Thursday, July 08, 2010

2010 World Cup Review (Semi-Final, 7 July)


semifinal2.png

ဥရောပနှစ်သင်း တွေ့ဆုံတဲ့ပွဲမို့ အကြိတ်အနယ်ရှိပြီး အပြန်အလှန် ဂိုးတွေသွင်းကြမယ်လို့ ပရိသတ်တွေက ထင်မှတ်ထားခဲ့တဲ့ ပွဲတစ်ခုပါ။ ဒါပေမယ့်လည်း ဂျာမနီတို့အနေနဲ့ ဥရောပဖလားရှုံးကြွေးကို ပြန်မဆပ်နိုင်ခဲ့ဘဲ ကမ္ဘာ့ဖလားမှာပါ နောက်ထပ်အကြွေးသစ် ထပ်တင်သွားခဲ့ပါတယ်။ အင်္ဂလန်၊ အာဂျင်တီးနား စတဲ့နာမည်ကြီးအသင်းတွေကို ဖြတ်ကျော်လာခဲ့တဲ့ ဂျာမနီအတွက် ဒီအရှုံးဟာ ခါးသီးတာအမှန်ပါပဲ။ ကမ္ဘာ့ဖလားနဲ့ လက်တစ်ကမ်းအကွာကျမှ ခြေချော်လဲကျသွားခဲ့ရတာ နစ်နာလှပါတယ်။

အင်္ဂလန်အသင်းနဲ့ အာဂျင်တီးနားအသင်းတွေကို အနိုင်ယူခဲ့တဲ့ ဂျာမနီအသင်းနဲ့ ဒီနေ့ကစားခဲ့တဲ့ ဂျာမနီအသင်းမှာ မတူတာဆိုလို့ အလယ်တန်းကစားသမား သောမတ်မူလာ ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်တာတစ်ခုပါပဲ။ ဒါပေမယ့်လည်း အဲဒီတစ်ခုဟာ အရာအားလုံးဖြစ်စေခဲ့ပါတယ်။ မူလာမပါတဲ့ ဂျာမနီအလယ်တန်း ကစားပုံဟာ လုံးဝကို စွဲမက်စရာ မရှိခဲ့ပါဘူး။ အထူးသဖြင့် တန်ပြန်တိုက်စစ်တွေ ကစားရာမှာ အိုဇီးလ်တစ်ယောက်တည်းနဲ့ ရုန်းကန်ခဲ့ရတဲ့ ဂျာမနီတိုက်စစ်ဟာ အင်ဂျင်တစ်လုံးပျက်နေတဲ့ လေယာဉ်တစ်စင်းလို ထင်တိုင်းမပေါက် ဖြစ်ခဲ့ရပါတယ်။ တစ်ပွဲလုံးနီးပါး တစ်ဖက်သတ် ဖိကစားခဲ့တဲ့ စပိန်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကို ဂိုးမပေးရအောင် ထိန်းကစားနိုင်ခဲ့တဲ့ ဂျာမနီနောက်တန်းကိုတော့ ချီးကျူးမိတာ အမှန်ပါပဲ။ အခွင့်အရေးတွေ ဖန်တီးပေးမယ့်လူ မရှိတဲ့အတွက် ရှေ့တန်းမှာ ကလိုဆေး ရုန်းကန်ခဲ့ရပြီး စပိန်နောက်တန်းကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ ဂျိုအာချင်လိုးအနေနဲ့ မူလာမပါတဲ့ ဂျာမနီအသင်းကို ဘယ်လိုကစားကွက်နဲ့ ကစားခိုင်းရမလဲဆိုတာ ခေါင်းခြောက်ခဲ့ပုံပါပဲ။ အဲဒါကြောင့်လည်း ဂိုးမပေးရရေးကို ဦးစားပေးကစားပြီး တန်ပြန်တိုက်စစ်တွေကနေသာ ဂိုးသွင်းဖို့ကြိုးစားခဲ့တာကို တွေ့ရပါတယ်။ အချိန်ပို၊ ပင်နယ်တီတွေအထိ ဆွဲခေါ်ပြီး ကစားမယ့်နည်းလမ်းကို ဂျိုအာချင်လိုး ရွေးချယ်ခဲ့ပုံပါပဲ။

