ယုံကြည်မှုဆိုတာနဲ့ပတ်သတ်လို့ ဖတ်ဖူးတဲ့ပုံပြင်လေးတစ်ခုကို ပြန်လည်ဖောက်သည်ချလိုက်ပါတယ်။ တစ်ခါတုန်းက တိဗက်မှာ လောကီပညာရှင် အချွန်အမွန်ကြီးတစ်ဦး ရှိခဲ့ဖူးတယ်။ သူ့နာမည်က မိလာရေပလို့ ခေါ်တယ်။ တိဗက်မှာ နာမည်ကြီးခဲ့တဲ့ ဂါလ၀ံတို့၊ ဓူလ၀ံတို့နဲ့ တစ်တန်းတည်းလောက်ပါပဲ။ အဲဒီလို ဆရာကြီးတစ်ဆူမဖြစ်ခင်က သူဟာ ဆရာတစ်ယောက်ဆီမှာ တပည့်ခံရတယ်။ သူ့ရဲ့ဆရာက အမှန်ကတော့ ဘာမှ တန်ခိုးသိဒ္ဓိ မရှိဘူး။ သူက ရှိတယ်ထင်ပြီး တပည့်ခံတာပါ။ သူ့လိုပဲ အဲဒီဆရာကို အထင်ကြီးပြီး တပည့်ခံနေတဲ့ တပည့်တွေက အများကြီးပဲရှိတယ်။ သူက အဲဒီတပည့်တွေထဲမှာ ဆရာ့အပေါ် အယုံကြည်ဆုံး တပည့်တစ်ယောက်ပေါ့။ ဆရာ့ရဲ့ ဝေယျာဝစ္စတွေကိုလည်း အလုပ်ဆုံး တပည့်ပဲ။ အဲဒီတော့ ကျန်တဲ့တပည့်တွေက မိလာရေပကို ချောက်တွန်းကြတာပေါ့ကွယ်။ တစ်နေ့မှာ တပည့်အုပ်စုဟာ တောင်စောင်းတစ်ခုကို ဖြတ်ပြီး ခရီးသွားကြတယ်။ အဲဒီအုပ်စုထဲမှာ မိလာရေပလည်း ပါတယ်။ တောင်ချောက်တစ်ခုကိုလည်း ရောက်ရော တပည့်တစ်ယောက်က မိလာရေပကို "ဟေ့..မိလာရေပ၊ မင်းဟာ ဆရာ့အပေါ်မှာ သိပ်ပြီးယုံကြည်တဲ့သူပဲ၊ ဘာဖြစ်လို့ အပင်ပန်းခံပြီး တောင်ကြောအတိုင်း လျှောက်နေမှာလဲ၊ ဆရာ့ကို တ ပြီး ခုန်ချလိုက်ပေါ့။ တို့ဆရာဟာ တန်ခိုးသိဒ္ဓိနဲ့ ပြည့်ဝတဲ့ ဆရာဆိုတာ မင်းယုံတယ်မလား။ ခုန်ချလိုက်ပေါ့ကွာ"လို့ ပြောတယ်။ အဲဒီအခါမှာ မိလာရေပက စဉ်းစားမနေတော့ဘဲ "ဆရာ သခင် ကယ်ပါ"လို့ တ ပြီး ချောက်ထဲကို ခုန်ချလိုက်တယ်။ အမြင့်ကြီးမှ အမြင့်ကြီးပါပဲ။ အဲဒီမှာ ကျန်တဲ့တပည့်တွေက မိလာရေပ အရူးတော့ အရိုးတခြား အသားတခြားဖြစ်သွားပါပြီး၊ ဆင်းကြည့်ဦးမှဆိုပြီး ချောက်ထဲကို ဆင်းကြည့်ကြတယ်။ အဲဒီလို ဆင်းကြည့်တော့ မိလာရေပဟာ ဘာမှမဖြစ်ဘူး။ တင်ပလ'င်ခွေထိုင်နေတယ်။ ကျန်တဲ့တပည့်တွေကို သူကတွေ့တော့ ပျော်ပျော်ရွှင်ရွှင်တောင် နှုတ်ဆက်နေသေးတယ်။ "ကျုပ်တို့ဆရာဟာ တကယ့်ကို အစွမ်းသိဒ္ဓိနဲ့ ပြည့်စုံတဲ့ဆရာ"လို့တောင် သူက ပြောလိုက်သေးတယ်။
