်းလမ်း မကျသည်လည်း ရှိသည်။ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ တွန်းကြတိုက်ကြသည်လည်း ရှိသည်။ ပုတ်ခတ်ကြသည်လည်း ရှိသည်။ ထိုးနှက်ကြသည်လည်း ရှိသည်။ နောက်ဆုံး လုပ်ကြံသတ်ဖြတ်ကြသည်လည်း ရှိသည်။ သို့ဖြစ်၍ ဟင်နရီအဒမ်က "နိုင်ငံရေးဆိုသည် မည်သို့သော သဘောပင်ရှိစေကာမူ တကယ့်လက်တွေ့တွင် မုန်းတီးနာကြည်းမှုများကို စနစ်တကျ ဖွဲ့စည်းထားခြင်းသာ ဖြစ်သည်" ဟု ဆိုထားသည်။

နိုင်ငံရေးနယ်ပယ်တွင် မမှန်မကန်မှုများ ရှိသည်။ အပြောတစ်မျိုး အလုပ်တခြားဖြစ်မှုများစွာ ရှိသည်။ နိုင်ငံရေးသမား ကတိပေးသည်ကိုလည်းကောင်း၊ အာမခံချက် ပေးသည်ကိုလည်းကောင်း ယုံကြည်ရန်မဖြစ်နိုင်ဟု အနောက်တိုင်းသားတို့က ရှုမြင်သည်။ အမှန်ပြောခြင်း၊ အမှန်လုပ်ခြင်းမရှိဟု မဆိုနိုင်သော်လည်း အမှန်ပြောသူ၊ အမှန်လုပ်သူသည် အထင်အမြင်သေးခြင်းလည်း ခံရတတ်သည်။ နုံသည်၊ အ,သည်ဆိုသော အမြင်မျိုး ထားရှိတတ်သည်။ နောက်ဆုံး နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပထုတ်ခြင်းလည်း ခံရတတ်သည်။ "သင့်အနေဖြင့် နိုင်ငံရေးလုပ်ငန်းအတွင်း အမှန်တရားများကို ထည့်သွင်းဖို့ ကြိုးပမ်းမည်ဆိုလျှင် သင်သည် နိုင်ငံရေးအသိ မရှိသူသာ ဖြစ်သည်" ဟု ၀ီလ်ရော်ဂျာက ဆိုခဲ့ဖူးသည်။ နိုင်ငံရေးနယ်ပယ်ကို မမှန်မကန်လ်ုပသော၊ မမှန်မကန်ပြောသော၊ ကလိမ်ချုံကျသော၊ မရိုးသားမဖြောင့်မတ်သော၊ တိုင်းပြည်သယံဇာတများကို အခွင့်အာဏာရှိသူက မောင်ပိုင်စီး ကိုယ်ကျိုးသုံးသော၊ အဂတိလိုက်စားသော၊ အကျင့်ပျက်ခြစားသော နယ်ပယ်ဟု အနောက်တိုင်းသားတို့က ရှုမြင်ထားပုံရလေသည်။

တိုင်းပြည်အန္တရာယ်ဖြစ်မည့် အလုပ်လုပ်ခြင်း၊ တိုင်းပြည်၏ လုံခြုံရေးနှင့် အချုပ်အခြာအာဏာကို ထိပါးမည့် အလုပ်လုပ်ခြင်း၊ တိုင်းပြည်နစ်နာရာ နစ်နာကြောင်း၊ ပျက်စီးရာ ပျက်စီးကြောင်းလုပ်ခြင်း၊ တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားခြင်း စသည့် တိုင်းပြည်အပေါ် သစ္စာဖောက်သော လုပ်ရပ်များ နိုင်ငံရေးနယ်ပယ်တွင် ရှိတတ်သည် ဟူ၍လည်းကောင်း၊ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးစဉ် တစ်မျိုးပြော၍ ရွေးကောက်တင်မြှောက် ခံရပြီးနောက်တွင် တစ်မျိုးဖြစ်သွားခြင်း၊ ပေးခဲ့သော ကတိများမေ့ခြင်း၊ မဲဆန္ဒရှင်များအပေါ် စော်ကားမော်ကားပြုခြင်း၊ မဲဆန္ဒရှင်များအပေါ် သစ္စာဖောက်ခြင်း စသည်တို့လည်း နိုင်ငံရေးနယ်ပယ်တွင် ရှိတတ်သည်ဟု အနောက်တိုင်းသားတို့က ရှုမြင်သည်။ သို့ဖြစ်၍ "နိုင်ငံရေးမှာ နိုင်ငံအပေါ် သို့မဟုတ် မဲဆန္ဒရှင်များအပေါ် သစ္စာဖောက်ကြစမြဲ ဖြစ်သည်။ ကျုပ်ဆိုလျှင်မူ မဲဆန္ဒရှင်များအပေါ် တစ်ခုတည်းသာ သစ္စာဖောက်မိမှာပါ" ဟု ချားလ်စ်ဒီဂေါလ်က ဆိုခဲ့ဖူးသည်။

