ဘောလုံးပရိသတ်အများစုက ဒီရလဒ်ကို လက်မခံနိုင်ဘူး ဖြစ်နေကြတယ်။ ဒါပေမယ့် အဲဒီပွဲကို ကြည့်ခဲ့ရသူတွေကတော့ ဒီရလဒ်ထက် ပိုမိုပြတ်သားတဲ့ ရလဒ်ကိုတောင် လိုချင်ကြမယ် ထင်ပါရဲ့။
အနည်းငယ် စားမြုံ့ပြန်ရရင် မကြာသေးတဲ့ ကာလတစ်ခုဆီက ဥရောပရဲ့ အကောင်းဆုံးအသင်းဆိုတဲ့ စပိန်ကလပ် ဘာစီလိုနာအသင်းဟာ သူ့အိမ်ကွင်း၊ သူ့ပရိသတ်တွေရှေ့မှောက်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေနဲ့ စုဖွဲ့ပြီး အီတလီကလပ် အင်တာမီလန်ကို လိုအပ်တဲ့ဂိုးတွေ မသွင်းယူနိုင်ခဲ့လို့ မျက်ရည်စက်လက်နဲ့ ချန်ပီယံလိဂ်ကို နှုတ်ဆက်လက်ပြခဲ့ရတာ မှတ်မိကြမယ် ထင်ပါတယ်။ အင်တာမီလန်က ဘာစီလိုနာကို အနိုင်ယူတာမဟုတ်ဘူးလို့ မြင်နိုင်တဲ့လူ အတော်ရှားပါတယ်။ မြင်နိုင်တဲ့လူတွေကတော့ မော်ရင်ဟိုဟာ ဂွာဒီယိုလာကို အလဲထိုးသွားတယ်လို့ သုံးသပ်နိုင်ခဲ့ကြပါတယ်။ ဟုတ်ပါတယ်... မော်ရင်ဟိုဟာ ဂွာဒီယိုလာကိုတင်မဟုတ်ပါဘူး၊ ဘာကာအသင်းသားအားလုံးရဲ့ စိတ်ဓာတ်တွေကိုပါ အလဲထိုး အနိုင်ယူသွားခဲ့တာပါ။
အခုလည်း အဲဒီဇာတ်လမ်းက ကြောင်းတူသံကွဲ ဖြစ်လာခဲ့ပါပြီ။ အားလုံးက အာဂျင်တီးနားကြီး ဂျာမနီကို ရှုံးသွားပြီလို့ မြင်ကြတယ်။ အမှန်ကတော့ မာရာဒိုနာတစ်ယောက် ဂျိုးအာချင်လိုးရှေ့မှာ ဒူးထောက်လိုက်ရတာပါ။ ဂွာဒီယိုလာဟာ သူကိုယ်တိုင် ကစားသမားဘ၀က လာတဲ့လူဖြစ်လေတော့ ဘောလုံးရသတို့၊ တိုက်စစ်တို့၊ ဘောလုံးပိုင်ဆိုင်မှုတို့ စသည်စသည်တွေကို အလေးထားပါတယ်။ မာရာဒိုနာက ပိုဆိုးပေသပေါ့။ သူကိုယ်တိုင်က ဂိုးတွေသွင်းခဲ့သူ၊ ဘောလုံးကို ၀ိဇ္ဇာတစ်ပါးလို လိုသလိုကိုင်ကစားခဲ့သူ ဖြစ်ခဲ့လေတော့ ဘောလုံးအလှအပ၊ တိုက်စစ်ဆင်မှု စတာတွေကို အားသန်ပါတယ်။ မော်ရင်ဟိုကတော့ လူပြောသူပြောခံရတာကို စိတ်မ၀င်စားဘူး။ နည်းပြအလုပ်က ဘောလုံးပွဲနိုင်ရင် ချီးကျူးခံရမယ်၊ ရှုံးနိမ့်ရင် ဝေဖန်ခံရမယ်၊ ဖိအားပေးခံရမယ်၊ ဒီထက်ပိုရင် အထုတ်ပယ်ခံရမယ်။ အဲဒီတော့ ဘောလုံးပွဲတစ်ပွဲကို ဘယ်လိုအနိုင်ရအောင် လုပ်ရမလဲဆိုတာကိုပဲ အာရုံစူးစိုက်တယ်။ ဘောလုံးပွဲကို နိုင်အောင်ကစားနိုင်ဖို့က အဓိက၊ အလှအပတွေ၊ ရသတွေက ကျွဲကူးရေပါ ဖြစ်လာလိမ့်မယ်လို့ ခံယူထားတဲ့သူ။
ဟော... ထိုနည်းတူစွာပါပဲ။ ဂျိုးအာချင်လိုးဟာ အာဂျင်တီးနားကို ရင်ဆိုင်ဖို့အတွက် နည်းနည်းလေးမျှ စိုးရိမ်စိတ်ရှိခဲ့ပုံ မပေါ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘာစီလိုနာကို အနိုင်ရဖို့အတွက် မော်ရင်ဟို အသုံးချသွားတဲ့ အဓိကသော့ချက်ဟာ ဘာလဲဆိုတာကို သူသိနေခဲ့တယ်။ အခုလည်း အာဂျင်တီးနားကို အနိုင်ရဖို့အတွက် သူဘာလုပ်ရမယ်ဆိုတာကို ကောင်းကောင်းသိနေခဲ့တယ်။ တကယ်လည်း အဲဒီအသိကို မှန်မှန်ကန်ကန် အကျိုးရှိရှိ အသုံးချသွားခဲ့တယ်။ ကျွန်တော်လည်း ဒီနှစ်ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားပရိသတ်ပါ။ ဗိုလ်စွဲမယ်လို့တောင် ခန့်မှန်းထားခဲ့သူပါ။ ဒါပေမယ့် အခုကစားခဲ့တဲ့ပွဲမှာတော့ အာဂျင်တီးနား နိုင်ခဲ့မယ်ဆိုရင်တောင် ကျွန်တော်လိုချင်မိမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အာဂျင်တီးနားအသင်းဟာ မနိုင်သင့်ခဲ့လို့ပါပဲ။ ဂျိုးအာချင်လိုးရဲ့ ညွှန်ကြားမှုအောက်မှာ အကောင်းဆုံး ပုံဖော်ကစားနိုင်ခဲ့တဲ့ ဂျာမနီအသင်းကို ချီးကျူးမိတာ အမှန်ပါပဲ။
ပွဲကစားဖို့အတွက် ပထမပွဲထွက်စာရင်းကို ကြည့်လိုက်တဲ့အချိန်မှာ အာဂျင်တိုင်းတို့ အခြေအနေ မကောင်းတော့ဘူးဆိုတာ ကျွန်တော်သိလိုက်ပါပြီ။ အဓိကပြောစရာကတော့ အလယ်တန်းလူစာရင်းပါ။ အလယ်တန်းမှာ ကစားကွက်ဖော်ပြီး ကစားနိုင်မှာဆိုလို့ ဒီမာရီယို တစ်တစ်ယောက်ကိုပဲ မြင်မိတယ်။ မက်ဆီနဲ့ ကူရမှာပေါ့လေ။ ကျန်တဲ့နှစ်ယောက်က မာရှေယာနိုနဲ့ မက်ဆီရိုဒရီဂွတ်။ သူတို့နှစ်ဦးက ဖန်တီးသူတွေ မဟုတ်ကြဘူး။ အဖျက်အားသန်တဲ့ ကစားသမားနှစ်ယောက်။ ရှေ့တန်းမှာ နောက်ချန်တိုက်စစ်မှူးအဖြစ် နေရာပေးထားတဲ့ မက်ဆီကပဲ အလယ်တန်းကို ဆင်းကူရတော့မယ်ဆိုတာ သေချာစေတဲ့ လူထုတ်ပုံနဲ့ ကစားကွက်။ မက်ဆီက ပွဲမကန်မီတစ်ရက်အထိ အပြင်းဖျားနေခဲ့တဲ့လူ။ တစ်ရက်လောက်နဲ့ အားအင်ပြည့်ဝဖို့၊ ကြံ့ခိုင်မှုပြည့်ဝဖို့ သေချာပါ့မလား။ မက်ဆီမလှုပ်နိုင်ရင် သေပြီဆရာပဲ။ ဂျာမနီအသင်းကတော့ အလယ်တန်းကို အဓိကထားပြီး ပြင်ဆင်လာတာတွေ့ရတယ်။ မလှုပ်မတိုးနိုင်ပေမယ့် ကလိုဆေးကိုပဲ ရှေ့တန်းမှာ တင်ကစားခဲ့တယ်။ ပိုဒေါ့စကီး၊ ရှဝိန်းစတိုင်ဂါ၊ မူလာ၊ အိုဇေးလ်တို့နဲ့ စုဖွဲ့ထားတဲ့ ဂျာမနီအလယ်တန်းဟာ အာဂျင်တီးနားကို ကောင်းကောင်းဒုက္ခပေးတော့မှာ မြင်ယောင်နေမိတယ်။
ပွဲကစားတော့လည်း ထင်တဲ့အတိုင်းပါပဲ။ အာဂျင်တီးနားဟာ တစ်ဦးချင်းကျွမ်းကျင်မှုနဲ့အတူ ထိုးဖောက်မှုတွေ ပြုလုပ်နေခဲ့တယ်။ ဂျာမနီနောက်တန်းအတွက် အေးဆေးပေါ့လေ။ ဂျာမနီကတော့ အသင်းလိုက်စုဖွဲ့မှု အကောင်းဆုံးအနေအထားမှာ ရှိနေခဲ့တယ်။ ဘောလုံးကို စိတ်ရှည်လက်ရှည် ကိုင်ကစားတယ်။ လိုချင်တဲ့အကွက်ကို ရအောင်ဖော်တယ်။ သူတို့လိုချင်တဲ့ ကစားကွက်ထဲကို အာဂျင်တီးနားတို့ ၀င်လာဖို့အတွက် ဂျာမနီတို့ သိပ်တောင်မစောင့်လိုက်ရဘူး။ အလယ်တန်းမှာ ကွက်လပ်ကြီးဖြစ်နေတဲ့ အာဂျင်တီးနားအတွက် ဂျာမနီအလယ်တန်းရဲ့ လုပ်ချင်တိုင်းလုပ်တာကို ခံခဲ့ရတယ်။
