ချန်ပီယံသစ်ဆိုတဲ့ ကမ္ဘာ့ဖလားသမိုင်းသစ်နဲ့ မိမိတို့နိုင်ငံအတွက် ပထမဆုံးသော ကမ္ဘာ့ဖလားချန်ပီယံအဖြစ် သမိုင်းမှတ်တမ်းသစ် ရေးထိုးမယ့်ပွဲ ဖြစ်တာနဲ့အညီ နှစ်သင်းစလုံးဟာ ရေကုန်ရေခန်း မညှာတမ်း၊ မလျော့တမ်း ကစားသွားခဲ့ကြတာမို့ ပရိသတ်တွေ အကြိုက်တွေ့ခဲ့တယ်လို့ သုံးသပ်ရပါတယ်။
ဖိုင်နယ်ကို နှစ်ကြိမ်တက်ခဲ့ဖူးပေမယ့် ဖလားမရဖူးတဲ့ ဟော်လန်အသင်းဟာ တတိယအကြိမ်မြောက် ဖိုင်နယ်ရောက်ရှိမှုမှာတော့ ကမ္ဘာ့ဖလားကို လိုချင်နေမှာ ဗေဒင်မေးစရာမလိုတဲ့ အချက်ပါ။ သူတို့အတွက် ပိုပြီးတော့ တွန်းအားဖြစ်စေတာက ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်တွေမှာ တစ်ပွဲမှ ရှုံးပွဲမရှိသေးခြင်းပါပဲ။ တကယ်လို့သာ စပိန်ကို အနိုင်ရပြီး ဗိုလ်စွဲခဲ့မယ်ဆိုရင် ရှုံးပွဲမရှိ ကမ္ဘာ့ဖလားကို ရယူခဲ့တဲ့အသင်းဆိုပြီး သမိုင်းမှတ်တမ်းတစ်ခုကိုပါ အပိုဆုကြေးအဖြစ် ရရှိဦးမှာပါ။
စပိန်အသင်းကတော့ သူတို့နိုင်ငံအသင်းရဲ့ သမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ပြိုင်ပွဲမစတင်မီက ရေပန်းအစားဆုံးအသင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ထိန်းသိမ်းဖို့အတွက် အသင့်ဖြစ်နေခဲ့ပါတယ်။ အုပ်စုအဆင့်မှာ အိမ်ပြန်ရတော့မလားလို့တောင် ပရိသတ်တွေက စိုးရိမ်ခဲ့ကြရပေမယ့် နောက်ဆုံးတော့လည်း ဗိုလ်လုပွဲအဆင့်ထိ တက်လှမ်းလာနိုင်ခဲ့ပါတယ်။ ဂျာမနီကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲကို ရောက်လာခဲ့တာဟာ သူတို့အတွက် အကြီးမားဆုံးယုံကြည်မှု ဖြစ်စေခဲ့ပါတယ်။
ဟော်လန်အသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ ရော်ဘင်၊ ဗန်ပါစီ၊ စနိုက်ဒါ၊ ဗွန်းမဲလ်၊ ကူရစ် စသည်ဖြင့် အဓိက ကစားသမားအစုံနဲ့ ပွဲထွက်လာခဲ့သလို၊ စပိန်အသင်းကလည်း ဒေးဗစ်ဗီလာ၊ အင်နီယေစတာ၊ ဇာဗီ၊ အလွန်ဆို စသူတို့နဲ့ လူစုံခဲ့ပါတယ်။ ဟော်လန်အသင်းက ဟန်တယ်လာနဲ့ ဗန်ဒါဗတ်ကို အရံခုံမှာ ထိုင်ခိုင်းထားခဲ့ပြီး၊ စပိန်အသင်းကလည်း တောရက်စ်၊ ဖာဘရီဂတ်စ်နဲ့ ဒါလ်ဆေးဗားတို့ကို ပွဲထွက်အဖြစ် မသုံးခဲ့ပါဘူး။
