ဗိုလ်မင်းတပ်မင်းအပေါင်းတို့...
ငါတို့သည် အင်္ဂလိပ်တို့အား ဓည၀တီဘက်မှ ခြောက်လှန်းမောင်းနှင်လိုက်ရာ ကုန်းကြောင်းဘက်မှ မ၀င်သာ၍ ရေကြောင်းမှ လှည့်ပတ်လာရောက် ထိပါး နှောက်ယှက်နေချေပြီ။ ဓည၀တီ ပြည်နယ်ခြားတွင်တိုက်စဉ် ငါတို့မှာ သစ္စာရှိသော လူမျိုး မှန်သည့်အားလျော်စွာ မိမိပိုင်နက်နယ်မြေကို မတရားသဖြင့် ယူထားသူထံမှ ပြန်လည်ရရန် သဘောပိုက်၍ တိုက်ခိုက်ခဲ့ကြသည်။ ရှေ့သို့ လောဘတကြီး တိုးတက်သိမ်းယူခြင်း မပြုဘဲ အင်္ဂလိပ်ကုလားဖြူတို့၏ အခြေအနေကို ကြည့်ရှု စောင့်စားနေခဲ့ကြသည်။ တစ်ကျွန်းသား ကုလားဖြူ အင်္ဂလိပ်တို့သည် ငါတို့ စိတ်သဘောကဲ့သို့ မဟုတ်မူ၍ နိုင့်ထက်စီးနင်း ကြံစည်လျက် လာရောက် စော်ကား ရန်စ ပြုပြန်ချေပြီ။ ဤအရေး၌ ပေါ့ပေါ့ဆဆပြုကြလျှင် ငါတို့တစ်မျိုးလုံး သူတို့၏ ကျွန်ဘ၀သို့ ရောက်ကြရချိမ့်မည်။ မိစ္ဆာလူမျိုးတို့၏ ကျွန်ဖြစ်ရခြင်းထက် မြန်မာ၏ဂုဏ် မညှိုးရန် တိုက်ခိုက်ရင်း လဲသေရသည်က ရာဇ၀င်ပြောင်၍ မြတ်ပေသေး၏။ ယခုအရေးသည် ငါတို့၏ ဘုရားမြေကို ငါတို့သွေးဖြင့်ဆက်၍ အသက်နှင့်လဲယူမည့် အရေး ဖြစ်ချေသည်။ ဤတစ်ကြိမ်နိုင်လျှင် ငါတို့သည် အင်္ဂလိပ်ပိုင်တိုင်းပြည်သို့တိုင်အောင် တိုက်ခိုက်သိမ်းယူဖို့သာလျှင် ရှိပေတော့သည်။ ထို့ကြောင့် ဤတစ်ပွဲတွင် ရင်မြေကတုတ် ပြုလုပ်၍ တိုက်ခိုက်ကြကုန်စို့...
စစ်သူကြီး သတိုး မဟာဗန္ဓုလ
No comments:
Post a Comment