နိုင်ပွဲတစ်ပွဲမှ မရခဲ့ဘဲ သရေတစ်ပွဲ အမှတ်တစ်မှတ်နဲ့ပဲ အုပ်စုနောက်ဆုံးနဲ့ အိမ်ပြန်ခဲ့ရတဲ့ ပြင်သစ်၊ နိုင်ပွဲမရှိ၊ သရေနှစ်ပွဲ၊ ရမှတ်နှစ်မှတ်နဲ့ပဲ အုပ်စုနောက်ဆုံးဘ၀နဲ့ အိမ်ပြန်ခဲ့ရတဲ့ လက်ရှိချန်ပီယံ အီတလီအသင်း၊ ဗိုလ်စွဲမယ်လို့ ရေပန်းစားခဲ့တဲ့ အသင်းတွေထဲမှာ ပါဝင်ခဲ့ပြီး ကမ္ဘာကျော်ဘောလုံးသမားတွေ ပါဝင်ခဲ့ပေမယ့် အုပ်စုအဆင့်ကနေ လိမ်ဖယ်လိမ်ဖယ် တက်လာပြီး ရှုံးထွက်အဆင့်မှာ ဂျာမနီအသင်းကို ခွက်ခွက်လန်ရှုံးခဲ့တဲ့ အင်္ဂလန်အသင်းတို့ဟာ ဒီနှစ်ကမ္ဘာ့ဖလားမှာ အရှက်ရစရာအကောင်းဆုံး အသင်းများအဖြစ် သတ်မှတ်ချင်ပါတယ်။ အဲဒီ(၃)သင်းစလုံးဟာ ကမ္ဘာ့ဖလားကို ရခဲ့ဖူးတဲ့ အသင်းတွေဖြစ်ကြပြီး အသင်းတွေရဲ့ သမိုင်းကြောင်း၊ အသင်းမှာပါဝင်တဲ့ ကစားသမားတွေရဲ့ စုဖွဲ့မှု၊ သူတို့အပေါ် ဘောလုံးပရိသတ်တွေရဲ့ အထင်ကြီးအားပေးမှု စတာတွေနဲ့ မထိုက်တန်အောင် ဆိုးဝါးလှတဲ့ ခြေစွမ်းတွေနဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အရုပ်ဆိုးအကျည်းတန်အောင် လုပ်ခဲ့တဲ့အသင်းများအဖြစ် မှတ်တမ်းတင်လိုပါတယ်။
သောင်းပြောင်းထွေလာ (၅)ကမ္ဘာ့ဖလားပြိုင်ပွဲ မစခင်က အင်္ဂလန်အသင်းရဲ့ ၀ိန်းရွန်းနီ၊ ပေါ်တူဂီအသင်းရဲ့ စီရော်နယ်လ်ဒို၊ အာဂျင်တီးနားအသင်းရဲ့ မက်ဆီ၊ စပိန်အသင်းရဲ့ တောရက်စ်၊ အိုင်ဗရီကို့စ်ရဲ့ ဒရော့ဘာတို့ကို ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုရမယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ စီရော်နယ်လ်ဒိုနဲ့ ဒရော့ဘာတို့နှစ်ဦးသာ တစ်ဂိုးစီရခဲ့ပြီး ကျန်ကစားသမားတွေကတော့ တစ်ဂိုးမှ သွင်းယူနိုင်ခဲ့ခြင်း မရှိပါဘူး။ မိမိကလပ်အသင်းတွေနဲ့အတူ သက်ဆိုင်ရာလိဂ်အသီးသီးမှာ ထိပ်တန်းဂိုးသွင်းသူတွေ ဖြစ်ကြတဲ့ မက်ဆီ၊ ၀ိန်းရွန်းနီ၊ တောရက်စ်တို့ တစ်ဂိုးမှ မသွင်းယူနိုင်ခဲ့တာဟာ ဒီနှစ်ကမ္ဘာ့ဖလားမှာ အံ့သြစရာ အကောင်းဆုံးတွေထဲက အံ့သြစရာတွေ ဖြစ်ပါလိမ့်မယ်။ (တောရက်စ်ကတော့ ဗိုလ်လုပွဲကစားဖို့ ရှိနေသေးသည်)
သောင်းပြောင်းထွေလာ (၆)အင်္ဂလန်နဲ့ ဂျာမနီတို့ရဲ့ပွဲမှာ လမ်းပတ်သွင်းတဲ့ဂိုးဟာ ဂျာမနီဂိုးစည်းကို သိသိသာသာကြီး ကျော်သွားခဲ့ပေမယ့် စည်းကြပ်ဒိုင်နဲ့ ကွင်းလယ်ဒိုင်လူကြီးတို့က မြင်တွေ့ခဲ့ခြင်း မရှိပါဘူး။ ရုပ်သံပြကွက်တွေအရ အဲဒီဂိုးဟာ ဂိုးစည်းကို အတော်ကြီးကို ကျော်လွန်သွားခဲ့ကြောင်း တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေ မြင်တွေ့ပြီးတဲ့နောက်မှာ ဒီနှစ်ကမ္ဘာ့ဖလားပွဲရဲ့ ဒိုင်လူကြီးတွေရဲ့ အရည်အသွေးတွေအပေါ် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် နည်းပညာအကူအညီယူဖို့ တစ်ချိန်လုံး ကန့်ကွက်လာခဲ့တဲ့ ဖီဖာဥက္ကဋ္ဌကြီးအတွက်လည်း တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို ဖြစ်ခဲ့ရပါတယ်။
ဆက်ရေးပါဦးမည်.....။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၈ ရက်၊ ကြာသပတေးနေ့။
နေ့လည် ၂ နာရီ ၃၈ မိနစ်တွင်ပြီး၏။
No comments:
Post a Comment