တောင်အာဖရိကမှာ ပြုလုပ်ခဲ့တဲ့ ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မပြောမဖြစ် ထည့်ပြောရမယ့် အရာကတော့ ဗူဗူဇီလာလို့ခေါ်တဲ့ ပလတ်စတစ်ဟွန်းတွေ ဖြစ်ပါတယ်။ နှစ်ပေကျော်ရှည်လျားတဲ့ အဲဒီပလတ်စတစ်ဟွန်းတွေရဲ့ ဆူညံလှတဲ့ အသံတွေဟာ ဒီနှစ်ကမ္ဘာ့ဖလားမှာ အကြီးအကျယ် လွှမ်းမိုးထားခဲ့ပါတယ်။ တောင်အာဖရိက တစ်နိုင်ငံလုံး ဗူဗူဇီလာအသံ မကြားရတဲ့နေရာ ရှိသေးရဲ့လားလို့ မေးရလောက်အောင် ဖုံးလွှမ်းခဲ့ပါတယ်။ တစ်ကမ္ဘာလုံးက ရုပ်သံကြည့် ပရိသတ်တွေအတွက်လည်း ၂၀၁၀ ကမ္ဘာ့ဖလားပွဲနဲ့ ဗူဗူဇီလာမှုတ်သံဟာ လင်မယားလို ဖြစ်သွားကြပါပြီ။ ဗူဗူဇီလာတွေရဲ့ ဆူညံသံတွေကို ဝေဖန်ကန့်ကွက်သူတွေ ရှိခဲ့သလို၊ ထောက်ခံခဲ့သူတွေလည်း ရှိခဲ့ပါတယ်။ ဝေဖန်ကန့်ကွက်သူတွေက အသံဖိအား ၁၂၀ dB(A) ရှိတဲ့ ဒီအသံတွေဟာ လူ့အကြားအာရုံကို ထိခိုက်စေတဲ့ ဆူညံသံဖြစ်တယ်၊ ဘောလုံးကွင်းထဲမှာ အဲဒီအသံတွေ ဆူညံနေတဲ့အတွက် ကစားသမားတွေကို စိတ်ပျံ့လွင့်စေတယ် စသည်ဖြင့်ပေါ့လေ။ ထောက်ခံသူတွေကတော့ ဗူဗူဇီလာဆိုတာ အာဖရိကရဲ့ အမှတ်အသား၊ ယဉ်ကျေးမှုတစ်ခုဖြစ်တယ်လို့ ချေပကြပါတယ်။ အချို့နေရာတွေမှာ ဗူဗူဇီလာ ကန့်သတ်နယ်မြေတွေ လုပ်ခဲ့ရတာကလွဲလို့ ဒီနှစ်ကမ္ဘာ့ဖလားမှာ ဗူဗူဇီလာယဉ်ကျေးမှုဟာ ထိန်းမနိုင်သိမ်းမရအောင် ကြီးထွားခဲ့ပါတယ်။ ဘောလုံးပွဲကို လာရောက်အားပေးကြတဲ့ နိုင်ငံအသီးသီးက ပရိသတ်တွေဟာ သူတို့အလံပုံစံတွေ အရောင်ခြယ်မှုန်းထားတဲ့ ဗူဗူဇီလာတွေကိုမှုတ်ပြီး ဘောလုံးပွဲကြည့်ရတဲ့ အရသာကို စွဲမက်နေကြပါပြီ။ ဒီနှစ်ကမ္ဘာ့ဖလားအတွက် ဗူဗူဇီလာတွေကို လက်မလည်အောင် ထုတ်ပေးနေရတာက တရုတ်နိုင်ငံ ဖြစ်တယ်ဆိုတာကိုတော့ စာဖတ်သူလည်း သိပြီးဖြစ်မှာပါ။ ၀ယ်လိုအားက များလွန်းလို့ တရုတ်တွေခမျာ ဗူဗူဇီလာကို အလျဉ်မီအောင် မနည်းထုတ်လုပ်နေရပါသတဲ့။ အခု ဒီစာကို ဖတ်နေရင်းနဲ့ နားထဲမှာများ ဗူဗူဇီလာအသံတွေ ကြားလာခဲ့ရင် မကြောက်ပါနဲ့ဗျာ၊ ကျွန်တော်ကိုယ်တိုင်လည်း ဒီစာကို ရေးနေရင်းနဲ့ ဗူဗူဇီလာအသံတွေကို ကြားနေမိတာကိုး။ :D
ဒီနှစ်ကမ္ဘာ့ဖလားမှာ အသင်းအသီးသီးကို ကိုင်တွယ်နေကြတဲ့ နည်းပြတွေကြားမှာ ပေါ်ပြူလာအဖြစ်ဆုံးကတော့ အာဂျင်တီးနားအသင်းရဲ့ မာရာဒိုနာပါပဲ။ ရာစုနှစ်အတွက် အကောင်းဆုံးဘောလုံးသမား ဆိုတဲ့ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားတဲ့အပြင် ကစားသမားဘ၀ကလည်း ပရိသတ်တွေအတွက် တသသဖြစ်စေမယ့် လုပ်ရပ်တွေကို အများအပြား ပြုလုပ်ခဲ့သူမို့ သူ့ရဲ့အရှိန်အ၀ါဟာ အခြားနည်းပြတွေထက် သာလွန်နေခဲ့တာတော့ အမှန်ပါပဲ။ သူ့အသင်းမှာ ပါဝင်လာတဲ့ မက်ဆီဟာ မာရာဒိုနာလက်သစ် မဟုတ်ပါဘူး။ သူ့တုန်းကထက် ပိုကောင်းတဲ့ကစားသမားပါလို့ ပြိုင်ပွဲမတိုင်မီမှာ ပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့်လည်း ဂယက်တွေ ဖြစ်ခဲ့ရပါတယ်။ ဘရာဇီးလ်ရဲ့ ပီလီကို ဘယ်တော့မှ မထင်မကြီးတဲ့၊ ဘယ်တော့မှ အကောင်းမပြောတဲ့ မာရာဒိုနာက မက်ဆီလိုလူမျိုးကို သူ့ထက်တောင် ပိုကောင်းပါတယ်လို့ ပြောလိုက်တော့ အားလုံးအတွက် အထူးအဆန်း ဖြစ်ကုန်ကြတာပေါ့။ မက်ဆီဆိုတာက ကလပ်အသင်းမှာသာ ခြေစွမ်းပြနိုင်တာ။ အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလား ယူပေးနိုင်ခြင်း မရှိသေးတဲ့သူ။ ဖြစ်နိုင်တာကတော့ မာရာဒိုနာဟာ သူ့အသင်းအတွက် ရည်ရွယ်ပြီး မက်ဆီကို စိတ်ဓာတ်မြှင့်ပေးခဲ့တယ် ထင်ပါရဲ့။ ကမ္ဘာ့ဖလားပွဲ စတင်တော့လည်း အခြားနည်းပြတွေနဲ့ မတူတဲ့ အပြုအမူတွေနဲ့ မာရာဒိုနာကို တစ်ကမ္ဘာလုံးက ပရိသတ်တွေ တွေ့မြင်ခဲ့ရတယ်။ ဆံပင်တွေက ဖွာလန်ဘုတ်သိုက်၊ နားပေါက်မှာ စိန်ပွင့်တွေပြောင်ပြောင်၊ ပါးသိုင်းမွှေး၊ မုတ်ဆိတ်မွှေးဗရဗြစ်နဲ့ အနောက်တိုင်းဝတ်စုံကို စမတ်ကျကျ ၀တ်ထားတဲ့ မာရာဒိုနာရဲ့ ဟန်ပန်ဟာ တစ်မူထူးနေတာတော့ အမှန်ပါပဲ။ ပွဲကစားချိန်မှာလည်း ကွင်းပြင်ထွက်လာတဲ့ ဘောလုံးတွေကို ခြေထောက်နဲ့ အသာလေး ကော်ယူ,မ,တင်ပြီး လက်ပစ်ဘော ပစ်မယ့်လူဆီကို ပေးတတ်တဲ့ဟန်ကလည်း ဒီနှစ်ကမ္ဘာ့ဖလားမှာ မာရာဒိုနာရဲ့ စတိုင်လ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အာဂျင်တီးနားအသင်း ဂိုးသွင်းပြီဆိုတာနဲ့ ကစားသမားတွေထက် မလျော့တဲ့ အောင်ပွဲခံမှုပုံစံမျိုးနဲ့ ပျော်ရွှင်နေပုံတွေကို ရုပ်မြင်သံကြားကတစ်ဆင့် မြင်တွေ့ရတာကလည်း တစ်မူထူးနေသလိုပါပဲ။ သူ့လက်ထဲမှာ အဆောင်လက်ဖွဲ့လို့ ယူဆရတဲ့ ပုတီးတစ်ခုကို အမြဲတမ်းကိုင်ထားတတ်ပြီး မကြာခဏ နမ်းလေ့ရှိတာကိုလည်း ရုပ်သံပြကွက်တွေက အမိအရ ရိုက်ပြနိုင်ခဲ့ကြပါတယ်။ အာဂျင်တီးနားအသင်းဟာ ဂျာမနီကိုရှုံးပြီး ကွာတားအဆင့်ကနေ ထွက်ခွာခဲ့ရပေမယ့် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ သမိုင်းမှတ်တမ်းတွေထဲမှာတော့ မာရာဒိုနာရဲ့ ပုံရိပ်တွေဟာ တသသပြောစရာဖြစ်အောင် ကျန်ရစ်နေခဲ့တာ အမှန်ပါပဲ။
၁၉၈၆ ခုနှစ် မက္ကစီကိုမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ အာဂျင်တီးနားနဲ့ အင်္ဂလန်တို့ ဆုံခဲ့ကြတဲ့ ကွာတားဖိုင်နယ်လ်ဟာ ဘောလုံးအကြောင်းပြောတိုင်း တသသထည့်ပြောရတဲ့ အမှတ်တရပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီပွဲစဉ်မှာ အာဂျင်တီးနားအသင်းက မာရာဒိုနာဟာ အင်္ဂလန်အသင်းဘက်ကို လက်နဲ့ပုတ်ပြီး ဂိုးသွင်းခဲ့တာကြောင့်ပါ။ မြန်လွန်းတဲ့အတွက် ဘယ်သူကမှ မာရာဒိုနာလက်နဲ့ သွင်းယူသွားတယ်လို့ မထင်မှတ်ခဲ့ကြပါဘူး။ အဲဒီနှစ်မှာ အာဂျင်တီးနားအသင်း ဗိုလ်စွဲခဲ့သလို မာရာဒိုနာလည်း အကောင်းဆုံး ရွှေဘောလုံးဆု ရခဲ့ပါတယ်။ မာရာဒိုနာဟာ ဘုရာပေးတဲ့လက်လို့ ကြွေးကြော်ခဲ့ပြီး အဲဒီစကားဟာလည်း ကမ္ဘာကျော်ခဲ့ပါတယ်။ မာရာဒိုနာ လက်နဲ့ပုတ်သွင်းသွားတဲ့ ဂိုးကိုလည်း ရာစုနှစ်ရဲ့ အကောင်းဆုံးဂိုးအဖြစ် ပရိသတ်တွေက မဲပေးခဲ့ကြပါတယ်။ ဒါတွေကတော့ ဘုရားပေးတဲ့လက်ဆိုတဲ့ အသုံးအနှုန်းအတွက် နိဒါန်းခံရတာပါ။
အခုပြောချင်တာကတော့ ဒီနှစ်ကမ္ဘာ့ဖလားမှာလည်း ဘုရားပေးတဲ့လက်ဆိုတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့လို့ပါပဲ။ ဒါပေမယ့် မာရာဒိုနာလိုတော့ တစ်ဖက်အသင်းကို ဂိုးသွင်းယူခဲ့တာ မဟုတ်ပါဘူး။ တစ်ဖက်အသင်းက သွင်းယူတဲ့ဂိုးကို မိမိဂိုးထဲမ၀င်အောင် တားဆီးခဲ့တာ ဖြစ်ပါတယ်။ မိမိဂိုးထဲမှာ တစ်ဖက်အသင်းက