လက်ရှိအချိန်အထိ ဒီနှစ်ကမ္ဘာ့ဖလားရဲ့ အမြန်ဆုံးဂိုးအဖြစ် မူလာက ခေါင်းတိုက်သွင်းသွားတော့ ပြုံးမိတယ်။ ဒီပွဲတော့ အာဂျင်တိုင်းတို့ ခွက်ခွက်လန်တော့မှာပဲလို့။ ဟုတ်ပါရဲ့... ပေးလိုက်ရတဲ့ဂိုးကလည်း နောက်တန်းကစားသမားတွေ လူကပ်ကစားပုံ မကျွမ်းကျင်တဲ့အတွက် မူလာက အေးအေးဆေးဆေး ခေါင်းတိုက်သွားနိုင်ခဲ့တာ။ မူလာဟာ ဒီနှစ်ကမ္ဘာ့ဖလားမှာ ကျွန်တော်သဘောအကျဆုံး အလယ်တန်းကစားသမား ဖြစ်နေပါတယ်။ ဘောလက်နာသွားတော့ အားလုံးက စိုးရိမ်ခဲ့ကြတယ်။ ဂျာမနီတော့ နာတာပဲပေါ့လေ။ ဒါပေမယ့် ဘောလက်မပါနိုင်ခြင်းရဲ့ အကျိုးရလဒ်အဖြစ် သောမတ်မူလာဆိုတဲ့ ကမ္ဘာ့အကောင်းဆုံး အလယ်တန်းကစားသမား တစ်ယောက်ကို ကျွန်တော်တို့ မြင်တွေ့ခွင့်ရခဲ့တယ်။ ဒီနှစ်ဂျာမနီအသင်းရဲ့ နိုင်ပွဲတွေမှာ မူလာရဲ့ စွမ်းဆောင်ချက်တွေဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ဘူး။
ဂိုးပေးလိုက်ရလို့ ပြာသွားတဲ့အာဂျင်တီးနားအတွက် အကြီးမားဆုံး အမှားကတော့ အားနည်းနေတဲ့ အလယ်တန်းကို အချိန်မီ မပြင်ဆင်နိုင်ခဲ့တာပါပဲ။ ဒီမာရီယိုကလည်း တောင်ပံမှာပဲ ကစားနေခဲ့တယ်။ မာရှေယာနိုကလည်း နောက်တန်းအထိ လိုက်ဖျက်ထုတ်နေရတယ်။ ရိုဒရီဂွတ်ကလည်း ဘာမှလောက်လောက်လားလား လုပ်မပြနိုင်ဘူး။ ပိုဆိုးတာက အာဂျင်တီးနားရဲ့ အဓိကဖန်တီးရှင် မက်ဆီနဲ့ အချိတ်အဆက် မမိတာပဲ။ မက်ဆီတစ်ယောက်ပဲ လှုပ်နိုင်မယ့်လူဆိုတာ သိနေတဲ့အတွက် ဂျိုးအာချင်လိုး တာဝန်ပေးထားတဲ့ ဂျာမာန်နှစ်ယောက်ကလည်း နည်းနည်းလေးမှ အလွတ်မပေးခဲ့ဘူး။ ကြံ့ခိုင်မှုမပြည့်တဲ့ပုံ ပေါက်နေတဲ့မက်ဆီဟာ စိတ်တိုင်းကျ ကစားခွင့်မရတဲ့အတွက် စိတ်ဓာတ်ပါ ကျသွားပုံရပါတယ်။ သူဖန်တီးပေးတာကို အဆုံးသတ်မယ့်လူ မရှိ။ သူ့ကိုကျတော့လည်း ဖန်တီးပေးမယ့်လူမရှိနဲ့ တကယ့်ကို သနားစရာလေးပါဗျာ။
တစ်ကမ္ဘာလုံးက ပရိသတ်တွေနည်းတူ ကျွန်တော်ကိုယ်တိုင်လည်း ဒုတိယပိုင်းမှာ မာရာဒိုနာနဲ့ အာဂျင်တီးနားအသင်း ပြန်လာနိုင်ခဲ့မယ်လို့ ထင်မှတ်ခဲ့ကြတယ်။ ခေတ်သစ်ဘောလုံးမှာ တစ်ဂိုးဆိုတဲ့ပမာဏဟာ စာဖွဲ့နေစရာမကို မဟုတ်တော့ဘူး။ ဒါကြောင့် မာရာဒိုနာတစ်ယောက် အပြောင်းအလဲတွေလုပ်ပြီး ကစားကွက်ကို ပြုပြင်နိုင်မယ်လို့ ထင်မှတ်ထားခဲ့တယ်။ ဒါပေမယ့် ပွဲထွက်လာတော့ ပထမပိုင်းကလူစာရင်းအတိုင်းပဲ။ တော်တော်စိတ်ပျက်သွားတယ်။ အလယ်တန်းကစားပုံ ညံ့ဖျင်းနေတာကို မာရာဒိုနာ မမြင်နိုင်ခဲ့တာလား၊ ခေါင်းမာခဲ့တာလားဆိုတာ သူကိုယ်တိုင်မှပဲ ပြောနိုင်လိမ့်မယ်။
ဂိုးလိုချင်တဲ့လူတွေဆိုတော့လည်း အာဂျင်တီးနားတို့က တရစပ်ဖိကစားတာပေါ့လေ။ အတူကြည့်နေတဲ့ သူငယ်ချင်းတွေက ၀မ်းသာအားရတွေဖြစ်လို့၊ လက်ခုပ်လက်ဝါးတွေတောင် တီးနေလိုက်သေးတော့တယ်။ ကျွန်တော်က တစ်ခွန်းပြောလိုက်မိတယ်။ အင်္ဂလန်ပွဲကို မှတ်မိလားလို့။ အားလုံးရဲ့မျက်လုံးတွေက ကျွန်တော့်ဆီကို ၀ိုင်းလာကြတယ်။ ငါလည်း မင်းတို့နဲ့အတူ အာဂျင်တီးနားပရိသတ်ပါကွ။ ဘာဖြစ်လို့လဲဆိုတော့ ဘာတွေရွှီးဦးမလို့လဲဆိုတဲ့ အကြည့်တွေပေါ့။ ကျွန်တော်ကတော့ အလျှော့မပေးပါဘူး။ ဆက်ပြောလိုက်ပါသေးတယ်။ မာရာဒိုနာဟာ ပရိယာယ်ကို နားမလည်ဘူးကွ။ သူက အခုအချိန်အထိ ဘောလုံးသမားစိတ်နဲ့ စဉ်းစားနေတုန်းပဲ။ သူသာဆိုရင် ဘယ်လိုအခွင့်အရေးရရင် ဘယ်လိုဂိုးသွင်းပစ်မယ်ဆိုတဲ့ အတွေးနဲ့အတူ မက်ဆီတို့၊ ဟီဂူအင်တို့၊ တိဗက်ဇ်တို့ကို ယုံကြည်နေတယ်ကွ။ အဓိကအားနည်းချက်က အဲဒါပဲ။ ဂျာမနီကို အသာစီးရအောင် ဘယ်လိုကစားကွက်နဲ့ ပုံဖော်မလဲဆိုတာထက် မက်ဆီဘယ်အချိန်မှာ အစွမ်းပြပြီး သူလုပ်ပြဖူးသလိုမျိုး နောက်တန်းအားလုံးကို တစ်ယောက်တည်းမွှေနှောက်ပြီး ဂိုးသွင်းမလဲဆိုတာကို သူစောင့်နေပုံရတယ်။ ဒါဟာ သူတို့ခေတ်ဘောလုံး မဟုတ်တော့ဘူးကွ။ သူတို့တုန်းက ကစားသမားက အဓိကကျတယ်။ ပါရမီရှင်ကစားသမား နှစ်ယောက်လောက်ပါရင် အဲဒီအသင်းဟာ ချန်ပီယံဖြစ်နိုင်တယ်။ အခုခေတ်က ကစားသမားချည်းပဲ အားကိုးရတဲ့ခေတ် မဟုတ်တော့ဘူး။ ဗျူဟာချင်းပြိုင်တဲ့ခေတ်၊ ပြိုင်ဘက်နည်းပြနှစ်ဦး ဉာဏ်စီချင်းထိုးတဲ့ခေတ်ကွလို့ ပြောမိတယ်။ သူတို့က ဆက်မေးတယ်။ အခုဘာဖြစ်နေလို့လဲတဲ့။ ဘာဖြစ်ရမလဲဗျာ။ အခုအာဂျင်တီးနားတို့ လုပ်နေပုံက အင်္ဂလန်အသင်း ချေပဂိုးရဖို့အတွက် အသည်းအသန် ဖိကစားနေတာတဲ့ တစ်ပုံစံတည်းဖြစ်နေတာပေါ့။ အဲဒီတော့ ဘာဖြစ်ရမလဲ ဂျိုးအာချင်လိုး လိုအပ်တဲ့အကွက်ထဲကို ကွဲခနဲ ၀င်သွားပြီပေါ့ကွာ။ မယုံရင်စောင့်ကြည့်၊ တန်ပြန်တိုက်စစ်ကနေ အာဂျင်တီးနားအသင်း ဂိုးတွေပေးရတော့မယ်။ အင်္ဂလန်အတိုင်းပေါ့။
ပြောလို့မှမကြာသေးဘူး၊ ဖိကစားနေတာက အာဂျင်တီးနား၊ ဂိုးရသွားတာက ဂျာမနီ... သေပြီဆရာပဲ။ ဘာမှကို လိုက်မကစားတဲ့ ကလိုဆေးက ဂိုးမသွင်းရင် မဖြစ်တော့တဲ့ အနေအထားကနေ မသွင်းချင်သွင်းချင်နဲ့ ဂျာမနီအတွက် ဒုတိယအနိုင်ဂိုးကို သွင်းလိုက်ရတယ်။ အသင်းကြီးအချင်းချင်း တွေ့တဲ့ပွဲမှာ နှစ်ဂိုးဆိုတဲ့ ပမာဏဟာ လုံလောက်ပြီလို့ အများစုက တွေးနေကြမှာပဲ။ ဒါပေမယ့် ဂျိုးအာချင်လိုးက အဲဒီလိုမတွေးဘူး။ ရလဒ်အားဖြင့်သာ အနိုင်ရသေးတယ်လို့ သူယူဆတယ်။ ရလဒ်ဆိုတာတွေက ကစားသမားတွေက ဖန်တီးတာဖြစ်တဲ့အတွက် အချိန်မရွေး အဲဒီရလဒ်ကို ချေဖျက်ပစ်နိုင်ကြသေးတယ်။ မက်ဆီသာ ချေပဂိုးတစ်ဂိုးလောက် ရသွားမယ်ဆိုရင် အခြေအနေတွေက ရှုပ်ထွေးသွားနိုင်တယ်။ အဲဒီအခါ မလိုအပ်ဘဲ ကစားကွက်ပျက်၊ ကစားသမားတွေ စုစည်းမှုပျက် ဖြစ်ကုန်ကြမယ်။ အဲဒီတော့ အနိုင်ဂိုးတွေရထားပေမယ့် ကစားအားကို ချမပစ်ဘဲ ဒီအတိုင်းပဲ ဆက်ထိန်းထားလိုက်တယ်။ ရလဒ်တွေထက် အနိုင်သေချာစေတာတွေ ရှိနေတယ်ဆိုတာ ဂျာမန်တွေ သိနေတယ်လေ။ ၇၄ မိနစ်မှာ ဖရိုက်ရစ်ခ်ျက တတိယဂိုးသွင်းလိုက်တဲ့ အချိန်မှာတော့ ဂျိုးအာချင်လိုး လိုချင်တဲ့အနိုင်ရလဒ်ကို ရရှိသွားခဲ့ပါတယ်။ ဂိုးအရေအတွက်မဟုတ်ပါဘူး။ စိတ်ဓာတ်အောင်ပွဲပါ။ သုံးဂိုးရှုံးသွားတဲ့အချိန်မှာ အာဂျင်တီးနား အသင်းသားတွေတင်မဟုတ်ပါဘူး၊ နည်းပြမာရာဒိုနာကိုယ်တိုင် စိတ်ဓာတ်ကျသွားခဲ့ပါပြီ။ စိတ်ဓာတ်ကျသွားတဲ့ အသင်းတစ်သင်းဟာ ဘယ်တော့မှ ပြန်လာလေ့မရှိပါဘူး။ ပြုသမျှကို နုပါတော့မယ်လို့ လည်စင်းခံပေးဖို့ပဲ ရှိတော့တာပါ။ အာဂျင်တီးနားတို့ကို သမိုင်းဝင်ရှက်ဖွယ်လိလိ ဖြစ်စေဖို့အတွက် လိုအပ်တဲ့ဂိုးတစ်ဂိုးကို ပွဲပြီးခါနီး ၈၉ မိနစ်မှာ ဂိုးတော့မယ်လို့ သေချာပေါက်သိနေတဲ့ အနေအထားကနေပဲ ကလိုဆေးက အသာအယာ ပိတ်သွင်းယူသွားခဲ့ပါသေးတယ်။
အာဂျင်တီးနားအသင်း မညံ့ပါဘူး။ မာရာဒိုနာ ညံ့တာပါ။ မက်ဆီမညံ့ပါဘူး။ ဒါပေမယ့် မာရာဒိုနာကစားခဲ့စဉ်က ပုံစံမျိုးကိုတော့ လုံးဝမမီပါ။ တိဗက်ဇ်ကြိုးစားပါတယ်။ ဒါပေမယ့် အရာမထင်ပါ။ ပြောရရင်တော့ ရှုံးသင့်လို့ရှုံးရတဲ့ပွဲဆိုတာကို တစ်ကမ္ဘာလုံးက လက်ခံနေကြပါပြီ။ မိတ်ဆွေရော...? အာဂျင်တီးနားရှုံးသွားလို့ မယုံနိုင်ဖြစ်နေတုန်းပဲလား။ မဖြစ်ပါနဲ့ဗျာ... ပိုကောင်းတဲ့အသင်း အနိုင်ရသွားတာပဲ။ ၀မ်းသာပေးလိုက်ပါ။ ဂျာမန်ဝန်ကြီးချုပ် မာကယ်လ်တစ်ယောက် ကလေးတစ်ယောက်လို ၀မ်းသာအားရနဲ့ ပျော်နေတာကိုမြင်တော့ သူ့ရင်ထဲက အပျော်တွေတောင် ကူးစက်လာတယ်လို့ ခံစားရတယ်။ သူများအသင်း အနိုင်ရတာကိုကြည့်ပြီး ဒီလောက်ပျော်နေရရင် ကျွန်တော်တို့နိုင်ငံအသင်းသာဆိုရင်.....။ အင်း... အင်း.... အင်း....။ ဟူး...... ဟူး.... ဟူး....။ :P
Man of the Match - ရှဝိန်းစတိုင်ဂါ (ဂျာမနီ)
