Tuesday, July 28, 2009

ကျွန်တော်ကြိုက်သော ပုံပြင်များ (၄)


တစ်ခါတုန်းက အလက်ဇင်းဒါးသဂရိတ် လို့ခေါ်တဲ့ စစ်သူရဲကောင်းကြီးတစ်ဦး ရှိခဲ့ဖူးပါတယ်။ တစ်နေ့မှာ သူဟာ မြစ်ဆိပ်တစ်ခုကို လမ်းလျှောက်ရင်း မြစ်ကမ်းနဖူး သဲပြင်ပေါ်မှာ အ၀တ်အစားဗလာကျင်း တုံးလုံးလှဲအိပ်နေပြီး နေဆာလှုံနေတဲ့ ဒိုင်အိုဂျင်ဆိုတဲ့ သူတောင်းစားတစ်ဦးကို မြင်တွေ့ရတယ်။ အဲဒီစစ်သူရဲကောင်းကြီးကလည်း အဲဒီသူတောင်းစား ဒိုင်အိုဂျင်ကို သိပါတယ်။ အဲဒီဒိုင်အိုဂျင်ဟာ ကိုယ်လုံးကိုယ်ပေါက် အလွန်လှတယ်။ မျက်နှာကလည်း ဥပဓိရုပ်ကောင်းတယ်။ အဲဒီတော့ အလက်ဇင်းဒါးသဂရိတ်က “အို..ဆရာသမား၊ ကျုပ်ဘာများ ခင်ဗျားအတွက် လုပ်ပေးရမလဲ”လို့ ရိသဲ့သဲ့စကားမျိုးနဲ့ မေးလိုက်ပါသတဲ့။ အဲဒီအခါမှာ ဒိုင်အိုဂျင်က “အလက်ဇင်းဒါးသဂရိတ် ဆိုတဲ့လူကို ပြောချင်တာကတော့ ဘာမှ လုပ်မပေးပါနဲ့။ ဒီနားက နည်းနည်းဖယ်ပေးစမ်းပါ၊ နေဆာလှုံနေတာ အရိပ်ကွယ်လို့ပါ၊ ဒီ့အပြင်တော့ ဘာမှ လုပ်ပေးစရာ မလိုပါဘူး”လို့ ပြန်ပြောလိုက်ပါတယ်။ အဲဒီတော့ အလက်ဇင်းဒါးသဂရိတ်က နေရိပ်မကွယ်အောင် နေရာဖယ်ပေးလိုက်တယ်။ အဲဒီအခါမှာ ဒိုင်အိုဂျင်က “တလောတုန်းက တပ်တွေပြင်ဆင်နေတာ ကျုပ်တွေ့ခဲ့ရတယ်။ အဲဒါဘာလုပ်မလို့လဲ”လို့ မေးလိုက်တယ်။ အဲဒီတော့ အလက်ဇင်းဒါးသဂရိတ်က “တခြားမဟုတ်ပါဘူး ဒိုင်အိုဂျင်ရယ်၊ အိန္ဒိယကို တိုက်မလို့၊ အိန္ဒိယကိုတိုက်လို့ နိုင်ပြီဆိုရင် ကမ္ဘာတစ်ခုလုံးကို နိုင်တာနဲ့အတူတူပဲ” လို့ ပြန်ပြီးပြောလိုက်တယ်။ အဲဒီအခါမှာ ဒိုင်အိုဂျင်က “အိန္ဒိယကို နိုင်ပြီပဲ ထားပါတော့၊ ဘာလုပ်ဦးမလဲ” လို့ အလက်ဇင်းဒါးသဂရိတ်ကို မေးလိုက်ပါတယ်။ အဲဒီအခါမှာ အလက်ဇင်းဒါးသဂရိတ်က “အိန္ဒိယကို အောင်နိုင်ပြီးရင်တော့ ကျုပ်အနားယူမှာပေါ့”လို့ ပြန်ဖြေပါတယ်။
အဲဒီအခါမှာ ဒိုင်အိုဂျင်က ဟက်ဟက်ပက်ပက် ရယ်လိုက်တယ်။ “ခင်ဗျားက အရူးပဲ၊ အနားယူဖို့ ကိစ္စမှာ အိန္ဒိယကို အောင်နိုင်ဖို့ဆိုတဲ့အကြောင်းမပါဘူး။ ဘယ်သူမဆို အနားယူခွင့်ရှိတယ်။ အိန္ဒိယကိုအောင်နိုင်မှ အနားယူရမယ်လို့ ခင်ဗျားကို ဘယ်လိုဆရာသမားမျိုးက သင်ပေးလို့လဲဗျာ။ ဒီမှာကြည့်စမ်း၊ ခု..