တစ်နေ့က ရုံးကအပြန် လမ်းလျှောက်လာရင်း သွားနေကျလမ်းမှာ အပင်ကြီးနှစ်ပင် လဲကျနေတာ တွေ့ရပါတယ်။ အတော်ကြီးကို ကြီးမားတဲ့ အပင်ကြီးတွေပါ။ တစ်ပင်က ထင်းရှူးပင်ဖြစ်ပြီး နောက်တစ်ပင်ကိုတော့ ဘာပင်လဲဆိုတာ ကျွန်တော်မသိပါဘူး။ အစကတော့ အဲဒီနေ့မတိုင်မီညက ရွာထားတဲ့မိုးကြောင့် လဲကျနေတဲ့ အပင်တွေလို့ပဲ ထင်မှတ်ခဲ့တာပါ။ ဒါပေမယ့် သေသေချာချာ ကြည့်တော့မှ မိုးရွာလို့ လဲကျနေတာမဟုတ်ဘဲ တမင်ခုတ်လှဲထားကြောင်း တွေ့ရပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ဘယ်လိုကြီးဖြစ်သွားမှန်း မသိပါဘူး။ ဒေါသထွက်မိတာလည်း အမှန်ပါပဲ။ အဲဒီနားဝန်းကျင်မှာ အဆောက်အအုံတစ်ခုဆောက်မယ့် လက္ခဏာတွေလည်း တွေ့ရတဲ့အတွက် ဒီအပင်တွေကို ခုတ်ပစ်လိုက်ဟန် တူပါတယ်။ ကျွန်တော့်အထင်ပြောရရင် အနည်းဆုံး ၁၀ နှစ်၊ ၁၅ နှစ်လောက် သက်တမ်းရှိတဲ့ အပင်ကြီးတွေပါ။ နှမြောလို့ကို မဆုံးပါဘူး။
လဲနေတဲ့အပင်တွေကို ရှောင်ကွင်းပြီး လမ်းလျှောက်လာရင်းနဲ့ ခပ်လှမ်းလှမ်းရောက်တော့ လူတစ်ယောက်နဲ့ တွေ့ပါတယ်။ ကြည့်ရတာတော့ အဲဒီအပင်တွေကို ခုတ်လှဲတဲ့နေရာမှာ သူ့ကို တာဝန်ပေးထားပုံ ရပါတယ်။ မျက်မှန်းတန်းမိနေသူမို့ လှမ်းနှုတ်ဆက်လိုက်ပါတယ်။ သာကြောင်း၊ မာကြောင်းပြောရင်းနဲ့ ဒီနေရာမှာ ဘာလုပ်မှာလဲ၊ ညာလုပ်မှာလဲ စသည်ဖြင့် စပ်စုပါတယ်။ ပြီးတော့မှ ကျွန်တော်သိချင်တဲ့ လဲကျနေတဲ့အပင်ကြီးတွေကို ဘာကြောင့်ခုတ်လိုက်ရတာလဲ မေးမိပါတယ်။ အဲဒီတော့ သူပြန်ဖြေတဲ့ စကားလေးတစ်ခွန်းက ကျွန်တော့်ကို အတွေးတွေ ပလုံစီစေခဲ့တော့တာပါပဲ။
"ဒီအပင်တွေကို ဒီနေရာမှာ မရှိသင့်ဘူးထင်လို့ ခုတ်ခိုင်းတာဖြစ်မှာပေါ့" တဲ့။
သြော်... အဲဒီအပင်တွေဟာ အဲဒီနေရာမှာ မရှိသင့်ဘူးတဲ့လား။ ဒါဆိုရင် သူတို့တွေက ဘယ်နေရာမှာ ရှိသင့်တာလဲ။ သစ်ပင်တွေအတွက် နေရာဆိုတာရော ရှိသေးလို့လား။ မြို့ဆိုတာ လူနေဖို့၊ တောဆိုတာ သစ်ပင်တွေနေဖို့လို့ သေသေချာချာ ပြောနိုင်သေးလို့လား။ အဲဒီလို ပြောနိုင်သေးတယ်ဆိုရင်တော့ သစ်ပင်တွေအတွက် သူ့နေရာနဲ့သူ ရှိပြီးသားလို့ ဆိုနိုင်တာပေါ့လေ။ ဒါပေမယ့်လည်း လူသားတွေက တောတွေ၊ တောင်တွေ၊ လျှိုတွေ၊ ချောင်တွေ ရွေးနေတော့တာ မဟုတ်ပါဘူး။ နေချင်တဲ့နေရာမှာ နေတယ်။ စက်ရုံဆောက်ချင်တဲ့နေရာမှာ ဆောက်တယ်။ စိုက်ပျိုးရေးလုပ်ချင်တဲ့ နေရာမှာ လုပ်တယ်။ ကဲ.. သစ်ပင်တွေအတွက် သီးသန့်နေရာဆိုတာ ရှိသေးလို့လား။ လူနေအိမ်မှာ နွယ်ပင်တွေပေါက်ရင်၊ ညောင်ပင်ပေါက်ရင် ရှင်းပစ်လိုက်ကြတယ်။ သူတို့အပင်တွေနေရာမှာ လူတွေလာနေကြရင်ရော အပင်တွေက ဘာပြန်လုပ်နိုင်ကြမှာလဲ။
