Thursday, July 08, 2010

မဲပေးရန် စိတ်ဝင်စားမှုနှင့် ပါတီများမှု - မောင်စူးစမ်း


mgsusan.jpg
အဖိုလား အမလား
ဒီမိုကရေစီဆိုသော စကားလုံးနှင့် အယူအဆသည် နိုင်ငံတိုင်းတွင် ပေါ်ပြူလာဖြစ်နေသည်။ လူတိုင်း၏ ပါးစပ်ဖျားတွင် သီးနေသည်။ သို့သော် ဒီမိုကရေစီသည် အဖိုလား အမလား မသိကြပေ။ ဒီမိုကရေစီကို အဖိုအမ ခွဲခြားသည်မှာ အလင်္ကာတင်စားမှုဖြစ်၍ မသိလည်း ဘာမျှကိစ္စမရှိပါဟု ဆိုကောင်းဆိုနိုင်သည်။ ဒီမိုကရေစီကို အနက်ဖွင့်ဆိုရာ၌ ငါးမျိုးရှိနေသည်။

(၁) ရှေးဟောင်းခေါမနည်း (ဂရိနည်း)၊ (၂) ရှေးဟောင်းရောမနည်း၊ (၃) ဥရောပနည်း၊ (၄) အမေရိကန်နည်း၊ (၅) အာဏာရှင်တို့နည်း ဟူ၍ဖြစ်သည်။

မဲပေးရန် စိတ်ဝင်စားမှု
ရှေးဟောင်းဂရိနည်းတို့အဆိုအရ ဒီမိုကရေစီသည် Demos လူအုပ်-လူအများ ဆိုသောစကားနှင့် Kratos အုပ်ချုပ်ခြင်းဆိုသော စကားနှစ်ရပ်ပေါင်းစပ်၍ ပြောခြင်းဖြစ်သည်။ အဖိုအမပြဿနာ မပေါ်သေး။ သို့သော် အခြားဂရိပညာရှင်တစ်ဦးက ဒီမိုကရေစီကို နတ်သမီး Goddess ဟု သုံးစွဲလိုက်သဖြင့် ဒီမိုကရေစီကို အမဟု နားမည်ရမလို ဖြစ်သွားသည်။ သူက ဒီမိုကရေစီဆိုသော ဝေါဟာရသည် Democratus အမည်ရှိ နတ်သမီးကိုစွဲ၍ ခေါ်ခြင်းဖြစ်သည်ဟု ထောက်ပြသည်။

မည်သို့ပင်ဖြစ်စေ ကာလရွေ့ကျော်လာသောအခါ ဒီမိုကရေစီဆိုသော ဝေါဟာရလည်း အနက်အဓိပ္ပါယ်မျိုးစုံဖြင့် ဖွဲ့ထုံးလာသည်။ အဓိပ္ပါယ်တစ်မျိုးတည်း မရှိတော့ပေ။ အလေးအနက်ပြုလိုသောအချက်ကို ဇောင်းပေး၍ အဓိပ္ပါယ်ဖော်သည်။ ဥပမာ - လူအများသဘောတူညီမှု၊ လူအများဆန္ဒဖြင့် အုပ်ချုပ်ခြင်းဟူသော အနက်အဓိပ္ပါယ်တွင် ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်များ မဲဆန္ဒပေးခြင်းသည် ဒီမိုကရေစီ အရေးကြီးလာသော အစိတ်အပိုင်းအဖြစ် မှတ်ယူသည်။ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခြင်းရှိသလို မဲမပေးခြင်းလည်း ရှိနိုင်သည်။ ထို့ကြောင့် မဲဆန္ဒရှင်များ မဲမပေးလိုကြခြင်း၊ မဲပေးရန်စိတ်မ၀င်စားခြင်း Voter Apathy ကို အကြောင်းအရာတစ်ရပ်အဖြစ် ထည့်သွင်းဆွေးနွေးလာကြသည်။

ပါတီများလျှင်
မဲဆန္ဒရှင်တို့က မဲပေးရန် စိတ်မ၀င်စားသည့် အဖြစ်နှင့်ပတ်သက်၍ ထုံးစံအရ နိုင်ငံရေးသမားတို့အပေါ် အပြစ်တင်ကြသည်။ မြန်မာနိုင်ငံတွင် မကြာမီ၌ ရွေးကောက်ပွဲ ကျင်းပပြုလုပ်တော့မည်။ ဤရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီတို့သည် ၄၀ ကျော်လောက် ရှိလိမ့်မည်ဟု ခန့်မှန်းရသည်။ ထို့ကြောင့် ရွေးကောက်ပွဲဝင်မည့် ပါတီရှားလာသည်ဟူ၍ မရှိနိုင်ပြီ။ အချို့သုံးသပ်သူတို့က ပါတီတွေ များနေသော်လည်း ရွေးကောက်ပွဲတွင် မဲထည့်ရန် မဲဆန္ဒရှင်တို့ စိတ်မ၀င်စားသေးဟု အကဲဖြတ်နေသည်။ စင်စစ် ရွေးကောက်ပွဲ၌ မဲထည့်ရန် မဲဆန္ဒရှင်တို့၏ ဆန္ဒသည် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကိုသိပြီး နိုင်ငံရေးပါတီတွေ လှုံ့ဆော်စည်းရုံးမှသာ ပိုပြီး သိသာမြင်သာလာမည်။ ယခု မဲဆန္ဒရှင်တို့၏ စိတ်ဝင်စားမှုကို အကဲဖြတ်ရန် စောနေသေးသည်။

လွတ်လပ်သူ
ဤကိစ္စနှင့်ပတ်သက်၍ ပါတီနှင့် မဲဆန္ဒရှင်တို့ကြား ဆက်ဆံရေးပုံသဏ္ဌာန်ကို ဝေဖန်ဆွေးနွေးလိုသည်။ ပထမဆက်ဆံရေးပုံသဏ္ဌာန်သည် မဲဆန္ဒရှင်တို့သည် ပါတီစွဲမရှိကြပေ။ ဂိုဏ်းဂနစွဲ မရှိကြပေ။ ရွေးကောက်ပွဲနေ့ရောက်၍ မဲထည့်သည့်အခါကျမှပဲ မိမိနှစ်သက်ရာပါတီကို မဲထည့်သည်။ ပါတီဝင်အဖြစ် မဲထည့်သည်မဟုတ်။ ပါတီဝင်တို့ဟူ၍ မရှိ။ မဲထည့်မှ ပါတီရွေးထည့်သည်။ မဲထည့်ပြီးလျှင် ပါတီစွဲပျောက်သွားသည်။ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ၀ါဒစွဲ ဘယ်လောက်ရှိသည်ကို မဲထည့်ကြမှ ပေါ်မည်။

ဒုတိယပုံသဏ္ဌာန်သည် မဲဆန္ဒရှင်တို့သည် ရွေးကောက်ပွဲတွေ မတိုင်မီကတည်းက ပါတီဝင်တွေဖြစ်ကြသည်။ ရွေးကောက်ပွဲ ကျင်းပသောအခါ ပါတီစွဲဖြင့် မဲထည့်ကြသည်။ ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် လူထုက ပါတီတစ်ခုခု၏ အဖွဲ့ဝင်အဖြစ် မဲထည့်ရန် အကြောင်းကြောင်းကြောင့် အကန့်အသတ်နှင့် ဖြစ်သည်။ မဲရုံရောက်မှ ဆုံးဖြတ်ရမည့်ကိစ္စကို မဲရုံပြင်ပ၌ ကာလကြာရှည်စွာ ပါတီသစ္စာခံမှုအဖြစ် လက်ခံထားရခြင်းသည် ဒီမိုကရေစီအတွက် နမူနာကောင်း မဟုတ်ဟု ထင်သည်။ လူထုသည် မဲပေးချိန်၌သာ ပါတီစွဲရှိသင့်၍ ဤအချိန်၌ လွတ်လပ်သူဖြစ်သင့်သည်။

အမေရိကန်နိုင်ငံရေးတွင် ရွေးကောက်ပွဲအချိန်ကျမှသာ မဲဆန္ဒရှင်တို့အား ဒီမိုကရက်တစ် သို့မဟုတ် ရီပတ်ပလီကန်ဟူ၍ နှစ်သက်ရာ ရွေးသည်။ နှစ်သက်သည့်ပါတီကို မဲထည့်သည်။ မြန်မာ့နိုင်ငံရေးခွင်သည် လွှတ်တော်သုံးရပ် ပါတီစုံစနစ်နှင့် စစ်တပ်ပါဝင်မှုတို့ကြောင့် လူထုနှင့် ပါတီတို့အကြား ဆက်ဆံရေးပုံသဏ္ဌာန်သည် တစ်မျိုးထူးခြားနေလိမ့်မည်ဟု ခန့်မှန်းရသည်။
အညွှန်း - Democracy, Harvard Series

No comments:

Post a Comment

 
Web Statistics