ကျုပ် အနားယူနေပြီ၊ အိန္ဒိယကိုလည်း မအောင်နိုင်ပါဘူးဗျာ၊ လွတ်လွတ်လပ်လပ်အနားယူခွင့် ကျုပ်မှာ ရှိနေပြီ။ ခင်ဗျားနားရမယ့်အချိန်ဟာ ဒီအချိန်ပဲ။ အိန္ဒိယကို အောင်နိုင်ပြီးမှ နားရမယ် ဆိုရင်တော့ ခင်ဗျားနားရမှာ မဟုတ်ဘူး။ အိန္ဒိယကို အောင်နိုင်ပြီးရင်လည်း တခြားအောင်နိုင်စရာတွေကို ခင်ဗျားလုပ်ရဦးမယ်။ ဘယ်တော့မှ နားရမယ့်လူစားမျိုး မဟုတ်ဘူး။ သေရင်လည်း အိမ်မှာသေရမယ့် လူစားမျိုးမဟုတ်ဘူး။ အဲဒီလိုပဲ စစ်ချီရင်း လမ်းမှာသေရမှာပဲ” လို့ ပယ်ပယ်နယ်နယ်ကြီး ပြောချလိုက်တယ်။ “ခင်ဗျား လုပ်ရတဲ့အလုပ်တွေ မပြီးခင်မှာဘဲ ခင်ဗျား သေမှာ၊ ကျုပ်ပြောတာ မယုံရင်စောင့်ကြည့်”လို့ ဒိုင်အိုဂျင်က ဆက်ပြီးပြောတယ်။
အဲဒီတော့ အလက်ဇင်းဒါးသဂရိတ်က “ဒိုင်အိုဂျင်းပြောတာ ကျုပ်မှတ်ထားပါ့မယ်။ ဒီလိုပြောတဲ့အတွက် ကျေးဇူးလည်း တင်ပါတယ်။ ဒါပေမယ့် အခုတော့ အိန္ဒိယကို အောင်နိုင်ဖို့ သွားရဦးမယ်ဗျို့”လို့ ပြောပြီး ထွက်သွားတယ်။ အမှန်တကယ်ပဲ အလက်ဇင်းဒါးသဂရိတ်က လမ်းမှာပဲ ဆုံးသွားတယ်။ အိမ်ကို ပြန်မရောက်တော့ဘူး။ အလက်ဇင်းဒါးသဂရိတ်သေဆုံးတဲ့နေ့မှာပဲ ဒိုင်အိုဂျင်လည်း သေဆုံးသွားပါတယ်။ သူတို့နှစ်ဦးဟာ သေလွန်ပြီးတဲ့နောက်ပိုင်း တမလွန်ဘ၀မှာ ပြန်ပြီးတွေ့ကြတယ်။ အဲဒီအခါမှာ အလက်ဇင်းဒါးသဂရိတ်က ရှက်ကိုးရှက်ကန်းနဲ့ “ဟော..စစ်သူရဲကောင်းနဲ့ သူတောင်းစားတစ်ဦး ပြန်ပြီး ဆုံပြန်ပြီ၊ ဒီလိုမဟုတ်ရင်လည်း ဧကရာဇ်ဘုရင်တစ်ဦးနဲ့ သူတောင်းစားတစ်ဦး ပြန်ပြီးဆုံကြပြန်ပြီ”လို့ ပြောလိုက်တယ်။ အဲဒီအခါမှာ ဒိုင်အိုဂျင်က “ပြန်ပြီးဆုံတာတော့ မှန်တယ်ဗျို့၊ ဒါပေမယ့် ခင်ဗျားရဲ့ တွေးထင်ချက်တွေဟာ လွဲနေတယ်၊ ခင်ဗျားနဲ့ ကျုပ်နဲ့ နှစ်ယောက်ဟာ ဘယ်သူဟာ သူတောင်းစား၊ ဘယ်သူဟာ ဧကရာဇ်ဖြစ်တယ်ဆိုတာ ခင်ဗျား သဲသဲကွဲကွဲသဘောပေါက်ပုံ မရဘူး။ ကျုပ်ဟာလွတ်လပ်တယ်၊ ပြီးတော့ ကျုပ်ဘ၀ကို ကျုပ်ကျေနပ်တယ်။ အပြည့်အ၀ အသက်ရှင်တယ်။ ခင်ဗျားဟာ ဒီလိုမဟုတ်ဘူး။ အောင်နိုင်မှုတွေအတွက်ကြိုးစားရင်း ခင်ဗျားဘ၀ကို ခင်ဗျားမကျေနပ်ဘူး။ အဲဒီတော့ ခင်ဗျားဟာ အစဉ်သဖြင့် လိုအပ်မှုတွေနဲ့ ပြည့်လျှမ်းနေတယ်။ ကျုပ်ဟာ ဘာမှမလိုအပ်ဘူး။ ဒါကြောင့် ကျုပ်ဟာ သူတောင်းစား မဖြစ်နိုင်ဘူး။ ဖြစ်ချင်ဖြစ်ရင် ဟဲ..ဟဲ.. မပြောတော့ပါဘူးလေ”လို့ ပြန်ပြီးပြောလိုက်ပါသတဲ့။

No comments:

Post a Comment

 
Web Statistics