ဥရောပနှစ်သင်း ဆုံတွေ့တာမို့ အပြန်အလှန်ထိန်းကစားပြီး ပျင်းစရာကောင်းတော့မယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် တကယ်တမ်း ကစားရာမှာတော့ အပြန်အလှန် ထိုးဖောက်ကစားသွားခဲ့ကြပြီး ကြည့်ကောင်းခဲ့ပါတယ်။ ခွန်အားနဲ့ လျင်မြန်မှုတွေကိုသုံးပြီး အဝေးဘောတွေနဲ့ ကစားသွားခဲ့ပြီး ဥရောပဟန်ကို အပြည့်အ၀ ခံစားခွင့်ရခဲ့ပါတယ်။ ကစားသမားတွေကလည်း ရင်းနှီးနေပြီးသားတွေမို့ ဘယ်သူက ဘယ်လိုကစားပေါက်ရှိတယ်၊ ဘယ်လိုလှည့်စားတတ်တယ်ဆိုတာကို သိနေခဲ့တာကြောင့်လည်း စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့်လည်း စပိန်ရဲ့ ဒေးဗစ်ဗီလာနဲ့ ဟော်လန်ရဲ့ ရော်ဘင်တို့ဟာ ယခင်ပွဲတွေလိုမျိုး စိတ်ထင်တိုင်းမပေါက် ဖြစ်ခဲ့ရပါတယ်။
ဒီနေ့ပွဲမှာ ဟော်လန်အသင်းရဲ့ ခပ်ကြမ်းကြမ်းကစားပုံကြောင့် စပိန်အသင်းရဲ့ အလယ်တန်းကစားကွက် ပျက်ခဲ့ရပါတယ်။ ဘောလုံးကို ကိုင်ကစားတတ်တဲ့ အင်နီယေစတာနဲ့ ဇာဗီတို့ရဲ့ အလယ်တန်းဟာ စိတ်ကြိုက်အကွက်ဆင်ခွင့် မရရှိခဲ့ဘဲ ဟော်လန်အသင်းရဲ့ အတင်းဝင်၊ အတင်းဖျက် ကစားပုံကြောင့် ရစ်သမ်ပျက်ခဲ့ရပါတယ်။ အဲဒါကြောင့်လည်း နှစ်သင်းစလုံးဟာ ဘောလုံးအပေးအယူ အချိတ်အဆက်မိမိနဲ့ ခပ်စိတ်စိတ် ကစားတာထက် အမြင့်ဘောတွေနဲ့ ကန်တင်ပြေးပုံစံသာ ဖြစ်နေခဲ့ပါတယ်။
ဟော်လန်အသင်းရဲ့ တိုက်စစ်အားလုံးနီးပါးကို ရော်ဘင်ဆီက စတင်ပြီး စပိန်အသင်းကတော့ နောက်ခံလူရာမို့စ် ရှေ့တက်လာတဲ့အချိန်မှာ တိုက်စစ်အရှိန် မြင့်တတ်တာကို စိတ်ဝင်စားဖွယ် တွေ့ခဲ့ရပါတယ်။ ကစားပြီးခဲ့သမျှ စပိန်အသင်းတွေရဲ့ ပွဲစဉ်တွေမှာ ရာမို့စ်ရဲ့ ကစားပုံဟာ အံ့သြစရာပါ။ ကလပ်အသင်းမှာတောင် မမြင်ရတဲ့ ခြေစွမ်းတွေကို ရာမို့စ်က ထုတ်ပြနိုင်ခဲ့ပါတယ်။ ဟော်လန်အသင်းရဲ့ စနိုက်ဒါနဲ့ စပိန်အသင်းရဲ့ ဇာဗီတို့ အရင်နေ့က ခြေစွမ်းတွေကိုမမီဘဲ သာမန်ဖြစ်နေခဲ့တာက နှစ်သင်းစလုံးအတွက် နစ်နာလှပါတယ်။