လူသားဟာ အသိဉာဏ်ပညာ ရှိတယ်တဲ့။ သစ်ပင်တွေကတော့ အသိဉာဏ် မရှိရှာကြပါဘူး။ ဒါပေမယ့် ကမ္ဘာပေါ်မှာ လူသားတွေချည်း သီးသန့်နေထိုင်လို့ မဖြစ်ဘူးဆိုတာ လူသားတွေ သိသင့်ပါတယ်။ သစ်ပင်တွေမရှိတဲ့ ကမ္ဘာကြီးကို မြင်ယောင်တွေးတောကြည့်စမ်းပါ။ လူသားတွေမရှိတဲ့ ကမ္ဘာကြီးမှာတော့ သစ်ပင်တွေ နေနိုင်ကြမယ် ထင်ပါရဲ့။ သေချာတာကတော့ လူသားတွေရဲ့ အသက်ရှင်ရပ်တည်မှုမှာ သစ်ပင်တွေဟာ မရှိမဖြစ် အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေတယ်ဆိုတာပါပဲ။ လူသားနဲ့သစ်ပင် သဟဇာတဖြစ်ဖို့ လိုပါတယ်။
စောစောကခုတ်လိုက်တဲ့ သစ်ပင်ကြီးနှစ်ပင်အတွက် သဘာဝကြီးဆီကို ဘယ်လိုများ အစားပြန်ပေးနိုင်မှာလဲ။ သူတို့တွေနေရာမှာ ဘယ်သူနဲ့ အစားထိုးနိုင်မှာလဲ။ သစ်ပင်တစ်ပင် ရှင်သန်ကြီးထွားအောင် ပြုစုပျိုးထောင်ဖို့ ဘယ်လောက်အထိ ခက်ခဲသလဲဆိုတာကို ကိုယ်တိုင်စိုက်ပျိုးဖူးသူတွေသာ သိနိုင်တာပါ။ ၁၅ နှစ်သက်တမ်း သစ်ပင်တစ်ပင်ကို ၁၅ မိနစ်လောက်အတွင်းမှာ မြေကြီးပေါ်ကို ဗုန်းဗုန်းလဲအောင် ခုတ်နိုင်တာကို နည်းပညာတွေ တိုးတက်လာပြီဆိုပြီး လူသားတွေက ဂုဏ်ယူနေကြတာလား။ ဒီနေ့စိုက်လိုက်တဲ့ အပင်တစ်ပင်ကို တစ်ပတ်အတွင်းမှာ အပင်ကြီးတစ်ပင်ဖြစ်အောင် ပြုလုပ်နိုင်တဲ့ နည်းပညာမျိုးကျတော့ ဘာဖြစ်လို့ မတီထွင်ကြသလဲ။ ငါခုတ်လိုက်တာက သစ်ပင်လေးတစ်ပင်ပါလို့ မထင်လိုက်ပါနဲ့ မိတ်ဆွေ။ ကမ္ဘာပေါ်မှာ တစ်နေ့တစ်နေ့ကို သင့်လိုမျိုး သစ်ပင်တစ်ပင် ခုတ်လိုက်တဲ့လူ ဘယ်နှယောက်ရှိနေတယ်ဆိုတာ သင်မသိနိုင်သလို၊ ကျွန်ုပ်လည်း မသိနိုင်ဘူးလေ။
ကမ္ဘာကြီး ပူနွေးလာနေပြီ။ ပင်လယ်သမုဒ္ဒရာရေတွေ မြင့်တက်လာနေပြီ။ ရာသီဥတုတွေ ဖောက်ပြန်လာနေပြီ။ ရောဂါဘယတွေ ထူပြောလာနေပြီ။ အဲဒါတွေအတွက် လူသားတွေပဲ ဒုက္ခရောက်ကြရတာပါ။ မုန်တိုင်းတွေ ခဏခဏ ကြုံနေရတယ်။ အပူလှိုင်းဖြတ်ပြီး လူတွေသေကုန်ကြတယ်။ ရေတွေကြီးပြီး အသက်အိုးအိမ်တွေ ဆုံးရှုံးနေကြရတယ်။ ဒါတွေဟာ ဘာကြောင့်ဖြစ်နေရတာလဲ။ ပညာရှင်တွေ ပြောကြ၊ သတိပေးကြတာလည်း များလွန်းလှပါတယ်။ ဒါပေမယ့်လည်း လူသားတွေကတော့ ဘာသိဘာသာပါပဲ။
ရေကြီးလိုက်၊ မုန်တိုင်းတိုက်လိုက်၊ အပူလှိုင်းဖြတ်လိုက်နဲ့ သဘာဝဘေးအန္တရာယ် အမျိုးမျိုးကြောင့် သေဆုံးနေရတဲ့ လူသားတွေ ဘယ်လောက်များနေတယ်ဆိုတာ သတင်းစာ၊ ဂျာနယ်တွေ၊ တီဗီသတင်းတွေမှာ မြင်တွေ့ကြားသိ နေကြမှာပါ။ အဲဒီလိုဆိုတော့ ကျွန်တော့်မိတ်ဆွေ ပြောတဲ့စကားလေးနဲ့ စပ်ဆက်ပြီး အတွေးတစ်ခုကို တွေးနေမိပြန်ရော။
"ကျွန်တော်တို့လူသားတွေကို ဒီကမ္ဘာပေါ်မှာ မရှိသင့်ဘူးထင်လို့ သဘာဝတရားကြီးက သတ်ပစ်နေတာလား" ဆိုတာကိုပါ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၂၆ ရက်၊ စနေနေ့။
နေ့လည် ၂ နာရီ ၂၅ မိနစ်တွင်ပြီး၏။
No comments:
Post a Comment