Wednesday, March 31, 2010

ဟိုဟိုဒီဒီ အတွေးသီ - ကိုဉာဏ် (ပန်းလောင်မြေ)


မိုးပေါက်ကလေးတွေက ဖြိုးဖြိုးဖြောက်ဖြောက် ကျလို့နေသည်။ ၀န်းကျင်တစ်ခုလုံးက အုံ့အုံ့မှိုင်းမှိုင်းနှင့် ကြည်ကြည်လင်လင် မရှိလှချေ။ အိပ်တန်းပြန် ငှက်ငယ်တို့က စီစီရီရီ၊ ညီညီညာညာဖြင့် ပျံသန်းသွားကြသည်ကို နီနီကြင်ကြင် နေလုံးကြီးကို နောက်ခံထား၍ ပြက်ပြက်ထင်ထင် မြင်လိုက်ရသည်။ ညင်းညင်းသာသာ တိုက်ခတ်လာသော လေပြည်ထဲတွင် မြေသင်းရနံ့ကို ပျံ့ပျံ့သင်းသင်း ရလိုက်မိသည်။ လှလှပပ ဖူးပွင့်နေသော ပန်းပင်တို့မှာ လေအဝေ့တွင် နွဲ့နွဲ့နှောင်းနှောင်းနှင့် ယိမ်းကနေကြသည်။ စိမ်းစိမ်းမြမြ သစ်ရွက်တို့ပေါ်တွင်လည်းကောင်း၊ စိုစိုလွင်လွင် ပန်းပွင့်တို့ပေါ်တွင်လည်းကောင်း ဖွေးဖွေးဥဥ ပုလဲမိုးရေစက်တို့ဖြင့် ထူးထူးခြားခြား လှလို့နေပြန်သေးတော့သည်။ နွမ်းနွမ်းလျလျဖြင့် ကြွေကျနေရှာသော သစ်ရွက်ခြောက်တို့ကတော့ တစ်ချက်တစ်ချက် လေအဝေ့တွင် မှောက်ချည်လှန်ချည်နှင့် ပြေးလွှားနေကြရသော်လည်း မိုးရေစက်တို့ကြောင့် ရှူးရှူးရှဲရှဲ မမြည်နိုင်ရှာကြ။ ဒုန်းဒုန်းဒိုင်းဒိုင်း မြည်လိုက်သော မိုးခြိမ်းသံတို့ကလည်း ခြိမ်းခြောက်နေသလားဟုပင် မှတ်ထင်ရသည်။ သစ်ပင်ထက်မှာ အိပ်တန်းလာတက်သည့် ငှက်အုပ်တို့၏ စိုးစိုးစီစီ အော်မြည်သံတို့ကြောင့်လည်း ၀န်းကျင်တစ်ခုလုံး ဆူဆူညံညံ ဖြစ်လို့နေသည်။ အမှောင်ထုက ညင်ညင်သာသာနှင့် တိုးဝင်လာသည်။ နေလုံးနီနီက အနောက်ဘက်စွန်းတွင် ဖြည်းဖြည်းမှန်မှန်နှင့် အိပ်ရာဝင်ဖို့ ဟန်ပြင်နေချေပြီ။ မကြာတော့သည့် အချိန်အတွင်း လင်းလင်းချင်းချင်း နေ့ခင်းပျောက်၍ မှောင်မှောင်မှိန်မှိန် ညအချိန်သို့ ရောက်ပေတော့မည်။ တစ်နေ့တာလုံး ဆူဆူညံညံ၊ တက်တက်ကြွကြွ၊ လှုပ်လှုပ်ရှားရှားနှင့် ရုန်းကန်ခဲ့ရသော သတ္တလောကကြီးသည် တိတ်တိတ်ဆိတ်ဆိတ်၊ ငြိမ်ငြိမ်သက်သက်၊ ငြိမ်းငြိမ်းချမ်းချမ်း၊ အေးအေးလူလူဖြင့် အနားယူပေဦးတော့မည်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မတ်လ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ည ၁၀ နာရီ ၀၅ မိနစ်တွင်ပြီး၏။
*****************
ညနေက တင်းနစ်ကစားပြီး ပြန်လာတော့ ရေမချိုးခင်လေး အခန်းကော်ရစ်တာမှာ ခဏနားနေမိပါတယ်။ မိုးတိမ်ရိပ်တွေကြောင့် အုံ့အုံ့မှိုင်းမှိုင်းဖြစ်နေတဲ့ ပတ်ဝန်းကျင်ကို ငေးကြည့်မိရင်း စိတ်ကူးအတွေးတွေကို ရွက်လွှင့်မိပါတယ်။ အဲဒီ တွေးမိတွေးရာ အတွေးတွေကို ရေးမိရေးရာ ရေးလိုက်တာပါ။

Funny Cartoons for Your Relax


ကာတွန်းလေးတွေခံစားပြီး အပန်းဖြေကြပါဦး။ စိတ်ကြည်နူးပျော်ရွှင်စေပြီး အတွေးပါတဲ့ ကာတွန်းလေးတွေကို ရွေးထုတ်တင်ပေးထားပါတယ်။ ကျောင်းစာတွေ၊ ရုံးအလုပ်တွေ၊ အိမ်အလုပ်တွေနဲ့ ပင်ပန်းနွမ်းနယ်နေရတဲ့အထဲ ကျွန်တော့်ဘလော့ဂ်ကိုရောက်လာတော့ ဦးနှောက်ကို အပန်းပြေစာတွေထက် ဦးနှောက်ကို ဖိအားပေးမယ့် စာတွေကိုပဲ ဖတ်နေရတဲ့ ဘလော့ဂ်ဖတ်သူတွေကို တကယ်ကိုပဲ အားနာပါတယ်။ ဖြစ်နိုင်ရင်တော့ ပျော်ရွှင်စရာ၊ ရယ်မောစရာ၊ ပေါ့ပေါ့ပါးပါးလေးတွေကိုပဲ ရေးပြီးတင်ပေးချင်ပါတယ်။ ဒါပေမယ့်လည်း .........။

ကဲ... အခုတော့ သဘောကျရင်ကျသလို အားပါးတရ အော်ဟစ်ရယ်မောလိုက်ကြပါဦး။ ဘာတွေကိုမှ စဉ်းစားမနေပါနဲ့။ သူများတွေကို အလေးဂရုထားပြီး ပြုံးရုံပဲပြုံးမနေစမ်းပါနဲ့။ ခင်ဗျား တကယ်သဘောကျတဲ့ ကာတွန်းတွေများပါခဲ့ရင် ကလေးတစ်ယောက်လို အော်ဟစ်ပြီးတော့ ရယ်ပစ်လိုက်စမ်းပါ။ ပျော်ရွှင်နိုင်ကြပါစေဗျာ။

(၁)
televisionla.jpg

(၂)
lazyhand.jpg

(၃)
imcomeoutcome.jpg

(၄)
goatman.jpg

(၅)
freeticket.jpg

(၆)
modelu.jpg

(၇)
postmodern.jpg

ပို့စ်တစ်ခါတင်ရင် နည်းနည်းစီ တင်ပေးနေတဲ့ ကျွန်တော့်ကို စိတ်မရှည်လို့ အဲဒီကာတွန်းတွေကို အားပါးတရသွားကြည့်ချင်ရင်တော့ ဒီနေရာကို သွားကြည့်နိုင်ပါတယ်နော်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မတ်လ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ည ၉ နာရီ ၃၀ မိနစ်။

၂၀၁၀ နှင့် နိုင်ငံရေးဦးနှောက် ယနေ့မြန်မာ - စိုးမြင့်သိန်း


ယနေ့မြန်မာနိုင်ငံ၊ မြန်မာ့နိုင်ငံရေး အခြေအနေတွင် ဦးနှောက်အရေးကြီးကြောင်း၊ ခံစားမှု အီမိုးရှင်းသက်သက်သမားထက် ဦးနှောက်သမားက ပိုလိုအပ်ကြောင်း သုံးပွင့်ဆိုင် ပလေယာပုံသဏ္ဌာန်ကိုကြည့်ပြီး ပြောလို့ရသည်။ သုံးပွင့်ဆိုင်ဟူသည် (၁) စပွန်ဆာ၊ (၂) နိုင်ငံရေးခေါင်းဆောင်များ၊ (၃) မဲဆန္ဒရှင်များ။ ဒီသုံးပွင့်ဆိုင်က ယနေ့နိုင်ငံရေးကို ပုံဖော်သွန်းလုပ်ကြမည်။ နိုင်ငံရေးဦးနှောက်က ဒီမှာ အရေးကြီးလာပြီ။ Political Brains သုံးဖက်လုံးမှာ ရှိကြသည်။

နိုင်ငံရေးသိပ္ပံပညာရှင်တို့ကတော့ ဤနိုင်ငံရေးဦးနှောက်ထဲတွင် အကြောင်းအကျိုးသုံးသပ်သော ဆင်ခြင်တုံတရား Reason နှင့် စိတ်ခံစားမှု (ဖီလင်အီမိုးရှင်း) Emotion အားပြိုင်ကြပုံကို စစ်တမ်းထုတ်ကြသည်။

မြန်မာ့နိုင်ငံရေး ဝေါဟာရနယ်ပယ်တွင် ၀ါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲ ဆိုသော စကားလုံးတွေ အတော်သုံးကြသည်။ ဤနေရာတွင် ပုစ္ဆာတစ်ပုဒ် တွက်ချက်ဆင်ခြင်ကြည့်ဖို့ ပေါ်လာ၏။ ဆိုခဲ့ပါ ပလေယာတို့၏ နိုင်ငံရေးဦးနှောက်ထဲတွင် ဆင်ခြင်တုံတရားက နေရာယူလွှမ်းမိုးခဲ့သလား၊ အီမိုရှင်းကပဲ တွန်းဆော်ခဲ့သလား မေးခွန်းပုစ္ဆာ။

ပေါ်လစီရေးရာ၌ပင် ၀ါဒကိုအခြေခံ၊ စည်းမျဉ်းစည်းကမ်းကိုအခြေခံ လုပ်ဆောင်ကြလျှင် ယင်းကို ဆင်ခြင်တုံတရားဟု ယေဘုယျ သုံးသပ်နိုင်သည်။ ထိုအချက်ကို ဦးနှောက်မုန်တိုင်းဆင် Brain Storming ကြည့်ကြဦးစို့။ စိန်ခေါ်စဉ်းစားကြဦးစို့။ ထိုသို့ နိုင်ငံရေးသမားတို့ ၀ါဒပေါ်လစီရွေးချယ်ချမှတ် ကျင့်သုံးကြရာတွင် ကျိုးကြောင်းဆင်ခြင်ကြရာတွင် "အိမ်နီးချင်း"က အတော်သြဇာ လွှမ်းခဲ့ကြသလား သို့မဟုတ် အင်အားကြီး အင်ပါယာတို့က သြဇာညောင်းခဲ့ကြသလား။

ဥပမာ တစ်ခေတ်က လီနင်စတာလင် ဆိုဗီယက်ယူနီယံအင်ပါယာ Logic စဉ်းစားနည်းမျိုး အတုခိုးခဲ့ကြသလား။ တရုတ်မော်စီတုံးတို့၏ မဟာပစ္စည်းမဲ့ ယဉ်ကျေးမှုတော်လှန်ရေး လုပ်တာမျိုး၊ ဖြုတ်ထုတ်သတ်လမ်းစဉ် ချမှတ်ကျင့်သုံးခဲ့တာမျိုး။ ယင်းကို ဆင်ခြင်တုံတရားဟု ခေါ်မည်လား၊ ခံစားမှုအီမိုးရှင်းအကြိုက်ဟု ခေါ်မည်လား၊ ဘာ "စံ" လဲ၊ ဘာ "နှုန်း" လဲ၊ သဲကွဲစွာ ဝေဖန်နိုင်ဖို့ လို၏။

နိုင်ငံရေးသည် လူတို့၏ အီမိုးရှင်းလွှမ်းသော အလုပ်ဖြစ်သည်မှာ ထင်ရှား၏။ သမိုင်းရာဇ၀င်များကို ကြည့်။ နိုင်ငံရေးသည် မေတ္တာဇာတ်လမ်းထက် အမုန်းဇာတ်လမ်းဟု နိုင်ငံရေးပညာရှင်တချို့က ခပ်ပြတ်ပြတ် ခပ်ရဲရဲ ဖွင့်ဟကြသည်။ ထောက်ပြကြသည်။ လူတို့၏ နိုင်ငံရေးဦးနှောက်ထဲတွင် ထိုအီမိုးရှင်းက သဘာဝအလျောက် နေရာယူထားပြီးဟု ဆိုနိုင်သည်။ လူတို့သည် အီမိုးရှင်းသတ္တ၀ါများ ဖြစ်ကြပေသည်တကား။

ယခု (ဒီယခုက အရေးကြီး ယခု) နိုင်ငံရေးမှာ လူမျိုးရေး ဘာသာရေးများ အခြေခံခြင်းကို ကမ္ဘာအ၀ှမ်း လျှော့ချဖို့ ကြိုးစားနေကြပြီ။ အရှေ့-အရှေ့အလျောက်၊ အနောက်-အနောက်အလျောက်၊ ယင်းစား လူတန်းစားထိပ်လွှာ (အီလစ်)နှင့် အောက်ခြေ (ပေါ်ပြူလစ်) တို့ဆိုပြီး ခွဲခြားကြည့်လာသည်။ လူ့အဖွဲ့အစည်းသည် ထိပ်လွှာနှင့် အောက်ခြေ ပေါင်းစပ်ထားခြင်းဟု အကြမ်းဖျဉ်း နားလည်နိုင်သည်။ ယင်းအခြေခံဖြင့် နိုင်ငံရေးကို ကြည့်ကြသည်။

ထို့ကြောင့် ပေါ်လစီဝါဒ တံဆိပ်ခတ်ကြလျှင် (၁) Elitism (၂) Populism ဆိုပြီး မျက်နှာစာနှစ်ဖက်ကို ကြည့်သောနည်း ပေါ်လာသည်။

ထို့ပြင် (၁) ကွန်ဆာဗေးတစ်၊ (၂) လစ်ဘရယ်၊ (၃) ဆိုရှယ်လစ်ဟု ဂိုဏ်းခွဲပြောနည်းလည်း ရှိသည်။

၂၀၁၀ ယနေ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲအပြီးကာလတို့တွင် နိုင်ငံရေးတံဆိပ် ဘယ်လို ကပ်ကြမည်လဲ၊ စဉ်းစားတွေးမြင်ကြည့်ချင်စရာ ကောင်းနေသည်။

(၁) ဘာသာရေးအခြေစိုက်
(၂) လူမျိုးရေးနှင့် ယဉ်ကျေးမှုအခြေစိုက်
(၃) လူတန်းစားအခြေစိုက်
(၄) နိုင်ငံရေးဝါဒ ပေါ်လစီအခြေစိုက်
(၅) အီလစ်၊ ပေါ်ပြူလစ်အခြေစိုက်
(၆) နိုင်ငံလုံးဆိုင်ရာအခြေစိုက်
(၇) ဒေသအခြေစိုက်
(၈) အမျိုးသမီးအခြေစိုက်
စသည်ဖြင့် ပါတီစုံပေါ်လာနိုင်သည်။

မည်သို့ရှိစေ နိုင်ငံရေးဦးနှောက်တော့ ရှိကြပြီးသားဟု မှတ်ယူရသည်။ သန်ရာသန်ရာ အမျိုးမျိုးအစားစား အဖုံဖုံ။

နိုင်ငံရေးကို သုံးသပ်သည်ထက် နိုင်ငံရေးဦးနှောက်သုံးသပ်သည့် အကြောင်းအရာ ရှုထောင့်သစ်တစ်မျိုး ရေပန်းစားလာမည်ဟု The Political Brain by Drew Westen ကို ကိုးကားညွှန်းပြု၍ ဆရာမောင်စူးစမ်းက ရန်ကုန်တိုင်းမ် အတွဲ ၆၊ အမှတ် ၆၊ ဖေဖော်ဝါရီ ၁၁/၁၇-၂၀၁၀ မှာ ရေးလာပြန်ပါသည်။

ထင်ဆင့်ညွှန်းသူ၏ ကိုယ်ပိုင်အမြင်
နိုင်ငံရေးတွင် ခံစားမှု (ဆိုကြပါစို့ အမုန်းဒေါသ၊ အာဃာတစွဲ၊ ဂိုဏ်းအုပ်စုပုဂ္ဂိုလ်စွဲ) ထက် ဆင်ဆင်ခြင်ခြင် စဉ်းစဉ်းစားစား သုံးသပ်ပြီး Reality ပကတိအစစ်တရားက ဘာလဲ (ခါးသီးချင်ခါးသီး၊ စပ်ဖျင်းဖျင်း ဖြစ်ချင်လည်းဖြစ်) သေချာမြင်အောင်ကြည့်ပြီး ထိုခါးသီးမှုကိုပင် တဖြည်းဖြည်း ချိုအီဆိမ့်သပ်လေး ဖြစ်သွားအောင် ခပ်မှန်မှန် ၀ါးစားကြည့်ဖို့ လိုမည်။ အဲဒီနည်းကသာ ငြိမ်းချမ်းသော၊ စိမ်းလန်းသော၊ ဖွံ့ဖြိုးတိုးတက်သော၊ တည်ငြိမ်သာယာသော တိုင်းသစ်ပြည်သစ်၊ မြို့သစ်ရွာသစ်ကို ဦးတည်စေမည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံတော်သစ်သို့ ရောက်မည်ယုံကြည်ကြောင်း....

မည်သူတွေ ဘာထင်ထင်၊ ရိုးရိုးရှင်းရှင်း ပွင့်ပွင့်လင်းလင်း ယုံကြည်မိပါကြောင်း ခပ်ပြတ်ပြတ် ရေးလိုက်စမ်းပါရစေ။ ကျေးဇူးတရားဖြင့်....

Northern Star ဂျာနယ်
အမှတ် (၆၀)၊ April 1, 2010
စာမျက်နှာ - ၁၉

ရွေးကောက်ပွဲဥပဒေများနှင့် ပတ်သက်၍


(မေး)
လွှတ်တော်ဘယ်နှရပ်ရှိပါသလဲ။
(ဖြေ)
လွှတ်တော် (၃)ရပ် ရှိပါတယ်။

  1. ပြည်သူ့လွှတ်တော်
  2. အမျိုးသားလွှတ်တော်
  3. တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်

(မေး)
လူထုက မဲပေးတဲ့အခါ ဒီလွှတ်တော်သုံးရပ်စလုံးကို မဲပေးရမှာလား။
(ဖြေ)
လွှတ်တော်သုံးရပ်လုံးကို မဲပေးရမယ်။

(မေး)
ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်ဦးရေ ဘယ်လောက်ရှိသလဲ။
(ဖြေ)
ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်ဦးရေ အများဆုံး ၄၄၀ ရှိပါတယ်။

(မေး)
အမျိုးသားလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်ဦးရေ ဘယ်လောက်ရှိပါသလဲ။
(ဖြေ)
အမျိုးသားလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်ဦးရေ အများဆုံး ၂၂၄ ဦး ရှိပါတယ်။

(မေး)
တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်ဦးရေ ဘယ်လောက်ရှိပါသလဲ။
(ဖြေ)
တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များတွင် မြို့နယ်တစ်မြို့နယ်လျှင် နှစ်ဦးကျစီ ပါဝင်ပါမယ်။

(မေး)
ရွေးကောက်ပွဲများကို တစ်ရက်တည်းအပြီး ကျင်းပမှာလား။
(ဖြေ)
ရွေးကောက်ပွဲများကို ဖြစ်နိုင်သရွေ့ တစ်နေ့တည်းတွင် တစ်ပြိုင်နက် ကျင်းပရမည်။ (အခန်း ၉၊ အပိုဒ် ၃၄(က)၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ)

(မေး)
မဲရုံတစ်ရုံမှာ မဲပုံးတွေ ဘယ်လိုထားရှိမှာပါလဲ။
(ဖြေ)
သာမန်အားဖြင့် မဲရုံတစ်ရုံလျှင် လွှတ်တော်တစ်ရပ်စီနှင့် တိုင်းရင်းသားလူမျိုးရေးရာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်နေရာစီအတွက် မဲပုံးတစ်ပုံးစီ ထားရှိရမည်။ (အခန်း ၁၀၊ အပိုဒ် ၃၉(ခ)၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများ)

ရန်ကုန်တိုင်းမ် ဂျာနယ်
အတွဲ (၆) အမှတ် (၁၃)
ဧပြီ ၁ - ၇၊ ၂၀၁၀
Supplement (E)

ကြားမိကြားရာ၊ ဖတ်မိဖတ်ရာ၊ ကြုံမိကြုံရာ


(၁)
ရာသီဥတုက နားလည်ဖို့ခက်လိုက်တာ။ ကျွန်တော်တို့ လူတွေကျနေတာပဲ။ အခုပဲ အကောင်းကြီးကနေ တော်ကြာနေ ထဖောက်ချင် ဖောက်နေပြန်တာကိုး။ သတင်းစာထဲမှာ စံချိန်တင်အပူချိန်တွေ ဖတ်နေရတဲ့အချိန်၊ ကိုယ်တိုင်လည်း ချွေးတလုံးလုံးနဲ့ ပူအိုက်နေတဲ့အချိန်မှာ မိုးတွေရွာချလိုက်တယ်။ ဒီနေ့တစ်နေကုန်လည်း ရာသီဥတုက မကြည်မလင်နဲ့၊ ကျွန်တော့်စိတ်တွေပါ အုံ့မှိုင်းမှိုင်းဖြစ်နေတယ်။ အခုလိုမျိုး မတ်လအကုန် ဧပြီအကူးကာလကြီးမှာ ထီးတစ်ချောင်းဆောင်ပြီး အပြင်ထွက်ရတာ မနိပ်လှပါဘူးဗျာ။ တကယ့်ကို ကြောင်တောင်တောင်ကြီး။

(၂)
သင်္ကြန်ခါတော်မီထင်ပါရဲ့။ ဓာတ်ဆီဈေးတွေ တက်သွားပြန်ပြီ။ စီးပွားရေးသမားတွေကို အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစားလို့ပြောရင် ကြိုက်မှာမဟုတ်ကြဘူး။ (တစ်ကိုယ်လုံးကျက်မှ ဖဲ့စားတာပါလို့ ပြောဦးမလား မသိဘူး) ကိုယ်ပိုက်ဆံရရင်ပြီးရော လုပ်ချင်ရာကို လုပ်နေကြတော့တာပဲ။ သင်္ကြန်က အဝေးကြီးလိုသေးတယ်။ ဒါတောင် ဆီရောင်းတဲ့တစ်ဆိုင်က ပြောလိုက်သေးတယ်။ ငွေဈေးဘာဖြစ်တယ် ညာဖြစ်တယ်နဲ့။ စိတ်ပေါက်လာတာနဲ့ မြန်မာငွေတန်ဖိုး တက်နေတာ သိသလားဆိုတော့။ မသိသလို၊ နားမလည်သလို ကြောင်တောင်တောင်မျက်နှာပေးနဲ့ အရူးကွက်နင်းသွားတယ်။ အမေရိကန်ဒေါ်လာတန်ဖိုးလည်း ကျနေတယ်။ စက်ဆုံးဆီတွေကိုလည်း ပုဂ္ဂလိကအနေနဲ့ လွတ်လွတ်လပ်လပ် တင်သွင်းခွင့်ရနေလို့ ဆီဈေးတွေကျနေတာ ဖတ်နေ၊ ကြားနေရတာပဲ။ သူတို့ဘာသာသူတို့ ဈေးတက်ချင်လို့ တက်တဲ့ကိစ္စကို တစ်ခါလာလည်း ခေတ်စနစ်ကို လက်ညှိုးထိုး၊ တစ်ခါလာလည်း ခေါင်မိုးကို လက်ညှိုးထိုးနဲ့ နားရင်းတွေချည်းပဲ အုပ်ပစ်လိုက်ချင်တယ်။ အခုလို ဈေးတက်တာက အရေးမကြီးဘူး။ တက်ပြီးရင် ဘယ်တော့မှ ပြန်မကျတော့တာက စိတ်ညစ်စရာကောင်းတာ။