နိုင်ငံရေးသမား၏ စံသတ်မှတ်မှုတွင်လည်း အနောက်နှင့်အရှေ့ ခြားနားမှုရှိသည်။ အနောက်တိုင်းသားတို့က နိုင်ငံရေးသမားတစ်ဦးကို ပရိယာယ် မည်မျှကောင်းသည် ဟူသောစံဖြင့် တိုင်းသည်။ အရှေ့တိုင်းသားများကမူ နိုင်ငံရေးသမားတစ်ဦးက မည်မျှ ရိုးသားဖြောင့်မတ်သည်၊ မည်မျှ တရားမျှတသည် ဟူသောစံဖြင့် တိုင်းသည်။

နိုင်ငံရေးအလုပ်သည် အများပြည်သူတို့၏ အကျိုးစီးပွားကို ဆောင်ရွက်ပေးရသည် ဖြစ်သောကြောင့် မွန်မြတ်သော ပရဟိတအလုပ် ဖြစ်သည်ဟု အရှေ့တိုင်းသားတို့က ခံယူသည်။ တိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို့ မေတ္တာကရုဏာ ရှေ့ထားလျက် အုပ်ချုပ်သည်ဆိုသော အသုံးအနှုန်းများကို အရှေ့တိုင်းသားတို့၏ သမိုင်းတွင် တွေ့ရသည်။

အရှေ့တိုင်းနိုင်ငံများသည် အိမ်နီးချင်းအခန့်မသင့်၍ စစ်ဖြစ်ရာတွင်ပင် အချင်းချင်း ညှိနှိုင်းဖြေရှင်းပြီး ပြေငြိမ်းသည်ကို သမိုင်းများတွင် တွေ့ရသည်။ ထိုသို့ညှိနှိုင်းဖြေရှင်းရာ၌လည်း စာချုပ်များကို တစ်ဖက်စောင်းနင်း တင်တင်စီးစီး ချုပ်ဆိုပြေငြိမ်းကြသည်မဟုတ်ပေ။ လက်ဆောင်ပဏ္ဍာလောက်ဖြင့် ပြီးငြိမ်းသည့် သမိုင်းအစဉ်အလာ ရှိသည်ကို တွေ့ရ၏။

အနောက်တိုင်းသား နယ်ချဲ့များသည် ကိုလိုနီနယ်ချဲ့စစ်ပွဲများကို မတရားဖန်တီးပြီး စစ်ပြေငြိမ်းစာချုပ်များကိုလည်း တစ်ဖက်သတ် နိုင်ထက်စီးနင်း မတရားချုပ်ဆိုကြသည့် သမိုင်းအထောက်အထားများ ရှိသည်။ နိုင်ငံရေးသည် ယုတ်မာညစ်ထေးသော အလုပ်ဖြစ်သည်ဟု အနောက်တိုင်းသားတို့ ရှုမြင်သကဲ့သို့ သူတို့ကိုယ်တိုင်ပင် ယုတ်မာညစ်ထေးသော ကျင့်စဉ်ကို ကျင့်သုံးကြသည်။

အရှေ့တိုင်းသားများကမူ နိုင်ငံရေးကို ယုတ်မာညစ်ထေးသောအလုပ်ဟူ၍ သဘောမထားကြပေ။ "နိုင်ငံရေးသည် ယုတ်မာညစ်ထေးသည်ဟု ဆိုရမည်လော။ စင်စစ်မှာ နိုင်ငံရေးသည် ယုတ်မာညစ်ထေးသည် မဟုတ်။ နိုင်ငံရေးကို ညစ်ထေးအောင် လုပ်သူတို့သာလျှင် ယုတ်မာခြင်းသာ ဖြစ်ပေ၏" ဟု မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၆ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက် ရွှေတိဂုံစေတီတော် အလယ်ပစ္စယာတွင် ကျင်းပခဲ့သည့် ဖဆပလအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