ကန်သွင်းတဲ့ဘောလုံးကို ဂိုးမ၀င်အောင် ဟန့်တားရင်း လက်နဲ့ထိတာ၊ အနီကတ်ပြပြီး အထုတ်ခံရတာ စတာတွေဟာ ဒီနေ့ဘောလုံးမှာ အထူးအဆန်း မဟုတ်ပါဘူး။ ဖြစ်ပျက်နေကျ အဖြစ်အပျက်တွေပါပဲ။ ဒါပေမယ့် ဒီတစ်ခါဖြစ်တဲ့ အဖြစ်အပျက်ကတော့ ထူးပါတယ်။ သာမန်လက်ထိသလိုမျိုး မဟုတ်သလို၊ သာမန်အကျိုးသက်ရောက်မှုမျိုးလည်း မဟုတ်ပါဘူး။ ဒီလက်ထိဘောကြောင့် အသင်းတစ်ခုလုံးရဲ့ ကံကြမ္မာတွေ ပြောင်းလဲသွားခဲ့ရသလို၊ အာဖရိကတိုက်ကြီး တစ်ခုလုံးရဲ့ ဘောလုံးပရိသတ်တွေလည်း အသည်းကွဲခဲ့ရတာပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီလက်ထိဘောကြောင့် အာဖရိကတိုက်ရဲ့ နောက်ဆုံးလက်ကျန် ဂါနာအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကွာတားအဆင့်ကနေ ထွက်ခွာခဲ့ရလို့ပါပဲ။
အဲဒီအဖြစ်အပျက် ဖြစ်ပျက်ခဲ့တာက ၂၀၁၀၊ ဇူလိုင်လ ၂ ရက်နေ့မှာ ကစားခဲ့တဲ့ ဥရုဂွေးနဲ့ ဂါနာအသင်းတို့ရဲ့ ကွာတားဖိုင်နယ်လ် ပွဲစဉ်မှာပါ။ ပထမပိုင်းမှာ ဂါနာအသင်းက တစ်ဂိုးအသာနဲ့ အနိုင်ရထားခဲ့တယ်။ ဒုတိယပိုင်းမှာတော့ ဥရုဂွေးအသင်းက ဖော်လန်က ချေပဂိုးသွင်းထားတယ်။ ပွဲအချိန်အတွင်း နောက်ထပ် ဂိုးမသွင်းနိုင်တဲ့အတွက် အချိန်ပို မိနစ် ၃၀ ဆက်ကစားရတယ်။ အချိန်ပိုပထမပိုင်းမှာလည်း ဘယ်သူမှ ဂိုးမသွင်းနိုင်ကြဘူး။ အချိန်ပိုဒုတိယပိုင်းမှာလည်း ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ပွဲပြီးတော့မယ်။ ဒိုင်လူကြီးက နာကျင်အချိန်ပိုအဖြစ် တစ်မိနစ်ပဲ ပေးလိုက်တယ်။ သေချာပြီ ပင်နယ်တီ ကန်သွင်းကြရတော့မယ်။ အဲဒီအချိန်မှာပဲ ဂါနာအသင်းက ကစားသမား နံပါတ်-၁၈ ADIYIAH က ခေါင်းတိုက်ပြီး ဂိုးသွင်းလိုက်တယ်။ ဥရုဂွေးဂိုးသမား မမီလိုက်ဘူး။ နောက်တန်းတွေ မတားလိုက်နိုင်ဘူး။ သေချာပေါက်ဝင်တော့မယ့် ဂိုးပေါ့။ အဲဒီအချိန်မှာ ဂိုးစည်းပေါ်မှာရှိနေတဲ့ တိုက်စစ်မှူး ဆွာရက်ဇ်က ပုံမှာမြင်ရတဲ့အတိုင်း လက်နဲ့ပုတ်ပြီး တားလိုက်တယ်။ သွားပြီ ပင်နယ်တီပေါ့။ ဆွာရက်ဇ်လည်း အနီကတ်ထိသွားတယ်။ အဲဒီဂိုးသာ ၀င်သွားခဲ့ရင် ကွင်းလယ်ဒိုင်လူကြီးက ပွဲသိမ်းခရာပါ တစ်ခါတည်း မှုတ်တော့မှာလေ။ ဒါပေမယ့် လက်ထိဘောဖြစ်သွားတော့ ပင်နယ်တီပေးရတယ်။ ဂါနာတိုက်စစ်မှူး ဂီယန်က အဲဒီပြစ်ဒဏ်ပင်နယ်တီကို ကန်သွင်းတယ်။ ဂိုးမရဘူး။ အနီကတ်ကြောင့် စိတ်ပျက်လက်ပျက်နဲ့ ယူကျုံးမရဖြစ်ပြီး အပြင်ထွက်သွားတဲ့ ဆွာရက်ဇ် ချက်ချင်းဆိုသလို ပျော်ရွှင်မြူးထူးသွားတယ်။ အဲဒီအချိန်မှာပဲ ပွဲသိမ်းခရာ မှုတ်လိုက်တယ်။ ပင်နယ်တီမှာ ဥရုဂွေးက ဂါနာကို အနိုင်ရပြီး ဆီမီးကိုတက်ရောက်သွားတယ်။ အာဖရိကမြေပေါ်ကပွဲမှာ အာဖရိကန်တွေအတွက် တစ်ခုတည်းသော မျှော်လင့်ချက်လေး ပျက်စီးသွားရတယ်။
ပင်နယ်တီမ၀င်တဲ့ ဂါနာအသင်းက ဂီယန်ကို အပြစ်တင်ကြပေမယ့် ဒီပွဲတစ်ခုလုံးနဲ့ ကံကြမ္မာတွေကို အလှည့်အပြောင်း ဖြစ်စေခဲ့တာက ဆွာရက်ဇ်ဖြစ်နေတယ်။ ကျန်ရှိတဲ့ပွဲတွေမှာ သူပါဝင်ကစားနိုင်တော့မှာ မဟုတ်ပေမယ့် သူ့နိုင်ငံအသင်း ဆီမီးဖိုင်နယ်လ် တက်ရောက်သွားနိုင်တဲ့အတွက် သူကျေနပ်ပျော်ရွှင်နေတယ်။ အဲဒါကြောင့်လည်း သူက ကြွေးကြော်လိုက်တာဖြစ်မယ်။
Hand of God (
ဘုရားပေးတဲ့လက်) တဲ့။ ဒီနှစ်ကမ္ဘာ့ဖလားမှာသာ ဥရုဂွေးအသင်း ဗိုလ်စွဲခဲ့မယ်ဆိုရင် ဆွာရက်ဇ်ရဲ့ ဘုရားပေးတဲ့လက်ဟာ ဒီထက်ပိုပြီး နာမည်ကြီးလာပါလိမ့်မယ်။ မာရာဒိုနာရဲ့ ဘုရားပေးတဲ့လက်နဲ့အပြိုင် သမိုင်းမှတ်တမ်းသစ် ရေးထိုးပါလိမ့်မယ်။ စောင့်ကြည့်ကြသေးတာပေါ့။
စာကြွင်းအပေါ်တွင် ရွေးချယ်ရေးသားထားမှုများသည် ကျွန်တော့်အမြင်၊ ကျွန်တော့်အတွေးသက်သက်သာ ဖြစ်ပါသည်။ စာဖတ်သူတို့နှင့် သဘောဆန္ဒတိုက်ဆိုင်လိမ့်မည်၊ အပြည့်အ၀ လက်ခံကြလိမ့်မည်ဟု မဆိုလိုပါ။ ကမ္ဘာ့ဖလားပွဲကို ရူးရူးမူးမူး ကြည့်ရှုအားပေးနေသည့် ပရိသတ်တစ်ဦးအနေဖြင့် ခံစားမိသမျှကိုသာ ရေးဖွဲ့တင်ပြထားခြင်း ဖြစ်ပါသည်။ အမှတ်စဉ် (၁)ဟု ခေါင်းစဉ်တပ်ထားပါသည်။ သေချာပေါက် ဆက်ရေးဦးမည်ပေါ့ခင်ဗျာ။ ကျန်းမာပျော်ရွှင်ကြပါစေ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၆ ရက်၊ အင်္ဂါနေ့။
နေ့လည် ၁၂ နာရီ ၂၈ မိနစ်တွင်ပြီး၏။
No comments:
Post a Comment