နှစ်သင်းစလုံးရဲ့ ထိုးဖောက်ဂိုးသွင်းမှုတွေကို ဂိုးသမားနှစ်ဦးလုံးက ကာကွယ်သွားနိုင်ခဲ့တဲ့အတွက် တစ်ဖက်နဲ့တစ်ဖက် ဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။ အပိုင်ဂိုးရမယ့် အခွင့်အရေးတွေ နှစ်သင်းစလုံးမှာ ကြုံခဲ့ရပေမယ့် ရှေ့တန်းတိုက်စစ်မှူးတွေ အံ့သြလောက်အောင် ဂိုးကံခေခဲ့တာကတော့ စိတ်ပျက်စရာပါ။ ဟော်လန်အသင်းက ကစားကွက်အသာစီး ရခဲ့တယ်လို့တောင် ဆိုနိုင်ပါတယ်။
ဒီနေ့ပွဲမှာ ပြောစရာဖြစ်အောင် ညံ့ခဲ့တာကတော့ အင်္ဂလန်ကွင်းလယ်ဒိုင် ဟောင်းဝက်ဘ်ပါ။ အလွန်အကျွံပွဲထိန်းမှုကြောင့် ဘောလုံးပွဲရသကို ရသင့်သလောက် မရခဲ့ပါဘူး။ ဘောလုံးပွဲအရှိန် မြင့်တက်လာပြီဆိုတာနဲ့ ဒိုင်လူကြီးရဲ့ ခရာသံကြောင့် ရပ်တန့်သွားခဲ့တာကို တွေ့ရပါတယ်။ ပြေးနေတဲ့မြင်းကို ဇက်ကြိုးဆွဲလိုက်သလို၊ အရှိန်တက်နေတဲ့ ဘောလုံးပွဲကို ခရာသံတွေနဲ့ အရုပ်ဆိုးအကျည်းတန်အောင် လုပ်ပစ်ခဲ့ပါတယ်။ နှစ်ဖက်ကစားသမားတွေကို သူ့ကိုကြောက်လာအောင် တမင်လုပ်နေခဲ့တယ်လို့တောင် ထင်မိပါတယ်။ တစ်ကမ္ဘာလုံး ကြည့်နေတဲ့ပွဲမှာ အင်္ဂလိပ်တစ်ယောက်ရဲ့ပါဝါကို ပြချင်တဲ့စိတ်မျိုးနဲ့ လုပ်ပြနေသလား ဟောင်းဝက်ဘ်ရယ်လို့တောင် မေးလိုက်ချင်သေးတော့တယ်။ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်မှာ ဟောင်းဝက်ဘ်ပြခဲ့တဲ့ ကတ်တွေကို ကြည့်ပါဦး။ အ၀ါကတ် (၁၄)ကတ်နဲ့ အနီကတ် (၁)ကတ် ဆိုတဲ့အရေအတွက်ဟာ မှတ်တမ်းသစ်များလား မဆိုနိုင်ဘူး။ ဗိုလ်လုပွဲဟာ ဘောလုံးကန်တဲ့ပွဲမဟုတ်ဘဲ ခရာမှုတ်တဲ့ပွဲ ဖြစ်နေခဲ့တယ်လို့ ဝေဖန်ချင်ပါတယ်။ နယ်သာလန်ဘက်က (၂၈)ကြိမ်နဲ့ စပိန်ဘက်က (၁၉)ကြိမ် ပေးခဲ့ရတယ်ဆိုတဲ့ foul အရေအတွက်ဟာ နှစ်မိနစ်ကို တစ်ကြိမ်နှုန်းနဲ့ ပြစ်ဒဏ်ဘောတွေ ပေးနေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ နှစ်မိနစ်တစ်ခါ ခရာမှုတ်နေတဲ့ ဘောလုံးပွဲတစ်ခုဟာ ဘယ်လိုလုပ်ပြီး ရသအပြည့်အ၀ ရနိုင်တော့မလဲဗျာ။
ရော်ဘင်က အပိုင်အခွင့်အရေးတွေကို ဖြုန်းတီးခဲ့သလို၊ ဒေးဗစ်ဗီလာနဲ့ ပတ်ဒရိုကလည်း ဂိုးရအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ အဲဒါကြောင့်လည်း မိနစ် ၉၀ ပြည့်တဲ့အထိ တစ်ဖက်နဲ့တစ်ဖက် ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ရတယ်။ အချိန်ပို ၃၀ မိနစ်အတွက် နှစ်သင်းလုံး ဆက်လက်တိုက်ပွဲဝင်ကြတယ်။