အတော်ဆိုးတဲ့ အသင်းနှစ်သင်းဗျာ။ ကြည့်နေတဲ့ကျွန်တော်တို့က အချိန်ပိုတွေ၊ ပင်နယ်တီတွေအထိ အားခဲထားနေတဲ့အချိန်ကျတော့မှ ဆန့်တငင်ငင်နဲ့ ပူစပ်ပူလောင်ဖြစ်ပြီး ကျန်ရစ်ခဲ့အောင် လုပ်သွားကြတယ်။ ပွဲချိန်တစ်လျှောက်လုံး အသက်ရှူရပ်သွားမတတ် စိတ်လှုပ်ရှားမှုပေးခဲ့တဲ့ ဒီပွဲဟာ အတော်အသက်ဝင်ခဲ့တာပါ။ အများစုကတော့ ပွဲကြီးက အေးတိအေးစက်ကြီးလို့ မြင်ကြတယ်။ ဒါပေမယ့် တကယ်တမ်းက မအေးစက်ပါဘူး။ မသိမသာလေး အသည်းပေါက်မတတ် အနိုင်ရဖို့ လုံးပန်းခဲ့တဲ့ နှစ်သင်းလုံးဟာ တစ်ဖက်နဲ့တစ်ဖက် အမှားမခံဘဲ ရင်ဆိုင်ခဲ့ကြတဲ့အတွက် ပွဲအေးလို့ ထင်ခဲ့ရတာပါ။ အနိုင်ရတဲ့ပွဲတိုင်မှာ အလယ်တန်းကစားပုံကောင်းခဲ့တဲ့ စပိန်အသင်းဟာ ဒီနေ့ပွဲမှာတော့ ကစားကွက်အသာစီး မရခဲ့ပါဘူး။ အတင်းဝင်၊ အတင်းထွက်၊ မြန်နှုန်းတင်ပြီး ခပ်ကြမ်းကြမ်းကစားခဲ့တဲ့ ပါရာဂွေးအသင်းကတောင် အသာစီးရခဲ့ပါသေးတယ်။ တကယ်လို့သာ ပါရာဂွေးအသင်းရဲ့ တိုက်စစ်မှူးတွေ တစ်ဂိုးလောက်ပဲ ရခဲ့မယ်ဆိုရင်တောင် စပိန်တို့ အိမ်ပြန်သွားရနိုင်ပါတယ်။ ရှေ့၊ လယ်၊ နောက် ကစားသမားတွေအားလုံး အားကြိုးမာန်တက် ကစားသွားတဲ့ ပါရာဂွေးအသင်းဟာ စပိန်အသင်းထက် ပိုကောင်းနေခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ စပိန်တိုက်စစ်မှူး တောရက်စ်တစ်ယောက် ဂိုးပေါက်ပျောက်နေဆဲမို့ ပါရာဂွေးတို့ သက်သာရာရခဲ့ပါတယ်။ ဒေးဗစ်ဗီလာကလည်း ဘယ်အစွန်ကို ထွက်ကစားနေတဲ့အတွက် ထိရောက်တဲ့ထိုးဖောက်မှုတွေ မလုပ်နိုင်ခဲ့ပါဘူး။
ပါရာဂွေးအသင်းက ဗဲလ်ဒက်ဇ်ရဲ့ ကစားပုံဟာ ဒီနေ့ပွဲမှာ အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ စပိန်နောက်တန်းဟာ ဗဲလ်ဒက်ဇ်ကို အတော်ကြီးကို ထိန်းသိမ်းယူခဲ့ရပါတယ်။ သူသွင်းယူခဲ့တဲ့ ဂိုးတစ်ဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ပြီး ဂိုးမပေးခဲ့တာက ဒီပွဲရဲ့ အဓိက အလှည့်အပြောင်းတစ်ခု ဖြစ်သွားစေခဲ့ပါတယ်။ တကယ်ဆိုရင် အဲဒီဂိုးဟာ လူကျွံဘောမဟုတ်ပါဘူး။ လူကျွံအနေအထားမှာ ရှိနေတဲ့ နံပါတ်-၇ ဟာ ဘောလုံးကို ခေါင်းတိုက်မိခြင်း လုံးဝမရှိခဲ့ဘဲ ဗဲလ်ဒက်ဇ်က လွတ်လွတ်ကျွတ်ကျွတ် သွင်းယူခဲ့တာပါ။ စည်းကြပ်ဒိုင်လူကြီးရဲ့ အမှားတစ်ခုပါ။
ဘောလုံးပွဲကို ခံစားမှုရသတွေ တစ်ပြုံကြီးပေးခဲ့တဲ့ အဖြစ်အပျက်တွေကတော့ မိနစ် ၆၀ အနီးမှာ ဖြစ်ပျက်ခဲ့ပါတယ်။ သုံးမိနစ်အတွင်းမှာ နှစ်ဖက်စလုံးကို ပင်နယ်တီပေးခဲ့တဲ့ အဖြစ်အပျက်ဟာ ဒီနှစ်ကမ္ဘာ့ဖလားပွဲရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး ဖြစ်ရပ်တွေထဲက တစ်ခုအပါအ၀င် ဖြစ်ပါလိမ့်မယ်။ အံ့သြစရာကောင်းတာက အဲဒီပင်နယ်တီ နှစ်လုံးစလုံးကို နှစ်ဖက်အသင်းတွေက ဂိုးအဖြစ် မဖန်တီးနိုင်ခဲ့ကြတာပါပဲ။ စပိန်အသင်းက အလွန်ဆိုကန်သွင်းရာမှာ ဂိုးဝင်သွားခဲ့ပေမယ့် ဘောလုံးကိုမကန်ခင် စပိန်ကစားသမားတွေ စည်းအတွင်း ၀င်လာခဲ့တယ်ဆိုပြီး ပြစ်ဒဏ်ဘောသတ်မှတ်ကာ ဒုတိယအကြိမ် ပြန်ကန်ခိုင်းခဲ့ပါတယ်။ ဒုတိယအကြိမ်မှာတော့ အလွန်ဆိုရဲ့ ကန်သွင်းမှုကို ပါရာဂွေးဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ အဲဒီပင်နယ်တီကို ပြသပြီးခဲ့ချိန်မှာ ထုတ်လွှင့်နေတဲ့ ရုပ်သံအစီအစဉ်က ပါရာဂွေးအသင်းက ကာဒိုဇိုပင်နယ်တီ ကန်သွင်းတဲ့အနေအထားကို ပြန်ပြခဲ့ပါတယ်။ အဲဒီလိုပြန်ပြတဲ့အချိန်ကျမှ ကာဒိုဇို ပင်နယ်တီကန်သွင်းတုန်းကလည်း ဘောလုံးကို မထိခင်ကတည်းက စပိန်ကစားသမားတွေ စည်းအတွင်းကို ကျော်ဝင်လာတာကို ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရပါတယ်။ အဲဒီအချိန်တုန်းကတော့ ကွင်းလယ်ဒိုင်လူကြီးဟာ ပင်နယ်တီကို ဒုတိယအကြိမ် ပြန်ကန်ဖို့ ဘာကြောင့်မသတ်မှတ်သလဲဆိုတာ မေးခွန်းထုတ်စရာပါ။
ဒီအတိုင်းပဲ မိနစ် ၉၀ ပြီးတော့မယ်လို့ ထင်မှတ်ရတဲ့အချိန်မှာပေါ့ဗျာ။ ဂိုးရချင်တဲ့လူများကျတော့လည်း ကြံဖန်ပြီးတော့ကို ဂိုးရတတ်ကြတာမျိုးဗျ။ အင်နီယေစတာက အံ့သြဖွယ်ရာ ဖန်တီးမှုတစ်ခုကို ပြုလုပ်ခဲ့တယ်။ ပါရာဂွေးအလယ်တန်းနဲ့ နောက်တန်းကစားသမားတွေအားလုံးကို မထင်မှတ်ဘဲ ကျော်ဖြတ်ခဲ့တယ်။ ပြီးတဲ့အချိန်မှာ တိကျသေချာတဲ့ ပေးပို့မှုတစ်ခုကို ညာဘက်မှာလွတ်နေတဲ့ ပတ်ဒရိုဆီကို ပေးပို့ခဲ့တယ်။ ပတ်ဒရိုကလည်း အဲဒီဘောလုံးကို အပြင်းကန်သွင်းတယ်၊ ပါရာဂွေးဂိုးသမားရဲ့ ညာဖက်ဂိုးတိုင်ကို ထိမှန်ပြီး ပြန်ထွက်သွားတယ်..၊ ဟာ...၊ အဲဒီဘောလုံးကို နောက်တန်းက ခေါင်းတိုက်ဖျက်ထုတ်တယ်၊ ဒေးဗစ်ဗီလာဆီကိုရောက်တယ်၊ အသာလေးပွတ်သွင်းလိုက်တယ်၊ ဂိုးသမားရဲ့ ဘယ်ဖက်ဂိုးတိုင်ကို သွားမှန်တယ်...၊ ပြန်ထွက်လာပြီး ဂိုးသမားရဲ့ ညာဖက်ဂိုးတိုင်ကို ထပ်ပြီးမှန်တယ်၊ ပြီးတော့ ဂိုးဝင်သွားတယ်။ ဖြစ်ပျက်ခဲ့တာတွေက ခဏလေးမှ တကယ့်ကို ခဏလေးရယ်။ ဒါပေမယ့် ကြည့်နေရသူတွေက ဟာလိုက်၊ ဟင်လိုက်နဲ့ ဘာဖြစ်သွားမှန်းတောင် မသိလိုက်ဘူး။ ဒေးဗစ်ဗီလာတို့ ဂိုးရပုံများကတော့ အံ့သြစရာပါပဲ။ အာဖရိကန်နတ်တွေဟာ စပိန်အသင်းကို သဘောကျတယ်ထင်ပါရဲ့။ ကံကောင်းခြင်းတွေကို လက်ဆောင်ပေးခဲ့ကြပါတယ်။
ဆီမီးဖိုင်နယ်လ်အဖြစ် ဂျာမနီနဲ့ စပိန်တွေ့ဆုံမှုကတော့ ပွဲကြီးပွဲကောင်းပဲ ထင်ပါရဲ့။ သမိုင်းအစဉ်အလာချင်းယှဉ်ရင် ကွာဟချက်ကြီးလွန်းတဲ့ သူတို့နှစ်သင်းရဲ့ ဆုံတွေ့မှုဟာ စိတ်လှုပ်ရှားမှုတွေ ဖြစ်စေဦးမှာတော့ အမှန်ပါပဲ။ ဂျာမနီရဲ့မူလာ ပွဲပယ်ခံထားရတာကတော့ နစ်နာလှသဗျာ။ ဒေးဗစ်ဗီလာဂိုးသွင်းတဲ့ပွဲတိုင်း စပိန်အသင်း အနိုင်ရတဲ့စံချိန်အတိုင်းဆိုရင်တော့ ဂျာမနီနဲ့နေ့မှာ ဒေးဗစ်ဗီလာကို ထိန်းချုပ်ဖို့အတွက် ဂျိုးအာချင်လိုးတစ်ယောက် ဘာတွေဖန်တီးမလဲဆိုတာ ကြိုတင်တွေးတောတာနဲ့တင် ရင်ခုန်စရာကောင်းလှပါပြီ။
Man of the Match - အင်နီယေစတာ (စပိန်)
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၅ ရက်၊ တနင်္လာနေ့။
နံနက် ၉ နာရီ ၃၈ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၅ ရက်၊ တနင်္လာနေ့။
နံနက် ၉ နာရီ ၃၈ မိနစ်တွင်ပြီး၏။
ချဲထွက်ပြီး ချိုင်း တို့ စေတီတို့ ကလန်ဒါတို့ ပြန်တွက်ပြတဲ့ ချဲသမား တွေလိုပဲ ဖတ်လို့ကောင်းပါတယ်။ :P
ReplyDeleteကိုဥာဏ် ခင်ဗျား ။
ReplyDeleteကျွန်တော်က ဘောလုံးနဲ့ ပတ်သက်ပြီး အခြေခံဗဟုသုတလောက်သာ ရှိသူတယောက်ဖြစ်ပါတယ် ။
ကျွန်တော် သိချင်တာနည်းနည်းရှိလို့ မှတ်ချက်မှာရေးထည့်ခဲ့ပါတယ် ။ ကိုဥဏ်ကို ပညာစမ်းတာမဟုတ်ပါဘူး ။ ပျော်ပျော်ပါးပါး ရေးကြပြောကြတဲ့သဘောမျိုးပါ။
အခု သတင်းစာတွေမှာ ဖတ်ရနေတာ မာရာဒိုနာက နည်းပြကောင်း တယောက်မဟုတ်ဘူး လို့ဆိုပါတယ် ။ စာနယ်ဇင်းဆရာတွေ ၊ ဘောလုံးဝေဖန်ရေးပညာရှင်တွေပြောတဲ့ နည်းပြကောင်းမဟုတ်ဘူးဆိုတာကို မှန်တယ်လို့ ကျွန်တော်လက်ခံပြီးတဲ့နောက် ၊ သူလိုပဲ ကွာတား မတိုင်ခင်ထွက်သွားတဲ့ ကျန်ခဲ့တဲ့ အခေါက်က ဖလားပိုင်ရှင် အသင်း အီတလီ ၊ အခြားနာမည်ကျော် အသင်းများဖြစ်ကြတဲ့ အင်ဂလန် ၊ ပြင်သစ်၊ ဘောဝိဇ္ဇာဆရာသမားတွေရဲ့ဘရာဇီး စသည်စသည် အသင်းတွေရဲ့ နည်းပြတွေအပါအဝင် ၊ ကျွန်တော်တို့ရဲ့ ( အပင်မြင့်) မာရာဒိုနာကြီးကိုပါထည့်ပြီး ၊ အညံဆုံးကို ပေးမှတ် (၁၀) ၊ သူထက်နည်းနည်းညံ နည်းပြကောင်းမဖြစ်တာကို ပေးမှတ် (၉) ၊ ဒီထက်ပိုဆိုးတဲ့ ဆရာသမားဆို ပေးမှတ် (၈) မှတ်စသဖြင့် ပေးရင် ဘယ်လိုရလဒ်မျိုးထွက်လာမလဲဆိုတာကို သိချင်နေမိတယ် ။
အခုကမ္ဘာ့ဖလား အုပ်စုပွဲမှာ ဂျာမဏီ ရူံးခဲ့တဲ့ပွဲမှာ ဂျာမဏီအသင်း နည်းပြရဲ့ အရည်အချင်း၊ အနေအထား၊ ပရိယယ်စတာတွေကို လည်းသိချင်နေမိတယ် ။ နည်းပြဆရာရဲ့ နည်းစနစ်အမှားလား ၊ အသင်းသားတွေခြေမတွေ့တာလား ။ (ဂျာမဏီ သုန်ည ။ ဆားဗီးယား တစ်ဂိုး)