အဲဒီလိုနဲ့နေလာတာ တစ်နေ့မှာ အိမ်တစ်လုံးကို မီးလောင်တယ်။ အဲဒီမှာ မိန်းမတစ်ယောက်နဲ့ ကလေးတစ်ယောက် ပိတ်မိနေတယ်။ ဘယ်သူမှဝင်ပြီး မကယ်ရဲဘူး။ ကယ်ရင်လည်း သေမှာပါပဲ။ အဲဒီမှာ တပည့်တစ်ယောက်က "မိလာရေပရေ..ဆရာ့ကို တ ပြီး မီးထဲဝင်ပြီး ဟိုသားအမိကို ကယ်ပါတော့"လို့ ပြောတယ်။ မိလာရေပလည်း မဆိုင်းမတွဘဲ "ဆရာကယ်ပါ"လို့ အော်ပြီး မီးထဲပြေးဝင်သွားတယ်။ သားအမိနှစ်ယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်။ သူဟာ ဘာမှ မဖြစ်ဘူး။ မီးပွားလေး တစ်ပွားတောင် သူ့ကိုယ်ပေါ်ကို မကျခဲ့ဘူး။ အဲဒီမှာ မိလာရေပက ကျန်တဲ့ တပည့်တွေကို "တို့ဆရာကြီးက တကယ်စွမ်းတာပါ"လို့ ပြောတယ်။
တစ်နေ့မှာ သူတို့ဟာ မြစ်ကြီးတစ်ခုကို ဖြတ်ကူးဖို့ အကြောင်းပေါ်လာတယ်။ အဲဒီအထဲမှာ တပည့်တွေတင် မဟုတ်ဘူး။ ဆရာကိုယ်တိုင်ပါ ပါလာတယ်။ အဲဒီအချိန်မှာ တပည့်တစ်ယောက်က မိလာရေပကို တိုးတိုးလေး လှမ်းပြောလိုက်တယ်။ "လှေက သိပ်ကျပ်နေပြီကွာ၊ မင်းအနေနဲ့ မစီးပါနဲ့၊ တစ်ယောက်စာချောင်သွားရင်လည်း မနည်းဘူးပေါ့ကွာ။ ဆရာ့ကို တ ပြီး ရေပေါ် လမ်းလျှောက်သွာကွာ"လို့ ပြောတယ်။ အဲဒီမှာ မိလာရေပက "ကောင်းပြီ၊ အဲဒီလိုပဲ လုပ်ရမှာပဲ"လို့ ပြောပြီး ဆရာကို တ ပြီး ရေပေါ်ကို လမ်းလျှောက်သွားတယ်။ လှေပေါ်က လူတွေလည်း တအံ့တသြကြည့်နေကြတယ်။ အဲဒီအထဲမှာ ဆရာကိုယ်တိုင်လည်း ပါတယ်။ အဲဒီအခါမှာ ဆရာလုပ်တဲ့လူက စိတ်ကြီးဝင်တော့တာပဲ။ ဒီလောက် ရူးပေါပေါနိုင်လှတဲ့ မိလာရေပလိုကောင်တောင် ငါ့ကို တ ပြီး ရေပေါ်လမ်းလျှောက်နိုင်သေးရင် ငါကိုယ်တိုင်က ဘာပြုလို့ ရေပေါ်လမ်းမလျှောက်နိုင်ရမှာလဲလို့ အတွေးပေါက်တော့ တာပဲ။ အဲဒီလို အတွေးပေါက်တာနဲ့ တပြိုက်နက် ဆရာဟာ ရေပေါ်လမ်းလျှောက်မယ်ဆိုပြီး လှေပေါ်ကနေ မြစ်ထဲကို ဆင်းလိုက်တာပေါ့။ တစ်ခါတည်း စုန်းစုန်းမြုပ်သွားတေ့တာပဲ။ ပေါ်ကိုမလာတော့ဘူး။ တိဗက်လောကီပညာ သမိုင်းမှာလည်း အဲဒီဆရာအကြောင်း ပြောသံမကြားတော့ပါဘူး။ တကယ်ပြောနေကြတာကတော့ ဆရာကြီးမိလာရေပအကြောင်းပဲ။ အဲဒီဆရာကြီး မိလာရေပကလည်း ဘာကိုပဲထူးထူးဆန်းဆန်းလုပ်လုပ် သူ့လောက်အစွမ်းသိဒ္ဓိမရှိလို့ ရေနစ်ပြီး မြစ်အောက်ကျသွားတဲ့ သူ့ဆရာကို တ တပြီး လုပ်တော့တာပဲ။ တစ်သက်လုံးဆိုပါတော့။ ယုံကြည်မှုဆိုတာ ဒါပါပဲ။
No comments:
Post a Comment