အချိန်ပိုမှာလည်း တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ဂိုးတွေသွင်းနေကြပေမယ့် ဂိုးရခဲ့ခြင်းမရှိဘူး။ သရေကျပြီး ပင်နယ်တီအထိ ရောက်တော့မယ်လို့ အားလုံးက တွက်ဆထားကြတာပါ။ နှစ်သင်းစလုံးကလည်း အပြည့်အ၀ အားထည့်ကစားခြင်း မရှိတော့ဘဲ အမှားကိုစောင့်ပြီး တန်ပြန်တိုက်စစ်တွေကိုပဲ အားကိုးခဲ့တယ်။ ရော်ဘင် ကျသွားခဲ့သလို လူစားဝင် တောရက်စ်လည်း နာသွားခဲ့တယ်။
အချိန်ပိုပြည့်ဖို့ ၄ မိနစ်ပဲလိုတော့တဲ့အချိန်ကျမှ စပိန်အသင်းရဲ့ တန်ပြန်တိုက်စစ်တစ်ခုဟာ ဟော်လန်ဂိုးစည်းထဲကို ရောက်လာခဲ့တယ်။ တင်ပေးလိုက်တဲ့ ဘောလုံးကို ဟော်လန်နောက်ခံလူတွေ အသေအချာဖျက်လို့ ရပါလျက်နဲ့ ပေါ့ဆခဲ့ကြတယ်။ နောက်မှာ လူကပ်ခံထားရခြင်း မရှိတဲ့ အင်နီယေစတာဆီကို ဘောလုံးရောက်တယ်။ ခြေခွင်နဲ့ တစ်ချက်ထိန်းတယ်၊ အသာလေးမြောက်လာတဲ့ ဘောလုံးကို ထိချက်မှန်မှန်၊ ကန်ချက်ပြင်းပြင်းနဲ့ လွှဲကန်လိုက်တယ်။ ကမ္ဘာ့အကောင်းဆုံး အလယ်တန်းလူတွေထဲက တစ်ဦးဖြစ်တဲ့ ဘာကာကစားသမားရဲ့ ကန်ချက်ကို ဟော်လန်ဂိုးသမား ဘယ်လိုလုပ် ဖမ်းနိုင်မလဲဗျာ။ လာရာလမ်းကြောင်းကို သိနေပေမယ့်လည်း အနီးကပ်တည်ပြီး အပြင်းကန်သွင်းတာကြောင့် ဘောလုံးရဲ့အမြန်နှုန်းကို ဂိုးသမားရဲ့ လှုပ်ရှားမှုက လိုက်မမီခဲ့ဘူး။ ပိုက်နဲ့ဘောလုံး ထွေးကနဲဖြစ်သွားချိန်မှာ အင်နီယေစတာက အင်္ကျီကိုချွတ်ပြီး ကွင်းပတ်အောင်ပွဲခံနေပြီ။ လက်ကျန် ၄ မိနစ်မှာ ဟော်လန်တို့ ဘာများတတ်နိုင်ဦးမှာလဲ။
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ ရှစ်သင်းမြောက် ချန်ပီယံအသင်းသစ်အဖြစ် စပိန်အသင်းက မှတ်တမ်းရေးထိုးသွားခဲ့ပါပြီ။ ဟော်လန်အသင်းကတော့ ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
Man of the Match - အင်နီယေစတာ (စပိန်)
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၃ ရက်၊ အင်္ဂါနေ့။
နံနက် ၁၁ နာရီ ၃၁ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၃ ရက်၊ အင်္ဂါနေ့။
နံနက် ၁၁ နာရီ ၃၁ မိနစ်တွင်ပြီး၏။
No comments:
Post a Comment