ဆွမ်း-ကွမ်း-ကျွမ်း-လွမ်း
အောင်သင်း
အောင်သင်း
“ဆွမ်း-ကွမ်း-ကျွမ်း-လွမ်း ညီရဲ့လား”၊ “ဆွမ်း-ကွမ်း-ကျွမ်း-လွမ်း ကွဲရဲ့လား” ဆိုသည့်စကားမျိုးကို ကျွန်တော်တို့ ကြားဖူးကြပါသည်။ ရွတ်ဆိုသောအခါ၌လည်း “ဆွန်း-ကွန်း-ကျွန်း-လွန်း” ဟု ရွတ်ဆိုကြောင်းကိုလည်း ကျွန်တော်တို့ သတိထားမိကြပါသည်။ ယနေ့ခေတ် လူငယ်များတော့ဖြင့် မပြောတတ်၊ ကျွန်တော်တို့ ငယ်စဉ်ကတော့ အငြိမ့်များတွင် လူရွှင်တော်များက “ဆွမ်း-ကွမ်း-ကျွမ်း-လွမ်း” ညီအောင် ရေးဖွဲ့ရွတ်ဆိုတတ်ခြင်းမှာ တစ်ဂုဏ်ဖြစ်ကြောင်း ပြောသည်ကို မကြာခဏ ကြားခဲ့ရဖူးပါသည်။ ကျွန်တော့်စိတ်တွင်တော့ ကာရန်ညီညွတ်အောင် ရေးဖွဲ့တတ်ခြင်းကို ဆိုလိုသည်ဟုသာလျှင် ခပ်ပေါ့ပေါ့ ထင်မှတ်ခဲ့ဖူးပါသည်။ နောင်တော့မှ ရေးသူက ဘယ်လောက်ပဲ အသံလှအောင် ကာရန်ယူထားလိုက်စေ ဦးတော့ ဖတ်သူက ဆွမ်း-ကွမ်း-ကျွမ်း-လွမ်း မှန်ကန်အောင် မဖတ်တတ်လျှင် ကာရန်အလှ ပျောက်သွားတတ်ကြောင်း သတိပေးထားခြင်း ဖြစ်ကြောင်း သိလာပါသည်။
ဆွမ်း ကို ဆွာမ်း/ဆွန်း၊ ကွမ်း ကို ကွာမ်း/ကွန်း၊ ကျွမ်း ကို ကျွာမ်း/ကျွန်း၊ လွမ်း ကို လွာမ်း/လွန်း စသည်ဖြင့် ရွတ်ဖတ်နိုင်ပါသည်။ မည်သည့်အသံမျိုး ထွက်မည်နည်းဆိုလျှင် သာမန်ပြောဆိုကြရာ၌ ကိုယ်ကြိုက်သလို အသံထွက်နိုင်သည်။ သို့သော် ကာရန်တွင် ၀င်လာပြီဆိုလျှင်တော့ ကာရန်ကိုငဲ့ပြီး ရွတ်ကြရတော့မည် ဖြစ်ပါသည်။
ကျွန်တော်ပထမဆုံး သတိပြုလိုက်မိသည်မှာ နန်းတော်ရှေ့ဆရာတင်၏ “အောင်ပင်လယ်” သီချင်းထဲက စာသားကို သီဆိုကြပုံ ဖြစ်ပါသည်။ စာဖတ်သူလည်း ကြားဖူးပါလိမ့်မည်။ သူ့သီချင်းစာသားက -
“ဘယ်ဆီသို့ ဘယ်ဝယ်သို့ လွမ်းရပါမယ်
ညွှန်းကာပြကွယ် ကြာဖူအိုင်ကြီးရယ်”
သီချင်းဆိုသူများက “လွမ်းရပါမယ် ညွှန်းကာပြကွယ်” ဟု ဆိုလိုက်သောအခါ နန်းတော်ရှေ့ဆရာတင် အလှဆင်ထားခဲ့သော “လွန်း-ညွှန်း” ကာရန်ကလေး ပျောက်သွားပါလေတော့သည်။ ဆရာတင်ကိုယ်တိုင် သင်ကြားပေးနေမည်ဆိုလျှင် ထိုအချက်ကို ချက်ချင်းပြင်ပေးလိုက်မည် ထင်ပါသည်။ ဆရာတင်တို့လို သီကုံးရေးသားသူများကို မဆိုထားနှင့်။ ကျွန်တော်တို့လို ကျောင်းဆရာများကပင် ထိုသို့ အရွတ်အဖတ်မှားလျှင် “နားက” သည်းမခံနိုင်လောက်အောင် ဖြစ်မိတတ်ပါသည်။
တက္ကသိုလ်တွင် ဆရာလုပ်ခဲ့စဉ်က ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၏ “အညာမင်္ဂလာဆောင် လေးချိုးကြီး” ကို သင်ပေးခဲ့ရဖူးသည်။ ကျောင်းသားတွေကို တစ်ခါတရံ အသံထွက်ပြီး ဖတ်ခိုင်းကြည့်သည်။
ပြေတခွင် သထုံရောက်ရာကပဲ လွမ်းမိပါရဲ့
မြေအင်တုံ သောက်စရာ ဇွန်း ငဲ့ပြင်
ကွမ်းအစ်ပါ လွယ်အိတ်တစ်လုံးငယ်နှင့်
“ဇွန်း” ဟူသော အသံကို ထောက်ပြီး “လွန်း-ကွန်း”ဟု ရွတ်ရမည်ကို “လွာမ်း-ကွာမ်း” ဟု ရွတ်လိုက်လျှင် ချက်ချင်း ပြင်ပေးလိုက်ခဲ့မိပါသည်။
ယခုလည်း ဒသမတန်းတွင် “အင်္ဂလန်သွား ဒယ်လီကိတ်ဘွဲ့ လေးချိုးကြီး” ကို ပြဌာန်းထားပါသည်။
ဟံသာ ဒဂုံပါ စံရာ သထုံကွန်းဆီက
လွမ်းရက် မမေ့သူတွေမှာကွယ်
ဆွမ်းသက်စေ့ လှူ။
ထိုအပိုဒ်ကို ကျောင်းသားများအား အဖတ်ခိုင်းလိုက်လျှင်
ဟံသာ ဒဂုံပါ စံရာ သထုံကွန်းဆီက
လွာမ်းရက် မမေ့သူတွေမှာကွယ်
ဆွမ်းသက်စေ့ လှူ။
ဟု ဖတ်ချင် ဖတ်ပစ်လိုက်ကြသည်။ ကျွန်တော့်မှာ ရယ်ကာမောကာနှင့် “မင်းတို့ နားတွေကလည်းကွာ ကာရန်ကန်းနေကြပြီ ထင်ပါရဲ့”ဟု ပြောပြီး ဆွမ်း၊ ကွမ်း၊ ကျွမ်း၊ လွမ်း ကို သင်ပေးလိုက်ရပြန်ပါသည်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ လေးချိုးကြီးများကို ဖတ်မိကြပြီဆိုလျှင် ဆွမ်း၊ ကွမ်း၊ ကျွမ်း၊ လွမ်း ကို အတော်လေး သတိထားရသည်ဟု ထင်ပါသည်။ သုံးလေးပိုဒ်လောက် သာဓကအဖြစ် ပြလိုက်ချင်ပါသေး သည်။
သြော် ကမ္မဌာန်း ပြခဲ့တဲ့
ဗဟန်းက နန်းမဒေ၀ီကို သနားသနားပြီး
အို ဆွမ်းအစ်မ ကွမ်းအစ်မကြီးရဲ့
တနွမ်းနွမ်း တလျလျနဲ့ တမှန်းမှန်း တတပြီး
လွမ်းရချေပြီဘုရား။
(မိဘုရားခေါင်ကြီး နတ်ပြည်စံဘွဲ့ လေးချိုးကြီး)
“နွမ်း” ကို “နွန်း” ဟုလည်း ရွတ်နိုင်ရာ ဤနေရာတွင်တော့ဖြင့် “နွမ်း”ဟုသာ ရွတ်ရမည်ဖြစ်ကြောင်း သိသာပါသည်။
ဇေယျာစည် ပဟိုရ် အရွမ်းတွင်မှ
ကေသာဝတီမှာ တငိုငိုနဲ့ ကျွမ်းလောက်တဲ့
ကိုလွန်း အမိန့်တော် အတိုင်းငဲ့ပြင်
(စုဖုရားလတ် နတ်ရွာစံ လေးချိုးကြီး)
စင်စစ်အားဖြင့် ဆွမ်း၊ ကွမ်း၊ ကျွမ်း၊ လွမ်း မျှသာ မဟုတ်၊ အခြားအခြားသော စကားသံများကိုလည်း အသံနှစ်မျိုးလောက် ရွတ်တတ်ကြသည်ဖြစ်ရာ ကာရန်ငဲ့ထားသည်ကို တွေ့လိုက်လျှင် ရေးဖွဲ့သူ ရှာဖွေထားသည့် အသံအလှကို ပေါ်အောင် ရွတ်ဆိုသင့်သည်ဟု ထင်မိပါသည်။ အနောက်နန်းမတော် မမြလေး ရေးသော တေးထပ်ကလေးကို သတိပြုပြီး ကြည့်လိုက်စေချင်ပါသည်။
ပါရမီ ဖြည့်စမို့၊ ကြည့်ဖရာ့ သခင်
အလှည့်ကျ မဆင်၊ အရင်လို မနွှဲ့
အဖြူနဲ့အပြာ ပယ်မယ်၊
အ၀ါထည်ကလေးဖြင့် လျော်ရဲ့၊
တစ်ခွန်းထက် နှစ်ခွန်းမပိုပြီ၊ အလွမ်းကို မချဲ့
ကျွန်းညိုညို ဟိုအလှဲ့ဆီက၊ ငိုမဲ့မဲ့တားရှာ။
“ဖြည့်”ကို “ဖြေ့” ဟူ၍ လည်းကောင်း၊ “လှည့်” ကို “လှဲ့” ဟူ၍ လည်းကောင်း၊ ရွတ်နိုင်ကြပါသည်။ သို့သော် ထိုကဲ့သို့ ရွတ်လိုက်မည်ဆိုလျှင် အနောက်နန်းမတော် ရှာကြံထားသည့် အသံအလှကလေး ပျက်သွားမည်မှာ မုချဖြစ်ပါသည်။
“ရေသည်ပြဇာတ်” ကို ကျွန်တော်တို့ “ရေသယ်ပြဇာတ်” ဟုလည်း ဖတ်နိုင်ပါသည်။ ဘယ်လိုပဲ ဖတ်ဖတ် မှန်သည်ဟုလည်း ဆိုရပါမည်။ သို့သော်
“ကိုးမျက်စုံ မှန်ဝိုင်းလယ်က
ရေသည်ကို နေမမြင့်ရအောင်
အိုးပင့်တော် မူလိုက်စမ်းပါ မောင်ကြီးရှင့်” ဟု ရေးထားသည်ကိုတော့ “ရေသယ်” ဟူ၍သာ ဖတ်ကြရပါတော့မည်။
ကျောင်းသားလူငယ်များအတွက် အတော်လေးခက်ခဲသောနေရာများကို တွေ့ရတတ်ပါသေးသည်။ “ခွါထောက်” ကာရန်ယူထားသည့် နေရာမျိုးတွင် ကာရန်အကြောင်းကို မသိလျှင် ဖတ်တတ်ဖို့ မလွယ်လှပါ။ ဥပမာ-
နင်ထားတဲ့ ငွေညံ့၊ ပဲဝက်ခန့်ကို
သန့်သန့်ရှိပစေ၊ အခြားရှစ်ရွေး
တစ်ပဲကြေးကို၊ ငါပေးမည်။
“သန့်သန့်ရှိပစိ” ဟု ဖတ်မှသာလျှင် “မည်” နှင့် ခွါထောက်ကာရန် မိပါလိမ့်မည်။
ငါလည်းနန်းလောင်း၊ ငါ့အကြောင်း
ဆုတောင်းတိုင်း ပြည့်၊ နန်းဦးကိုင်ကို
ပိုင်ပိုင်ကြီးတက်ရအောင်၊ ချက်ကောင်းကို တွေ့ပြီ။
“ပြည့်”ကို “ပြေ့”ဟု ဖတ်ကြရပါတော့မည်။
ဘုရား ပညာ၊ ရကြောင်း ရှာတဲ့
ငါ မင်းမြတ်ကပဲ၊ သတ်၍ အဆုံး
ယူရဦးမလား၊ လုံးလုံးပိုင်လို
အမောင်ဆိုလျှင်…..
“ယူရအုံးမလား” ဟု ဖတ်လိုက်မှသာလျှင် ဦးပုည၏ အသံအလှကို ရနိုင်ပါလိမ့်မည်။
တစ်ခါတရံ ကတ်သီးကတ်သတ် ကြုံရပုံကလေးများကိုလည်း တင်ပြလိုက်ချင်ပါသေးသည်။ “ကြက်သီးထသည်” ဟုလည်း ပြောကြရိုးရှိပါသည်။ အချုပ်တန်းဆရာဖေ၏ မန္တလေးဆောင်းဘွဲ့လေးချိုး တွင် -
ယမ်းယောင်ကာ တလျှက် ညည်းမိတော့
သန်းခေါင်မှာ မြကြက်သီးတွေက
တဖီးဖီး ပျံ့လို့ငယ် အုံ
ဗျာဆုံတဲ့ ရာသီပဲ ဟု ရေးခဲ့ပါသည်။
ဤနေရာမျိုးတွင် “ကြက်သီး”ဟုပဲ ရွတ်ကြရပါလိမ့်မည်။ သို့မှသာ ဆရာဖေ၏ အသံအလှကို လေးစားရာ ရောက်ပါလိမ့်မည်။ (စကားစပ်မိလို့ ပြောလိုက်ရပါဦးမည်။) “သန်းခေါင်” ကို “သဂေါင်” ဟု ရွတ်ဖတ်ကြမှ အသံထွက် အမှန်ဟု ဆိုနိုင်ပါသည်။ တစ်ချို့ ကျောင်းသားငယ်များက -
ယမ်းယောင်ကာ တလျှက် ညည်းမိတော့
သဂေါင်မှာ မြကြက်သီးတွေက
ဟု ဖတ်လိုက်လျှင် ကျွန်တော့်မှာလည်း ကြက်သီးထမခန်း စိတ်ညစ်သွားမိတတ်ပါသည်။ သူတို့ ဖတ်လိုက်သည့် အသံမှာ ရပ်သံရွာသံအရ အမှန်ပင် ဖြစ်သော်လည်း ဆရာဖေ အသံယူထားပုံနှင့် မကိုက်ညီသောကြောင့် ဖြစ်ပါသည်။ ကြက်သီးအကြောင်းကို ဆက်လိုက်ပါရစေဦး။ တောင်တွင်း ဆရာကြော့က “စုံနံ့သာမြိုင် ရှာပုံတော်ကြီး” တွင် -
တောမှော်ရုံပြန့်၊ မြကြက်သီးတွေက
တဖိန်းဖိန်းလန့်တာမို့၊ မသန့်လိပ်ပြာ
ဟု ရေးခဲ့ပါသည်။ သည်နေရာတွင်တော့ “ကြက်သိမ်း” ဟုသာ ဖတ်ကြရပါတော့မည်။ သို့မှသာ စာဆိုခမျာ ကြိုးစားပမ်းစား ရှာဖွေထားသော အသံအလှပေါ်လာမည် ဖြစ်ပါသည်။ ဖတ်သူကိုယ်တိုင်က “နားဝေး” လွန်းလှသောကြောင့် ပေါက်ကရလေးဆယ် ဖြစ်သွားလျှင်တော့ မှော်ဘီဆရာသိန်းကြီး၏ “အရူးလွယ်အိတ်စာတမ်း” ထဲတွင်ပါသည့် စာရေးတော်ကြီးမင်း ဦးစံဘ ရေးသော လေးဆစ်ထဲက အတိုင်း ဖြစ်သွားပါလိမ့်မည်။ တစ်ပိုင်းတစ်စလောက် ပြလိုက်ရပါဦးမည်။
ရေးမှုတတ်သော်လဲ၊ ဖတ်ရှုတဲ့ မကျွမ်းရင်
မြေခယောင်း၊ လှည်းမောင်းပုံ စာအသွား
နားဝတံကျင် တဲ့။
ကဗျာလင်္ကာများကို ဖတ်ကြပြုကြရာတွင် ကာရန်ကို “နင်း”ပြီး ရွတ်တတ်အောင် သတိပြုကြရပါသည်။ ကာရန်ကို သိလာလျှင် “ဆွမ်း-ကွမ်း-ကျွမ်း-လွမ်း”လည်း မှန်လာတတ်သည်ဟု ထင်မိပါသည်။
ယခုကျွန်တော်တင်ပြခဲ့သမျှ ဘာမျှလေးလေးနက်နက်ကြီး မဟုတ်ကြောင်း စာဖတ်သူတို့ သတိထားမိကြ ပါလိမ့်မည်။ ထို့ကြောင့်လည်း အခြားသော စာပေပညာရှင်များက စာလုပ်ပြီး မရေးခဲ့ကြခြင်း ဖြစ်ပါလိမ့်မည်။ သို့သော် ကျွန်တော့်မှာတော့ ကျောင်းဆရာလည်းဖြစ်နေပြန်သောကြောင့် ကျောင်းသားငယ်များအား စာအဖတ်ခိုင်း ကြည့်လိုက်တိုင်း “နားဝတံကျင်” ခံနေရသောကြောင့် မနေနိုင် မထိုင်နိုင် ကောက်ပြီးရေးလိုက်ရပါသည် ခင်ဗျား။
( ဆရာ အောင်သင်း ၏ “တိုလီမိုလီစာပေ” စာအုပ်မှ ပြန်လည်ကူးယူ ဖော်ပြပါသည် )
No comments:
Post a Comment