(၃)
နာမည်ကြီး အတိုက်အခံပါတီတစ်ခုက ပါတီအဖြစ် မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်သတဲ့။ ဘယ်လိုမှကို မခံစားရဘူး။ အင်တာနက်မှာ ရေးထားတာတွေကို ဖတ်ရတာ အဲဒီပါတီ ၀င်မပြိုင်တဲ့အတွက်ပဲ အခုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ တရားမ၀င်တော့သလိုလို၊ ချက်ချင်းပဲ အဲဒီရွေးကောက်ပွဲ ပျက်တော့မှာလိုလို၊ သူတို့တွေ ၀င်မပြိုင်တဲ့အတွက် မြန်မာပြည်သူလူထုကပဲ ဒုက္ခပင်လယ်ဝေဦးတော့မှာလိုလို ရေးနေ၊ ပြောနေတာတွေကို ဖတ်ရ၊ နားထောင်ရတာ ရယ်ချင်လိုက်တာ ပြောမနေပါနဲ့တော့။ ကျွန်တော့်ပတ်ဝန်းကျင်က နီးစပ်ရာလူတွေကို တီးခေါက်ကြည့်မိတော့လည်း ဘယ်သူကမှ စိတ်မ၀င်စားကြဘူး။ ဒီကြားထဲ အဲဒီပါတီရဲ့ ဥက္ကဋ္ဌဆိုတဲ့လူ ပြောတဲ့စကားက ပိုဆိုးသေးတယ်။ ဒေါ်လာစားမင်းသမီးကြီးက ပါတီခေါင်းဆောင်ဖြစ်တဲ့အတွက် သူ့သဘောထားအတိုင်း ဆုံးဖြတ်လိုက်တာပါတဲ့။ ရယ်စရာကောင်းလိုက်ပုံများဗျာ။ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး ဘယ်သူက ရာထူးပိုကြီးသတုံးဗျ၊ ဘယ်သူက ခေါင်းဆောင်တုန်းဗျ။ ပြီးတော့ သူတို့အဖွဲ့ကြီးတစ်ခုလုံးက ဒီတစ်ယောက်တည်းဦးနှောက်နဲ့ပဲ လုပ်တတ်ကြသလား။ ကျန်တဲ့လူတွေအကုန်လုံးက သူကြိုးဆွဲရာကမယ့် ရုပ်သေးရုပ်တွေလား။ ဘာမှသုံးစားမရတဲ့လူတွေလား။ အဲဒီလိုလူတွေနဲ့ ဖွဲ့ထားတဲ့သူတို့ကို ဘယ်သူတွေက ယုံကြည်နေကြသလဲဆိုတာ စဉ်းစားစရာပဲ။ သူတို့မပါတဲ့အတွက် နိုင်ငံတော်ကြီးက မတိုးတက်၊ မကြီးပွားတော့သယောင်ယောင် ပြောနေကြလေတော့ မေးရဦးမယ်၊ သူတို့တွေဝင်ပြိုင်ရင်ရော နိုင်ငံတော်ကြီး တိုးတက်အောင် ဘာတွေလုပ်ပေးမှာတုန်း၊ သူတို့ပါတီရဲ့ မူဝါဒကဘာတုန်း၊ သူတို့သွားချင်တဲ့ နိုင်ငံရေးရည်မှန်းချက်က ဘာတုန်းဗျ။ ကျွန်တော်တကယ်မသိလို့ပါဗျ။ အခုလောလောဆယ် ကျွန်တော်မြင်သလိုပဲ ပြောရမယ်ဆိုရင်တော့ လက်ရှိအစိုးရ ဘာပြောပြော၊ ဘာလုပ်လုပ် အတိုက်အခံလုပ်ဖို့၊ ဆန့်ကျင်ဖို့ဆိုတာ သူတို့ပါတီရဲ့ မူဝါဒလို့ပဲ နားလည်တယ်။ မဟုတ်ဘူးဆိုရင်လည်း ရှင်းပြကြဗျာ။

(၄)
နာမည်ကြီးမင်းသားတစ်ယောက်ရဲ့ ကောလာဟလကို ကြားရတာလည်း မျက်လုံးပြူးချင်စရာကြီးပါ။ သိပ်တော့မယုံချင်ပေမယ့် တစ်နေ့က အင်တာနက်ထဲက ဖိုရမ်တစ်ခုမှာ ဆွေးနွေးထားတာတွေကို ဖတ်လိုက်ရတော့ နည်းနည်းတော့ ဇဝေဇ၀ါဖြစ်သွားတာ အမှန်ပါပဲ။ ပြန်ပြီး ဆက်စပ်စဉ်းစားမိတော့ ဂျာနယ်တစ်ခုရဲ့ အင်တာဗျူးမှာ သူဖြေထားတာကို ပြန်သတိရသွားမိတယ်။ ပိုးစိုးပက်စက် အောင်မြင်ခဲ့တဲ့ ဇာတ်ကောင်စရိုက်တစ်ခုကို နောက်ဘယ်တော့မှ အဲဒီလိုဇာတ်ရုပ်မျိုး မရိုက်တော့ပါဘူးလို့ ပြောခဲ့တာကိုပါ။ အင်း.... ဟုတ်များ ဟုတ်နေလေမလားနော်။

(၅)
မကြာသေးခင်က ချထားပေးခဲ့တဲ့ ငါးသိန်းတန်ဖုန်းတွေဟာ အတော်လေးကို တွင်ကျယ်လာတာကို တွေ့ရပါတယ်။ ချထားပေးစဉ်တုန်းကတော့ စိတ်ဝင်စားမှု သိပ်မရှိခဲ့ကြပေမယ့် အခုအချိန်မှာတော့ ၀ယ်လို့မရလောက်အောင်ကို စိတ်ဝင်စားမှု တိုးပွားနေတယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုပြီး စနည်းနာမိတော့ နောက်တစ်လလောက်မှာ အဲဒီဖုန်းတွေကို တစ်နိုင်ငံလုံး သုံးလို့ရအောင် ဖွင့်ပေးတော့မှာကြောင့်လို့ သိရပါတယ်။ စဉ်းစားနေမိတယ်။ ဖြစ်နိုင်၊ မဖြစ်နိုင်ကိုပေါ့။ ကျွန်တော့်အမြင်ကတော့ မဖြစ်နိုင်ဘူးထင်တာပါပဲ။ ဒါဆိုရင် ဒီစကားကို ဘယ်သူကဖွလိုက်သလဲဆိုတာ စဉ်းစားစရာပါ။ အနီးစပ်ဆုံးကတော့ အဲဒီဖုန်းတွေ ရောင်းကောင်းအောင် လုပ်တဲ့လူတွေကိုပဲ မျက်စိထဲ ပြေးမြင်လိုက်တယ်။ အော်.... တတ်လည်း တတ်နိုင်ကြပါပေ့ကွယ်။

(၆)
ဘယ်သူမဆို စိတ်ဝင်စားရင် ပါတီတည်ထောင်ခွင့်ပြုထားပါတယ်။ သူများလုပ်တာတွေကို သဘောမကျရင် ကိုယ်တိုင်လုပ်ကြပေါ့။ အဲလိုမှမဟုတ်ရင် ကိုယ်ကြိုက်တဲ့ပါတီကို ထောက်ခံအားပေးပေါ့။ အခုတော့ အဲဒီလိုမျိုးမဟုတ်ဘူး။ ကိုယ်တိုင်လည်း လုပ်တာမဟုတ်ဘဲနဲ့၊ လုပ်မယ့်လူတွေကိုပဲ ဘာကြောင့်၊ ညာကြောင့်လုပ်ကြတာဆိုပြီး အပြစ်တင်နေကြတာ၊ လက်ညှိုးထိုးနေကြတာ၊ ပုတ်ခတ်နေကြတာကို တွေ့လာရတယ်။ ပါတီတည်ထောင်ခြင်းဆိုင်ရာ ဥပဒေတွေ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ အဲဒီဥပဒေတွေနဲ့အညီ မည်သူမဆို ပါတီတည်ထောင်ခွင့် ရှိပါတယ်။ ကြိုက်ရင်ထောက်ခံ၊ မကြိုက်ရင် မထောက်ခံနဲ့။ ရှင်းနေတာပဲဗျာ။ ဘာကိစ္စ သူများပါတီထောင်တာကို ပါတီမထောင်သင့်ဘူးတို့၊ ဒီရွေးကောက်ပွဲကို ၀င်မပြိုင်သင့်ဘူးတို့ ဖြစ်နေကြရတာလဲ။ သဲနဲ့ပက်တာဟာ အမဲသားတစ်တုံးပဲဆိုရင် ခွင့်လွှတ်လို့ရပါတယ်။ နှစ်ယောက်တည်းနဲ့ပဲ ဆိုင်တာကိုး။ အခုဟာက အမဲသားတုံးမဟုတ်ဘူးဗျ။ နိုင်ငံတစ်ခုလုံးနဲ့ဆိုင်တဲ့ နိုင်ငံရေးကိစ္စ။ စကားတွေကို လက်လွတ်စပယ် မပြောကြစေချင်ဘူး။

(၇)
သင်္ကြန်ရောက်တော့မယ်။ ကလေးတွေကိုကြည့်ပြီး သနားနေမိတယ်။ ကျွန်တော်တို့ငယ်စဉ် သူတို့အရွယ်တုန်းကဆိုရင် ဒီလိုအချိန်မျိုးဟာ သိပ်ဆော့လို့၊ ပျော်လို့ကောင်းတဲ့အချိန်ပေါ့။ နွေရာသီကျောင်းပိတ်ရက်ဆိုတော့ တစ်နေကုန်ဆော့တယ်၊ ရှိသမျှချောင်းတွေမှာ ရေလိုက်ကူးတယ်၊ လက်ပံပွင့်လိုက်ကောက်တယ်၊ ငှက်လိုက်ပစ်တယ်၊ ညနေဆိုရင် ဘောလုံးကန်တယ်။ အနားယူတာမှ ပက်ပက်စက်စက်ကို အနားယူခဲ့ကြတာ။ ကျောင်းပိတ်ရက် တစ်လလောက်ဆိုရင် ကျောင်းပြန်ဖွင့်စေချင်နေပြီ။ ဆော့ရ၊ ကမြင်းရတာ ပျင်းလာလို့။ အခုလို သင်္ကြန်ရောက်ခါနီးဆိုရင်တော့ သင်္ကြန်မှာ ကဲကြဖို့ တိုင်ပင်နေကြပြီ။ ကိုယ့်သူငယ်ချင်းတွေစုပြီး အုန်းလက်မဏ္ဍပ်ထိုးပြီး လမ်းထိပ်မှာ ရေပက်ဖို့၊ ဘယ်သူက ပေပါတာဝန်ယူ၊ ဘယ်သူက ရေခပ်ဖို့ ရေပုန်းတွေတာဝန်ယူ၊ ဘယ်သူကတော့ မုန့်လုံးရေပေါ်လုပ်ဖို့ တာဝန်ယူ၊ စသည်ဖြင့်ပေါ့။ အခုကလေးတွေကတော့ သင်္ကြန်ကျတော့မှာကို သိတောင်သိကြရဲ့လားမသိဘူး။ တစ်နေ့တစ်နေ့ ကျူရှင်သွား၊ စာကြည့်၊ အားတဲ့အချိန် ဂိမ်းဆော့၊ အင်တာနက်ဆိုင်သွားနဲ့ အချိန်ကုန်နေရရှာတယ်။ သင်္ကြန်ဆိုတာ သူတို့အတွက် သိပ်ပြီးမထူးခြားသလိုပဲ။ ဘာကြောင့်လဲဆိုတာကို စဉ်းစားနေမိတယ်။ နက်ဖြန်ကျမှ ဈေးထဲက ရေပြွတ်ဆိုင်၊ ရေခွက်ဆိုင်၊ သင်္ကြန်ပန်းကုံးဆိုင်တွေသွားပြီး စပ်စုကြည့်ရဦးမယ်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မတ်လ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ညနေ ၃ နာရီ ၅၀ မိနစ်တွင်ပြီး၏။
Last Updated: 2010 March 31, Wednesday, 8:07 pm

Tuesday, March 30, 2010

အောင်မြင်ဖို့ အကူအညီ - ဒေါက်တာ ခင်မောင်ညို


ဆယ်ကျော်သက် လူငယ်လေးသည် အိမ့်တောင်ဘက်က ကျောက်တုံးတစ်တုံးကို ကော်ထုတ်နေသည်။

ကျောက်တုံးသည် မြေကြီးထဲ အတော်နစ်နေဟန်တူသည်။

သူသည် တူရွင်းနဲ့ ကော်ထုတ်သော်လည်း မရ။ ကုတ်ခံကော်ထုတ်သော်လည်း မရ။

ထို့ကြောင့် စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေသည်။

သူ့အဖေ ရောက်လာသည်။

"သား၊ ဘာထိုင်လုပ်နေတာလဲ၊ သားကိုကြည့်ရတာ စိတ်ပျက်နေသလိုပဲ"

"ဟုတ်တယ်အဖေ၊ သား အဖေပြောတဲ့ ကျောက်တုံးကို ကော်ထုတ်ဖို့လုပ်နေတာ ဘယ်လိုမှ မရွေ့ဘူး"

"မင်း အစွမ်းကုန် ကြိုးစားတာမှ ဟုတ်ရဲ့လား"

"ကြိုးစားတာပေါ့ အဖေရယ်၊ အဖေကြည့်ပါလား၊ သားကိုယ်မှာ ချွေးတွေ"

သူ့အဖေက ခေါင်းခါတော့ လူငယ်လေးဟာ အံ့သြသွားတယ်။

"အဖေ.. သားပြောတာ မယုံလို့လား"

"မင်း... အစွမ်းကုန် ကြိုးစားတယ်လို့ မဆိုနိုင်သေးဘူး"

"ခင်ဗျာ"

"မင်း... အဖေ့ကို အကူအညီတောင်းပြီးပြီလား"

"ဟင့်အင်း"

"မင်းမနိုင်တဲ့အလုပ်ဆိုရင် တစ်ယောက်ယောက်ကို အကူအညီတောင်းရတယ်ကွ"

ထို့နောက် သားနှင့်အဖေ နှစ်ယောက်သား ကျောက်တုံးကို ခြံထောင့်သို့ အောင်မြင်စွာ ရွှေ့နိုင်ခဲ့သည်။

"သား... မင်းအမြဲမှတ်ထား၊ လူ့ဘောင်လောကကြီး တိုးတက်တယ်ဆိုတာ လူတွေဟာ တစ်ဦးတစ်ယောက်တည်း စွမ်းဆောင်လို့ မဟုတ်ဘူး"

သား နားထောင်နေသည်။

"မင်း တကယ်တမ်း အောင်မြင်ချင်တယ်ဆိုရင် တစ်ဖက်သားကို အကူအညီတောင်းသင့်ရင် တောင်းရမှာဖြစ်တယ်"

အထက်ပါ အကြောင်းအရာလေးကို ကျွန်တော် ဖတ်မိသည့်အခါ "မိတ္တဗလ" အကြောင်းကို ပြောသည်ဟုသာ ယူဆမိသည်။

မိတ်ဆွေအပေါင်းအသင်းများသည် အောင်မြင်ရာအောင်မြင်ကြောင်း မဟုတ်ပါလော။

သို့သော် လူမှုအသိုင်းအ၀ိုင်းတွင် မိတ်ဆွေဖြစ်ရန်မလိုဘဲ မည်သူ့ကိုမဆို လိုအပ်တဲ့အကူအညီကို တတ်နိုင်သူတွေဆီက အကူအညီတောင်းနိုင်ကြောင်းကို ကိတ်ဖာရာဇီ (Keith Ferrazzi) က တင်ပြထားသည်။

သူ၏ ဆောင်းပါးကို ထုတ်နုတ်တင်ပြပါမည်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကျွန်တော်သည် နယူးယောက်ကို ရောက်ခဲ့ပါသည်။ အောင်မြင်မှုအတွက် လျှို့ဝှက်ချက်နဲ့ ပတ်သက်သော အကြောင်းအရာများကို ဘဏ်နှစ်ခုမှာ သွားရောက်ဆွေးနွေး ပို့ချခဲ့ပါသည်။

ထို့နောက် လေဆိပ်သို့ အပြန်လမ်းခရီးမှာ တက္ကစီဒရိုင်ဘာနှင့် စကားပြောဖြစ်ခဲ့သည်။

"ကျွန်တော့်နာမည်က တိုနီပါ။ အိန္ဒိယက လာခဲ့တာဖြစ်တယ်" ဟု သူက ပြောပြပါသည်။

သူသည် အဏ္ဏ၀ါဇီဝဗေဒပညာရှင်ဖြစ်သော်လည်း သူ၏ ပညာနှင့်ပတ်သက်သော အလုပ်ကောင်းကောင်းကို မရနိုင်သဖြင့် ခုလို တက္ကစီမောင်းနေရကြောင်း ရှင်းပြသည်။

"ဒီတက္ကစီက ကိုယ်ပိုင်လား"

"ဟင့်အင်း၊ အငှားပါ"

"ကိုယ်ပိုင်ဝယ်ဖို့ မကြိုးစားဘူးလား"

"ကျွန်တော် တက္ကစီမောင်းတာ ကြာပါပြီ၊ လုံလောက်ရုံပဲ ရပါတယ်။ ဒီလောက်အဝေးကြီးမှာ မိသားစုတွေ မိတ်ဆွေတွေနဲ့ခွဲခွာပြီး အလုပ်လာလုပ်တာပါ။ ပြီးတော့ တက္ကစီအငှား မောင်းနေရတာ မနိပ်ပါဘူး" ဟု သူက ပြောပါသည်။

သူသည် ဒီထက်မကရသင့်ကြောင်း ပြောပြပါသည်။

ကျွန်တော်တို့ စကားပြောကြသည့်အခါ တိုနီ ဘာလိုနေတာလဲဆိုတာကို ကျွန်တော် သဘောပေါက်ပါသည်။

စင်စစ် ကျွန်တော့်အလုပ်သည် ထိုကဲ့သို့ တစ်ခုတစ်ခုကို လိုအပ်သူများကို နည်းပေးလမ်းပြ (counselling) လုပ်ရသော အလုပ်ဖြစ်သည်။ တိုနီကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ကူညီဆောင်ရွက်ပေးခြင်းဖြစ်သည်။

တိုနီသည်လည်း ကျွန်တော်တို့ အများစုကဲ့သို့ ကိုယ့်အားကိုယ်ကိုးသူများ ဖြစ်သည်။

သူတို့က ကိုယ့်အားကိုယ်ကိုးဆိုသည်မှာ ဘယ်သူ့ထံမှ အကူအညီမတောင်းခြင်းဟူ၍ နားလည်ထားသည်။ သို့သော် ကျွန်တော်တို့အနေနဲ့ အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိနိုင်ရန်အတွက် မိတ်ဆွေအပေါင်းအသင်းများနှင့် တတ်ကျွမ်းသူများထံမှ အကြံဉာဏ်များကို တောင်းခံရပါသည်။

တိုနီသည် သူ့တက္ကစီကို လိုက်ပါစီးနင်းသူများနှင့် စကားစမြည် ပြောကြားတာကို နှစ်သက်ပါသည်။ သို့သော် ထိုသူများကို ဒုက္ခမပေးလိုပါ။ သူ့ဒုက္ခကို ချမပြလိုကြောင်း ဆိုပါသည်။

"ဒါဟာ ဒုက္ခပေးတာမှ မဟုတ်တာပဲ၊ ခင်ဗျားဘာလို့ မကြိးစားကြည့်တာလဲ" ဟု အကြံပေးခဲ့ပါသည်။

တိုနီသည် ထိုအကြံကို လိုက်နာခဲ့ပါသည်။ သူ၏ တက္ကစီဖြင့် လေယာဉ်ကွင်းအသွားအပြန် စကားပြောခဲ့သော ဖောက်သည်များက သူ့ကို အခြားသော ဖောက်သည်များထံ လမ်းညွှန်ပေးပါသည်။ အဲဒီနောက် သူ၏ တက္ကစီစီးသူ ဖောက်သည်များ၏ စာရင်းရှည်ကြီးတစ်ခုကို တိုနီ ပိုင်ဆိုင်ခဲ့သည်။

မကြာမီပင် တိုနီသည် ကိုယ်ပိုင်တက္ကစီတစ်စီး ၀ယ်ယူလာနိုင်လေတော့သည်။

နောက်တော့ ဒုတိယ...။ နောက်တော့ တတိယ။

ကျွန်တော်တို့ အားလုံးတွင် ကြီးကျယ်သော အရည်အသွေးမျိုးစေ့များကို ပိုင်ဆိုင်ကြပါသည်။

ဘ၀ဆိုသည်မှာ ထိုမျိုးစေ့လေးကို ရှာဖွေပြီး ပြုစုပျိုးထောင်ပေးခြင်း ဖြစ်သည်။ ထိုမျိုးစေ့ကို အပင်စိုက်ကာ ဖြစ်လာသော အပင်ကို ရေလောင်းပေါင်းသင် ပြုစုပေးရပါသည်။ ထိုအပင် အပြည့်အ၀ ကြီးထွားခြင်းမှ ရရှိသော အသီးအပွင့်များသည် ကျွန်တော်တို့ ပတ်ဝန်းကျင်က လူသားအားလုံးအတွက် အကျိုးပြုမည်ဖြစ်သည်။

သို့သော် အစပြုဖို့အတွက်တော့ အကူအညီတစ်ခုခု လိုပါသည်။

ကျွန်တော်က ဒီအချက်ကို လုံးဝထောက်ခံပါသည်။

ဘာကြောင့်လဲဆိုတော့ ကျွန်တော်၏ဘ၀ တိုးတက်ကြီးပွားလာသည်မှာ အကူအညီတစ်စုံတစ်ခုကြောင့်သာ ဖြစ်သည်။ ကျွန်တော့်အကြောင်း ကျွန်တော် ပြောပြပါမည်။

ကျွန်တော့်ဖခင်သည် သံမဏိစက်ရုံက လုပ်သားတစ်ဦးဖြစ်ပြီး မိခင်မှာ သန့်ရှင်းရေးအလုပ်သမသာ ဖြစ်သည်။ ကျွန်တော့်အဖေသည် အိမ်ပြန်ရောက်သည့်အခါ မည်းတူးညစ်ပေနေသော သူ၏ လက်များကို အကြာကြီး ဆေးကြောရပါသည်။ သူက "ကိတ်ရေ... မင်းကို ငါ့လိုမျိုး မဖြစ်စေရဘူး။ မင်း.. ပညာတတ်ကြီးတစ်ယောက် ဖြစ်လာရမယ်" ဟု ပြောလေ့ရှိသည်။

ကျွန်တော့်အဖေသည် ကုမ္ပဏီ၏စီအီးအိုကို လုံးဝမသိချေ။

သို့သော် သူသည် စီအီးအိုထံသွားပြီး အကူအညီတောင်းခံရန် ကြောက်ရွံ့ခြင်း နောက်တွန့်ခြင်း မရှိခဲ့ပေ။

အဖေသည် စီအီးအိုထံတွင် မိမိကိုယ်ကိုယ် မိတ်ဆက်ပြီး အကြံဉာဏ် တောင်းခံခြင်းဖြစ်သည်။

စီအီးအိုသည် အဖေ့၏ကြိုးပမ်းချက်ကို သဘောကျသည်။ ထို့ကြောင့် စီအီးအိုသည် သူ၏သြဇာကို အသုံးပြုကာ အဲဒီအရပ်တွင်ရှိသော အကောင်းဆုံးကျောင်းတွင် ကျွန်တော်ကျောင်းနေခွင့်ရရေးနှင့် ပညာသင်ဆုရရှိရေးတို့အတွက် ကူညီခဲ့သည်။

ကျွန်တော်သည် ယေးလ်တက္ကသိုလ်နှင့် နောက် ဟားဗတ်စီးပွားရေးတက္ကသိုလ်ကို တက်နိုင်ခဲ့သည်။

များမကြာမီမှာ ကျွန်တော်သည် Fortune 500 မဂ္ဂဇင်းတွင် ဖော်ပြခံရသော အငယ်ဆုံးသော အမှုဆောင်အရာရှိ ဖြစ်ခဲ့သည်။

ကျွန်တော် ငယ်ငယ်လေးကတည်းက သိထားခဲ့သည်မှာ "အောင်မြင်မှုသည် ဆက်ဆံရေးပေါ်တွင် မူတည်လျက်ရှိသည်" ဟူသော အချက်ပင်ဖြစ်သည်။

တိုးတက်ကြီးပွားသွားသောသူများကို လေ့လာကြည့်ပါ။

သူတို့သည် ပတ်ဝန်းကျင်မှအကူအညီ အများဆုံးရသောသူများသာ ဖြစ်လေ့ရှိသည်။

ဘ၀အတွက် ဆရာကောင်းများလိုသည်။ မိတ်ဆွေကောင်းများလိုသည်။ ဒီလိုအကူအညီကိုရဖို့ ငွေကြေးအကုန်အကျခံရန် မလိုအပ်ပါ။

သင်ထင်ထားတာထက် လွယ်ကူပါသည်။

အောင်မြင်မှုကို ဆောလျင်စွာ ရောက်လိုလျှင် အောက်ပါအတိုင်း ပြင်ဆင်ဖို့တော့ လိုသည်။

၁။ ပန်းတိုင်
တကယ်တမ်း သင်ဘာကိုလိုသလဲ။ ဒါကို သိရပေမည်။ ပန်းတိုင်ကို တိတိပပ ချမှတ်နိုင်ရမည်။

၂။ လမ်းပေါ်ရောက်ပါစေ
အများစုသည် မိမိအလေ့အကျင့်ကို မပြုပြင်တတ်ကြပါ။ အချို့သော အလေ့အကျင့်သည် မိမိကို အောက်သို့ ဆွဲချနေပါသလား။ ဆန်းစစ်ဖို့လိုသည်။ မိတ်ဆွေများနှင့် တိုင်ပင်ပါ။ ဘယ်လောက်ပင် တော်ပါစေ၊ မှန်ကန်သည့်လမ်းပေါ် မရောက်ပါက ခရီးမရောက်နိုင်ပေ။

၃။ မျှဝေပါ
မျှဝေခြင်းသည် အောင်မြင်ခြင်းဖြစ်သည်။ အခြားသူကို ကူညီပါ။ သင်သည်လည်း ကူညီတတ်သူများနှင့်တွေ့ကာ အကူအညီများ ရပေမည်။

၎။ စီမံချက်များချပါ
ပေါ့ပေါ့နေ ပေါ့ပေါ့စား မဖြစ်စေနဲ့။
ဘာတွေလုပ်ခဲ့ပါသလဲ။ ဘာတွေ နောက်ထပ်လုပ်မှာလဲဆိုတာ မှတ်တမ်းတင်ပါ။

အောင်မြင်မှုကို ရရှိဖို့အတွက် နည်းလမ်းပေါင်းများစွာ ရှိပါသည်။ "ငါ ဟိုလို မလုပ်မိလို့" ဆိုသည့် နောင်တရကာ နောက်ပြန်မဆုတ်ပါနှင့်။