စပိန်အသင်းကတော့ သူ့ကစားဟန်အတိုင်းပဲ ဘောလုံးပိုင်ဆိုင်မှုကို အဓိကထားပြီး ကစားသွားခဲ့ပါတယ်။ ရှေ့တန်းမှာ တောရက်စ်ကိုမသုံးဘဲ ပတ်ဒရိုကို ပွဲထုတ်ခဲ့တာကတော့ မေးခွန်းထုတ်စရာပါ။ တောရက်စ်ဟာ အခုအချိန်အထိ ဂိုးမသွင်းနိုင်သေးဘူးဆိုပေမယ့် ဒေးဗစ်ဗီလာနဲ့ အတွဲအဖက်မိမိ ကစားနိုင်တဲ့ ကစားသမားပါ။ သူ့ရုန်းအား၊ တိုးအားနဲ့၊ အလိမ်အခေါက်တွေကြောင့် အခြားလူတွေအတွက် နေရာလွတ်တွေရလာအောင် ဖန်တီးနိုင်တဲ့ ကစားသမားပါ။ အလှုပ်ကစားမယ့်လူ မပါတဲ့အတွက် ဒေးဗစ်ဗီလာဟာ လူကပ်ကစားတာကို ခံခဲ့ရပြီး ခြေစွမ်းမပြနိုင်ခဲ့တာကို တွေ့ရပါတယ်။

ဒီနေ့ပွဲမှာ စပိန်နည်းပြဟာ တိုက်စစ်ဖွင့်ကစားခြင်းမပြုဘဲ တစ်ဖက်အသင်းရဲ့ အမှားကိုစောင့်ပြီး ကစားစေခဲ့ပါတယ်။ ဂျာမနီအသင်းကို အသာစီးရစေချင်တဲ့အတွက် အလယ်တန်းမှာ ၄ ယောက်တန်းနဲ့ ဘောလုံးကိုင်ပြီး ကစားစေခဲ့ပါတယ်။ အဲဒါကြောင့် ဂျာမနီတိုက်စစ်ဟာ စပိန်နောက်တန်းအထိ မရောက်နိုင်ဘဲ အလယ်တန်းမှာပဲ ပျက်နေခဲ့ရပါတယ်။ ဂျာမနီကလည်း အလယ်တန်းမှာ ၄ ယောက်ထားပြီး ကစားတဲ့အသင်းဖြစ်လေတော့ ဘောလုံးဟာ အလယ်တန်းမှာပဲ ကစားကွက်ကြပ်နေခဲ့ပါတယ်။

အလယ်တန်းမှာပဲ ကစားကွက်ကြပ်နေတဲ့အတွက် အဝေးဘောပေးကစားတတ်တဲ့ ဂျာမနီအသင်းအတွက် ခက်ခဲသွားခဲ့ပြီး ဘာစီလိုနာဟန် တစ်ချက်ထိ အနီးပေးတွေနဲ့ ကစားတတ်တဲ့ စပိန်အသင်းက အသာစီးရသွားခဲ့ပါတယ်။ ဂျာမနီအသင်းရဲ့ တိုက်စစ်မဲ့နေမှုကြောင့် အလွန်ဆိုဟာ ကွင်းလယ်အဖျက်တောင် မကစားခဲ့ရဘဲ ဇာဗီနဲ့အတူ ကစားကွက်ပုံဖော်ရာမှာ တွဲကစားခဲ့ပါတယ်။ အင်နီယေစတာက တစ်ကွင်းလုံးကို လိုက်ကစားပြီး ဂျာမနီအသင်းရဲ့ အားနည်းချက်ကို လိုက်ရှာခဲ့တာ တွေ့ရပါတယ်။ ကွင်းလယ်မှာ ဇာဗီက အကောင်းဆုံးထိန်းကျောင်းနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အလွန်ဆို ညံ့လွန်းတဲ့အတွက်သာ ဂိုးမရခဲ့တာ ဖြစ်ပါတယ်။

နှစ်သင်းစလုံးဟာ စိတ်ရှည်လက်ရှည်နဲ့ တစ်ယောက်အမှားကို တစ်ယောက်စောင့်ပြီး ဘောလုံးပိုင်ဆိုင်မှုကိုပဲ အဓိကထား ကစားခဲ့ကြလေတော့ တိုက်စစ်ဆင်ဂိုးသွင်းတာတွေကို ကြည့်ချင်တဲ့ ပရိသတ်တွေအတွက် ဘောလုံးပွဲဟာ ပျင်းစရာကောင်းခဲ့တာ အမှန်ပါပဲ။ ပထမပိုင်းတစ်ခုလုံး ဂိုးမရှိသရေနဲ့ ထိန်းကစားသွားပြီး နှစ်သင်းစလုံးရဲ့ ဘောလုံးပိုင်ဆိုင်မှုဟာ သိပ်မကွာခြားခဲ့ပါဘူး။

