Monday, June 30, 2008

မြန်မာ့သတ္တိပြပါလေ (ကဗျာ)


မြန်မာ့သတ္တိပြပါလေ
ဆွေသန်း

နာဂစ်ဟာ
ကမ္ဘာစစ်ထက်ဆိုးတယ်။

နာဂစ်ကြောင့်
ရွာပစ်ယာပစ်
အိုးပစ်အိမ်ပစ်
မြစ်ဝကျွန်းပေါ်
သေမင်းခေါ်သံ…။

(၁၂)ပေကျော်
ဒီရေလှိုင်းပုတ်၊ စုန်းစုန်းမြုပ်ခဲ့
တုန်လှုပ်ချိန်တောင်မရလိုက်။
မြန်၍မကောင်း၊ ရွာလယ်ချောင်းမှာ
အလောင်းပေါလော၊ စုန်ဆန်မျော။

ရွာဦးကျောင်းလည်း
အုန်းမောင်းသံဆိတ်၊ သပိတ်အက်ကွဲ
ကျောင်းတိုင်လဲ…။

တိုင်ခြေပဲ့ကျိုး၊ အမိုးပွင့်ထွက်
ကြမ်းပြင်အက်ကွဲ၊ တဲ အိမ်တိုက်တာ
ရစရာမရှိ၊ သစ်ပင်ပိ…။

စာသင်ကျောင်းမှာ
ခေါင်းလောင်းမချို၊ ရွတ်ဆိုသံမကြား
ကျောင်းသားနတ္ထိ၊ ဆရာမရှိ…။

စာသင်ဆောင်တို့
ခေါင်မိုးကလန်၊ နံရံကအက်
ကြမ်းပြင်ခွက်အောင်၊ ပြိုပျက်ခဲ့ရာ
အဘယ်မှာလျှင်
ကျမ်းစာသင်နိုင်တော့အံ့နည်း။

ဆားငန်ရေ၀င်
လယ်တွေပျက်စီး၊ မိုးသည်းလေထန်
သီးနှံအထွက်ဆွံ့၊ လုပ်ငန်းတန့် …။

မိမဲ့ဘမဲ့၊ ကျန်ရစ်ခဲ့ရှာ
ဆိုးနွဲ့ပျော်ရွှင်၊ ခိုလှုံဝင်ဖို့
ရင်ခွင်ပျောက်ကွယ်၊ ကလေးငယ်…။

လောကငရဲ၊ ဒုက္ခ၀ဲမှာ
လဲလဲပြိုပြို၊ ငိုငိုကြွေးကြွေး
ပြေးပြေးလွှားလွှား၊ သောကကြား၌
ဘုရားတ၍နေကြရ။

စားသုံးစရာ၊ အဘယ်မှာနည်း
ကျောချစရာ၊ အဘယ်မှာနည်း
ဝတ်ဆင်စရာ၊ အဘယ်မှာနည်း
နာဂစ်အရိုင်း၊ ကဆုန်စိုင်း၍
မုန်တိုင်းကြားဝယ်
လူးလာစုန်ဆန်၊ နှဲ့တိုင်းခံရ
စားရန်အစာလည်းမကျန်တော့ပြီ
နေရန်အိမ်လည်းမကျန်တော့ပြီ
ဝတ်ရန်အထည်လည်းမကျန်တော့ပြီ။

လှိုင်းကြားလေကြား၊ မုန်တိုင်းကြားမှာ
ဘိုးဘွားတွေလည်းပျောက်ခဲ့ရ။
လှိုင်းကြားလေကြား၊ မုန်တိုင်းကြားမှာ
ထွန်သွားတွေလည်းပျောက်ခဲ့ရ။

လှိုင်းကြားလေကြား၊ လယ်သမားတို့
နွားပျောက် ကျွဲပျောက်၊ လယ်ယာပျောက်ခဲ့
စပါးပျောက်လှည်းပျောက်၊ ဘ၀ပျောက်ခဲ့
ကုန်းကောက်စရာပင်မကျန်တော့ပြီ။

ဧရာဝတီမြစ်ဝှမ်းသား၊ လယ်သမားတို့
စားစရာမဲ့
နေစရာမဲ့
ဝတ်စရာမဲ့
ပန်းကဲ့သို့ကြွေ၊ ရေကဲ့သို့ခန်း
ဒုက္ခလွှမ်းလည်း
ပန်းတိုင်မပျောက်ပါစေနှင့်။

ဤဒေသသည်
မြစ်ဝကျွန်းပေါ်၊ ကျော်စောထင်ရှား
မြန်မာ့စပါးကျီ၊ မှန်ပေသည်တည့်။

မုန်တိုင်းစဲသော်
လဲရာမှထ၊ ထွန်ထယ်သကာ
မျိုးချစိုက်ပျိုး၊ တမန်းနှိုးဖို့
မိုးဦးတေးသံ၊ ခြိမ့်ခြိမ့်ညံပြီ။

မုန်တိုင်းနောက်က
ဖြိုးဖြောက်ကျလာ၊ စွေရွာသွန်းဖြိုး
မိုးနှင့်အပြိုင်၊ ထွန်ထယ်ကိုင်ကာ
ပန်းတိုင်အရောက်လျှောက်ကြစို့။

ဒုက္ခကြားမှ၊ လူးလဲထ၍
ရုန်းကြွရှင်သန်၊ ဇွဲအားမာန်နှင့်
မြန်မာ့သတ္တိ ပြပါလေ…။

( ၂၀၀၈ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ(၁)၊ အမှတ်(၈၇) မှ ပြန်လည်ကူးယူ ဖော်ပြပါသည် )

No comments:

Post a Comment

 
Web Statistics