တည့်တည့်ကြည့်ပါ။ ရှေ့သို့သွားပါ။

အားနာစိတ်၊ ရှက်စိတ်နဲ့ မာနတွေ မထားပါနဲ့။ အကူအညီလိုရင် တောင်းပါ။

Youth မဂ္ဂဇင်း
အတွဲ (၃) အမှတ် (၁၁)
November, 2008
စာမျက်နှာ - ၅၁ မှ ၅၇

တောင်းပန်စရာလိုရင် တောင်းပန်လိုက်ပါတယ်


စောစောကအထိ ဘလောင်ဆူနေတဲ့စိတ်ဟာ အခုဒီစာကို ရေးနေတဲ့အချိန်မှာ အတော်လေး ငြိမ်သက်သွားပါပြီ။ မကောင်းမှန်းသိပေမယ့် ဘယ်လိုမှကို ထိန်းမရအောင် စိတ်တိုနေခဲ့မိပါတယ်။ လိပ်ပတ်လည်အောင်ပြောပြရရင် လက်ဘက်ရည်ဆိုင်ကအပြန် အင်တာနက်သုံးဖို့အတွက်အလာ လမ်းမှာတင် မိုးမိလိုက်လို့ပါ။ ဒီလောက်ပူနေတဲ့ နွေရာသီကြီးမှာ လျှပ်စီးတွေလက်၊ မိုးတွေခြိမ်းပြီး ဘာမဆိုင်ညာမဆိုင်နဲ့ ရွာချလိုက်တဲ့မိုးက ရေအတော်လေးပါတဲ့အထိပါပဲ။ သူ့ဘာသာသူ မိုးရွာတာ ဘာဖြစ်နေရပြန်တာတုန်းဆိုရင်တော့ မိုးရွာတာက သဘာဝမို့ ဘာမှမဖြစ်ပါဘူး။ ဖြစ်သွားတာက ကျွန်တော်သယ်လာတဲ့ စာအုပ်တွေအားလုံး မိုးရေစိုကုန်တာပါပဲ။ တချို့စာအုပ်တွေ၊ ဂျာနယ်တွေဆိုရင် ရေတွေနဲ့ နူးအိသွားတဲ့အထိပါပဲ။ လမ်းလယ်ကြီးမှာ ဘယ်မှလည်း မိုးခိုလို့မရ၊ မှောင်ကလည်းမှောင်နေပြီ၊ ဘာဆောင်းစရာ၊ ကာစရာမှလည်း မပါလာတော့ စီးလာတဲ့ဆိုင်ကယ်နဲ့ အပြင်းနှင်ပြီး နေတဲ့နေရာကို တစ်ခေါက်ပြန်ရတာပါပဲ။ တစ်ကိုယ်လုံးကလည်း စိုရွှဲပြီး ကြွက်စုတ်ဖြစ်သွားတယ်။ လူစိုသွားတာ၊ အ၀တ်တွေရွှဲသွားတာကို ဘယ်လိုမှ မခံစားရဘူး။ စာအုပ်တွေအကုန်လုံး မိုးရေစိုသွားတာကို ဘယ်လိုမှကို စိတ်မထိန်းနိုင်ဘူး။ ဘယ်သူ့ကို စိတ်တိုရမှန်းလည်း မသိဘူး။ စာအုပ်စာတမ်းတွေကို ရေစိုဖို့မပြောနဲ့ စာရွက်ထောင့်ချိုးတွေ ခေါက်နေရင်တောင် မကြိုက်တဲ့ကျွန်တော့်အတွက် မိုးရေစိုစိုရွှဲသွားတဲ့ စာအုပ်တွေ၊ ဂျာနယ်တွေအတွက် စိတ်ပျက်လက်ပျက်ပဲ ထိုင်ကြည့်နေရုံပဲ တတ်နိုင်တယ်။ စိတ်ထဲမှာ ဘယ်လိုမှကို ကြည်ကြည်လင်လင် မရှိတော့ဘူး။ ဒီကြားထဲ မိုးသံလေးကြားတော့ ထုံးစံအတိုင်း ကိုရွှေမီးက ပျက်သွားလိုက်သေးတယ်။ မြန်မာပြည်မှာ အကောင်းဆုံးစနစ်ဟာ အဲဒါပဲ ဖြစ်မယ်ထင်တယ်။ လျှပ်စီးတစ်ချက်မြင်လိုက်တာနဲ့ မီးက... ဖျတ်ခနဲဆို ပျက်သွားရော။ ဘာပရိုဂရမ်တွေနဲ့ ရေးထားသလဲမသိဘူး။ တော်လိုက်တဲ့ လျှပ်စစ်ရုံးကပညာရှင်တွေ။

အ၀တ်အစားလဲပြီး မိုးတိတ်အောင် နာရီဝက်လောက် အမှောင်ထဲမှာ စောင့်လိုက်ရတယ်။ မိုးတိတ်ပြီဆိုမှ အင်တာနက်သုံးဖို့ ထွက်လာခဲ့လိုက်တယ်။ အင်တာနက်သုံးတဲ့နေရာရောက်တော့ စိတ်တိုတာ အရှိန်မပြေသေးလို့ ဂျာနယ်တစ်အုပ် ကောက်ဖတ်နေလိုက်တယ်။ နည်းနည်းလေး စိတ်ငြိမ်သွားပြီထင်မှ ဘလော့ဂ်အတွက် ပို့စ်တွေ တင်ပေးဖြစ်တယ်။ ဘာသာပြန်လေးတွေ တင်ပေးချင်တာနဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို သုံးချင်တဲ့အတွက် ဂျီတော့ခ်ကို ဖွင့်လိုက်မိတယ်။ အဲဒီမှာတင် ကျွန်တော်မှားသွားမှန်း သိလိုက်ရတယ်။ တကယ်ဆိုရင် အခုလိုမျိုး စိတ်မကြည်မလင် ဖြစ်နေတဲ့အချိန်မှာ ဂျီတော့ခ်ကို မဖွင့်သင့်မှန်း ကျွန်တော်စဉ်းစားမိဖို့ကောင်းတယ်။ အခုတော့ ဖွင့်ပြီးကာမှ ဘာမှမတတ်နိုင်တော့ဘူး။ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေက လာနှုတ်ဆက်ကြတာကို လူမှုရေးအရ ကောင်းကောင်းမွန်မွန် ပြန်ပြောလိုက်ပါတယ်။ နှစ်ခွန်းသုံးခွန်း နှုတ်ဆက်ပြီးရင် လုပ်စရာရှိသေးလို့ အားနာကြောင်းပြောပြီး ခွင့်တောင်းလိုက်ပါတယ်။ အများစုက နားလည်ကြပါတယ်။ ရပါတယ် လုပ်ပါပေါ့။ အချို့အချို့ကတော့ဗျာ... အတော်စိတ်ညစ်ဖို့ကောင်းတယ်။ မပြောချင်ဘူးလားတို့၊ ကြီးကျယ်လိုက်တာတို့၊ ရပါတယ်တို့၊ ဘာတို့ညာတို့ စသဖြင့် စုံလို့ပေါ့ဗျာ။ သိပ်တော့ ဂရုမစိုက်ပါဘူး။ သူတို့ဘာရေးရေး မသိချင်ယောင် ဆောင်နေလိုက်တယ်။ ဒါပေမယ့် သူတို့တစ်ခါရေးတိုင်း တတုန်တုန်နဲ့ ပေါ်လာလိုက်၊ အောက်မှာ မှိတ်တုတ်မှိတ်တုတ်ဖြစ်လိုက်နဲ့ဆိုတော့ စဉ်းစားလို့၊ အာရုံစိုက်လို့ ဘယ်လိုမှကို မရဘူးဖြစ်နေတယ်။ ကျွန်တော့်စတေးတပ်ကိုလည်း အနီရောင်ကြီး ပြထားပါတယ်ဗျာ။ အလကားနေရင် အဲဒီအရောင်ကို အနီမပြထားတတ်ပါဘူး။ ကျွန်တော်ပြန်ပြောဖို့ အဆင်ပြေရင်၊ အလုပ်မရှုပ်ဘူးဆိုရင် အစိမ်းရောင်ပဲ ထားတတ်ပါတယ်။ အမြဲတမ်း အနီရောင်ပြထားတတ်တဲ့ လူစားမျိုးလည်း မဟုတ်ရပါဘူး။

တစ်ယောက်ကဆိုရင် ဘယ်လောက်အထိ ဆိုးသလဲဆိုရင် voice call ခေါ်တဲ့အထိပဲ။ ကျွန်တော်ဘယ်လောက် စိတ်ညစ်ရမလဲ စဉ်းစားသာကြည့်ပေတော့။ အများစုက ကျွန်တော့်ရဲ့ မြန်မာ့သွေးဂရု(ပ)ကြောင့် ခင်လာတဲ့ မိတ်ဆွေတွေမို့ ကျွန်တော်ပြေပြေလည်လည်ပဲ ပြောတတ်ပါတယ်။ ကျွန်တော်လည်း လူတိုင်းနဲ့ ခင်ခင်မင်မင် ပေါင်းသင်းတတ်ပါတယ်။ ဒါပေမယ့် အလုပ်ရှုပ်နေချိန်မျိုး၊ စိတ်ညစ်နေချိန်မျိုး၊ စိတ်မကြည်တဲ့အချိန်မျိုးမှာတော့ လူသားပဲဖြစ်တဲ့အတွက် စိတ်ဆိုး၊ ဒေါသထွက်တတ်ပါတယ်။ အတတ်နိုင်ဆုံး အွန်လိုင်းမှာ ဘယ်သူ့ကိုမှ နင်ပဲငဆ မပြောမိအောင် ဆင်ခြင်ပါတယ်။ လူချင်းတွေ့ရင်တောင် ဆဲချင်ဆဲမိလိမ့်မယ်။ အွန်လိုင်းမှာတော့ ရင်းနှီးတဲ့သူငယ်ချင်းတွေကို စနောက်ရင်းကလွဲရင် ဘယ်တော့မှ မဆဲမိအောင် သတိထားပါတယ်။ အွန်လိုင်းဆိုတာ လူချင်းတွေ့ရတာလဲမဟုတ်၊ သူ့လည်းကိုယ်မသိ၊ ကိုယ့်လည်းသူမသိ လုပ်ချင်ရာလုပ်မယ်ဆိုတဲ့ စိတ်ဓာတ်တွေကို သဘောမကျလို့ပါ။ အဲဒီလိုလူတွေဆိုရင်လည်း အင်မတန် မုန်းပါတယ်။ အွန်လိုင်းဟာ ဆိတ်ကွယ်ရာ မဟုတ်ပါဘူး။ ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်၊ စည်းကမ်းမဲ့ ဗရမ်းဗတာ လုပ်ချင်တိုင်းလုပ်လို့ရတဲ့ နေရာကြီးလို့ ခံယူထားတဲ့လူတွေကို ကျွန်တော်လုံးဝ အထင်မကြီးပါဘူး။

စကားကို ပြန်ဆက်ရရင်... နောက်ဆုံးတော့ဗျာ.. ကျွန်တော်ပဲ အရှုံးပေးရတာပေါ့။ ပြောရင်းနဲ့ စကားတွေက အမှားတွေပါလာမှာ စိုးတဲ့အတွက် ဂျီတော့ခ်ကို ထွက်လိုက်ပါတယ်။ ကိုယ့်အလုပ်ကိုယ်တောင် အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် မလုပ်ရတဲ့ အခြေအနေမျိုးမှာ ဘယ်လိုလူမျိုးက စိတ်ကြည်လင်နေမလဲဗျာ။ အဲဒီအချိန်မှာပဲ သူငယ်ချင်းတစ်ယောက် ဖုန်းဆက်လာတယ်။ စိတ်မကြည်တဲ့အတွက် လေသံမာနေသလား၊ ဒေါသသံတွေ ပါနေသလားဆိုတာ ကျွန်တော်တကယ်ပဲ သတိမထားမိပါဘူး။ ဒါပေမယ့် သေချာတာကတော့ ကျွန်တော်စိတ်မကြည်တဲ့အချိန် ဖြစ်နေတယ်ဆိုတာပါပဲ။ သူငယ်ချင်းက ဖုန်းလည်းခေါ်သေးတယ်၊ ကိုယ်ပြောချင်တာကို မပြောဘဲနဲ့ ကျွန်တော့်ကို ဘာတွေမေးနေမှန်း၊ ဘာတွေပြောနေမှန်းလည်း မသိပါဘူး။ တဖြည်းဖြည်းနဲ့ ကျွန်တော့်ကို ရစ်နေတယ်လို့ ခံစားလာမိတယ်။ အဲဒါကြောင့်လည်း တောင်းပန်စကားဆိုရင်း ဖုန်းချလိုက်ပါတယ်။ အခုလတ်တလော ကျွန်တော်စိတ်ညစ်ပြီး ငရဲခံနေရတာထက်စာရင် ပြီးတော့မှ ကျွန်တော့်ကွယ်ရာမှာပဲဖြစ်ဖြစ်၊ ကျွန်တော့်ကို တိုက်ရိုက်ပဲဖြစ်ဖြစ် ပြောချင်ရာပြော၊ ပေးချင်တဲ့မှတ်ချက်ပေးတာက ပိုကောင်းမယ်ထင်လို့ပါ။ မသိဘူးလေ၊ ပြောမှမပြောတာလို့ ပြီးမှပြောလာမှာကိုလည်း ကြိုသိနေတယ်။ တစ်ခါတလေကျတော့ ဘာမှမပြောချင်တဲ့အထိ ဖြစ်နေတတ်တယ်ဆိုတာ နားလည်ပေးကြပါဗျာ။ စိတ်ညစ်နေပါတယ်ဆိုမှ အဲဒီစိတ်ညစ်နေတာကြီးကို ပြန်ရှင်းပြရမှာလောက် စိတ်ညစ်စရာကောင်းတာ ရှိပါဦးမလား။ စိတ်ညစ်တဲ့အချိန် ညစ်လိုက်၊ ပြီးရင်လည်း စိတ်ညစ်တာ ပျောက်သွားမှာပဲဆိုတာ သိနေတာပါပဲ။

အဲဒီလိုဖြစ်ကတည်းက ချက်ချင်းရေးချင်နေတာပါ။ စိတ်တိုနေတဲ့အချိန်မျိုးမှာ အမှားလုပ်မိတတ်တယ်လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးပြီး အခုလို ဘလော့ဂ်ပို့စ် ၄-၅ ခု ရိုက်တင်ပြီးကာမှ ရေးဖြစ်တာပါ။ အခုရေးနေတဲ့အချိန်မှာ ကျွန်တော်စိတ်တိုနေတာတွေ ကင်းနေပါတယ်။ ဒေါသနဲ့ ရေးတဲ့စာ မဟုတ်ဘူးဆိုတာကို ပြောလိုပါတယ်။ စိတ်ညစ်တဲ့အခံလေးတော့ ရှိနေဦးမယ်ဆိုတာ ၀န်ခံပါတယ်။

ကုတင်ပေါ်မှာ ဖြန့်လှန်းထားခဲ့တဲ့ မိုးရေတွေရွှဲနေတဲ့ စာအုပ်လေးတွေ၊ ဂျာနယ်လေးတွေဟာ ကျွန်တော်ပြန်ရင် ရှုံ့တွနေကြမှာ၊ တွန့်ကြေနေကြမှာ၊ အချို့လည်း မခြောက်သေးဘဲ စိုနေကြဦးမှာကို မြင်ယောင်နေမိလို့ပါ။ ကျွန်တော် အတော်လေးကို စိတ်ညစ်နေပါတယ်။
(တလက်စတည်း မဆီမဆိုင် စိတ်မကြည်တော့ ညကျရင် မန်ယူက အခြေအနေကောင်းပါ့မလားလို့လည်း တွေးပူမိသေးတယ်)

ဘာပဲဖြစ်ဖြစ် စောစောက ဂျီတော့ခ်မှာ ကျွန်တော်နဲ့စကားပြောရင်း စိတ်အနှောင့်အယှက်ဖြစ်သွားရတဲ့ မိတ်ဆွေသူငယ်ချင်းတွေများ ရှိခဲ့ရင်၊ ကျွန်တော်ပြောခဲ့တဲ့ စကားတွေထဲမှာ နားထောင်ရသူ၊ ဖတ်ရသူအတွက် နစ်နာစရာတွေများ ပါသွားခဲ့ရင်၊ စော်ကားရင့်သီးသလို ဖြစ်ခဲ့ရင်၊ ဖုန်းဆက်ရင်းနဲ့ ကျွန်တော်စကားတွေ မှားသွားခဲ့ရင်၊ အခုဒီစာမှာလည်း ဒေါသသံတွေပါသွားခဲ့ရင် ဒီပို့စ်နဲ့ပဲ တောင်းပန်လိုက်ပါတယ်။ နောက်အကြိမ်တွေများ အခုလိုမျိုး ထပ်ကြုံခဲ့ရင် ကျွန်တော့်ကို နားလည်ပေးကြပါဦး။ အားလုံးကို ပျော်ရွှင်ငြိမ်းချမ်းစေချင်ပါတယ်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မတ်လ ၃၀ ရက်၊ အင်္ဂါနေ့။
ည ၁၀ နာရီ ၄၈ မိနစ်တွင်ပြီး၏။

အုပ်ထိန်းမှုလွန်ကဲရင် လူရာမ၀င် ဖြစ်တတ်တယ် - လူထုစိန်ဝင်း


အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်နေတဲ့ ကျောင်းသားဟောင်းတစ်ယောက် တစ်မနက်ရောက်လာပြီး "ဆရာ့ဆီက အကြံဉာဏ်လေးဘာလေးများ ရမလားလို့ လာတာပါ" လို့ ပြောပါတယ်။ အပူပေးချင်မှ ရောက်လာတယ်ဆိုပြီး ထိပ်ခေါက်ချင်လည်း ခေါက်ပါလို့လည်း မျက်နှာချို သွေးပါသေးတယ်။

တစ်ဦးတည်းသား
အကျိုးအကြောင်း မေးကြည့်လိုက်တော့ ၁၀ တန်းဖြေပြီးတဲ့သားက မြစ်ကြီးနားက ရန်ကုန်မှာ ကျောင်းလာတက်တဲ့ သူငယ်ချင်းအပြန် လိုက်လည်ချင်တယ်ဆိုပြီး နားပူနားဆာ လုပ်နေတဲ့အတွက် ဘယ်လိုကိုင်တွယ်ရမှန်းမသိ ဖြစ်နေရတယ်လို့ ပြောပြတယ်။ ကလေးက မြစ်ဆုံကို သွားကြည့်ချင်တာပါတဲ့။ မိဘကလည်း တစ်ယောက်တည်းရှိတဲ့ သားကလေးကို မိဘမပါဘဲ ဘယ်မှမလွှတ်ဖူးတော့ စိတ်မချဖြစ်နေတယ်။ သားလေးကို ငယ်ငယ်ကတည်းက ငပလီ၊ ချောင်းသာ၊ ငွေဆောင် စတဲ့နေရာတွေကို အမြဲလိုက်ပို့ပေးပါတယ်။ တစ်ယောက်တည်းတော့ တစ်ခါမှ မလွှတ်ဖူးပါဘူးတဲ့။ သားက နေ့တိုင်း တကျီကျီနဲ့ နားပူနားဆာ လုပ်နေတာကြောင့် စိတ်ညစ်နေရပါတယ်တဲ့။ သူ့သားတောင် ၁၀ တန်းဖြေတဲ့အရွယ် ရောက်နေပြီကိုးလို့တွေးရင်း ကုန်လွန်သွားတဲ့အချိန်တွေကို ပြန်သတိရသွားပါတယ်။

ကိုယ်ချင်းစာကြည့်ပါ
တစ်ခါက ကျောင်းသားတွေနဲ့ ချောင်းသာကို သင်္ဘောနဲ့သွားမယ်လုပ်ကြတော့ သူ့မိဘက သူ့ကို လိုက်ခွင့်မပြုပါဘူး။ အဲဒီအချိန်မှာ သူက စီးပွားရေးတက္ကသိုလ် ဒုတိယနှစ်ကျောင်းသားပါ။ သူနားပူနားဆာ လုပ်လွန်းတာကြောင့် သူ့မိဘတွေဆီ လိုက်သွားပြီး လိုက်ခွင့်ပြုဖို့ ပြောပေးရပါတယ်။ မိဘများကလည်း ဆရာကိုယ်တိုင် လိုက်လာတယ်ဆိုတော့ အားနာပြီး ထည့်လိုက်ပါတယ်။ အဲဒီအကြောင်း သူ့ကို ပြန်သတိပေးပြီး ကိုယ်ချင်းစာစိတ်နဲ့ စဉ်းစားကြည့်ဖို့ ပြောလိုက်ပါတယ်။ လိုက်ခွင့်ပြုပါလို့တော့ မတိုက်တွန်းလိုက်ပါဘူး။ သူပြန်သွားပြီး ညဘက်ကျတော့ ဖုန်းဆက်ပါတယ်။ သူ့ဇနီးနဲ့တိုင်ပင်ပြီး သားကို လိုက်ခွင့်ပြုလိုက်ပါတယ်လို့ ပြောပါတယ်။

ပူညံပူညံဆူသံတွေ
ကျွန်တော်တို့ မြန်မာမိသားစုတွေအတွင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ အိမ်တွင်းပြဿနာက ဒါမျိုးချည်းပါပဲ။ ဘယ်မိဘမဆို မိဘနေရာကပဲ စဉ်းစားပြီး သားသမီးနေရာက မစဉ်းစားပါဘူး။ သားသမီးကလည်း မိဘနေရာကနေပြီး စဉ်းစားကြည့်လေ့ မရှိပါဘူး။ အဲဒီတော့ သီချင်းနားထောင်တာနဲ့ တီဗီကြည့်တာကအစ၊ အ၀တ်အစား ၀တ်ပုံစားပုံ အဆုံး ဘယ်နေရာမှ အကြိုက်ချင်း တူတယ်လို့ မရှိတော့ပါဘူး။ အကြိုက်မတူရာကနေပြီး ပူညံပူညံနဲ့ ဆူသံတွေ ပေါ်ထွက်လာကြပါတယ်။ လူငယ်တွေကတော့ ဒါကို မျိုးဆက်ကွာဟမှုကြောင့်လို့ လက်ညှိုးထိုးပြီး မိဘတွေကို ခေတ်နောက်ကျနေတဲ့ လူကြီးများအဖြစ် မြင်ကြတယ်။ ကွယ်ရာမှာ ခေါ်ကြတာကိုက ဘိုးတော်ကြီး၊ ဘွားတော်ကြီးတဲ့လေ။

ခေါင်းမအိုရင် လူမအို
အသက်ကြီးလာရင် အတွေးအခေါ်တွေပါ ခေတ်နောက်ကျန်ရစ်တာပဲလို့ လှေနံဓါးထစ် မှတ်ထားဖို့မသင့်ဘူး။ တလောက တီဗီမှာ အဆိုတော်ချစ်ကောင်းနဲ့ သူ့သမီး အဆိုတော်မလေး အိမ့်ချစ်တို့ တွဲပြီးသီချင်းဆိုသွားတာ တွေ့လိုက်ရတယ်။ သမီးလေး အိမ့်ချစ်ထက်တောင် ချစ်ကောင်းကပိုပြီး (ခေတ်စကားနဲ့ပြောရရင်) ဟော့ရှော့ဖြစ်နေသေးတယ်။ အဆိုတော် ဂျေမောင်မောင်လည်း အတူတူပါပဲ။ စင်ပေါ်မှာ သမီးသီရိဂျေမောင်မောင်ထက်တောင် ခုန်ပေါက်မြူးကြွ နေသေးတာ တွေ့ရပါတယ်။ အသက်ကြီးတိုင်း အတွေးအခေါ် ခေတ်နောက်ကျတာ မဟုတ်ဘူး။ ခေါင်းမအိုရင် လူမအိုဘူး ဆိုတာကို လူငယ်တွေလည်း နားလည်ထားဖို့ လိုပါတယ်။

အာခံစိတ်ဖြစ်ရတဲ့အကြောင်း
မိဘတွေဘက်ကလည်း အရာရာကို မိဘနေရာကကြည့်ပြီး (စိုးရိမ်ပူပင်စိတ်နဲ့) တားဆီးပိတ်ပင်တာမျိုး အလွန်အမင်း မလုပ်သင့်ဘူး။ မိမိကိုယ်တိုင် သားသမီးများအရွယ်က ဘယ်လိုနေခဲ့၊ ထိုင်ခဲ့၊ ၀တ်စားဆင်ယင်ခဲ့သလဲ။ ဘာတွေကြိုက်ပြီး ဘာတွေလုပ်ခဲ့သလဲဆိုတာ ပြန်စဉ်းစားပြီးမှ တားသင့်တာကို တားပြီး ပိတ်သင့်တာကို ပိတ်သင့်တယ်။ ကိုယ်ငယ်ငယ်က သူငယ်ချင်းတွေနဲ့ ချောင်းသာတွေ၊ ငပလီတွေ သွားခဲ့သလို၊ သားကလေးလည်း သွားချင်ရှာမှာပဲလို့ စဉ်းစားသင့်တယ်။ ပူတာကတော့ ပူတာပေါ့။ သားသမီးအတွက် မပူတဲ့မိဘ ဘယ်ရှိမှာလဲ။ ဒါပေမယ့် သဘာဝထက်လွန်ကဲပြီး ပူတာမျိုးကတော့ မကောင်းဘူး။ မိဘလည်း စိတ်ဆင်းရဲရပြီး သားသမီးလည်း မကျေနပ်မှုတွေ ဖြစ်ရတယ်။ မကျေမနပ် ဖြစ်ရတာတွေက အစိုင်အခဲကြီးဖြစ်သွားရင် အာခံစိတ်၊ တွန်းလှန်ပုန်ကန်ချင်စိတ်အထိ ရောက်သွားနိုင်တယ်။

ဗိုင်းကောင်းကျောက်ဖိလေးတွေ
တစ်ဦးတည်း သားသမီးများရဲ့ မိဘတွေက ပိုပြီးပူတတ်ကြတယ်။ ဟိုဟာ စိတ်မချ၊ ဒီဟာ စိတ်မချနဲ့ ကာကွယ်စောင့်ရှောက်မှု အလွန်အကျွံ လုပ်လေ့ရှိတယ်။ အနှစ် နှစ်ဆယ်အစိတ် ကျောင်းဆရာလုပ်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ မိဘအအုပ်အထိန်း သိပ်ကောင်းတဲ့ ဗိုင်းကောင်းကျောက်ဖိ သားလိမ္မာ၊ သမီးလိမ္မာလေးတွေ အများကြီး တွေ့ခဲ့ဖူးတယ်။ စာလည်း သိပ်တော်ကြတယ်။ ဒါပေမယ့် အားမနာတမ်း မှန်တဲ့အတိုင်း ပြောရရင် သူတို့အများစုဟာ လူ့အဖွဲ့အစည်းအတွင်း ၀င်ရောက်သွားရတဲ့ အခါကျတော့ ဘယ်နေရာမှ သုံးစားလို့မရတာကို တွေ့ရပါတယ်။ မိဘရဲ့အုပ်ထိန်းမှု လွန်ကဲလေတော့ ဘယ်အရာကိုမှ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ မလုပ်တတ်တော့ဘူး။ သူများကိုချည်း အားကိုးနေကြရ ပါတော့တယ်။ အားကိုးရင်း အားကိုးရင်းနဲ့ အလုပ်တူလုပ်ကြတဲ့ အသက်ကြီးကြီး အိမ်ထောင်သည်တွေနဲ့ ညားသွားတဲ့ သားလိမ္မာ၊ သမီးလိမ္မာလေးတွေကိုလည်း ရင်နာစွာနဲ့ တွေ့ခဲ့ဖူးပါတယ်။

စိတ်သဘာဝသိဖို့လို
သားသမီးပြုစုပျိုးထောင်တဲ့အခါမှာ အသက်အရွယ် အပိုင်းအခြားအလိုက် ပြောင်းလဲသွားတဲ့ ကလေးများရဲ့ စိတ်သဘာဝနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုစုပျိုးထောင်တတ်ဖို့ လိုပါတယ်။ ကလေးဟာ အမိဝမ်းတွင်းက ထွက်လာကတည်းက အမေဆိုတာ အားကိုးအားထားပြုစရာ ဧရာမတန်ခိုးရှင်ကြီးလို့ မှတ်ယူထားပြီး အမေ့နားကမခွါဘဲ တကပ်ကပ် လုပ်နေလေ့ရှိတယ်။ ကျောင်း စ,နေရတော့လည်း စာသင်ခန်းအပြင်က အမေစောင့်နေမှ ကျေနပ်တယ်။ နေ့စဉ်နေ့တိုင်း အမေပို့မှ၊ ကြိုမှကြိုက်တယ်။ အမေခွံ့ကျွေးမှ စားတယ်။ အမေသိပ်မှ အိပ်တယ်။ ၁၁ နှစ်၊ ၁၂ နှစ်အရွယ် ခြောက်တန်း၊ ခုနစ်တန်းရောက်တော့ အမေလာမကြိုစေချင်တော့ဘူး။ သူငယ်ချင်းတွေနဲ့ပဲ သွားချင်ပြန်ချင်တယ်။ ဒါမှမဟုတ် ဒရိုင်ဘာ လာကြိုစေချင်တယ်။ သူအရွယ်ရောက်လာပြီ။ သူ့ကိုယ်သူ ထိန်းနိုင်ပြီဆိုတာ ဖော်ပြချင်လာတယ်။

သူ့ခြေထောက်နဲ့ သူလမ်းလျှောက်
ဒါသဘာဝတရားရဲ့ ပြောင်းလဲမှုဖြစ်တယ်။ ဘယ်သူမှ တားလို့မရဘူး။ ဒီအချက်ကို မိဘက နားလည်ပြီး သူအရွယ်ရောက်လာပြီ၊ သူ့ကိုယ်သူ စောင့်ရှောက်နိုင်ပြီဆိုတာ အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြသဖို့လိုတယ်။ အရွယ်ရောက်လာပြီ ဖြစ်တဲ့အတွက် ဘယ်ကိစ္စမဆို မိဘကို အားမကိုးဘဲ ကိုယ့်အားကိုယ်ကိုးနိုင်ဖို့ ကြိုးစားရမယ့်အကြောင်း၊ ဒီလို ကိုယ့်အားကိုယ် ကိုးဖို့အတွက် အရာရာကို ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားဝေဖန်သုံးသပ်ပြီး လုပ်ရမယ့်အကြောင်း၊ သားသမီးနားလည်အောင် ရှင်းပြပြီး စဉ်းစားတဲ့အကျင့်ရအောင် လုပ်ပေးရပါမယ်။ အကျိုးအကြောင်း ဆက်စပ်စဉ်းစားတတ်တဲ့ အကျင့်ရသွားတဲ့ ကလေးဟာ သူ့ဘ၀တစ်လျှောက်လုံး ဘယ်သူ့မှ အားမကိုးဘဲ သူ့ခြေထောက်နဲ့သူ ကောင်းကောင်းလမ်းလျှောက်သွားနိုင်မှာ သေချာပါတယ်။

အုပ်ထိန်းမှုလွန်ကဲလို့
အနောက်နိုင်ငံတွေမှာဆိုရင် မူလတန်း ကျောင်းသူကျောင်းသားလေးတွေကို ဆရာ၊ ဆရာမတွေက ဦးဆောင်ပြီး တစ်ညအိပ်၊ နှစ်ညအိပ် တောစခန်းထွက်တဲ့ အလေ့အကျင့် လုပ်ပေးလေ့ရှိတယ်။ ကလေးဘ၀ကတည်းက ကိုယ်ရောစိတ်ပါ ကြံ့ခိုင်အောင် လေ့ကျင့်ပေးတဲ့ သဘောဖြစ်တယ်။ ဒါကြောင့် သူတို့ဆီက ၁၂ နှစ်၊ ၁၃နှစ်အရွယ် မိန်းကလေးတွေတောင် မိဘမပါဘဲနဲ့ ကျောပိုးအိတ်ကလေးတစ်လုံးနဲ့ ကမ္ဘာပတ်ဝံ့တဲ့သတ္တိ ရှိနေကြတာဖြစ်တယ်။ မြန်မာပြည်မှာကတော့ အအုပ်အထိန်း လွန်ကဲလွန်းတော့ ဆရာဝန်မလေး၊ ကျူတာမလေး ဖြစ်နေတာတောင် မိဘ ဒါမှမဟုတ် အဖော်တစ်ယောက်ယောက်မပါဘဲ ရန်ကုန်-မန္တလေး ခရီးလောက်ကို မသွားရဲကြတာတွေ အများကြီးရှိတယ်။   အုပ်ထိန်းမှုလွန်ကဲခြင်းက တရားခံပဲ။

ပင်ပန်းရှာကြတယ်
ဒီခေတ် ကျောင်းသူ၊ ကျောင်းသား အရွယ်ကလေးတွေဟာ ရှေးခေတ်နဲ့မတူ အင်မတန် ပင်ပန်းရှာကြတယ်။ သုံးနှစ်သားအရွယ်ကစပြီး ၁၀ တန်း ကျောင်းသားအရွယ်ထိ ကျောင်းနဲ့၊ ကျူရှင်နဲ့၊ 'ဂိုက်' နဲ့ မိုးလင်းကမိုးချုပ် လုံးချာလိုက်နေကြတယ်။ ကလေးသဘာဝ အမေ့နားကပ်ချွဲချိန်၊ ဆော့ချိန်၊ ကစားချိန်ရယ်လို့ ဟုတ်တိပတ်တိ ရှိကြတာ မဟုတ်ဘူး။ တစာစာနဲ့ စာတွေနဲ့ပိပြီး နုနယ်တဲ့ ကလေးဦးနှောက်ကလေးတွေ ထုံထိုင်းသွားမှာတောင် စိုးရိမ်မိတယ်။ ကလေးဆိုတာ သွက်သွက်လက်လက်၊ လန်းလန်းဆန်းဆန်းနဲ့ ကြီးပြင်းလာရမှ ထူးချွန်တဲ့ လူငယ်လေးတွေ ဖြစ်လာနိုင်မှာပါ။

ပူတူးတူးလေးလို
၁၀ တန်းစာမေးပွဲကြီး ဖြေပြီးတဲ့ အချိန်မျိုးမှာတော့ ကလေးတွေ လွတ်လပ်ပေါ့ပါးစွာ သူတို့စိတ်ကြိုက် နေခွင့်ပေးသင့်တယ်။ အဲဒီအသက်အရွယ်ဟာ ကလေးဘ၀ကနေ လူကြီးဘ၀ပြောင်းလဲဖို့ စတင် ခြေလှမ်းလိုက်ချိန် ဖြစ်တယ်။ အစစအရာရာ ကိုယ်ပိုင်အသိနဲ့ ဆင်ခြင်စဉ်းစား ဆုံးဖြတ်တတ်အောင် မိဘများက ညွှန်ပြဖို့လိုပါတယ်။ သူတို့အရွယ်ဟာ ကလေး မဟုတ်တော့ဘူးဆိုတာ သူတို့ကိုယ်တိုင် သိလာအောင် လုပ်ပေးပါ။ မိဘများကလည်း အဲဒီအရွယ်တွေကို 'ပူတူးတူးလေး' လို သဘောထားပြီး ထမင်းခွံ့ကျွေး မနေပါနဲ့တော့။ ဒါမှ သူတို့လေးတွေ ရင့်ကျက်လာမှာ ဖြစ်ပါတယ်။

Weekly Eleven News Journal
အတွဲ (၅) အမှတ် (၂၅)
31-3-2010, Wednesday
စာမျက်နှာ - ၂၂၊ ၂၈

စိတ်အားဖြည့် ဓမ္မပဒ


ဓမ္မပဒဂါထာ (၂၄)
ဥဋ္ဌာန၀တော သတီမတော၊
သုစိကမ္မဿ နိသမ္မကာရိနော။
သညတဿ ဓမ္မဇီဝိနော၊
အပ္ပမတ္တဿ ယသောဘိဝဍ္ဎတိ။

ကြီးပွားအောင်မြင်ရေးသော့ချက်
လုံ့လ၀ီရိယထကြွသူ၊
အစဉ်အမြဲ သတိရှိသူ၊
ကိုယ်အလုပ်, နှုတ်မပြော, မနောအကြံ
ကံသုံးပါး သန့်ရှင်းစင်ကြယ်သူ၊
အရာရာကို ဉာဏ်နဲ့ သေချာစူးစမ်းဆင်ခြင်ပြီးမှ
နှိုင်းနှိုင်းချိန်ချိန် ပြုတတ်သူ၊
ကိုယ်နှုတ်စိတ်အပေါက်အကြား
အပြစ်အနာမရှိအောင် စောင့်စည်းသူ၊
တရားတဲ့ အသက်မွေးဝမ်းကျောင်းနဲ့
မျှတစွာ စီးပွားရှာတဲ့သူ၊
မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ
မနေတဲ့သူအတွက်
စည်းစိမ်ဥစ္စာ၊ ရာထူးအာဏာ၊
အခြံအရံ၊ အကျော်အစော စတဲ့
အောင်မြင်ကြီးမြင့်မှုတွေဟာ
တစ်နေ့တစ်ခြား
တိုးပွားသည်ထက် တိုးပွားလာနိုင်ပါတယ်။

အိုင်ဒီအိုလိုဂျီလွန်ခေတ် အနာဂတ်ဟောကိန်း ဟောနိုင် မနိုင် - မောင်စူးစမ်း


၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ပေါ်ပေါက်မည့် လွှတ်တော်နိုင်ငံရေးတို့တွင် တိုင်နှစ်တိုင်ကိုဖြုတ်၍ စဉ်းစားချင်သည်။ ပထမတိုင်သည် အိုင်ဒီအိုလိုဂျီ (သဘောတရား)တိုင် ဖြစ်၍ ဒုတိယတိုင်သည် ခေတ်ပြိုင်မြန်မာ့သမိုင်း ဖြစ်သည်။ နိုင်ငံရေးတွင် အိုင်ဒီအိုလိုဂျီနှင့် သမိုင်းတို့ကို နန်းချပစ်ရသည်မှာ အခြေအနေနှင့် ဆီလျော်အပ်စပ်မှု မရှိတော့ပြီဟု ယူဆမိ၍ ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်းကောင်း၊ ရွေးကောက်ပွဲလွန် ကာလတွင်လည်းကောင်း၊ အိုင်ဒီအိုလိုဂျီနှင့် ခေတ်ပြိုင်သမိုင်းဝန်းကျင် မဆီလျော်တော့ပြီ။

ဤသို့ မဆီလျော်သည့် တိုင်နှစ်တိုင်ကို ဖြုတ်ပစ်လျှင် ဘာကျန်မည်နည်းဟု မေးစရာရှိသည်။ ရှေးဦးပထမ အိုင်ဒီအိုလိုဂျီနှင့် သမိုင်းတို့ကို အဘယ်ကြောင့် နန်းချပစ်သင့်သနည်းဟု ဆိုသောအကြောင်းကို ရှင်းပြရန်လိုသည်။ မြန်မာ့နိုင်ငံရေးတွင် အိုင်ဒီအိုလိုဂျီမျိုးစုံကို ဖြတ်သန်းစမ်းသပ်ကြည့်ပြီး ဖြစ်သည်။ အထူးသဖြင့် လက်ဝဲအိုင်ဒီအိုလိုဂျီတို့ကို မီးပြင်းတိုက်ပြီး စမ်းသပ်ခဲ့ကြသည်။ ရလဒ်ကား ဒုက္ခပင်လယ်ဝေခဲ့ခြင်းသာ ဖြစ်သည်။ အိုင်ဒီအိုလိုဂျီတို့က အတော်နှိပ်စက်ခဲ့ပြီးဖြစ်၍ တော်လောက်ပြီဟု ထင်သည်။ မြန်မာ့လူ့အဖွဲ့အစည်းသည် အိုင်ဒီအိုလိုဂျီမော မောနေသည်။ Ideology Fatique ခံစားနေရသည်။

အရိပ်သုံးပါးနားမလည်၊ အိုင်ဒီအိုလိုဂျီကို ရှေ့တန်းတင်လျှင် ရူးလို့သာဖြစ်မည်။ တကယ်စင်စစ်၌လည်း ခေတ်ကြီးသည် အိုင်ဒီအိုလိုဂျီလွန်ခေတ် (Post ideology Era) ထဲ ရောက်ရှိနေသည်။ အိုင်ဒီအိုလိုဂျီဆို မကြားချင်ကြပေ။ အိုင်ဒီအိုလိုဂျီကို မုန်းနေသည်။ ထို့ကြောင့် အနာဂတ်၏ နိုင်ငံရေးတွင် အိုင်ဒီအိုလိုဂျီတိုင်ကိုဖြုတ်၍ အစည်းအဝေးတွေ ခေါ်ရမည်ဟု ထင်သည်။

ခေတ်ပြိုင်သမိုင်းတိုင်ကိုလည်း ဖြုတ်သင့်သည်။ မြန်မာ့ခေတ်ပြိုင်သမိုင်းသည် အလွန်တရာမှ ကြမ်းတမ်းသည်။ ရှုပ်ထွေးသည်။ တစ်ခုတည်းသော အနက်အဓိပ္ပါယ် ဖွင့်ဆိုလို့မရ။ အမြင်တစ်ယောက်တစ်မျိုး ဖြစ်နိုင်သည်။ ရှုပ်ထွေးရုံမျှမက မြန်မာ့ခေတ်ပြိုင်သမိုင်းသည် အပြတ်အတောက်တွေ သိပ်များသည်။ စီးရီးဆွဲလို့မရသော အပြတ်အတောက်တို့နှင့် ခုန်ပေါက်နေသည်။ ကြမ်းလည်း ကြမ်းတမ်းသည်။ ထို့ကြောင့် မြန်မာ့ခေတ်ပြိုင်သမိုင်းသည် မြန်မာ့ပကတိအခြေအနေနှင့် ဆီလျော်အပ်စပ်လိမ့်မည် မဟုတ်ပေ။ Irrelevance ဟု ပြောရမည်။

ထို့ကြောင့် အိုင်ဒီအိုလိုဂျီနှင့် ခေတ်ပြိုင်မြန်မာ့သမိုင်းတို့သည် အခြေအနေနှင့် မအပ်စပ်သဖြင့် လာမည့်ရွေးကောက်ပွဲအတွက် ဖြစ်စေ၊ ရွေးကောက်ပွဲအပြီး ကာလအတွက်ဖြစ်စေ အညွှန်းအဖြစ် အရေးပါခြင်းမရှိဟု တင်ပြအပ်သည်။ မည်သည့်အရာတို့သည် အညွှန်းဖြစ်မလဲဟု ကြိုတင်လျာထား ကြည့်ပြန်လျှင်လည်း စိတ္တဇမဆန်မိဖို့ကို ဂရုစိုက်ရဦးမည်။

လာမည့်ရွေးကောက်ပွဲသည် ပါတီစုံရွေးကောက်ပွဲဖြစ်လေရာ လက်ရှိတည်ဆဲ သတ်မှတ်ထားချက်အတိုင်းဆိုလျှင် တရားဝင် မှတ်ပုံတင်ထားကြသော နိုင်ငံရေးပါတီတို့ကိုသာ ရည်ညွှန်းသည်။ သို့ရာတွင် ရွေးကောက်ပွဲဥပဒေနှင့် ပါတီများဥပဒေ ပေါ်ထွက်လာသောအခါ ပါတီသစ်များ ထပ်မံပေါ်နိုင်မည်။ ထိုပါတီသစ်များထဲတွင် စိတ်ဝင်စားစရာကောင်းမည့် မူဝါဒတစ်ခုကို စိတ်ထဲမြင်ယောင်မိသည်။

မောင်စူးစမ်း
ရွေးကောက်ပွဲ နိုင်ငံရေး
စာမျက်နှာ - ၁၂၉ မှ ၁၃၃

ကိုယ်အင်္ဂါမပြည့်စုံသော်လည်း ကြိုးစားထူးချွန်သူများ


မဂ္ဂဇင်းကြီးတစ်စောင်တွင် ပင်တိုင်ပန်းချီရေးဆွဲပေးနေသော ပန်းချီဆရာ အကျော်အမော်တစ်ဦးမှာ အရောင်များကို ပုံမှန်အတိုင်း မမြင်နိုင်သူတစ်ဦး ဖြစ်ပါသည်။ သူ၏ ပန်းချီရေးသောဆေးများကို ရောစပ်ဖို့ လူတစ်ဦးကို ငှားထားသည်။ ဆေးစပ်ပေးသူက ဘယ်ဆေးက အနီ၊ ဘယ်ဆေးက အစိမ်း၊ အ၀ါ၊ အပြာ စသည်ဖြင့် ပြောပြပါသည်။ ပုံမှန်အတိုင်း အရောင်တွေကို မမြင်သူသည် အရောင်စပ်ရာတွင် ထင်ပေါ်ကျော်ကြားသူတစ်ဦး ဖြစ်သည်။

နယ်ပယ်တစ်ရပ်ရပ်တွင် ထူးချွန်သူများသည် သူတို့၏ အားနည်းချက်ကို အစပျိုးပြီး အားနည်းချက်ကို ကျော်လွန်အောင် ကြိုးစားအားထုတ်ရာမှ ထူးချွန်လာခြင်း ဖြစ်ပါသည်။

"ဒီမွန်စ်သနည်း"သည်လည်း စကားထစ်သူတစ်ဦး ဖြစ်ပါသည်။ သူ၏ ပါးစပ်ထဲတွင် ကျောက်စရစ်ခဲများထည့်ပြီး ပင်လယ်ကမ်းစပ်တစ်လျှောက် လမ်းလျှောက်ရင်း ပင်လယ်လှိုင်းများနှင့်အော်ပြီး စကားပြောပါသည်။ စကားထစ်သောသူသည် ထိုအားနည်းချက်မျ အစပျိုးကျော်လွန်ပြီး နောက်ပိုင်း ဂရိစ်တွင် အထင်ရှား အကျော်ကြားဆုံးသော စာဟောဆရာတစ်ဦး ဖြစ်လာခဲ့ပါသည်။

အင်္ဂလန်နိုင်ငံအတွက် နယ်လ်ဆင်သည် ရေကြောင်းသူရဲကောင်းတစ်ဦးပင် ဖြစ်ပါသည်။ သို့သော် သူသည် ပင်လယ်ထဲထွက်တိုင်း ပင်လယ်လှိုင်းမူးသော ဝေဒနာခံစားရပါသည်။ ပင်လယ်ထဲ ပထမဆုံးခရီး စထွက်ကတည်းက ပင်လယ်လှိုင်းမူးသော ဝေဒနာကို စတင်ခံစားရပြီး နောက်ပိုင်းတွင်လည်း သင်္ဘောပေါ်တက်တိုင်း ထိုဝေဒနာကို ခံစားရပါသည်။

မည်သူသည် ကမ္ဘာကျော် တေးရေးဆရာကြီး ဗီသိုဗင်ထက် တေးကဗျာများ ရေးသားနိုင်ပါသလဲ။ ကမ္ဘာ့ထိပ်သီး တေးရေးဆရာကြီး ဗီသိုဗင်သည် နားမကြားပါ။ သူရေးစပ်ခဲ့သော အမြဲရှင်သန်နေသည့် တေးဂီတသံများကို သူဘယ်တုန်းကမျှ ကြားနိုင်ခြင်း မရှိပါပေ။

ကလားရင့်ချိန်ဘာလိန်သည် ကမ္ဘာကျော် လေယာဉ်ပျံသန်းသူတစ်ဦး ဖြစ်ပါသည်။ သူသည် အတ္တလန်တိတ် သမုဒ္ဒရာကို ဖြတ်ကျော်ပျံသန်းခဲ့ပါသည်။ သို့သော် သူသည် အတိမ်အနက် အမြင်အာရုံကို စမ်းသပ်သော စစ်ဆေးမှုကို ဘယ်တုန်းကမှ မအောင်မြင်ခဲ့ပါ။ သို့သော် စံချိန်မီ စစ်ဆေးလွှာနဲ့ စစ်ဆေးသူများသည် ချိန်ဘာလိန်အား စစ်ဆေးချက် မအောင်သော်လည်း လေယာဉ်မောင်းခွင့် လိုင်စင်ထုတ်ပေးခဲ့ပါသည်။ သူသည် ကမ္ဘာပေါ်တွင် အန္တရာယ်အကင်းရှင်းဆုံး လေယာဉ်မှူးတစ်ဦး ဖြစ်လာခဲ့ပါသည်။

တစ်မိုင်ခရီးကိုပြေးရာတွင် ကမ္ဘာ့စံချိန်တင်ခဲ့သော ဂလင်ကန်နီဟန်သည် ခြေနှစ်ဖက်လုံး မီးလောင်ထားသည့်အတွက် လမ်းပင် မလျှောက်နိုင်တော့ဟု ထင်ကြေးပေး ခံထားရသူတစ်ဦး ဖြစ်ပါသည်။

အထက်တွင် ဖော်ပြခဲ့သူများ၏ ကိုယ်အင်္ဂါချို့တဲ့ မပြည့်စုံမှုသည် သူတို့ ထူးချွန်လာစေမှုအတွက် အခြေခံအကြောင်းတရားများ ဖြစ်လာရပါသည်။
Bruno Hagspiel

[ဒေါက်တာသိန်းလွင် ၏ စိတ်ကျန်းမာရေး အတွေးစာစုများ မှ]

ပြောချင်လို့ ပြောပါရစေဦး - ကိုဉာဏ် (ပန်းလောင်မြေ)


ဒီနေ့မနက်တော့ သတင်းတွေလိုက်ရှာပြီး ဖတ်ဖြစ်ပါတယ်။ အရင်တုန်းကဆိုရင်တော့ အခုလိုဖတ်ရတဲ့သတင်းတွေကို နဝေတိမ်တောင် ဖြစ်နေမလားမသိပါဘူး။ အခုတော့ သူတို့တွေပြောနေ၊ အော်နေကြတဲ့ အကြောင်းအရာနဲ့ ပတ်သက်တာတွေက အက်ကြောင်းလည်းထပ်နေပြီ၊ ပြည်တွင်း မီဒီယာတွေမှာလည်း ကိုယ့်အမြင်၊ ကိုယ့်ရှုထောင့်နဲ့ကိုယ် ဖော်ပြနေတာကို လှိုင်လှိုင်ကြီး ဖတ်နေခဲ့ရတာဆိုတော့ ဘယ်အကွက်ကိုရွှေ့ရင် ဘယ်အကောင်ကို စားချင်လို့ဆိုတာ ချက်ချင်းကို မြင်နေရပါတယ်။ တချို့သတင်းတွေများဆိုရင် အတော်လေးကို စိတ်ညစ်စရာကောင်းတယ်။ မေးမြန်းထားတယ်ဆိုတဲ့လူက အဆင့်အတန်းမရှိ စိတ်ထင်ရာကိုပြောတယ်၊ အဲဒါကို တရေးတယူလုပ်ပြီး တင်ပေးတဲ့လူတွေကလည်း တင်ပေးတယ်။ ဟုတ်နေတာပါပဲ။

ကဲပါလေ... ဘယ်သတင်းတွေက ဘာတွေဆိုတာကို မပြောပြတော့ပါဘူး။ အဲဒီသတင်းတွေကို ဖတ်ရတဲ့အချိန်မှာ ကျွန်တော်ဘယ်လိုခံစားရသလဲ၊ ဘာတွေတွေးမိသလဲ ဆိုတာလေးတွေကိုပဲ ဖောက်သည်ချပါ့မယ်။ ကျွန်တော်ဖတ်မိခဲ့တဲ့ သတင်းတွေကို ဖတ်ပြီးတဲ့လူတွေကတော့ ဘာကိုဆိုလိုမှန်း ချက်ချင်းသဘောပေါက်ကြပါလိမ့်မယ်။ အဲဒီသတင်းတွေကို မဖတ်ဖူးတဲ့လူတွေ၊ အဲ... စိတ်မ၀င်စားတဲ့လူတွေအတွက်လည်း အခုရေးထားတာကိုပဲ ဒီအတိုင်းဖတ်လို့ရအောင်၊ တွေးကြည့်လို့ရအောင် ကြိုးစားထားပါတယ်။ အားပေးကြပါဦး။

(၁)
အားကစားသမားတစ်ယောက်ဟာ ကြံ့ခိုင်မှု၊ သက်လုံ ကောင်းနေစေဖို့အတွက် နေ့စဉ် ဘယ်လိုအာဟာရတွေ မှီဝဲရမယ်၊ ဘာဆေးတွေသောက်ရမယ်၊ ဘယ်အချိန်အိပ်ရမယ်၊ စတဲ့အချက်တွေကို စာဖတ်သူမိတ်ဆွေက သိချင်တယ်ဆိုပါတော့။ အဲဒီအားကစားသမားကို သွားမေးမလား၊ ဒါမှမဟုတ် သူ့ရဲ့ ကျန်းမာရေးတာဝန်ခံ ဆရာဝန်၊ သို့မဟုတ် အဲဒီကစားသမားရဲ့ နည်းပြကို သွားမေးမလား။ ဘယ်သူ့ကိုမေးတာဟာ အသင့်တော်ဆုံး၊ အမှန်ဆုံးလို့ မိတ်ဆွေထင်ပါသလဲ?

(၂)
ပြင်သစ်ကစားသမားကြီး ကင်တိုနာကို ကျွန်တော်အရမ်းကြိုက်တယ်။ သူ့ကို ကြိုက်လွန်းတဲ့အတွက် ပရိသတ်ကို ကွန်ဖူးကစ်ကန်တာကိုတောင် အပြစ်မမြင်နိုင်ဘဲ အဲဒီပရိသတ်ကို ကျွန်တော် မုန်းမိသေးတယ်။ အဲဒီလောက်အထိ သဘောကျနှစ်သက်တာ။ ဟော... သူအနိုင်နဲ့ပိုင်းပြီး နားသွားတဲ့အချိန်မှာ ဒေးဗစ်ဘက်ဟမ်းဟာ ကျွန်တော့်ရဲ့ အသည်းစွဲ။ ဘက်ဟမ်းသတင်းမှန်သမျှ ကျွန်တော်စိတ်ဝင်စားတယ်။ ဘက်ဟမ်းဟာ နေ့စဉ်လေ့ကျင့်ခန်းပြီးတာနဲ့ ချက်ချင်းမပြန်ဘဲ ၄၅ မိနစ်လောက် ဖရီးကစ်အကန်ကျင့်သတဲ့။ ကျွန်တော်လည်း နေ့တိုင်းဘောလုံးကွင်းမှာ ဖရီးကစ် အကန်ကျင့်ပြီး ရူးခဲ့ရသေးသပေါ့။ သူတို့လို ဘောလုံးအများကြီး မရှိလေတော့ ရှိတဲ့တစ်လုံးကို ဂိုးထဲကန်ထည့်လိုက်၊ အဲဒီဘောလုံးကို ပြန်ကောက်လိုက်နဲ့ပေါ့။ ဘက်ဟမ်းမန်ယူက လစ်သွားတော့ စီရော်နယ်လ်ဒိုက ကျွန်တော့်ရဲ့ အားပေးမှုတွေအကုန်လုံးကို သိမ်းပိုက်သွားတယ်။ ဘာကြိုက်သလဲမမေးနဲ့။ ဒိုလေး၊ ဒိုလေးဆိုပြီး ညအိပ်ရင်တောင် ယောင်ခဲ့မိသလား မသိပါဘူး။ သူ့ရဲ့ ပြေးဟန်၊ လိမ်ခေါက်ဟန်၊ ဂိုးသွင်းဟန်၊ အောင်ပွဲခံဟန်၊ မျက်နှာရှုံ့မဲ့ဟန်၊ အို... အားလုံးကိုပါပဲ။ သိပ်သဘောကျခဲ့တာပေါ့။ စီရော်နယ်လ်ဒို ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရတာ ပျော်၊ မပျော်ဆိုတာ ကျွန်တော်မသိဘူး။ ကျွန်တော်ကတော့ အလကားနေရင်း သူ့အတွက် ပျော်လိုက်ရတာဗျာ။ ဟော... အခုတော့ စီရော်နယ်လ်ဒိုလည်း မရှိတော့ဘူး။ ၀ိန်းရွန်းနေက ကျွန်တော့်ရဲ့ သူရဲကောင်း။ ရွန်းနီကို မမြင်ရတဲ့ ရက်သတ္တပတ်ဟာ တစ်ခုခုလိုနေသလိုကို ဖြစ်နေတော့တာကိုး။ အဲဒီလောက်အထိ ရွန်းနီကို သဘောကျတယ်။ ဘော်လ်တန်ကို လေးဂိုးပြတ်နဲ့ နိုင်တာတောင်မှ မပျော်နိုင်ဘူးဖြစ်ရတယ်။ ရွန်းနီမပါလို့။ ဘာဘာတော့ဗ် ဂိုးသွင်းတဲ့အခါတိုင်း အဲဒါ ရွန်းနီသွင်းရမှာ၊ ဒီပွဲသာ ရွန်းနီပါရင် ဒရော့ဘာကို ဂိုးတွေဒီထက်ပိုပြီး ဖြတ်ထားနိုင်မှာဆိုပြီး တွေးနေခဲ့မိတဲ့အထိ ရွန်းနီကို အားပေးတဲ့ကောင်ပါ။

ကဲ... ပြောချင်တာက အခုမှရောက်ပြီ။ မပြောင်းမလဲဘဲနဲ့ ကျွန်တော်အားပေးနေတာ ကင်တိုနာမဟုတ်ဘူး၊ ဒေးဗစ်ဘက်ဟမ်း မဟုတ်ဘူး၊ စီရော်နယ်လ်ဒို မဟုတ်ဘူး၊ ရွန်းနီလည်း ခဏပဲဖြစ်မှာပဲ (မန်ယူမှာ ရှိနေစဉ်ကာလလေးပေါ့လေ)။ ဒါဆိုရင် ကျွန်တော်အားပေးနေတာ ဘာလဲ။ ကျွန်တော်ချစ်တာ မန်ချက်စတာ ယူနိုက်တက်အသင်းကိုပါ။ ရင်ထဲကနေ နှစ်နှစ်ကာကာ အားပေးနေတာ မန်ချက်စတာယူနိုက်တက်အသင်းပါ။ ဘာကြောင့်လဲ... သူတို့အသင်းရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ကျွန်တော်ကြိုက်တယ်။ အသင်းရဲ့ ကစားဟန်ကို နှစ်ခြိုက်တယ်။ မန်ယူကပေးတဲ့ ဘောလုံးရသကို ခုံမင်တယ်။ မန်ယူအောင်မြင်နေလို့ သူ့ကို အားပေးကြတာပါလို့ ပြောကြသူတွေရှိတယ်။ မန်ယူအသင်းဟာ နှစ်တိုင်းနှစ်တိုင်း ဖလားရနေတဲ့အသင်း မဟုတ်ပါဘူး။ မအောင်မြင်တဲ့နှစ်တွေလည်း အများကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အားပေးခဲ့ကြတာပါပဲလေ။ ပြောချင်တာက ကစားသမားစွဲ၊ ပုဂ္ဂိုလ်စွဲနဲ့ မန်ယူကို အားပေးနေကြတာ မဟုတ်ဘူး။ အခြားအသင်းအားပေးသူတွေလည်း အဲဒီလိုပဲ အများစု ဖြစ်ကြမှာပါ။ စီရော်နယ်လ်ဒိုကြောင့်သာ မန်ယူကို အားပေးတာဆိုရင် အခုအချိန်ဆိုရင် ကျွန်တော် ရီးရဲလ်မက်ဒရစ်ကို အားပေးမှာပေါ့။ ဖာဂူဆန်လည်း တစ်ချိန်မဟုတ်တစ်ချိန်မှာ မန်ယူကနေ ထွက်ခွာသွားမယ်ဆိုတာ လူတိုင်းသိနေတာပဲ။ အဲဒီအတွက် ဖာဂီကြောင့်လည်း မန်ယူကို ကျွန်တော်တို့ အားပေးတာမဟုတ်ပါဘူး။ မန်ယူကိုသဘောကျတဲ့အတွက်သာ မန်ယူကို အားပေးနေကြတာပါ။ မန်ယူကို ချစ်တဲ့အတွက် မန်ယူမှာ ကစားနေသူတွေကို ကျွန်တော်တို့ အားပေးနေကြတာပါ။ ဒါဆိုရင် ကစားသမားနဲ့ အသင်း ဘယ်သင်းကအရေးကြီးသလဲဆိုတာ ........။

အဲဒီအတွေးကို ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀ထဲကို ယူကြည့်လိုက်တဲ့အခါ ဘာတွေများ တွေ့ရမလဲဆိုတာ စာဖတ်သူစိတ်ဝင်စားရင် ဆန်းစစ်ကြည့်စေချင်ပါတယ်။

(၃)
ဘောလုံးအကြောင်းပဲ ထပ်ပြောဦးမယ်။ စပိန်လာလီဂါမှာ ပြစ်ဒဏ်ဘောပေးတာနဲ့ အီတလီစီးရီးအေမှာ ပြစ်ဒဏ်ဘောပေးတာ မတူကြဘူးဗျ။ အဲလိုပဲ အင်္ဂလန်ပရီမီးယားလိဂ်က ကစားသမားတွေရဲ့ အခွန်နှုန်းထားနဲ့ စပိန်လာလီဂါနဲ့ မတူပြန်ဘူး။ နောက်တစ်ခါ သက်ဆိုင်ရာ လိဂ်အသီးသီးမှာ ရေးဆွဲပြဋ္ဌာန်းထားတဲ့ ဥပဒေတွေဟာ အကုန်လုံး ထပ်တူမကျဘူးဆိုတာလောက်တော့ ဘောလုံးပွဲကို စိတ်မ၀င်စားရင်တောင် အခြားအကြောင်းအရာတွေနဲ့ ယှဉ်ထိုးပြီး စာဖတ်သူ နားလည်နိုင်မယ် ထင်ပါရဲ့။ ဥပမာတွေ ထပ်ပေးပါရစေဦး။ ကုမ္ပဏီတစ်ခုနဲ့တစ်ခု ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေ၊ ခံစားခွင့်ပေးတဲ့ အခွင့်အရေးတွေ၊ လစာတွေ မတူညီဘူး ဆိုတာလောက်တော့ အားလုံးသိကြပါတယ်။

ကိုယ်က ကုမ္ပဏီ A မှာ အလုပ်လုပ်နေတယ် ဆိုပါတော့။ အဲဒီမှာ ထုတ်ထားတဲ့ စည်းကမ်းချက်တွေထဲမှာ ကို်ယ်မကြိုက်တဲ့အချက်တွေ ပါနေမယ်ဆိုကြပါစို့။ ဥပမာ... တစ်ပတ်မှာ ခြောက်ရက် ရုံးတက်ရမယ်တို့၊ မိဘသေဆုံးခြင်းမှတစ်ပါး အခြားမည်သည့်လူမှုရေးကိစ္စကိုမှ ခွင့်မပေးဘူးတို့၊ ကုမ္ပဏီလုပ်သက် (၃)နှစ်အတွင်းမှာ အိမ်ထောင်မပြုရဘူးတို့၊ ရုံးတက်ချိန်နောက်ကျရင် အဲဒီနေ့အတွက် လစာကို ဖြတ်မယ်တို့ပေါ့ဗျာ။ ပြောချင်တာက အဲဒီကုမ္ပဏီမှာလုပ်နေရင် အဲဒီကုမ္ပဏီက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာချင်သည်ဖြစ်စေ၊ မလိုက်နာချင်သည်ဖြစ်စေ လိုက်နာဖို့လိုအပ်တယ်။ အခြား ကုမ္ပဏီ B မှာ အဲလိုစည်းကမ်းတွေ မရှိဘူးလို့ သွားပြောလို့ မရဘူးထင်တာပါပဲ။ ဒီကုမ္ပဏီက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာနိုင်ရင် ဒီကုမ္ပဏီမှာ မလုပ်နဲ့ပေါ့။ စောစောကပြောတဲ့ ကုမ္ပဏီ B ကို သွားလေ။ အဲလိုမှ မဟုတ်ရင်တော့ A မှာနေရင် A ရဲ့ စည်းကမ်းအတိုင်း၊ သတ်မှတ်ချက်အတိုင်း နေထိုင်ဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ကုမ္ပဏီ A ကပေးတဲ့ ခံစားခွင့်တွေကို ရမယ်လေဗျာ။

အင်္ဂလန်ရဲ့ အခွန်စနစ်ကို မကြိုက်ရင် အင်္ဂလန်မှာ မကန်နဲ့ပေါ့ဗျာ။ ဒါဆိုရင် ပရီမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလား၊ ကားလင်းဖလားတို့ကိုလည်း မလိုချင်နဲ့ပေါ့ဗျာ။ အဲဒီဖလားတွေကို လိုချင်တယ်ဆိုရင်တော့ အဲဒီဖလားတွေရနိုင်တဲ့ လိဂ်မှာ ၀င်ကစားရမယ်၊ ပြီးရင် အဲဒီလိဂ်ရဲ့ စည်းကမ်းတွေကို လိုက်နာရမယ်၊ အဲဒီနိုင်ငံရဲ့ ဥပဒေတွေကို လေးစားရမယ်လေ။ ဒါမှလည်း လိုချင်တဲ့ဖလားကို ရတော့ပေမပေါ့။

(၄)
တက္ကသိုလ်ကျောင်းသားဘ၀တုန်းက ကျွန်တော်နဲ့ သူငယ်ချင်းတစ်ယောက် မကြာခဏပြောဖူး၊ ကိုးကားဖူးတဲ့ စကားလေးတစ်ခွန်းကို အခုမှ အမှတ်ရမိတယ်။ ဆရာကြီး နန္ဒာသိန်းဇံရဲ့ စာအုပ်ထဲက ထင်ပါရဲ့ဗျာ။
"ကယ်လ်ဗင် လှည်းကြီးကတော့ သွားမြဲ သွားလျက်ပါပဲ" တဲ့။ ဟုတ်ကဲ့ အခုမှ အရမ်းကို သဘောကျနေမိတယ်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မတ်လ ၃၀ ရက်၊ အင်္ဂါနေ့။
နံနက် ၁၁ နာရီ ၂၆ မိနစ်တွင်ပြီး၏။

Monday, March 29, 2010

အတော်ပူတယ်ဗျို့


မန္တလေး၊ မြင်းခြံ၊ နေပြည်တော်ပျဉ်းမနား၊ ကျောက်ဆည်၊ ချောက်၊ ပခုက္ကူနဲ့ ဘားအံမြို့တွေမှာ နေ့အပူချိန် ၄၁ ဒီဂရီစင်တီဂရိတ်ရှိကြောင်း ဒီနေ့ထုတ် သတင်းစာထဲမှာ ဖတ်လိုက်ရတယ်။ အမယ်လေး... အဲဒီဒေသကလူတွေခမြာ ဘယ်လိုများ နေကြပါလိမ့်နော်။

တော်လှန်ရေးအစိုးရခေတ်


ထို့ကြောင့် အရပ်ရပ် အခြေအနေကို ထိန်းသိမ်း၍ ပြိုကွဲအံ့ဆဲဆဲ ပြည်ထောင်စုကို ပြည်လည်ထိန်းအုပ်ရန် ၁၃၂၄ ခုနှစ် (၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့) တွင် တော်လှန်ရေးကောင်စီက နိုင်ငံအုပ်ချုပ်ရေးတာဝန်ကို လွှဲယူ၍ နိုင်ငံကို ထိန်းသိမ်းလိုက်ရလေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးကို အရယူပြီးလျှင် ဆိုရှယ်လစ်နိုင်ငံ အဖြစ်သို့ရောက်အောင် ထူထောင်ရန် ဆိုရန်တိုဗီလာ စီမံကိန်းများကိုပင် ရေးဆွဲခဲ့ပေသည်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက် ဆိုရှယ်လစ် စီးပွားရေးစနစ်ကိုပင် ဦးတည်ခဲ့သော်လည်း လက်တွေ့အားဖြင့် အကောင်အထည် ပေါ်မလာခဲ့ပေ။ ထို့ကြောင့် တော်လှန်ရေးကောင်စီက ထိန်းသိမ်းခဲ့ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းစဉ်အတိုင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ဦးတည်သော တော်လှန်ရေးကောင်စီ၏ ၀ါဒသဘောထား ကြေညာချက်ကို ထိုနှစ် (ဧပြီလ ၃၀ ရက်နေ့) တွင် ထုတ်ပြန်ကြေညာခဲ့လေသည်။

နိုင်ငံလွတ်လပ်ပြီးသော်လည်း စီးပွားရေးနှင့် လူမှုရေးကို ထူထောင်ရန် လိုအပ်နေပေသေးရာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီသည် လုပ်သားပြည်သူ တစ်ရပ်လုံး၏ ပါတီအဖြစ်သို့ စည်းရုံးချီတက်လျက်ရှိသည်။ တော်လှန်ရေးအစိုးရသည် ဆိုရှယ်လစ် စီးပွားရေးစနစ်ကို အောင်မြင်စွာ ထူထောင်နိုင်ရန်အတွက် ဆိုရှယ်လစ် ဒီမိုကရေစီ နိုင်ငံတော်ကို ဖွဲ့စည်းတည်ဆောက်လျက် ရှိပေသည်။ ၁၃၂၅ ခုနှစ်၊ စစ်ကိုင်းခရိုင် အုန်းတောရွာ၌လည်းကောင်း၊ ၁၃၂၆ ခုနှစ်တွင် ဟင်္သာတခရိုင် ဒူးယားကျေးရွာ၌လည်းကောင်း တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲများ ကျင်းပ၍ (၁၉၆၃ ခုနှစ်၊ မတ်လ ၂၅ ရက်) တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သည့်ဥပဒေ၊ သီးစားချထားရေးဥပဒေနှင့် နည်းဥပဒေတို့ကို ထုတ်ပြန်ခြင်း၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် စေ့စပ်ဆွေးနွေးခြင်း၊ ဉာဏလုပ်သားဖြစ်သော ဂီတ၊ သဘင်၊ ရုပ်ရှင်လုပ်သားများ၏ စည်းရုံးမှုကို အားပေးခြင်း၊ အမျိုးသား စည်းရုံးညီညွတ်ရေးကို ကာကွယ်သည့်ဥပဒေ (၁၉၆၄ ခုနှစ်၊ မတ်လ ၂၈ ရက်) ကို ထုတ်ပြန်ခြင်း၊ ဆိုရှယ်လစ် စီးပွားရေးတည်ဆောက်မှု ကော်မတီကို ဖွဲ့စည်းခြင်း စသည်အားဖြင့် ဆောင်ရွက်ခဲ့လေသည်။ ပညာရေး၊ လူမှုရေး၊ စီးပွားရေး အဖက်ဖက်တွင် ဆောင်ရွက်ချက်များလည်း အများအပြားပင် ရှိလေသည်။ ပြည်သူ့ဒီမိုကရေစီကို စနစ်ကျနစွာ ကျင့်သုံးရန်နှင့် အုပ်ချုပ်ရေးအာဏာကို ပြည်သူလူထုမှ ဆင်းသက်စေရန် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကိုလည်း (၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်) နေ့တွင် တည်ထောင်ခဲ့လေသည်။

*************** စာအုပ် မှတ်တမ်း ***************
လှသမိန်
မြန်မာရာဇ၀င်အကျဉ်း
(တကောင်းခေတ်မှ တော်လှန်ရေးအစိုးရခေတ်အထိ)
စာမူခွင့်ပြုချက်အမှတ် - ၃၁၀၀၄၈၀၆၀၉
စိတ်ကူးချိုချိုစာပေ
ဒုတိယအကြိမ်၊ ၂၀၀၉၊ သြဂုတ်လ။
စာမျက်နှာ ၁၂၆ မျက်နှာ၊ ၁၁.၂ စင်တီ x ၁၈.၃ စင်တီ
စောင်ရေ - ၅၀၀
တန်ဖိုး - ၉၀၀ ကျပ်
********************************************************

မြန်မာရာဇ၀င်အကျဉ်းစာအုပ်ကို ကျွန်တော်ပြန်လည် ကူးယူတင်ပေးခြင်းလုပ်ငန်း ဤတွင်ပြီးဆုံးသွားပါပြီ။ ဤဘလော့ဂ်တွင် တင်ပေးသမျှ ပို့စ်အားလုံးသည် ကျွန်တော်သဘောကျသောကြောင့်သာ တင်ပေးခဲ့ခြင်း ဖြစ်ပါသည်။ ထိုပို့စ်များအနက် မြန်မာရာဇ၀င်အကျဉ်းစာအုပ်ကို ပြန်တင်ပေးခြင်းမှာ အနည်းငယ်ထူးခြားပါသည်။ စိတ်ဝင်စားစရာမကောင်းဘူးဟု ဝေဖန်အကြံပြုသူ များလှသလို၊ ပို့စ်တက်ရင်ပြီးရော တင်ပေးနေတာပဲဟု ထောပနာပြုသူများလည်း မနည်းလှပါ။ အားလုံး၏ ဝေဖန်အကြံပြုချက်များကို လေးစားသော်လည်း ကျွန်တော့်ယုံကြည်ချက်နှင့်ကျွန်တော် ခိုင်မာနေပြီးသားဖြစ်သည့်အတွက် ပြီးဆုံးသည်အထိ တင်ပေးနိုင်ခဲ့ခြင်းကို ယခုအချိန်တွင် ပီတိဖြစ်ရပါသည်။ Brief History of Myanmar ဟူသော သီးသန့်ကဏ္ဍတစ်ခုဖြင့် တင်ပေးခဲ့သော ပို့စ်များအားလုံးသည် မြန်မာလူမျိုးတစ်ဦးအတွက် တစ်ချိန်မဟုတ်တစ်ချိန်တွင် မလွဲမသွေ လိုအပ်လာမည့် အကြောင်းအရာများဖြစ်ပါသည်။ ထိုသို့သော အချိန်မျိုးတွင် ကျွန်တော်တင်ပေးခဲ့သော ပို့စ်များသည် အပြည့်အစုံမဟုတ်သော်လည်း အထိုက်အလျောက် အထောက်အကူပြုမည်၊ အသုံးဝင်မည်မှာ သေချာကြောင်း ကျွန်တော်ယုံကြည်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော့်ဘလော့ဂ်သို့ search engine များမှတစ်ဆင့် နေ့စဉ်ရောက်လာကြသော ဘလော့ဂ်ဖတ်သူ အများစုသည် ပုဂံ၊ သီပေါမင်း၊ အနော်ရထာ၊ ဘုရင့်နောင်၊ လွတ်လပ်ရေးခေတ်၊ စသည့်စသည့် သမိုင်းစကားလုံးများကို ရှာဖွေရင်း ရောက်လာနေကြသောကြောင့် ဖြစ်ပါသည်။ သူတို့လိုချင်သည့် အကြောင်းအရာများကို အနည်းငယ်မျှဖြစ်စေ ကျွန်တော့်ဘလော့ဂ်တွင် ဖတ်သွားကြရသည်ဆိုသည့်အသိဖြင့် ကျွန်တော်မည်မျှ ပီတိဖြစ်ရမည်ကို စာဖတ်သူကိုယ်တိုင်ပင် ခံစားကြည့်စေချင်ပါသည်။ ......................... [ကိုဉာဏ်]

Country Codes of the World Map


အတော်လေးကြာပြီဖြစ်တဲ့ အချိန်ကာလတစ်ခုက ဂျာနယ်တစ်ခုထဲမှာ ဖတ်လိုက်ရတာတစ်ခုပါ။ အဲဒီအချိန် ဖတ်လိုက်ရကတည်းက ရှာပြီးတင်ပေးဖို့ ရည်ရွယ်ထားတဲ့မြေပုံပါ။ ဒါပေမယ့် ဖတ်မိတဲ့ဂျာနယ်ကလည်း ဘာမှန်းသေချာ မမှတ်မိတော့ဘူး။ ပြန်ရှာဖို့လည်း အချိန်မပေးနိုင်တဲ့အတွက် ဒီနေ့မနက် သတိရတုန်းလေးမှာ ဂူဂဲလ်ကိုပဲ အားကိုးလိုက်ရပါတယ်။ လိုချင်တာကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကို တွေ့လိုက်ရတဲ့အတွက် အတော်ကြီးကို ၀မ်းသာသွားမိပါတယ်။ ဘလော့ဂ်ဖတ်သူတွေကို ပြန်တင်ပေးချင်တဲ့စိတ်နဲ့အတူ ကျွန်တော်ကိုယ်တိုင်လည်း လိုချင်၊ သိမ်းထားချင်နေတဲ့မြေပုံမို့ပါ။

အင်တာနက်စာမျက်နှာလိပ်စာ (URL)တွေနဲ့ အီးမေးလ်လိပ်စာ (e-mail address) တွေရဲ့ နောက်ဆုံးမှာရှိတဲ့ စာလုံးလေးတွေကို TLD (top-level domain) လို့ခေါ်ပါတယ်။ လူသုံးအများဆုံးနဲ့ ပေါ်ပြူလာအဖြစ်ဆုံး TLD ကတော့ အားလုံးသိပြီးတဲ့အတိုင်း [.com] ပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ သုံးနေကြတဲ့ TLD ပေါင်းက (၂၆၀) ကျော်တောင် ရှိပါသတဲ့။ အများစုကတော့ နိုင်ငံအလိုက်အမှတ်အသားကုဒ်များ ccTLDs (country code top-level domains) ဖြစ်ကြပါသတဲ့။ အခု အောက်မှာဖော်ပြမယ့် နိုင်ငံအမှတ်အသားကုဒ်မြေပုံ Country Codes of the World Map မှာ နိုင်ငံအမှတ်အသားကုဒ် (၂၄၅) ခု ပါရှိပါတယ်။ စာလုံးနှစ်လုံးစီပါတဲ့ ကုဒ်တွေကို သက်ဆိုင်ရာကိုယ်စားပြု နိုင်ငံအသီးသီးအပေါ်မှာ ဖော်ပြပေးထားတာတွေ့ရပါတယ်။ အရောင်အသီးသီးကတော့ အမေရိကတိုက်၊ ဥရောပတိုက်၊ အာရှ-ပစိဖိတ်ဒေသ၊ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိကတိုက် စသည်ဖြင့် သက်ဆိုင်ရာ ဒေသအသီးသီးအလိုက် ခွဲခြားပြသပေးထားတာ ဖြစ်ပါတယ်။

cctldmapmyanmarthwaycoc.jpg
(ပုံအကြီး ကြည့်ချင်သူတွေအတွက် Save လုပ်ပြီးမှ ချဲ့ကြည့်ကြစေချင်ပါတယ်။ စာမျက်နှာအနေအထားအရ ချုံ့ထားလို့ပါ)

အထက်မြေပုံမှာဖော်ပြထားတဲ့ ccTLD တစ်ခုချင်းစီရဲ့ အရွယ်အစားတွေဟာ သက်ဆိုင်ရာကိုယ်စားပြုနိုင်ငံတွေရဲ့ အကျယ်အ၀န်းနဲ့ လူဦးရေအပေါ်မှာ မူတည်ပြီး ပြထားတာဖြစ်ပါတယ်။ တရုတ်နဲ့ အိန္ဒိယကတော့ ခြွင်းချက်ဖြစ်ပါတယ်။ လူဦးရေနဲ့ အကျယ်အ၀န်းပေါ်မူတည်ပြီးသာ အမှန်အတိုင်းရေးပြရမယ်ဆိုရင် အဲဒီနိုင်ငံကုဒ်နှစ်ခုဟာ အဆမတန်ကြီးနေမှာဖြစ်တဲ့အတွက် မြေပုံမှာအဆင်ပြေအောင် ၃၀% အထိချုံ့ပြီး ရေးပေးထားတာလို့ ဆိုပါတယ်။ လူဦးရေ (၁၀)သန်းအောက်မှာရှိတဲ့ နိုင်ငံတွေအားလုံးကိုတော့ အသေးငယ်ဆုံးအရွယ်အစား တစ်မျိုးတည်းနဲ့သာ ဖော်ပြပေးထားပါတယ်။

ဒီမြေပုံကို ကျွန်တော်ကြိုက်နှစ်သက်ရခြင်းရဲ့ အချက်တစ်ခုကတော့ စာသင်ခန်းတွေမှာ ကျွန်တော်တို့မြင်နေကျ မြေပုံတွေလိုမျိုး နိုင်ငံနယ်နိမိတ်မျဉ်းတွေ မပါတာပါပဲ။ အင်တာနက်ပေါ်မှာတော့ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာပဲဖြစ်ပါတယ်။ အကန့်အသတ်တွေ၊ ဘောင်တွေ၊ မျဉ်းတွေမရှိတဲ့ သဘောဆောင်တဲ့အနေနဲ့ ဘာနယ်နိမိတ်မျဉ်းတွေမှမပါဘဲ အခုလိုမျိုး နိုင်ငံကုဒ်သီးသန့်တွေနဲ့သာ ရေးဆွဲထားတယ်လို့ မြင်မိတဲ့အတွက်လည်း သဘောကျမိခြင်း သဘောကျမိခြင်းဖြစ်ပါတယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မတ်လ ၂၉ ရက်၊ တနင်္လာနေ့။
နံနက် ၁၁ နာရီ ၀၅ မိနစ်တွင်ပြီး၏။

(၆၅)နှစ်မြောက် တပ်မတော်နေ့မိန့်ခွန်း ကောက်နုတ်ချက်များ


နိဒါန်းပျိုးလိုက်ပါဦးမယ်။ အစကတည်းက ဒီနှစ်တပ်မတော်နေ့မိန့်ခွန်းကို စိတ်ဝင်စားမိပါတယ်။ အခုကျင်းပပြီးသွားတဲ့ (၆၅)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားဟာ ၂၀၁၀ ပြည့်နှစ်အတွင်းမှာ ထူးခြားတဲ့အခမ်းအနားတစ်ခု ဖြစ်ပါတယ်။ မကြာခင်အချိန်မှာ စနစ်သစ်ကူးပြောင်းရေးအရ ရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်ပေးတော့မှာ ဖြစ်ပါတယ်။ ရွေးကောက်တင်မြှောက်လိုက်တဲ့ အရပ်သားအစိုးရသစ် တက်မလာခင်စပ်ကြား တပ်မတော်အစိုးရ တာဝန်ယူနေစဉ် ကျန်ရှိနေတဲ့ အချိန်ကာလအတွင်း နိုင်ငံတော်အကြီးအကဲတာဝန်ကိုပါ ယူထားရတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ဘာတွေမိန့်ခွန်းပြောကြားမလဲဆိုတာ နိုင်ငံရေးစိတ်ဝင်စားသူ အားလုံးနည်းတူ ကျွန်တော်လည်း စိတ်ဝင်စားမိပါတယ်။ နိုင်ငံတော်အကြီးအကဲအနေနဲ့ တိုင်းပြည်ကို သီးသန့်မိန့်ခွန်းပြောတာမျိုးကလွဲရင် အခုလိုမျိုး နိုင်ငံတော်အခမ်းအနားကြီးတစ်ခုမှာ နောက်ထပ် မိန့်ခွန်းပြောကြားဖို့ဆိုတာ စနစ်သစ်မကူးပြောင်းခင်ကာလမှာ မကြုံသလောက်ဖြစ်တော့မယ့် အခြေအနေလို့လည်း ကျွန်တော်တွေးမိလို့ပါ။ အဲဒါကြောင့် နိုင်ငံတော်အကြီးအကဲအနေနဲ့ ဘာတွေလမ်းညွှန် မှာကြားမလဲဆိုတာကို အားလုံးက စိတ်ဝင်စားခဲ့ကြတာ ဖြစ်ပါတယ်။ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ တကယ်လည်း စိတ်ဝင်စားစရာတွေ တွေ့ရပါတယ်။ အားလုံးနီးပါးက ဖတ်ပြီးသားဖြစ်နေမယ်ဆိုတာ သိနေပေမယ့် မှတ်တမ်းတစ်ခုအနေနဲ့ ကျွန်တော်ကောက်နုတ် မှတ်သားထားတာလေးတွေကို တင်ပေးလိုက်တာပါ။

နိုင်ငံတစ်နိုင်ငံ အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲရေးအတွက် လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟာ အသက်တမျှ အရေးကြီးတယ်။

လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို အကြွင်းမဲ့ ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် ဒို့တပ်မတော်ဟာ အင်အားတောင့်တင်းရမယ်၊ စွမ်းရည်ထက်မြက်ရမယ်၊ ခေတ်မီရမယ်၊ မျိုးချစ်စိတ်ဓာတ် ထက်သန်ရမယ်။

စနစ်တစ်ခုကနေ စနစ်တစ်ခုကို စနစ်တကျ တစ်ဆင့်ပြီးတစ်ဆင့် ကူးပြောင်းနိုင်မှုမရှိရင် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အတွက် ဘေးအန္တရာယ် ကျရောက်နိုင်တယ်။ မိမိနဲ့ ယဉ်ပါးခြင်းမရှိသေးတဲ့စနစ်ကို ကူးပြောင်းနေစဉ်မှာ အတွေ့အကြုံရင့်ကျက်ပြီးသား နိုင်ငံတွေက သူတို့အကျိုးစီးပွားအတွက် ၀င်ရောက်စွက်ဖက် အမြတ်ထုတ်တတ်စမြဲ ဖြစ်တယ်။ ဒါကြောင့် ပြည်ပအားကိုးခြင်းကို မပြုမိကြဖို့ အထူုးလိုအပ်တယ်။

ဒီမိုကရေစီကျင့်စဉ်ဆိုတာဟာ မကျင့်သုံးတတ်ရင် မင်းမဲ့စရိုက် ဆန်သွားတတ်တယ်။ ဒါကြောင့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးတော့မယ်ဆိုရင် တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ လိုတယ်။ နိုင်ငံသားတွေဟာ အသိပညာနဲ့ ရင့်ကျက်ကြဖို့လိုတယ်။ ဒါ့အပြင် နိုင်ငံတော်နဲ့ နိုင်ငံသားတွေဟာ သင့်တင့်တဲ့ ဓနဥစ္စာနဲ့ ပြည့်စုံကြွယ်ဝဖို့လဲ လိုတယ်။

ယခုနှစ်မှာဆိုရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေကို ကျင်းပပေးတော့မှာ ဖြစ်တယ်။

ယခုနှစ်ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီပျိုးထောင်မှုရဲ့ အစကနဦးသာဖြစ်စဉ်သာ ဖြစ်တယ်။ ဒီမိုကရေစီကျင့်စဉ် ရင့်ကျက်မှု မရှိသေးမီ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေအနေနဲ့ ဆင်ခြင်ကြရမယ့်အချက်တွေကို ဒီနေရာမှာ ပြောကြားလိုတယ်။
  • နိုင်ငံတော်မှာ ဆူပူမှုတွေဖြစ်ပွားခြင်းမရှိအောင်၊ တရားဥပဒေစိုးမိုးရေးနဲ့ အေးချမ်းတည်ငြိမ်ရေးကို ထိခိုက်စေမယ့် ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှုတွေ မဖြစ်ပေါ်အောင်နဲ့ ပြည်ထောင်စုပြိုကွဲမယ့်အရေးကို ရောက်မသွားရအောင် ကြီးမားတဲ့သတိတရားနဲ့ ဆောင်ရွက်ကြဖို့ လိုအပ်တယ်။
  • ကိုယ့်ပါတီ အနိုင်ရရင်ပြီးစတမ်း သဘောမျိုးနဲ့ ပုဂ္ဂိုလ်အချင်းချင်း၊ ပါတီအချင်းချင်း ပုတ်ခတ်မှုများ၊ လူမျိုးရေးနဲ့ ဘာသာရေး သွေးကွဲစေမယ့် အပြုအမူများ စတဲ့ မပြုသင့်မပြုထိုက်တဲ့ မလျော်မကန် မဲဆွယ်မှုမျိုးတွေကိုလဲ ရှောင်ရှားကြရမှာ ဖြစ်တယ်။
  • မိမိတို့ပါတီရဲ့ မူဝါဒလမ်းစဉ်ကိုချပြပြီး ပြည်သူကြိုက်ရာကို လွတ်လွတ်လပ်လပ် ဆန္ဒမဲပေးပါစေ။

နိုင်ငံတော်မှာ မည်သည့်စနစ်ကို ကျင့်သုံးသည်ဖြစ်စေ နိုင်ငံတော်ကြီးဟာ အေးချမ်းသာယာနေပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် မြင့်မားနေရေးသည်သာ အဓိကပန်းတိုင်ဖြစ်တယ်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း ဆိုတာမျိုးဟာ ရည်မှန်းချက် တစ်နေရာရာမှာ ရပ်တန့်သွားရတာမျိုး မဟုတ်ဘဲ ဆင့်ကဲဆင့်ကဲ အမြဲတမ်းရှင်သန်နေအောင် လုပ်ကိုင်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်ဖြစ်တယ်။ တိုင်းပြည်ကြီးဟာ စီးပွားရေးဖြစ်ထွန်းပြီး စဉ်ဆက်မပြတ် ခေတ်မီဖွံ့ဖြိုးတိုးတက်နေအောင် ဆတက်ထမ်းပိုး ကြိုးပမ်းကြရမယ်။

ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံရေးတည်ငြိမ်မှုရှိရမယ်၊ ရပ်ရွာအေးချမ်းသာယာပြီး တရားဥပဒေစိုးမိုးမှုရှိရမယ်။ ပြည်သူတွေဟာ စိုးရိမ်ကြောင့်ကြမှုကင်းပြီး စိတ်အေးချမ်းသာစွာနဲ့ ပရိယေသန၀မ်းစာကို ရှာမှီးနိုင်ကြရမယ်။ ပြည်တွင်းပြည်ပ အဖျက်သမားတွေရဲ့ အန္တရာယ်ကို ကာကွယ်နိုင်ကြရမယ်။ ဒီလိုဖြစ်အောင် အစိုးရ၊ ပြည်သူနဲ့ တပ်မတော်က ၀ိုင်းဝန်းစောင့်ရှောက် ကြရမှာဖြစ်ကြောင်း ပြောကြားလိုတယ်။

*-*-*-*-*-*-*-*-*-*-* -*-*-*-*-*-*-*-*-*-*-*
၂၀၁၀ ခုနှစ် (၆၅)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မြွက်ကြားသည့်မိန့်ခွန်း
မြန်မာ့အလင်းသတင်းစာ
အတွဲ (၄၉) အမှတ် (၁၇၉)
၂၀၁၀ ခုနှစ်၊ မတ် ၂၈ ရက်၊ တနင်္ဂနွေနေ့။
စာမျက်နှာ - ၎

Sunday, March 28, 2010

ထွေရာလေးပါး - ကိုဉာဏ် (ပန်းလောင်မြေ)


ထွေရာလေးပါးဆိုတဲ့အတိုင်း တကယ့်ကို ထွေရာလေးပါးကို ပြောရဦးမယ်။ စိတ်ကူးထဲပေါ်သမျှ လတ်တလော ကြုံသမျှတွေပေါ့ဗျာ။ သည်းခံပြီးသာ ဖတ်ပေးကြပါဦးနော်။ ခံစားစရာ၊ တွေးစရာ တစ်ခုခု ရလိုက်တယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ ကျေးဇူးတင်ပါ၏။

သူငယ်ချင်းတစ်ယောက်က ဒီနေ့မနက် သူ့သေတ္တာကို ရှင်းနေရင်းနဲ့ ပစ္စည်းအစုတ်ကလေးတွေကို တယုတယ ကိုင်ကြည့်နေတာ တွေ့လိုက်ရတယ်။ ကိုယ်တိုင်လည်း ရှိသမျှ ပစ္စည်းအစုတ်မှန်သမျှကို အမှတ်တရဆိုပြီး သိမ်းထားတတ်တာမို့ သူဘာတွေ တွေးနေတယ်၊ ဘယ်လိုခံစားနေရတယ်ဆိုတာကို နားလည်နေမိတယ်။ ဒါပေမယ့် သူအဲလိုဖြစ်နေတာကို မသိချင်ယောင် ဆောင်နေလိုက်တယ်။ တကယ်ဆိုရင် သူသူကိုယ်ကိုယ် လူ့သဘာဝအတိုင်း အဲဒါဘာတွေတုန်း၊ ဘာဖြစ်လို့ သိမ်းထားရတာတုန်း စသဖြင့် ကျွန်တော်က မေးရမှာလေ။ အဲဒါမှ သူကလည်း ငိုချင်လျက် လက်တို့ဆိုသလို မခြိမ်းဘဲနဲ့ တ၀ုန်းဝုန်းနဲ့ ရွာချမှာကိုး။ အခုတော့ ကျွန်တော်က မသိသလို၊ စိတ်မ၀င်စားသလို နေလေတော့ သူ့ခမြာ အောင့်သိအောင့်သက် ဖြစ်သွားပုံရပါတယ်။ ကျွန်တော့်မှာလေ စိတ်ထဲကနေ ကြိတ်ရယ်လိုက်ရတာ၊ ပြောမနေနဲ့။ တဟားဟား အော်ရယ်လိုက်ချင်တာ။ ညစ်ညစ်နဲ့ ကျွန်တော့်ကို ထ,ထိုးမှာစိုးလို့သာရယ်။ ခဏနေတော့ ကျေးဇူးရှင်က မနေနိုင်ပါဘူး။ ကျွန်တော်က လှမ်းအကြည့်မှာ ချက်ချင်းဆိုသလို သူကိုင်ကြည့်နေတဲ့ ပစ္စည်းတစ်ခုကို ပြပါတယ်။ တစ်ရှူးပေပါ တစ်ရွက်ပါ။ ကျွန်တော်လည်း ခေါင်းညိတ်ပြလိုက်တယ်။ အဲဒီတော့ သူက လာကြည့်ပါဟဆိုပြီး အတင်းခေါ်ပြတယ်။ နဂိုကတည်းက စပ်စုချင်နေတဲ့ ကျွန်တော်လည်း ဟန်လုပ်မနေတော့ပါဘူး။ သူပြတဲ့ တစ်ရှူးပေပါလေးကို ကိုင်ကြည့်ရတော့တာပေါ့။ တစ်ရှူးပေါ်မှာ စာလေးတွေ ရေးထားသေးသဗျ။ တစ်ချိန်က သူနဲ့ပတ်သက်ခဲ့ဖူးသူ တစ်ယောက်သူက ရေးပေးထားတယ်ဆိုတာတော့ ပြောစရာ လိုအံ့မထင်ပါဘူးနော်။ ကဗျာဆန်လိုက်ပုံများတော့ ပြောကိုမပြောချင်တော့ဘူး။ အဲဒီကောင်မသိအောင် ဖောက်သည်ချရဦးမယ်၊ အတင်းပြောတယ်လို့ ဆိုချင်လည်းဆိုပေါ့လေ။ တစ်ရှူးပေါ်မှာ ဘာရေးထားတယ် အောက်မေ့လဲ။ ဖတ်ကြည့်ပါဦး။

" " " " " " ကျန်ရစ်ခဲ့သူက ပိုခံစားရ၊ ပိုလွမ်းရပါတယ်။ အရမ်းချစ်တယ် " " " " " "

ကဲ ဘယ်လောက်များ ခံစားဖို့ကောင်းလိုက်သလဲဗျာ။ ပြီးတော့ တစ်ရှူးပေပါမှာက အကွက်ကလေးတွေနဲ့။ ကျွန်တော်လည်း နည်းနည်းကလိချင်တာနဲ့ "မင်း တစ်ရှူးပေပါကလည်းကွာ သူနှာချေးညှစ်ထားတာကြီးလား မသိဘူး" လို့ ပြောလိုက်မိပါတယ်။ သူငယ်ချင်းက ချက်ချင်းပြန်ပြောသဗျ။ "မဟုတ်ပါဘူးကွာ၊ အဲဒီတုန်းက သူငိုထားတာ" တဲ့။ အမယ်လေး....... ပြောကို မပြောချင်တော့ပါဘူးဗျာ။ :D

ဘာပဲဖြစ်ဖြစ် အခုလို အမှတ်တရ ပစ္စည်းလေးတွေဟာ စကားလုံးတွေ အများကြီးပြောတတ်တယ်ဆိုတာ လူတိုင်းသိကြမယ် ထင်ပါရဲ့။ သူတို့လေးတွေဟာ တစ်ချိန်က သမိုင်းတွေကို ပြန်ပြောပြနေတဲ့ သက်မဲ့ဒိုင်ယာရီလေးတွေပေါ့။ မိတ်ဆွေမှာလည်း အဲဒီလို အမှတ်တရလေးတွေ ရှိနေမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော့်မှာရော....??? သေချာပေါက် ရှိနေပါရဲ့ဗျာ။ တစ်ခါတလေ အတိတ်ဆိုတာမျိုးက ပြန်စဉ်းစားမိရင် တကယ့်ကို ကြည်နူးဆွတ်ပျံ့ဖို့ကောင်းတဲ့ အရာမျိုးပါ။ (ကြေကွဲဝမ်းနည်းဖွယ်တွေ ကြုံခဲ့ရတယ် ဆိုရင်တောင်မှပေါ့လေ)

ထွေရာလေးပါး (၂)
သူငယ်ချင်းတစ်ယောက်အခန်းမှာ ဘောလုံးပွဲသွားကြည့်ရင်းနဲ့ ဂျာနယ်တစ်စောင်တွေ့လို့ ခဏငှားပြီး ယူဖတ်ဖြစ်ပါတယ်။ ကျွန်တော်ပုံမှန်ယူပြီး ဖတ်နေကျမဟုတ်တဲ့ ဂျာနယ်ပါ။ ဓာတ်ပုံတွေတော့ ရှယ်ပါတာကို တွေ့ရတယ်။ ဆိုပါတော့ အိန္ဒြာကျော်ဇင် ဒီနှစ်သင်္ကြန် ဘယ်မှာရှိမလဲဆိုတဲ့ အင်တာဗျူးမေးခွန်းလေး (၄)ခုအတွက် ထည့်ပေးထားတဲ့ အိန္ဒြာကျော်ဇင်ပုံက (၅)ပုံလောက် ပါပါတယ်။ ပုံတွေကလည်း အင်တာဗျူးမှာ မထည့်သင့်ဘဲ ကြော်ငြာတွေမှာ သုံးဖို့ကောင်းတဲ့ ပုံမျိုးတွေပါ။ တကယ့်ကို အမိုက်စားတွေဆိုပါတော့။ အခြားကဏ္ဍတွေလည်း တကယ့်ကို စုံလင်တာကို တွေ့ရပါတယ်။ ကျွန်တော်ဖတ်နေကျ ဂျာနယ်တွေမှာတောင် အဲဒီလောက် အကြောင်းအရာစုံတာ မဖတ်ဖူးခဲ့တာ ၀န်ခံပါတယ်။ အံ့သြမိတာကိုလည်း ၀န်ခံပါရဲ့။ ပြောချင်တာက အဲဒါမဟုတ်ပါဘူး။ ဂျာနယ်ထဲမှာ ထည့်ထားတဲ့ ဆောင်းပါးတွေကို ဖတ်ချင်လို့ ကြည့်မိခါမှ ကျွန်တော့်မှာ အံ့သြလို့ကို မဆုံးဘူးဖြစ်ရတယ်။ အပေါ်ဆုံးမှာ ခေါင်းစဉ်တပ်ထားတာက "ဆောင်းပါး" တဲ့။ အောက်မှာ ဖော်ပြထားတာက ဘာမှတ်နေတုန်း။ မြန်မာဗီဒီယို ဇာတ်ကားများကြည့်ပြီး ရရှိသော ဗဟုသုတ အချက် (၁၀၀) ဆိုပြီး ဖော်ပြထားသဗျ။ သိပြီးသားအကြောင်းအရာမို့ အဲဒါတွေကို မဖတ်ပါဘူး။ နောက်တစ်ရွက်အထိ ရှိနေတဲ့ အဲဒီဆောင်းပါးဆိုတဲ့ နောက်ဆုံးနေရာကိုပဲ လိုက်ရှာပါတယ်။ နံပါတ် (၁၀၀) အပြီးမှာ ဘာရေးထားမလဲဆိုတာ သိချင်လို့ပါ။ အမယ်မင်း...... ဘာမှ မရေးထားဘူးခင်ဗျ။ ကျွန်တော် တော်တော်လေးကို စိတ်ညစ်သွားတယ်။ တော်တော်လည်း လက်ဖျားခါသွားတယ်။ ဟူး...... ကျွန်တော်တို့ဆီက စတုတ္ထမဏ္ဍိုင်ဆိုတဲ့ မီဒီယာဂျာနယ်တစ်ခုက အဲလိုတွေ လုပ်နေတာကို ဘယ်သူကမှ မပြောကြတော့ဘူးလား။ ဘယ်သူကမှ မထောက်ကြတော့ဘူးလား။ ဒီအတိုင်းပဲ လွှတ်ထားတော့မှာလား။

အဲဒီဆောင်းပါးဆိုတဲ့ "မြန်မာဗီဒီယိုဇာတ်ကားများကြည့်ပြီး သိရှိလာသော အချက် (၁၀၀)" ဆိုတာဟာ ကြာပြီဆိုမှ တကယ့်ကို ကြာလှပြီ။ ကျွန်တော်ချက်ချင်းမမှတ်မိလို့သာ အဲဒါကို ရေးတဲ့လူကို နာမည်မပြောနိုင်တာ။ အဲဒါကို အရင်ဆုံးစဖတ်ရတာက Planet Forum မှာပါ။ ကြိုက်လွန်းလို့ဆိုပြီး ကူးယူပြီးစက်ထဲမှာ သိမ်းထားတာရှိတာတော့ အသေအချာသိတယ်။ မြန်မာ့သွေးဂရု(ပ)ကို ပို့ပေးဖူးတာကိုလည်း ကျွန်တော်မှတ်မိနေတယ်။ ထားပါတော့။ အမယ်လေး... ကျွန်တော့်မှာ မကျေမနပ်နဲ့ ဘလော့ဂ်ပို့စ်အဟောင်းတွေကို လိုက်ရှာနေလိုက်ရတာ။ တွေ့ပါပြီခင်ဗျ။ တွေ့ပါပြီ။ ရှင်းရှင်းလင်းလင်းကြီးမှ တကယ့်ကို ရှင်းရှင်းလင်းလင်းကြီး တွေ့ပါပြီ။ ၂၀၀၇ ခုနှစ်ကတည်းက တင်ပေးထားတဲ့ ပို့စ်ပါခင်ဗျ။ အမယ် ကျွန်တော်ကလည်း အဲဒီတုန်းကတည်းက အတော်လျှာရှည်ခဲ့သကိုး။ ပြန်ဖတ်ကြည့်ရင်းနဲ့ ကိုယ်ရေးထားတာကိုယ် သဘောကျမိသေးပ။ ရေးထားတာမှ မူလရေးတဲ့လူရော၊ ထပ်ဆင့်ဖြည့်စွက်ရေးသူရော အားလုံးပါတယ်ခင်ဗျ။ မြန်မာမဂ္ဂဇင်းတွေမှာ ဖော်ပြခဲ့ဖူးတယ်ဆိုတာတောင် ပါလိုက်သေးတယ်။ ကဲ... ဘယ်လောက်များ ကောင်းလိုက်တဲ့ မှတ်တမ်းလဲ။ ဒီနေရာမှာ ပြန်ဖတ်ကြည့်ပါဦးခင်ဗျ။

ကျွန်တော်အခုလို မြန်မာ့သွေးဘလော့ဂ်မှာ ဖတ်မိသမျှတွေထဲက သဘောကျမိတာမှန်သမျှကို ပြန်တင်ပေးနေတာတွေအတွက် အတော်လေးကို ကျေနပ်သွားစေတဲ့ ပို့စ်ပါပဲ။ အခုလို ပြန်တင်ပေးနေတဲ့အတွက် စာဖတ်သူတွေလည်း အကျိုးရှိမယ်ထင်ပါရဲ့ဗျာ။ ကျွန်တော့်အတွက်ကတော့ တကယ့်ကို အကျိုးရှိပါတယ်။ ကျွန်တော်ဘယ်နေရာကို ရောက်သွားရောက်သွား အင်တာနက်ရှိတဲ့နေရာတိုင်းမှာ ကျွန်တော်ဖတ်ခဲ့သမျှ စာလေးတွေကို ပြန်ဖတ်နိုင်တယ်လေ။ ဘာစာအုပ်တွေကိုမှ အလေးခံပြီး သယ်သွားစရာ မလိုဘူး။ ကဲ... လျှာရှည်နေမိပြန်ပါပြီ။

ပြောလိုရင်းကိုဆက်ရရင် အဲဒီဂျာနယ်အနေနဲ့ ဒီစာတွေကို ဘယ်ကနေရပါတယ်ဆိုတာလောက်တော့ ထည့်ပေးသင့်တယ်ထင်တာပါပဲ။ နောက်ဆုံးဗျာ ညာတာပါတေးလုပ်မယ်ဆိုရင်တောင် အင်တာနက်မှ ရရှိပါသည်လို့ ရေးလိုက်ရင်တောင် ၀ိနည်းလွတ်တဲ့ကိစ္စပဲ။ ဒီခေတ်မှာ ဒီလိုပဲ လုပ်စားနေကြတာပဲ။ ခဏခဏလည်း ပြဿနာတက်နေကြတာပဲ။ အခုနောက်ပိုင်း နာမည်ကြီးမဂ္ဂဇင်းတွေမှာပါ အင်တာနက်ကဟာတွေကို ရူးသလိုကြောင်သလိုနဲ့ တဲ့ယူသုံးလာတာတွေ တွေ့နေရတယ်။ ပြီးတော့ ရေးထားသေးတယ်။ မူရင်းရေးတဲ့လူအနေနဲ့ သူတို့မဂ္ဂဇင်းပါ အဲဒီထည့်ထားတဲ့စာကို ဖတ်ရရင် မဂ္ဂဇင်းတိုက်မှာ စာမူခလာထုတ်နိုင်ပါတယ်တဲ့။ ဘယ်လောက်မိုက်ရိုင်းလိုက်သလဲ။ တော်ပါပြီဗျာ... ပြောရင်းနဲ့ ဒေါသထွက်လာတယ်။ မပြောတော့ဘူး။ စောစောက ကျွန်တော်ပြောတဲ့ဂျာနယ်လည်း ထူးမခြားနားပါပဲ။ ဒါပေမယ့် သူကပိုဆိုးတယ်။ အောက်ဆုံးမှာ ဘာမှကို ရေးမပေးထားဘူး။ သူတို့ဂျာနယ်ကပဲ သုတေသနလုပ်ပြီး ရေးထားသယောင်ယောင်။

ဂျာနယ်နာမည်ကို မပြောတော့ပါဘူး။ ကိုဉာဏ်ဖွတယ် ပြောနေကြဦးမှာစိုးလို့ပါ။ တကယ်က ဖွတာမဟုတ်ပါဘူး။ လက်တို့တာပါ။ (ဂျာနယ်နာမည်က အင်္ဂလိပ်လိုချည်းပဲ ပေးထားတာဗျ။ အင်္ဂလိပ်စာလုံး နှစ်လုံးနဲ့ပါ။ ရှေ့ဆုံးစာလုံးက သတင်းဆိုတဲ့စကားလုံးပါ။ :D)

ထွေရာလေးပါး (၃)
စီဘောက်မှာ ခဏခဏ အပြောခံရတဲ့စကားက ကိုဉာဏ် ပါတီများထောင်ဦးမလို့လား ဆိုတဲ့စကားပါ။ ကျီစားမှန်း၊ စမှန်း သိပေမယ့် ရှင်းပြလိုက်ပါဦးမယ်။ :D အခုအချိန်မှာတော့ စိတ်မ၀င်စားတဲ့လူတွေအတွက် အဲဒီပို့စ်တွေဟာ တကယ့်ကို စိတ်ညစ်စရာကြီးတွေ ဖြစ်နေမှာအမှန်ပါပဲ။ ဘာတွေရေးထားမှန်းလည်းမသိ၊ ဘာကိုပြောချင်မှန်းလည်းမသိ (အဆက်အစပ်မရှိ ဖတ်ရသူတွေကို ပြောတာပါ) နဲ့ အတော်လေးကို စိတ်ရှုပ်စရာ နေမှာပေါ့လေ။ ဒါပေမယ့် အဲဒီပို့စ်တွေကို နောက်နှစ် (၂၀၁၁ ခုနှစ်) ဒီလိုအချိန်မှာ ပြန်ဖတ်ကြည့်စေချင်ပါတယ်။ စာဖတ်သူကိုယ်တိုင် တအံ့တသြနဲ့ ပြန်ဖတ်ရတဲ့စာတွေ ဘယ်လောက်ပါနေမယ်ဆိုတာကို ကျွန်တော်က ကြိုတင်ပြီးတောင် လောင်းကြေးထပ်လိုက်ချင်ပါသေးတယ်။ အဲဒီအချိန်ကျရင် အခုမဖတ်ဖြစ်ခဲ့တဲ့ စာအားလုံးကို ပြန်ဖတ်လိမ့်မယ်ဆိုတာလည်း ကျွန်တော်သေချာပေါက်ကို ပြောရဲပါတယ်။ ဘာဖြစ်လို့လဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကိုတော့ အဲဒီအချိန်ကျရင် စာဖတ်သူကိုယ်တိုင် သိနေပြီးဖြစ်လိမ့်မယ်လို့ ကျွန်တော်ဆိုလိုက်ချင်ပါတယ်။ အခုတော့ အဲဒီလိုစာတွေကို စိတ်မ၀င်စားရင် မဖတ်ပါနဲ့။ အခြားကြိုက်တဲ့ ဟင်းလေးတွေကိုပဲ ရွေးပြီးစားလိုက်ပါ။ ငါးပိရည်ကြိုက်တဲ့လူအတွက်တော့ ကြက်သားဟင်းထက် ငါးပိရည်နဲ့ တို့စရာကို ပိုမက်မောမှာ သဘာဝကျပါတယ်။ အဲဒီလိုပဲ ၀က်သားကြိုက်တဲ့လူကလည်း ကြက်ကင်တွေ၊ ဘဲကင်တွေကို ဦးစားပေးမှာ မဟုတ်ပါဘူးလေ။ ကျွန်တော်ပါတီမထောင်ပါဘူး။ ဒါပေမယ့် နောင်နှစ်ကျရင်တော့ အဲဒီစာတွေကိုဖတ်ပြီး ခံစားရမယ့် အရသာတွေကို ကျွန်တော်တွေးပြီး ပျော်လို့မဆုံး ဖြစ်နေတာကိုတော့ ၀န်ခံပါတယ်။

ထွေရာလေးပါး (၄)
သူငယ်ချင်းတစ်ယောက်က "တင်းတယ်... တင်းတယ်... တင်းတယ်... တင်းတယ်ဟေ့..." ဆိုပြီး မျက်နှာထားအပြည့်နဲ့ လာလာအော်နေတာကို ကျွန်တော်နားမလည်ဘူး ဖြစ်နေမိတယ်။ အဲဒီတော့ ပြန်မေးရတာပေါ့။ သူက ဘာပြောလဲဆိုတော့ "အေသင်ချိုဆွေ ဆိုတဲ့စတိုင်လ်လေကွာ" တဲ့။ သြော်... ကျွန်တော်မကြည့်ဖူးသေးဘူး။ တော်တော်လေးကို ခေတ်နောက်ကျကျန်ခဲ့ပြီထင်ပ။ အဲဒါကြောင့် ဒီနေ့မနက်တော့ ဘယ်ရလိမ့်မတုန်း စီဒီဆိုင်ကို ပြေးရတော့တာပေါ့။ သင်္ကြန်ခွေတွေ ဘာထွက်လဲဆိုပြီး မေးလိုက်တော့ ဆိုင်ကဦးလေးကြီးက သင်္ကြန်ဘာအခွေတွေ ၀ယ်ပြီးပြီလဲတဲ့။ ကျွန်တော်ကလည်း ဘာအခွေမှ မ၀ယ်ရသေးကြောင်း ပြန်ဖြေတော့။ အဲဒါဆိုရင်တော့ အများကြီးပဲရှိတယ်တဲ့။ ကြိုက်တဲ့ဟာသာ ရွေးတော့ဆိုပြီး သင်္ကြန်စီဒီအကန့်ကို ပြပါတယ်။ အမယ်လေး... မမြင်ချင်တဆုံး ဖောချင်းသောချင်း မြင်ရတာကတော့ နေရဲမာန်သင်္ကြန်ဆိုတဲ့ အခွေတွေပါဗျား။ သူလည်း အတော်လေးကို ခရီးရောက်နေပါရောလား။ သူ့သင်္ကြန်သီချင်းတွေအားလုံးကို Collection လုပ်ထားတဲ့ DVD တစ်ချပ်ကို ရွေးလိုက်ပါတယ်။ နောက်ပြီးတော့ ကျွန်တော်အဓိကလိုချင်တဲ့ အေသင်ချိုဆွေပါတဲ့ သင်္ကြန်ခွေကို လိုက်ရှာရပါတယ်။ တွေ့ပါသကော၊ တွေ့ပါရောလား။ April Queen 2 တဲ့။ ပထမဆုံးတစ်ပုဒ်က "တင်းတယ် တင်းတယ်" ဆိုတော့ မှားစရာမရှိပါဘူးလေ။ ၀ယ်လာလိုက်တယ်။ အခန်းပြန်ရောက်တော့မှ အားပါးတရ ဖွင့်ကြည့်တာပေါ့။ ဟုတ်ပါရဲ့ သူငယ်ချင်းလုပ်ပြသလိုပါပဲ အေသင်ချိုဆွေခမြာ တင်းတယ်.. တင်းတယ် ဆိုပြီးအော်နေရင်းကနေ သူတင်းနေတာကို မသိမှာစိုးလို့ ထင်ပါရဲ့။ မျက်နှာထားကြီးကို အတင်းကို ရှုံ့မဲ့ပြနေရရှာတယ်။ အဲဒီသီချင်းကို နားထောင်ရင်း ကျွန်တော်ထိုင်ရယ်နေတာကိုများ အခြားလူတွေမြင်ရင် ကျွန်တော့်ကို ဆေးရုံပို့ကြမလား မသိဘူး။ :D အခြားသူငယ်ချင်းတစ်ယောက်က ဘာပြောလဲဆိုတော့ အေသင်ချိုဆွေက လုပ်သံကြီးနဲ့ ဆိုနေတာတဲ့။ သူကတော့ အေသင်ချိုဆွေကို ဘယ်လိုကြောင့် အမြင်ကတ်နေတယ် မသိပါဘူး။ အင်း..... "ပေါက်တဲ့အိုး" စီးရီးကို မနားတမ်းဖွင့်ခဲ့တဲ့ ကျွန်တော့်ကြောင့်တော့ ဟုတ်ဟန်မတူဘူးလို့ ယူဆမိတာပါပဲ။ အဲဒီအခွေတစ်ခွေလုံးမှာလည်း နားထောင်လို့ကောင်းတာဆိုလို့ အဲဒီတစ်ပုဒ်ပဲ တွေ့ပါတယ်။ အခြားသီချင်းတွေကို နားထဲမစွဲဘူးဖြစ်နေတယ်။ ဆုပန်ထွာကလည်း သီချင်းဆိုတယ်၊ မိုးယုစံကလည်း သီချင်းဆိုတယ်၊ ချစ်စနိုးဦးကလည်း သီချင်းဆိုတယ်။ ကဲ... ကောင်းကြပေရောပေါ့။ ဒီကြားထဲ မေခလာကလည်း မကြီးမငယ်နဲ့ သူ့တူမအရွယ်၊ သူ့သမီးအရွယ်တွေကြားမှာ ၀င်ကဲထားလိုက်သေးတယ်။ ဆိုဟန်ကတော့ ကောင်းပါရဲ့။ ဒါပေမယ့် သီချင်းတွေက ရင်ဘတ်ကို လာမမှန်တာတော့ မတတ်နိုင်ပေဘူးဗျာ။ ကျွန်တော်ကပဲ "မြနန္ဒာ" တစ်ပုဒ်တည်းကို ခုံမင်ပြီး ခေတ်နောက်ပြန်ဆွဲနေလို့လားတော့ မသိပါဘူး။ အခုခေတ် သင်္ကြန်သီချင်းဆိုတာတွေကို ခံစားလို့ကို မရတာတော့ အသေအချာပါပဲ။ "ရေ" ဆိုတဲ့စကားလုံး၊ "ပိတောက်" ဆိုတဲ့စကားလုံး၊ "သင်္ကြန်" ဆိုတဲ့စကားလုံးပါရင် သင်္ကြန်သီချင်းလို့ သတ်မှတ်ပြီး အော်ချင်ရာအော်နေကြတာကိုတော့ ကျွန်တော်လုံးဝကို ရင်မခုန်မိပါခင်ဗျား။ ကော်ပီသံစဉ်တွေဆိုပေမယ့် "သင်္ကြန်ရေ" စီးရီးကိုတော့ အခုအချိန်အထိ ကျွန်တော်ကြိုက်နေတုန်းပါပဲ။ ဒီနှစ်လည်း "သင်္ကြန်ရေ"နဲ့ပဲ မြူးရဦးမယ်ထင်ပါရဲ့။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မတ်လ ၂၈ ရက်၊ တနင်္ဂနွေနေ့။
ည ၁၁ နာရီ ၁၄ မိနစ်တွင်ပြီး၏။

Cartoons လေးတွေ ခံစားရင်း အပန်းဖြေကြပါဦး


တစ်ရက်က ကမ္ဘာ့ရွာကြီးထဲမှာ လျှောက်လည်ရင်း ကာတွန်းတွေနဲ့ပြည့်နေတဲ့ အိမ်တစ်လုံးကို အလည်ရောက်ခဲ့တယ်။ ကာတွန်းပုံလေးတွေနဲ့ မျက်နှာချင်းဆိုင်ထိုင်ရင်း ကျွန်တော့်မှာလေ ရယ်လိုက်၊ ပြုံးလိုက်၊ စဉ်းစားလိုက်နဲ့ ပျော်မဆုံး၊ မော်မဆုံးပေါ့။ ကျွန်တော်ကြုံဖူးသမျှတော့ အဲဒီအိမ်လေးဟာ ကာတွန်းလေးတွေ အများဆုံးရှိတဲ့ အိမ်ဂေဟာတစ်ခုလို့ ထင်ပါတယ်။ ကာတွန်းလေးတွေချည်းပဲ သီးသန့် နေကြတာမို့လည်း ချစ်စရာကောင်းတယ်၊ ငြိမ်းချမ်းတယ်လို့ ကျွန်တော်က မြင်မိပါတယ်။ အဲဒီအိမ်မှာ ကျွန်တော်တ၀ကြီးထိုင်ပြီး ကာတွန်းတွေကို အားပါးတရ စားသုံးခဲ့ပါတယ်။ ကိုယ်တိုင် တ၀တပြဲစားတာနဲ့ အားမရဘဲ အခြားချစ်ခင်ရတဲ့ မိတ်ဆွေတွေ (အခုဘလော့ဂ်ဖတ်နေသူ သင့်လို့လူတွေပေါ့) အတွက်ပါ ပါဆယ်တွေ အားပါးတရဆွဲ၊ ချိုင့်တွေနဲ့အပြည့် ထည့်လာခဲ့ပါသေးတယ်။ အစားကောင်းလေးများ စားရတဲ့အခါ ကိုယ်ချစ်တဲ့သူတွေကို သတိရတတ်သတဲ့။ ကျွန်တော်လည်း ကာတွန်းကောင်းကောင်းလေးတွေ စားလိုက်ရတဲ့အခါမှာ ခင်ဗျားတို့ကို သတိရလိုက်မိတာပေါ့ဗျာ။ အဲဒါကြောင့်လည်း လောဘတကြီး ဆွဲလာခဲ့တဲ့ ကာတွန်းကောင်းလေးတွေ ခင်ဗျားတို့ စားသုံးဖို့အတွက် ဝေငှပေးလိုက်ပါတယ်နော်။ သြော်... အင်တာနက်ကွန်နက်ရှင်း မကောင်းတဲ့လူတွေများ ကာတွန်းလေးတွေ ကြည့်ရဖို့အရေး တမေ့တမောကြီး ထိုင်စောင့်နေရပြီး စိတ်ညစ်နေရမှာကို မလိုလားတဲ့အတွက် (၆)ပုံပဲ တင်ပေးလိုက်ပါတယ်။ နောက်ပို့စ်တွေမှာ ထပ်တင်ပေးပါ့မယ်။ ပလောင်တောင်တက် နှေးရမယ်လေ။ လက်ဖက်ကောင်း စားချင်တာကိုး။ :D

ကျေနပ်ပျော်ရွှင်စွာနဲ့ စိတ်အာဟာရများ ပြည့်ဝနိုင်ကြပါစေဗျာ။

(၁)
aftermarrage.jpg

(၂)
foreignquality.jpg

(၃)
massage.jpg

(၄)
doctors.jpg

(၅)
vegetables.jpg

(၆)
kyayzu.jpg

သြော်.... ကျွန်တော်အလည်ရောက်ခဲ့တဲ့ အိမ်ဂေဟာလေးက ဒီနေရာမှာပါဗျာ။ သွားလည်ချင်တဲ့ မိတ်ဆွေတွေအတွက် လမ်းညွှန်လိုက်ပါတယ်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မတ်လ ၂၈ ရက်၊ တနင်္ဂနွေနေ့။
ည ၉ နာရီ ၁၂ မိနစ်။

ရစ်သမ်မှန်နေတဲ့ Man U, အမှားမခံတော့တဲ့ Chelsea, ခဏခဏခြေချော်တတ်တဲ့ Arsenal


လက်ကျန်ပွဲစဉ်အနေအထားအရ ဒီနှစ်အမှတ်ပေးချန်ပီယံဆုအတွက် အခွင့်အလမ်းအကောင်းဆုံးလို့ ခန့်မှန်းထားကြတဲ့ အာဆင်နယ်အသင်းကတော့ ထုံးစံအတိုင်း ခြေချော်ကျလိုက်ပြန်ပါပြီ။ ပွဲစဉ်-၃၂ မှာ ဘာမင်ဂန်ကို သရေကျပြီး အဖိုးတန် (၂)မှတ် ဆုံးရှုံးသွားခဲ့ရတယ်။ အမှန်က နောက်အပတ်မှာ ထိပ်တိုက်တွေ့မယ့် မန်ယူနဲ့ ချဲလ်ဆီးပွဲကို သူတို့အသင်းက ပျော်ပျော်ကြီး စောင့်ကြည့်နေရမှာ။ အခုတော့ အဲဒီလိုမျိုး မဟုတ်ရှာတော့ဘူး။ အခုလိုမျိုး တကယ့်အချိန်ကောင်းကျမှ ခြေချော်တာဟာ အင်မတန်မှကို ဆိုးဝါးလွန်းလှတယ်ဆိုတာ အာစင်ဝင်းဂါးကြီးတစ်ယောက် သေသေချာချာကို သဘောပေါက်မှာပါ။ ကျွန်တော့်ကလေးတွေကို ယုံကြည်ပါတယ်လို့ တွင်တွင်အော်နေခဲ့တဲ့ သူ့ရဲ့ ခေါင်းမာမှုတွေကို ပြုပြင်သင့်နေပြီဆိုတာ ဒီနှစ်အမှတ်ပေးချန်ပီယံ မရခဲ့ရင်ဆိုတဲ့ သင်ခန်းစာက သင်ပေးသွားလိမ့်မယ် ထင်ပါတယ်။ အခုတော့ အဲဒီသင်ခန်းစာကို နားလည်ဖို့နဲ့ သူ့ရဲ့ခေါင်းမာမှုတွေအတွက် နောင်တရဖို့အချိန် သိပ်မလိုတော့ဘူးလို့ ထင်မိတာပါပဲ။ အခြားအသင်းတွေအတွက် ဒီလိုအရှုံးဟာ ပြောပလောက်စရာ ဖြစ်ချင်မှဖြစ်ပေမယ့် အာဆင်နယ်အတွက်တော့ တကယ့်ကို အခက်အခဲတစ်ရပ် ဖြစ်ပါတယ်။ ဒီအရှုံးအတွက် ဖိအားတွေနဲ့ နပန်းလုံးရမယ့် အာဆင်နယ်ရဲ့ ကစားသမားတွေဟာ ငယ်ရွယ်လွန်းလှပါတယ်။ စိတ်ဓာတ်ကျလွယ်၊ စိတ်ဓာတ်တက်ကြွလွယ်တဲ့ ဒီလိုအရွယ် ကစားသမားတွေအတွက် နောက်ပွဲစဉ်တွေဟာ ဘယ်လောက်ခက်ခဲမလဲဆိုတာ မြင်ကြရဦးမယ် ထင်ပါရဲ့။ အဆိုးဆုံးကတော့ ဒီအပတ်ထဲမှာပဲ ချန်ပီယံလိဂ်ရဲ့ လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်ရမှာပါပဲ။ ကလေးတွေနဲ့ အာစင်ဝင်းဂါး ဘယ်လိုစခန်းသွားကြမလဲဆိုတာ စောင့်ကြည့်ကြရုံမှတစ်ပါး .......။

အီတလီက မော်ရင်ဟိုရဲ့ အင်တာကို အရှက်တကွဲရှုံးနိမ့်ခဲ့ရတဲ့ အရိပ်ဆိုးကို အန်ဆယ်လော့တီနဲ့ အပြာရောင်တပ်သားတွေ အကောင်းဆုံး ချေဖျက်ပြနေကြပါတယ်။ သူတို့အတွက် အရေးကြီးလှတဲ့ အမှတ်ပေးချန်ပီယံဆုကို မန်ယူလက်ထဲကနေ လုယူချင်နေကြတာ သိသာလွန်းလှပါတယ်။ အခုလိုအချိန်မှာတော့ ချန်ပီယံလိဂ်က ထွက်ခဲ့ရတဲ့ သူတို့အတွက် ဖိအားတွေလျော့နည်းနေတာတော့ အမှန်ပါပဲ။ ပြီးခဲ့တဲ့ ပွဲစဉ်-၃၂ မှာလည်း အမှားမခံခဲ့ပါဘူး။ အသင်းကြီးတွေကို ဒုက္ခပေးတတ်တယ်ဆိုတဲ့ အက်စ်တွန်ဗီလာကို အိမ်ကွင်းမှာ (၇)ဂိုးသွင်းပြပြီး ပေါက်ကွဲပြခဲ့ပါတယ်။ ပြောစရာဖြစ်ခဲ့တာကတော့ ရှေ့တန်းမှာ ဒရော့ဘာမပါဘဲ ကွင်းလယ်လူလမ်းပတ်က (၄)ဂိုးအထိ သွင်းယူသွားတာပါပဲ။ အက်စ်တွန်ဗီလာအနေနဲ့ တကယ့်ကိုဆိုးဆိုးဝါးဝါး ရှုံးနိမ့်မှုပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အာဆင်နယ်က ခြေချော်နေတဲ့အချိန်မှာ ချဲလ်ဆီးကတော့ အမှားမခံဘဲနဲ့ လက်ရှိချန်ပီယံ မန်ယူကို ဖိအားလိုက်ပေးနေလျက်ပဲ ရှိပါသေးတယ်။