ဒုတိယပိုင်းမှာလည်း အပြောင်းအလဲသိပ်မလုပ်ခဲ့ဘဲ ပထမပိုင်းကလိုပဲ အလယ်တန်းမှာပဲ ဘောလုံးအပျက်များနေခဲ့တာပါ။ မူလာအစား ၀င်ကစားရတဲ့ ထရိုချိုးစကီးဟာ ကောင်းကောင်းမွန်မွန် ကစားနိုင်ခဲ့ခြင်းမရှိဘဲ သာမန်ခြေစွမ်းသာ ရှိနေခဲ့ပါတယ်။ စပိန်အသင်းက တောရက်စ်ကိုထည့်ပြီး တိုက်စစ်မြှင့်သင့်ပေမယ့် မလုပ်ခဲ့သလို၊ ဂျာမနီအသင်းကလည်း ထရိုချိုးစကီးအစား ဂိုးမက်ဇ်ကိုထည့်ပြီး ကလိုဆေးနဲ့ တွဲကစားဖို့ ပျက်ကွက်ခဲ့ပါတယ်။ အဲဒါကြောင့် နှစ်သင်းစလုံးရဲ့ တိုက်စစ်တွေ သေနေခဲ့ပြီး အလယ်တန်းတွေကပဲ အဓိကထိုးဖောက်ပြီး ကစားနေခဲ့ရပါတယ်။

၇၃ မိနစ်မှာတော့ ထောင့်ကန်ဘောကနေတစ်ဆင့် ပူယိုးလ်က ဒီပွဲရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ ဂျာမနီနောက်တန်းရဲ့ လူကပ်ကစားပုံ ပေါ့လျော့မှုနဲ့ ဂိုးသမားရဲ့ ညံ့ဖျင်းမှုကြောင့် ပေးလိုက်ရတဲ့ဂိုး ဖြစ်ပါတယ်။ ခေါင်းတိုက်မှာကိုရော၊ ဘောလုံးလမ်းကြောင်းကိုပါ သိနေမြင်နေပါလျက်နဲ့ ပုတ်ထုတ်ကာကွယ်နိုင်ခြင်း မရှိခဲ့တဲ့ ဂျာမနီဂိုးသမားရဲ့ အံ့အားသင့် အငိုက်မိမှုဟာ အံ့သြစရာပါ။ ပူယိုးလ်ရဲ့ ခေါင်းတိုက်ချက် ပြင်းတဲ့အတွက် မြန်လွန်းတာလည်း ပါမယ်ထင်ပါရဲ့။

အနိုင်ဂိုးရပြီးတဲ့နောက် စပိန်အသင်းဟာ ခံစစ်ကိုပြောင်းသွားခဲ့ပြီး ဂျာမနီအသင်းက ဖိကစားခဲ့ပါတယ်။ ဒီနေ့ပွဲရဲ့ ရသဟာ နောက်ဆုံးမိနစ် ၂၀ ကျမှပဲ ခံစားခွင့်ရခဲ့ပြီး ဂျာမနီရဲ့ တရစပ်တိုက်စစ်ကို စပိန်အသင်းက ကြံ့ကြံ့ခံရင်း တန်ပြန်တိုက်စစ်တွေကနေ ဂျာမနီကို ပြန်လည်ဒုက္ခပေးခဲ့တာဟာ ဘောလုံးပွဲကို ရသမြောက်စေခဲ့ပါတယ်။ ပထမပိုင်းကတည်းကသာ ဂျာမနီနဲ့ စပိန်နှစ်သင်းစလုံး အဲဒီလို ကစားခဲ့မယ်ဆိုရင် ဒီဆီမီးဖိုင်နယ်လ်ဟာ အတော်ကြည့်ကောင်းမှာပါ။ ဂျာမနီတို့အနေနဲ့ ချေပဂိုးရဖို့ မနားတမ်းကြိုးစားခဲ့ပေမယ့် ဒီနေ့ပွဲမှာ အမှားမရှိခဲ့တဲ့ ပူယိုးလ်နဲ့ ပီကေးနောက်တန်းကို မကျော်နိုင်ခဲ့ပါဘူး။ အထူးသဖြင့် ခေါင်းတိုက်အမြင့်ဘောတွေနဲ့ တိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့တဲ့ ဂျာမနီရှေ့တန်းကို ဂျရတ်ပီကေး အကောင်းဆုံး ဖျက်ထုတ်ရှင်းလင်းနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ စပိန်အသင်းက တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပြီး ဥရောပအသင်းတွေချည်း ဗိုလ်လုပွဲအတွက် လိမ္မော်ရောင်ဟော်လန်တို့နဲ့ ရင်ဆိုင်ဖို့အတွက် ခရီးဆက်သွားခဲ့ပါပြီ။ ဂျာမနီကတော့ တတိယနေရာလုပွဲမှာ ဥရုဂွေးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
xavit.png
Man of the Match - ဇာဗီ (စပိန်)
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၈ ရက်၊ ကြာသပတေးနေ့။
နံနက် ၁၀ နာရီ ၁၀ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics