ယနေ့ခေတ်သည် ပညာခေတ်၊ ကမ္ဘာကြီးသည် ပညာရွာဖြစ်သည်ဟု ဆိုနေကြသည်။ ခေတ်သစ်မြန်မာပြည်ဝယ် ပညာနိုင်ငံရေးလုပ်ကြမှ တော်မည်ထင်တယ်ဟု သီချင်းရေးစပ် ဆိုလိုက်ချင်ပါသည်။
ဗြိတိသျှဝန်ကြီးချုပ်(ဟောင်း) တိုနီဘလဲက ပေါ်လစီမိန့်ခွန်းတစ်ခု ပေးရာမှာ ကျွန်တော်တို့မှာ ထိပ်တန်းဦးစားပေး လုပ်ငန်းသုံးရပ်ရှိသည်။ အဲဒါတွေကတော့...
ပထမ ပညာရေး
ဒုတိယ ပညာရေး
တတိယ ပညာရေး ပါပဲဟု ပြောသွားသည်။ ဗြိတိသျှလူထုက သဘောကျခဲ့သလို ကမ္ဘာ့ပညာတတ် အသိုင်းအ၀ိုင်းကလည်း ကောင်းချီးပေးခံရတဲ့ မိန့်ခွန်းပါပဲ။
ကျွန်တော်လည်း ကမ္ဘာသားတစ်ယောက် အနေနဲ့ ပညာခေတ်ထဲ ရော၍နေလိုက်မိပါသည်။ ပညာကို ဘာ့ကြောင့်ရော သဘောမကျဘဲ ရှိရမည်နည်း။
သို့နှင့် တစ်နေ့၊ ထိုနေ့က စနေနေ့ မိုးတွေကလည်း စွေလို့။ မိတ်ဆွေက လက်ဖက်ရည်ဆိုင်မှာ။ "ကိုစိုးမြင့်သိန်း ပညာခေတ်၊ ဂလိုဘယ်ခေတ်၊ ဂလိုဘယ်လိုက်ဇေးရှင်းလို့ ကြွေးကြော်ကြတာတော့ ဟုတ်ပါရဲ့။ ခင်ဗျား အမေရိကန်မှာ ကနေဒါမှာ သြစတြေးလျမှာ စင်ကာပူမှာ ဂျပန်မှာ အခုဒီမှာရော ပညာကို ငွေနဲ့ လဲလှယ်နေတာ၊ ရောင်းကုန်ပစ္စည်းလို လုပ်နေတာ၊ ဘယ်လောက် သင်တန်းကြေးကြီး၊ ဘယ်လောက် တက္ကသိုလ်ဝင်ခွင့်ကြေးကြီး တတ်နိုင်မှ ဘယ်တက္ကသိုလ်မှာ တက်ခွင့်ရမယ်ဆိုတာမျိုးက လူထုပြည်သူ အများတကာကို အကျိုးပြုမယ့်သဘောတော့ မဆောင်သေးဘူးဗျ။ အထည်ဆိုင်တစ်ဆိုင်မှာ မန်နေဂျာလုပ်နေတဲ့ လူငယ်ဟာ ပညာရေးတက္ကသိုလ် ဘွဲ့ရပါရပဲ။ အလုပ်လည်း ချက်ချင်းရတာပဲ။ ကွမ်းခြံကုန်းလိုနေရာမှာ မလုပ်နိုင်ဘူးဆိုပြီး ထွက်ပြီး ဈေးသည်လုပ်တယ်။ ဒါ တိုင်းပြည်နစ်နာတယ်။ ဘယ်ရောက်ကုန်ပြီလဲ၊ စွန့်လွှတ်အနစ်နာခံမယ် ဆိုတဲ့စိတ်တွေ၊ အတွေးအခေါ်တွေ" လို့ ရုတ်တရက် ဆွေးနွေးလာတဲ့အခါ ကျွန်တော် ပါးစပ်အဟောင်းသား ဖြစ်သွားရပါသည်။ မိတ်ဆွေသည် ကျောင်းဆရာ၊ မဂ္ဂဇင်း အယ်ဒီတာဟောင်း၊ စာအုပ်စီမံ ဖန်တီးသူတစ်ယောက် ဖြစ်ပါသည်။
Does Education Matter? ပညာရေးလောကကြီးတစ်ခုလုံးကို ပြန်ပြီး ရီဗျူးလုပ်ကြဖို့တောင် အကြောင်းက ဖန်လာသည်။
စက်မှုအရင်းရှင်စနစ် အားကောင်းလာခြင်း၊ သတင်းနည်းပညာ မီဒီယာလုပ်ငန်း ကျယ်ပြန့်လာခြင်းတို့နှင့်အတူ ပညာခေတ်က ပုံပေါ်လာခဲ့တာတော့ အမှန်။ အသိပညာလုပ်ငန်း၊ ပညာစီးပွားရေး Knowledge Industries, Knowledge Economy အသွင်ပြောင်းလာသည်လည်း အမှန်။ ပညာရှင်ကိုယ်တိုင် ပညာကို Productive Resources ထုတ်လုပ်ရေးအရင်းအမြစ်ဟု သတ်မှတ်လာကြသည်အထိ။ အဓိကနိုင်ဖဲသည် ပညာဟု ဆိုရမလို။
သို့နှင့် ပညာရေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းတွေ စီးပွားရေးလုပ်ငန်း ဖြစ်လာကြတော့သည်။ ကျွန်တော့်မိတ်ဆွေ ပြောလည်းပြောစရာ၊ အမေရိကန် APOLO GROUP အပိုလိုအုပ်စုသည် အကြီးဆုံး ပုဂ္ဂလိကတက္ကသိုလ်မျိုးကို ထူထောင်ထားခဲ့သည်။ နှစ်စဉ် ဒေါ်လာ ၁၀၈ သန်း မြတ်သည်ဟု သိရသည်။ ယင်းသည် ပညာလုပ်ငန်းစီးပွားရေး Knowledge Business ဖြစ်ချေ၏။ ပညာစန်းပွင့်လျက်ကို၊ ပညာမှာ ရင်းနှီးမြှုပ်နှံနိုင်လေ စီးပွားရေး နိုင်ငံရေးများ ပိုမိုအောင်မြင်လေ လောဂျစ်(Logic) ပေါ်လာ၏။ ပညာပါဝါနိုင်ငံရေး Knowledge is power; Knowledge Politics ဝေါဟာရပေါ်လာ၏။
ပညာနိုင်ငံရေး..။ ဟုတ်ပြီ။
ပညာကို ဝေဖန်ကြဦးစို့။ ပညာခေတ်၊ ပညာစီးပွားရေး၊ ပညာအလုပ်သမား ဟုတ်သလား၊ ပညာစကားလုံးက ၀ုန်းကနဲ ဒိုင်းကနဲ မြည်ဟီးလျက်။
တကယ်တော့ ပညာသည် အကြွင်းမဲ့လော၊ မဟုတ်နိုင်ပါ။ Absolute Value အကြွင်းမဲ့တန်ဖိုး ရှိသလော။ နှိုင်းရတန်ဖိုျးွelative Value သာ ရှိပါသည်။ အိုင်းစတိုင်းကို မမေ့ကြပါနှင့်။ ၉၆ ပါး ဖြေရှင်းဆေး မလုပ်ကြပါနှင့်ဦး။ ပညာဟူသည် သညာမျှသာဟု ထောက်ပြသံတွေ ထွက်လာနေ၏။ သဘာဝကျပါသည်။ ကျင့်ဝတ်ပိုင်း စစ်ဆေးခံနိုင်သည်လော။ တကယ့်ပညာစစ်သည် WISDOM ဖြစ်သင့်၏။ ဉာဏ်ပညာ ဖြစ်သင့်၏။ Morally Justified ကျင့်ဝတ်ပိုင်း စစ်ဆေးခံနိုင်စွမ်း ရှိရမည်။ ဘက်ပေါင်းစုံ All Round Dimensions ချဉ်းကပ်နိုင်ရမည်ဟူလို။
ကမ္ဘာ့နိုင်ငံရေး (နိုင်ငံအသီးသီးမှ ဖြစ်ပေါ်တိုးတက်မှုများ) ကို ကြည့်တော့လည်း လူတို့၏ နိုင်ငံရေးအပြုအမူ Political Behavior ကို စကားလုံး သုံးလုံးဖြင့် တွဲစပ်ထားကြောင်း တွေ့ရသည်။ agitate, deliberate နှင့် educate...။
(၁) လှုံ့ဆော်နိုင်ငံရေး၊ ယင်းသည် ဆွပေးနေသော နိုင်ငံရေးကို ခေါ်၏။ ပယ်လိုက်ပါသည်။ သွားတော့ အမှိုက်ပုံဟောင်း (agitate)
(၂) စဉ်းစဉ်းစားစား နှိုင်းနှိုင်းချိန်ချိန် တိုင်းကျိုးပြည်ပြု နိုင်ငံရေး (deliberate)
(၃) ပညာနိုင်ငံရေး educate စိတ်လှုပ်ရှားမှု ဦးစားမပေး၊ ပညာရေးသတိနှင့် နိုင်ငံရေးလုပ်ခြင်း၊ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ငြိမ်းချမ်းစွာ မြှင့်တင်ပေးနိုင်စွမ်းရှိ။ အမြင့်ဆုံးနိုင်ငံရေး။
ဆရာကြီး မောင်စူးစမ်းကလည်း clever လိမ္မာပါးနပ်ကြစမ်းပါဟု ခဏခဏ ပြောနေသည်။ သဘောပေါက်ဖို့ လိုပါမည်။
အထူးဖွံ့ဖြိုးရေးဒေသကြီး (၂၄)ခုတွင် ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် တစ်ခုစီ ခင်းကျင်းဖွင့်လှစ်ပေးထားသည့် နိုင်ငံတော်၏ အစီအမံ၊ စေတနာကို အမြော်အမြင်တရားနှင့် အလေးထားသင့်သည်။ မိမိဒေသအတွင်းမှ ပညာတတ်တိုင်းရင်းသား လူငယ်မျိုးဆက်သစ်များ အစီအရီ အပြိုင်းအရိုင်း ပေါ်ထွန်းလာသည်နှင့်အမျှ မိမိပြည်နယ်/တိုင်းဒေသလွှတ်တော်၊ အစိုးရအဖွဲ့များအတွက် အားသစ်များ ပိုမိုတိုးမြှင့် ရရှိလာမည် မဟုတ်ပါလား။
ပညာနိုင်ငံရေးဖြင့် တိုင်းပြည်အား အကျိုးများစေသတည်း။
ပညာနိုင်ငံရေးဖြင့် လူထုကို မြှင့်တင်ပေးစေသတည်း။
ပညာနိုင်ငံရေးဖြင့် ငြိမ်းချမ်းသာယာသော ဖွံ့ဖြိုးတိုးတက်သောခေတ်သို့ ဦးတည်စေသတည်း။
Thursday, July 08, 2010
ပညာသတိဖြင့် နိုင်ငံရေးလုပ်ကြမှ...တော်မည် - စိုးမြင့်သိန်း
Posted by Ko Nyan Posted Time 4:24 PM
Labels Political, နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment