ကျွန်တော်တို့မြန်မာလူမျိုးများအတွက် နိုင်ငံရေးဆိုသည်မှာ အတန်ပင်စိမ်းသော အကြောင်းအရာဖြစ်ပါသည်။ အချို့သောသူများဆိုလျှင် နိုင်ငံရေးဆိုသော စကားလုံးသည် မပြောသင့်သော၊ မဆွေးနွေးသင့်သော၊ မသိလျှင်လည်း ဘာမှမဖြစ်သော အကြောင်းအရာတစ်ရပ်ဟုပင် လွဲမှားစွာခံယူထားကြသည်ကို တွေ့ရပါသည်။ ဤသည်များကို အပြစ်ပြောလိုခြင်းမဟုတ်ပါ။ သူ့အကြောင်းနှင့်သူ ရှိသောကြောင့် ဖြစ်ပါလိမ့်မည်။ မီးလောင်မှုကို ကိုယ်တွေ့ကြုံဖူးသောသူ၊ မျက်စိရှေ့တွင် မီးလောင်မှု၏ ဆိုးကျိုးကို ကိုယ်တွေ့မြင်ဖူးကြုံဖူးသောသူတို့အနေဖြင့် မီးကို ကြောက်လန့်ကြမည်မှာ သဘာဝကြပါသည်။ သို့သော် ထိုကဲ့သို့သော ဆိုးကျိုးများကိုသာ ကွက်၍ကြည့်ပြီးလျှင် မီးကို လုံးဝအသုံးမပြုဘဲနေရန် ဖြစ်နိုင်မည်မဟုတ်ပါချေ။ ဆိုလိုသည်မှာ ဘယ်အရာကိုမှ အစွန်းမရောက်ဘဲ မှန်မှန်ကန်ကန်သုံးသပ်ကာ အကျိုးရှိရှိ အသုံးချသွားရန်သာ ဖြစ်ပါသည်။ နိုင်ငံရေးဆိုသည်မှာ နိုင်ငံသူနိုင်ငံသားအားလုံး၏ အရေးကိစ္စဟု ကျွန်တော်ကတော့ ထင်မြင်ပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးသည် မြန်မာနိုင်ငံသားအားလုံးနှင့် သက်ဆိုင်ပါသည်။ ယခုတော့ မြန်မာနိုင်ငံသားများကတော်တော်၊ အနောက်နိုင်ငံကြီးများနှင့် အခြားနိုင်ငံသားခံယူထားသည့် ပြည်ပရောက် မြန်မာလူမျိုးများကကဲကဲ ဖြစ်နေသည်မှာလည်း အံ့သြစရာဖြစ်ပါသည်။
နည်းနည်းလေး ကျွန်တော်မြင်သလို ဥပမာပေးလိုပါသေးသည်။ အိမ်ထောင်ကျပြီးနောက် အခြားမြို့ရွာများတွင် တစ်အိုးတစ်အိမ်ထူထောင်ကာ အခြေကျနေသည့် သားသမီးများက အိမ်တွင်ကျန်ခဲ့သည့် မိဘမောင်ဘွားများ၏ အိမ်တွင်းရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စများကို အဝေးမှ စိတ်ပူနေသည်ဆိုသည်မှာ ရယ်စရာဖြစ်ပါသည်။ မည်မျှပဲ မိသားစုကို ချစ်သည်ဖြစ်စေ ကိုယ့်အိုးကိုယ့်အိမ်နှင့် ဖြစ်နေသည့်အချိန်တွင် အရေးအကြီးဆုံးသည် လက်ရှိမိသားစုရှိ မိမိ၏ဇနီးမယားနှင့် သားသမီးများ၏ အရေးကိစ္စသာဖြစ်သည်မှာ သဘာဝဖြစ်ပါသည်။ အိမ်တွင်ကျန်ခဲ့သည့် ညီတစ်ယောက်၊ နှမတစ်ယောက် ဖျားနာနေသည်ထက် မိမိ၏ဇနီးခေါင်းကိုက်နေသည်က ပို၍ ကြီးမားသည့် ပြဿနာဖြစ်ပါသည်။ ထိုအချက်သည် ဖြစ်ရိုးဖြစ်စဉ်သဘာဝတစ်ခုဖြစ်သည့်အတွက် နားလည်ပေးနိုင်ပါသည်။ သို့သော် ဖျားနာနေသည့် ညီငယ်၊ နှမငယ်တို့အတွက် အိမ်တွင်ကျန်ခဲ့သည့် မိဘများက ဂရုမစိုက်လို့ဖြစ်ရတာ၊ ပေါ့လျော့လို့ ဖြစ်ရတာ စသည်ဖြင့် အပြစ်တင်လျှင်ဖြင့် မည်သည့်မိဘကမှ သည်းခံလိမ့်မည်မဟုတ်ပါ။ အဝေးရောက်အစ်ကိုကြီး တစ်ယောက်အနေဖြင့် ညီငယ်များအတွက်၊ နှမငယ်များအတွက် စိတ်ပူသည့် သံယောဇဉ်မေတ္တာကို နားလည်ပေးနိုင်ကြပါလိမ့်မည်။ သို့သော် အနီးကပ်နေရသည့် မိဘများက သူ့ထက်ပို၍ စိတ်ပူပါလိမ့်မည်။ ဂရုစိုက်ပါလိမ့်မည်။ သားသမီးများ၏ အနာဂတ်အတွက် အကောင်းဆုံးစီမံခန့်ခွဲပါလိမ့်မည်။ အဆုံးစွန်ထိပြောရလျှင် အရက်သမားဖခင်ပင်ဖြစ်ပါစေဦးတော့၊ ပြည့်တန်ဆာမိခင်ပင် ဖြစ်ပါစေဦးတော့ မိမိတို့၏ သားသမီးများကို ကောင်းရာမွန်ရာကိုသာ ရောက်စေချင်သည့်စိတ်၊ တိုးတက်ကြီးပွားစေလိုသည့်စိတ်၊ မိမိတို့ထက် မြင့်မားတိုးတက် စေလို့သည့်စိတ် ရှိမည်မှာ မလွဲဧကန်ဟု ယုံကြည်ပါသည်။
ဆိုကြပါဦးစို့။ ဖခင်က သူဌေးအိမ်တွင် ကားမောင်း၊ မိခင်က အိမ်ဖော်လုပ်သည်ဆိုပါတော့။ သူတို့အတွက် သူဌေးသည် အလုပ်ရှင်ဖြစ်ပါသည်။ ကျေးဇူးရှင်ဖြစ်ပါသည်။ ထို့အတွက် သူတို့လေးစားပါလိမ့်မည်။ ချစ်ခင်ပါလိမ့်မည်။ အမိန့်ကို နာခံပါလိမ့်မည်။ သို့သော် သူတို့၏ အိမ်တွင်းရေးကိစ္စများတွင် သူဌေးက ၀င်ရောက်စွက်ဖက်မည်ကိုတော့ မည်သူကမျှ ကြိုက်နှစ်သက်လိမ့်မည်မဟုတ်ပါ။ သူဌေးအိမ်တွင် သူတို့သည် အလုပ်သမားဖြစ်ပါသည်။ သို့သော် မိမိတို့အိမ်တွင်တော့ အိမ်ဦးနတ်၊ အိမ်ရှင်မ ဖြစ်ပါသည်။ မိမိ မိသားစု၏အရေးကို မိမိဘာသာ ဆုံးဖြတ်ပိုင်ခွင့် သူတို့တွင် အပြည့်အ၀ ရှိပါသည်။ ထိုအရာသည်ပင်လျှင် ပြည်တွင်းရေးဟု ကျွန်တော်က မြင်ပါသည်။ မိမိတို့မိသားစုအပေါ် အမှန်တကယ် ချစ်မြတ်နိုးစိတ်၊ တိုးတက်စေချင်သည့်စိတ်ဖြင့် အကြံဉာဏ်ပေးခြင်း၊ အကူအညီပေးခြင်းဆိုလျှင်တော့ လက်ခံကောင်း လက်ခံနိုင်ပါသည်။ ထိုသို့မဟုတ်ဘဲ ငါလိုသူဌေးကပြောတာကို မင်းတို့က မလိုက်နာရင် အလုပ်ထွက်ကြဟု မဆီမဆိုင် အပြစ်ပေးလျှင်တော့ မလိုက်နာသည့် သူတွေအပြစ်လား၊ စွက်ဖက်လိုသည့် သူဌေး၏ အပြစ်လားဆိုသည်ကို မိတ်ဆွေတို့ကိုယ်တိုင်သာ စဉ်းစားကြည့်စေလိုပါသည်။
ထားပါတော့။ စကားလည်းအတန်ငယ် ရှည်သွားပါသည်။ ပြောချင်သည်ကတော့ မကြာမီ ကာလအတွင်း မလွဲမသွေကူးပြောင်းတော့မည့် နိုင်ငံရေးအကူးအပြောင်းကာလတွင် မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး အနေဖြင့် နိုင်ငံရေးနှင့်ပတ်သက်သော အသိပညာ၊ ဗဟုသုတများ နည်းနည်းရလည်းနည်းနည်း၊ များများရလည်း များများ အကျိုးရှိနိုင်ကောင်းသည်ဟူသော ရည်ရွယ်ချက်အမှန်ဖြင့် နိုင်ငံရေးနှင့်သက်ဆိုင်သော အကြောင်းအရာများကို ဤဘလော့ဂ်တွင် တင်ပြနေရခြင်းဖြစ်ကြောင်း ပြောလိုပါသည်။ ထပ်မံပြောလိုပါသေးသည်။ ကျွန်တော်တစ်ယောက်တည်း သိလိုလျှင် စာတွေဖတ်ပြီး ဒီအတိုင်းနေလိုက်ရုံသာဖြစ်ပါသည်။ ကျွန်တော့်လို မသိသေးသော သူတွေလည်း သိပါစေတော့ ဟူသော စေတနာကြောင့်သာ လက်အညောင်းခံကာ၊ အချိန်ကုန်ခံကာ ပြန်ရိုက်ပြီး ပို့စ်တွေ တင်ပေးနေခြင်းဖြစ်ကြောင်း ကြေညာလိုပါသည်။ ထပ်ပြောရပါဦးမည်။ ကျွန်ုပ်သည် မည်သည့်ဂျာနယ်စာစောင်ကိုမျှ ကြော်ငြာပေးနေသည်မဟုတ်ပါ။ မည်သူကမှလည်း မင်းဒီပို့စ်တွေတင်စမ်းဟု ခိုင်းစေသဖြင့် လုပ်နေခြင်းမဟုတ်ပါ။ ကျွန်ုပ်ကိုယ်တိုင်၏ ၀ါသနာကြောင့် လုပ်နေခြင်းဖြစ်ပါသည်။ ကျွန်တော်စိတ်မပါလျှင် ဘာပို့စ်မှမတင်ဘဲ နေနိုင်ပါသည်။ ထို့အတွက် ဘာထိခိုက်မှုမှ မရှိပါ။ ဘလော့ဂ်ရေးချင်စိတ်ကုန်သွားလျှင် ဘလော့ဂ်မရေးဘဲ နေလိုက်ရုံဖြစ်ပါသည်။ အားလုံးသည် ကျွန်ုပ်တစ်ဦးတည်း၏ ခံစားချက်၊ ဆုံးဖြတ်ချက်များသာ ဖြစ်ပါသည်။ ကျွန်တော့်စကားများတွင် အနည်းငယ်ဒေါသသံ ပါသွားသည်ထင်ပါသည်။ ဒါကလည်း အကြောင်းရှိပါသည်။ အခြားသော ဘလော့ဂ်များ၊ စာမျက်နှာများပေါ်တွင် မြန်မာ့သွေးဘလော့ဂ်နှင့် ပတ်သက်ပြီး သို့လောသို့လော ကိုယ်ထင်ရာကိုယ်ပြော ရေးနေကြခြင်းကို စိတ်ကုန်လွန်း၍ ဖြစ်ပါသည်။ အထင်သည် အထင်သာဖြစ်ပါသည်။ လူတိုင်း ကိုယ်ထင်ချင်ရာ ထင်နိုင်ခွင့်ရှိပါသည်။ သို့သော် ကိုယ်ထင်ရာတိုင်းသည် အမှန် မဟုတ်သည်ကိုတော့ နားလည်ထားဖို့လိုပါသည်။ ခဏခဏရှင်းနေရသည့်ဒုက္ခကို ကျွန်တော်စိတ်ကုန်ပါသည်။ ကိုယ့်ထမင်းကိုယ်စားပြီး ဘာကိစ္စများ …………..။ မပြောလိုတော့ပါ။ ကျွန်တော်ယုံကြည်သည့်အတိုင်း ကျွန်တော် ဆက်လုပ်နေပါဦးမည်။
မြန်မာ့သွေးဘလော့ဂ်ကို ပုံမှန်ဖတ်ရှုသူများအား ကျေးဇူးတင်ပါသည်။ မဖတ်သူများကိုလည်း ကျေးဇူးတင်ပါသည်။ ချီးကျူးကြသူများကို ကျေးဇူးတင်ပါသည်။ အမြင်မတူ ဝေဖန်ကြသူများကို ပို၍ ကျေးဇူးတင်ပါသည်။ ဖတ်သူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ချီးကျူးကြသည်ဖြစ်စေ၊ ဝေဖန်ကဲ့ရဲ့ကြသည်ဖြစ်စေ ကျွန်တော်ကတော့ ဘလော့ဂ်ပို့စ်တွေ ဆက်ရေးနေပါဦးမည်။ ပို့စ်တစ်ခုလောက်ကို ဖတ်ပြီး ကျွန်တော့်ကို မဝေဖန်ပါနှင့်။ မြန်မာ့သွေးတွင် တင်ပေးထားသည့် ပို့စ်အားလုံးကို ဖတ်ပြီးမှ ကျွန်တော့်ကို ဝေဖန်ပါ။ ကျွန်တော့်ကို ကောက်ချက်ချပါ။ ကျွန်တော့်ရဲ့ ဒေါသသံများအတွက်တော့ တောင်းပန်အပ်ပါသည်။
ကြိုးစားပါဦးမည်
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဇူလိုင်လ ၂၈ ရက်။
No comments:
Post a Comment