အရှေ့တိုင်းသားတို့၏ နိုင်ငံရေးနယ်ပယ်တွင် ရှေးပဒေသရာဇ်၊ ဧကရာဇ်များ ခေတ်ကတည်းက တိုင်းပြည်အုပ်ချုပ်ရေး စံများရှိခဲ့သည်။ တိုင်းပြည်အုပ်ချုပ်သူတို့ လိုက်နာကျင့်သုံးနေသည့် ကျင့်ဝတ်များ ရှိသည်။ မင်းကျင့်တရား ၁၀ ပါး ရှိသည်။ တိုင်းပြည်အုပ်ချုပ်သူသည် အလှူဒါနပြုရသည်။ ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါး စသည့် သီလဆောက်တည်ရသည်။ အပေးအကမ်း အစွန့်အကြဲလည်း ရှိရသည်။ ကိုယ်နှုတ်နူးညံ့သိမ်မွေ့မှု ရှိရသည်။ အမျက်မထွက်ရ။ ရဟန်းရှင်လူ ပြည်သူတို့နှင့် မဆန့်ကျင်ရ။ ပြည်သူလူထုကို အခွန်အတုတ်အမျိုးမျိုးဖြင့် မညှဉ်းဆဲရ။ သည်းခံရသည်။ ဖြောင့်မတ်မှန်ကန်မှု ရှိရသည်။ နိုင်ငံရေးသည် မွန်မြတ်သောအလုပ် ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံရေးကို ဖြောင့်ဖြောင့်မတ်မတ် မှန်မှန်ကန်ကန် လုပ်ရမည်ဟု အရှေ့တိုင်းသားတို့ သဘောထားသည်။

နိုင်ငံရေးဆိုသည်မှာ လူ့အရေး လူ့ကိစ္စပင်ဖြစ်ရာ ထိုအရေးအရာများ၊ ကိစ္စများမှာ သဘာဝအားဖြင့် ညစ်ညမ်းသည်၊ ယုတ်ညံ့သည်၊ နိမ့်ကျသည်ဟူ၍ မရှိပါ။ ထိုလူ့အရေး၊ လူ့ကိစ္စများကို ကိုင်တွယ်ဆောင်ရွက်သူများက တော်လျှင်၊ ကောင်းလျှင်၊ ဖြောင့်မတ်မှန်ကန်လျှင် ကောင်းမြတ်သည်သာ ဖြစ်သည်။ လူကိုယ်နှိုက်က မကောင်းလျှင်၊ ယုတ်မာညစ်ထေးလျှင်သာ ထိုလူယုတ်မာတို့၏ အလုပ်မကောင်းခြင်း ဖြစ်သည်။

စင်စစ် နိုင်ငံရေးတွင် အရှေ့ကကောင်းသည် အနောက်က မကောင်းချည်းလည်း မရှိပါ။ အနောက်က ကောင်းသည် အရှေ့က မကောင်းချည်းလည်း မရှိပါ။ လူဖြူက ကောင်းသည် လူမည်းက မကောင်း၊ လူဖြူက မကောင်း လူမည်းက ကောင်းသည်ဟူ၍ချည်းလည်း မရှိပါ။ မည်သည့်လူမျိုးတွင်မဆို ကောင်းသူရှိသကဲ့သို့ မကောင်းသူလည်း ရှိသည်သာ။ ထို့ပြင် မကောင်းဆိုသည်မှာလည်း ပြင်မရသောကိစ္စ မဟုတ်ပါ။ လူသည် အသိဉာဏ်ရှိသော သတ္တ၀ါဖြစ်ရကား ကောင်းစိတ်၊ ကောင်းကျင့်၊ ကောင်းစရိုက်များကို ထိန်းပြီး မကောင်းစိတ်၊ မကောင်းကျင့် မကောင်းစရိုက်များကို ပြင်ရမည်သာ ဖြစ်သည်။ ကောင်းစိတ်၊ ကောင်းကျင့်၊ ကောင်းစရိုက်များဖြင့် နိုင်ငံရေးလုပ်ကြမည်ဆိုလျှင် တစ်ကမ္ဘာလုံး အေးချမ်းသာယာမည်သာ ဖြစ်ပါသတည်း။

No comments:

Post a Comment

 
Web Statistics