ပွဲထွက်စာရင်းမှာတင်မဟုတ်ဘဲ အရန်စာရင်းမှာပါ ရွန်းနီမပါတဲ့အတွက် စိုးရိမ်မိတာတော့ အမှန်ပါပဲ။ ရွန်းနီမပါရင် မန်ယူဂိုးရဖို့အတွက် ရုန်းကန်ရတတ်တာ သိနေတာမို့လည်း စိုးရိမ်စိတ် ပိုမိခဲ့ပါတယ်။ ဒါပေမယ့် အထောင်ထားတဲ့ ဘာဘာတော့ဗ်ကို ယုံကြည်စိတ်ရှိနေတာမို့ ပူပန်စိတ်တွေနဲ့ ကြည့်ခဲ့ရတာပါ။ တကယ်လည်း ရွန်းနီမပါတဲ့အတွက် မန်ယူရှေ့တန်းဟာ ထင်သလောက် မထက်မြက်ခဲ့ပါဘူး။ ဘာဘာတော့ဗ် စကေးလ်ကောင်းပေမယ့် တောင်ပံတွေမှာ ကစားတဲ့ နာနီနဲ့ ဗလင်စီယာတို့နဲ့ အချိတ်အဆက် မမိတာကြောင့် ပထမပိုင်းတစ်ခုလုံး ထင်သလောက် မစွမ်းဆောင်နိုင်ခဲ့ကြပါဘူး။ ရွိုင်ရန်ဂစ်ရဲ့ ဖြတ်တင်ဘောကို တစ်ဖက်နောက်တန်းက ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့အတွက်သာ အဖွင့်ဂိုး ရခဲ့တာပါ။ ကွင်းလယ်က ဖလက်ချာ ခြေမပေါ်တဲ့အတွက် မန်ယူတို့ ရုန်းကန်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ ကစားပုံပြောင်းလိုက်တဲ့အတွက် မန်ယူအသင်း သိသိသာသာ ဖိကစားလာနိုင်ခဲ့ပါတယ်။ နာနီရဲ့ တိုးအားနဲ့ အလှုပ်မှာ ဘော်တန်တို့ ဗျာများခဲ့ရပါတယ်။ ဖလက်ချာသွင်းတာ ပြန်ထွက်လာတာကနေ ဘာဘာတော့ဗ်က သူ့ရဲ့ စကေးလ်နဲ့အတူ အနိမ့်ပိတ်သွင်းပြီး ဒုတိယဂိုး ရယူပါတယ်။ ဘယ်တောင်ပံက ခြေစွမ်းပြလာတဲ့ နာနီရဲ့ အံ့သြဖွယ်ဖန်တီးပေးမှုကတစ်ဆင့် ဘာဘာတော့ဗ်ကပဲ စကေးလ်ကိုက် အသာလေးသွင်းယူပြီး တတိယဂိုးကို သွင်းယူခဲ့ပါတယ်။ နာနီရဲ့ ခြေစွမ်းပြမှုဟာ မပြီးဆုံးသေးဘဲ စတုတ္ထဂိုးကို လူစားဝင်လာတဲ့ ဂစ်ဘ်ဆင် ကန်သွင်းဖို့အတွက်ပါ ဖန်တီးပေးခဲ့ပါသေးတယ်။ ဒါကြောင့် ပွဲအပြီးမှာတော့ မန်ယူအသင်းက လေးဂိုးပြတ်နဲ့ ဇယားထိပ်ကို ဆက်လက်ဦးဆောင်ခဲ့ပါတယ်။ ရွန်းနီမပါဘဲ ဂိုးပြတ်အနိုင်ရခဲ့တဲ့အတွက်လည်း ဖာဂူဆန်အတွက် ကျေနပ်စရာ ဖြစ်ခဲ့ရပါတယ်။ ဒီအပတ်ထဲမှာ ကန်ရမယ့် ဘိုင်ယန်မြူးနစ်နဲ့ ပွဲအတွက်လည်း ယုံကြည်မှုတိုးပွားစေခဲ့ပါတယ်။ ပထမဆုံးသော အင်္ဂလန်ရဲ့ (၄)နှစ်ဆက် ပရီမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုနဲ့ အင်္ဂလန်ပြည်တွင်း အမှတ်ပေးချန်ပီယံဖလား အများဆုံးအသင်းဆိုတဲ့ ဂုဏ်ပုဒ်တွေအတွက် မန်ယူအသင်းကတော့ အခုအချိန်အထိ ရစ်သမ် မှန်နေတာကို တွေ့ရပါတယ်။ နောက်ဆုံးမှာတော့ ဖာဂူဆန်တစ်ယောက် ပီကေ၀ါးမပျက်ဘဲ အပြုံးပန်းနဲ့ အောင်ပွဲခံသွားမလားဆိုတာကို စောင့်ကြည့်ဖို့အတွက် အချိန်ကာလသိပ်မလိုတော့ပါဘူး။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မတ်လ ၂၈ ရက်၊ တနင်္ဂနွေနေ့။
ညနေ ၆ နာရီ ၁၅ မိနစ်တွင်ပြီး၏။

ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ ဥရောပအမှတ်ပေးပြိုင်ပွဲများ


ဒီနှစ်ဘောလုံးရာသီမှာတော့ ထူးဆန်းစွာပဲ ဥရောပအမှတ်ပေးပြိုင်ပွဲတွေအားလုံးဟာ အကြိတ်အနယ်ဖြစ်နေတာကို တွေ့ရပါတယ်။ ပျမ်းမျှအားဖြင့် (၇)ပွဲ (၈)ပွဲစီလောက်ပဲ ကျန်တော့တဲ့အချိန်မှာ ဘယ်အသင်း ချန်ပီယံဖြစ်မယ်ဆိုတာကို ဘယ်သူကမှ ဟောကိန်းထုတ်လို့ မရဘူးဖြစ်နေပါတယ်။ အဲဒီအတွက် ဒီနှစ်ဘောလုံးရာသီဟာ ခန့်မှန်းသူတွေနဲ့ ပရိသတ်တွေအတွက် တကယ့်ကို ရင်ခုန်စရာကောင်းလှပါတယ်။

စပိန် လာလီဂါ
စပိန်မှာလည်း လက်ရှိချန်ပီယံ ဘာစီလိုနာက ကြယ်စင်စုရီးရဲလ်မက်ဒရစ်နဲ့ အပြိုင်ဖြစ်နေတယ်။ ဘယ်အသင်းမှ အမှားခံလို့မရတဲ့ အနေအထား။ ဘာစီလိုနာက လက်ရှိချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်ထိန်းချင်တယ်။ ရီးရဲလ်မက်ဒရစ်ကတော့ ငွေကြေးတွေအများကြီး အကုန်အကျခံ ပြင်ဆင်ထားတာနဲ့ တန်အောင်ရယ်၊ ချန်ပီယံလိဂ်က ထွက်ခဲ့ရတဲ့အရိပ်မည်းကို ချေဖျက်နိုင်ဖို့အတွက် ကျားနာတစ်ကောင်လိုမျိုး ရှိတဲ့ဖလားကို ခဲတော့မယ်။ ဘာကာနည်းပြ ဂွါဒီယိုလာကိုယ်တိုင်က ဒီနှစ်အမှတ်ပေးချန်ပီယံဆုကို ရီးရဲလ်မက်ဒရစ်ရသွားရင်လည်း သူကျေနပ်မိမှာပါလို့ ဆိုထားပြန်တယ်။ ဟုတ်တော့လည်း ဟုတ်တယ်။ ရီးရဲလ်မှာက ဖိအားဆိုလို့ ဒီအမှတ်ပေးဖလားတစ်ခုပဲ ရှိတော့တယ်။ ဘာကာကတော့ အမှတ်ပေးဖလားရော၊ ချန်ပီယံလိဂ်အတွက်ပါ အာရုံစိုက်နေရတယ်။

အီတလီ စီးရီးအေ
အီတလီကတော့ မော်ရင်ဟိုရဲ့ အင်တာမီလန်ဟာ အခြားအသင်းတွေအပေါ် အမှတ်တွေ အပြတ်ကြီးပြတ်နေရာကနေ ပြီးခဲ့တဲ့ နောက်ဆုံးပွဲစဉ်တွေမှာ ခြေချော်ခဲ့တဲ့အတွက် နောက်ကလိုက်နေတဲ့ ဒါဘီပြိုင်ဘက် အေစီမီလန်နဲ့ ရိုးမားအသင်းတွေရဲ့ ဖိအားပေးခြင်းကို ခံနေရတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာ ခြေမှန်လာတဲ့ ရိုးမားဟာ အင်တာမီလန်နဲ့ တစ်မှတ်အကွာအထိ ရောက်လာတာကို တွေ့ရတယ်။ ချက်ချင်းဆိုသလို ခြေပျက်သွားခဲ့ရတဲ့ အေစီမီလန်ကတော့ တစ်ပွဲလျော့အနေအထားမှာ အင်တာနဲ့ (၄)မှတ် ကွာသွားခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် မော်ရင်ဟိုကတော့ ယုံကြည်ဝံ့ကြွားစွာပဲ ဆိုထားပါတယ်။ "အချိန်တန်ရင် သူတို့အင်တာမီလန်အသင်းပဲ အမှတ်ပေးချန်ပီယံ ဖြစ်မှာပါ" တဲ့။ ကဲ... ကြားတဲ့အတိုင်းပဲ။ အခြားနည်းပြဆိုရင်တော့ ရယ်မိမှာဖြစ်ပေမယ့် ပြောတဲ့လူက မော်ရင်ဟိုဖြစ်နေတဲ့အတွက် အဲဒီစကားအပေါ် လေးစားမိတာတော့ အမှန်ပါပဲ။ စောင့်ကြည့်ရုံပဲပေါ့လေ။

ဂျာမန် ဘွန်ဒက်စ်လီဂါ
ဂျာမန်ဘွန်ဒက်စ်လီဂါမှာလည်း ရှော်လ်ကေးနဲ့ ဘိုင်ယန်မြူးနစ်ရဲ့ ပြိုင်ဆိုင်မှုက ပြင်းထန်နေတယ်။ ဦးဆောင်နေသူ ဘိုင်ယန်အသင်းက ဒီအပတ်ပွဲစဉ်မှာ ရှုံးနိမ့်သွားတဲ့အတွက် ရှော်ကေးလ်က နှစ်မှတ်အသာနဲ့ ကျော်တက်တာကို ခံလိုက်ရတယ်။ ချန်ပီယံလိဂ်ကွာတားပွဲအဖြစ် သမိုင်းဝင်ပြိုင်ဘက် မန်ယူနဲ့ တွေ့ဖို့ရှိတာကြောင့် ဘိုင်ယန်တို့ ကစားအားကို ချန်ကစားသွားသလားဆိုတာတော့ မန်ယူနဲ့တွေ့တဲ့အချိန်မှာ ဘယ်လိုကန်သလဲ ဆိုတာကိုကြည့်ပြီး ဆုံးဖြတ်ရတော့မှာပဲ။

အင်္ဂလန် ပရီမီးယားလိဂ်
ဥရောပအမှတ်ပေးပြိုင်ပွဲတွေမှာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးက အင်္ဂလန်ပရီးမီးယားလိဂ် ဖြစ်နေတယ်။ မန်ယူ၊ ချဲလ်ဆီးနဲ့ အာဆင်နယ် ထိပ်ဆုံး(၃)သင်းက ချန်ပီယံဆုအတွက် အကြိတ်အနယ် အလျှော့မပေးဘဲ ရေကုန်ရေခန်း ပြိုင်ဆိုင်နေကြသလို ချန်ပီယံလိဂ်ဝင်ခွင့်ဖြစ်တဲ့ နံပါတ် (၄) နေရာအတွက် ပြိုင်ဆိုင်မှုကလည်း အင်မတန်မှကို ပြင်းထန်လှတယ်။ အခုလို ဖြစ်သွားရခြင်းရဲ့ အဓိကအကြောင်းကတော့ ဒီနှစ်မှာ လီဗာပူးလ်အသင်းရဲ့ အံ့သြဖွယ်ရာ ခြေစွမ်းမတည်ငြိမ်မှုနဲ့အတူ ငွေကြေးအလုံးအရင်းနဲ့ တည်ဆောက်လာတဲ့ မန်စီးတီးရဲ့ ပြိုင်ဆိုင်မှု၊ နည်းပြရက်နပ်(ပ)ရဲ့အောက်မှာ အံ့သြလောက်အောင် ခြေမှန်လာနေတဲ့ စပါးအသင်းတို့ရဲ့ အားထုတ်မှု၊ အသင်းကြီးတွေကို ဒုက္ခပေးပြီး ခြေစွမ်းပြနေတဲ့ အက်စ်တွန်ဗီလာတို့ကြောင့် ဖြစ်တယ်။ အခုအချိန်အထိတော့ ချန်ပီယံလိဂ်ဝင်ခွင့် နံပါတ် (၄)နေရာအတွက် အခြေအနေအကောင်းဆုံးက တော့တင်ဟမ်ဟော့စပါး ဖြစ်နေပြီး ရက်နပ်(ပ)ကလည်း အမှားမခံဘဲ ပြိုင်ဆိုင်နေတာကို တွေ့ရတယ်။ လီဗာပူးလ်တို့အတွက်တော့ ဒီနှစ်ဟာ မန်ယူအသင်း ဗိုလ်မစွဲပါစေနဲ့လို့ ဆုတောင်းရင်းနဲ့ လက်ကျန်ပွဲတွေကို အကောင်းဆုံးဖြစ်အောင် ယှဉ်ပြိုင်ဖို့နဲ့ အသင်းကထွက်သွားနိုင်တဲ့ နာမည်ကြီးကစားသမားတွေကို ထိန်းသိမ်းဖို့ပဲ အာရုံစိုက်ရတော့မယ်။

ဘာပဲဖြစ်ဖြစ် အမှတ်ပေးပြိုင်ပွဲ အသီးသီးမှာ အခုလိုမျိုး ရင်ခုန်စရာကောင်းတဲ့ ဘောလုံးရာသီမျိုးဆိုတာ အင်မတန်မှ ကြုံတောင့်ကြုံခဲပါ။ အရင်နှစ်တွေကဆိုရင် ဘယ်အသင်းဗိုလ်စွဲမယ်ဆိုတာကို ဒီလိုအချိန်မျိုးမှာ အတပ်ပြောနိုင်နေပြီ။ အခုတော့ ဘာမှသေချာပြောလို့မရတဲ့ ဘောလုံးရာသီတစ်ခုနဲ့ ကြုံနေကြရတယ်။ တစ်ချက်မှားတာနဲ့ ဇယားနေရာတွေက အပြောင်းအလဲဖြစ်တာ သိပ်မြန်လွန်းတယ်။ အရင်အပတ်က ဦးဆောင်နေပေမယ့် နောက်တစ်ပတ်မှာ အောက်ဆင်းသွားချင်လည်း သွားနိုင်တဲ့အနေအထားမျိုး ဖြစ်နေတယ်။

ဘောလုံးဝါသနာအိုးတွေအတွက်တော့ စိတ်ကျေနပ်စရာကောင်းမယ့် အချိန်ကာလတွေ ဖြစ်နေမယ်ဆိုတာ အသေအချာပါ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မတ်လ ၂၈ ရက်၊ တနင်္ဂနွေနေ့။
ညနေ ၅ နာရီ ၄၃ မိနစ်တွင်ပြီး၏။

Saturday, March 27, 2010

၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲဝင်မည့် ပါတီသစ် (၁၁)ခု အမည်စာရင်း


(မတ်လ ၂၃ ၇က်နေ့အထိ ရရှိသော ပါတီသစ်စာရင်းဖြစ်ပြီး မှတ်ပုံတင်မည့်ပါတီသစ်များ ထပ်မံပေါ်ပေါက်လာနိုင်သည်)
စဉ်ပါတီအမည်မှတ်ချက်
၁။ပြည်ထောင်စုဒီမိုကရေစီပါတီနိုင်ငံတစ်ဝန်း စည်းရုံးမည့်ပါတီ
၂။ဒီမိုကရက်တစ်ပါတီ (မြန်မာ)
၃။ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်
၎။၈၈ မျိုးဆက်ကျောင်းသားလူငယ်များ ပြည်ထောင်စုမြန်မာနိုင်ငံ
၅။မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ
၆။အမျိုးသားနိုင်ငံရေးအင်အားစုရခိုင်ရခိုင်ပြည်နယ်တွင် စည်းရုံးမည့်ပါတီ
၇။ဝံသာနု NLD မန္တလေးမန္တလေးတိုင်းတွင် စည်းရုံးမည့်ပါတီ
၈။အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်နိုင်ငံတစ်ဝန်း စည်းရုံးမည့်ပါတီ
၉။ကချင်ပြည်နယ် တိုးတက်ရေးပါတီကချင်ပြည်နယ်တွင် စည်းရုံးမည့်ပါတီ
၁၀။လူထုဒီမိုကရေစီပါတီနိုင်ငံတစ်ဝန်း စည်းရုံးမည့်ပါတီ
၁၁။ဒီမို NLD (စစ်ကိုင်း) နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး သုတေသနနှင့် တိုးချဲ့ထုတ်လုပ်ရေး ကျောင်းတော်သားစုနိုင်ငံတစ်ဝန်း စည်းရုံးမည့်ပါတီ

နိုင်ငံရေးပါတီသစ် ဆယ့်တစ်ခု မှတ်ပုံတင်မည်
The Voice Weekly သတင်းအဖွဲ့ - (၂၃-၃-၂၀၁၀)
The Voice Weekly Journal
အတွဲ (၆) အမှတ် (၂၁)
Monday, March 29 - April 4, 2010
စာမျက်နှာ - ၂၄

65th Anniversary Armed Forces Day


65tharmedforceday.png

၆၅ နှစ်မြောက် တပ်မတော်နေ့ အတွေး


ယနေ့ ၂၀၁၀ ပြည့်နှစ် မတ်လ ၂၇ ရက်နေ့သည် (၆၅) နှစ်မြောက် တပ်မတော်နေ့ ဖြစ်ပါသည်။

တစ်ချိန်တစ်ခါက မြန်မာနိုင်ငံသည် အကြောင်းအမျိုးမျိုးကြောင့် သူ့ကျွန်ဘ၀သို့ ကျရောက်ခဲ့ရပါသည်။ မိုင်ပေါင်းများစွာ ဝေးကွာလှသော ကျွန်းနိုင်ငံငယ်လေးတစ်ခုက မိမိတို့နိုင်ငံကို အလွယ်တကူသိမ်းပိုက်သွားသည်မှာ တွေးမိတိုင်း ရင်နင့်စရာကောင်းလှပါသည်။ နိုင်ငံတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ရသည်နှင့် မတူအောင်ပင် လွယ်လွန်းခဲ့သည်ဟု မြင်မိပါသည်။ ထိုကာလက ကျွန်ုပ်တို့၏ ဘိုးဘေးဘီဘင်အဆက်ဆက်သည် အသက်ကိုနှင်း၊ သွေးကိုရင်း၍ သူ့ကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက် တွန်းလှန်တိုက်ခိုက်ခဲ့၊ တိုက်ပွဲဝင်ခဲ့ကြသည်ကိုလည်း အားလုံးအသိဖြစ်ပါသည်။ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှာန်းဘ၀ကို ပြန်လည်ရရှိရန်အတွက် ရရာလက်နက်စွဲ၊ တွေ့ရာနေရာမှ တော်လှန်ပုန်ကန်ခဲ့ကြပါသည်။ သူတို့၏ မျိုးချစ်စိတ်၊ တိုင်းပြည်အတွက် အသက်ပေးဝံ့သည့်စိတ်၊ သူ့ကျွန်မခံစိတ်တို့သည် ချီးကျူးဂုဏ်ယူဖွယ်အတိ ဖြစ်ပါသည်။ အင်အားချင်းမမျှ၊ လက်နက်ချင်းမတူသည့် နယ်ချဲ့အင်္ဂလိပ်တို့ကို ရရာလက်နက် ဓား၊ လှံ၊ လေးမြားတို့ဖြင့် ဆန့်ကျင့်ဝံ့ခြင်းသည် တော်ရုံသတ္တိ၊ တော်ရုံမျိုးချစ်စိတ် မဟုတ်ပါ။ သို့သော် စနစ်တကျ ဖွဲ့စည်းထားသည့် နယ်ချဲ့တပ်မတော်တစ်ခုကို ဆန့်ကျင်တော်လှန်ရာတွင် ခေါင်းဆောင်မည့်သူမရှိ၊ စည်းကမ်းစနစ်တကျမရှိ၊ စည်းလုံးမှုမရှိသည့်အတွက် မအောင်မမြင်ဖြစ်ခဲ့ရသည်ကတော့ ငြင်းမရသည့်အချက် ဖြစ်ပါသည်။

မြန်မာတို့သည် တိုင်းပြည်လွတ်လပ်ရေးအတွက် အသက်စွန့်ဝံ့သည်လည်းမှန်သည်၊ ရရာလက်နက်ဖြင့်လည်း တွန်းလှန်တိုက်ခိုက်သည်လည်း အမှန်ပင်ဖြစ်သည်။ သို့သော် အဘယ့်ကြောင့် နှစ်ပေါင်း တစ်ရာခန့် သူ့ကျွန်ဘ၀တွင်နေရသနည်းဆိုသည့် အဓိကအကြောင်းရင်းကို စဉ်းစားဖို့အတွက် မည်သူကမျှ စိတ်မ၀င်စားခဲ့။ စိတ်ဝင်စားသူတို့ ပေါ်ပေါက်လာသောအခါ နယ်ချဲ့ရန်ကို တွန်းလှန်တိုက်ခိုက်နိုင်ရန်အတွက် တပ်မတော်တစ်ရပ် မဖြစ်မနေ လိုအပ်ကြောင်း သိရှိလာခဲ့သည်။ ထို့ကြောင့်လည်း တပ်မတော်တစ်ရပ် ထူထောင်ရန်အတွက် မဖြစ်မနေလိုအပ်သည်ကို သိရှိနားလည်သော ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ရဲဘော်သုံးကျိပ်တို့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပေသည်။

ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ဂျပန်နှင့်ပူးပေါင်း၍ အင်္ဂလိပ်နယ်ချဲ့ကို တိုက်ထုတ်ခဲ့ကြသည်။ အင်္ဂလိပ်နယ်ချဲ့ကို တိုက်ထုတ်ရန်အတွက် ဂျပန်ကိုပေါင်းခဲ့ခြင်းဖြစ်သော်လည်း တကယ်တမ်းကျတော့ ကျားထက်ဆိုးသည့် ရှင်ကြီးဖက်ဆစ် ဖြစ်နေခဲ့ပြန်ပါသည်။ အင်္ဂလိပ်ကို တိုက်ထုတ်လို့မှ မပြီးသေးခင် ဂျပန်တို့၏ ရက်စက်ယုတ်မာမှုများကိုပါ မြန်မာတို့ ခံခဲ့ကြရသည်။ အဖြစ်ဆိုးလှပါပေသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ ယခင်အင်္ဂလိပ်ကို တွန်းလှန်ပုန်ကန်သကဲ့သို့ ဟိုတစ်နေရာ၊ ဒီတစ်စု တော်လှန်ခြင်းမျိုး မဟုတ်တော့။ မြန်မာတို့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ဟူ၍ တပ်မတော်တစ်ရပ် ရှိနေပြီဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင် ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ဖက်ဆစ်ဂျပန်လက်အောက်မှ လွတ်မြောက်ရေးအတွက် နည်းလမ်းရှာဖွေခဲ့ကြသည်။

မြန်မာ့လွတ်လပ်ရေးအတွက် ကြီးစွာသော အလှည့်အပြောင်းဖြစ်စေမည့် အချိန်အခါသမယသည် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ရောက်ရှိခဲ့ပေသည်။ ဗမာ့လွတ်လပ်ရေးတပ်မတော်၏ ဦးဆောင်မှုနှင့်အတူ တစ်ပြည်လုံးတွင် ဖက်ဆစ်ဂျပန်ကို တော်လှန်တိုက်ခိုက်ခဲ့ကြလေသည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ဗမာ့တပ်မတော်၏ ပရိယာယ်ကို မရိပ်မိခဲ့သဖြင့် ဂျပန်တို့အနေဖြင့် အထိနာခဲ့ကြသည်။ ဗမာ့တပ်မတော်၏ အစွမ်းအစကို ပြသခွင့်ရလိုက်သည့်ပွဲဟု ဆိုရမည်ဖြစ်ပေသည်။

ထို့ကြောင့်လည်း မြန်မာ့သမိုင်းအတွက် အရေးပါထူးမြတ်လှသည့် ထို မတ်လ ၂၇ ရက်နေ့ကို ဖက်ဆစ်တော်လှန်ရေးနေ့ဟု သတ်မှတ်ဂုဏ်ပြုခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် အကြောင်းကြောင်းကြောင့် နောင်အခါတွင် တော်လှန်ရေးနေ့အစား တပ်မတော်နေ့ဟူ၍ ပြောင်းလဲသတ်မှတ်ခဲ့သည်။ မြန်မာ့လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းစွမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် တပ်မတော်ကြီးကို ဂုဏ်ပြုခြင်းဖြစ်ပေရာ တပ်မတော်နေ့ဟူသည်လည်း သင့်တော်လှပေသည်။ မြန်မာနိုင်ငံကို ကာကွယ်ဖို့အတွက် တပ်မတော်တစ်ရပ် ခိုင်ခိုင်မာမာရှိကြောင်း ကမ္ဘာသိအောင် ကြွေးကြော်နိုင်သကဲ့သို့ပင် ဖြစ်စေသည်ဟု မြင်မိပါသည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် မိမိတို့နိုင်ငံကို ကာကွယ်ရန်အတွက် တပ်မတော်များ ဖွဲ့စည်းထူထောင်ထားကြပါသည်။ ယနေ့ခေတ်ကာလတွင် ကျူးကျော်စစ်ကြီးများ ဖြစ်ပွားခြင်းမရှိသလောက် ဖြစ်သော်လည်း နိုင်ငံတစ်ခုအတွက် တပ်မတော်ဟူသည် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုဖြစ်နေဆဲ ဆိုသည်ကတော့ မငြင်းနိုင်သည့်အချက် ဖြစ်ပါသည်။ နိုင်ငံအသီးသီးသည် မိမိတို့တပ်မတော်များကို အင်အားကြီးထွားအောင်၊ ခေတ်မီနေအောင် တည်ဆောက်ပြုပြင်လျက် ရှိနေသည်မှာလည်း အားလုံးအသိပင် ဖြစ်ပါသည်။ ခေတ်မီပြီး စွမ်းရည်ပြည့်ဝသည့် တပ်မတော်တစ်ရပ် ရှိခြင်းသည် နိုင်ငံတိုင်းအတွက် ဂုဏ်ယူဝံ့ကြွားစရာ ဖြစ်ပါသည်။ ထို့ကြောင့်လည်း နိုင်ငံအသီးသီးတို့က စစ်ရေးအသုံးစရိတ်များ မြောက်မြားစွာ အကုန်အကျခံ၍ မိမိတို့တပ်မတော်များကို ခေတ်မီတိုးတက်အောင် ဆောင်ရွက်နေကြခြင်း ဖြစ်ပါသည်။

မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့်ယှဉ်၍ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။ နယ်ချဲ့ဆန့်ကျင်ရေးတွင်လည်း တပ်မတော်ပါခဲ့သည်။ ဖက်ဆစ်ဂျပန်ကိုလည်း တပ်မတော်ကဦးဆောင်၍ တိုက်ထုတ်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် နိုင်ငံတည်ငြိမ် အေးချမ်းရေးအတွက်လည်း ပါဝင်ပတ်သက်ခဲ့ရသည်။ ပြည်တွင်းစစ်မီးကိုလည်း တပ်မတော်က ဦးဆောင်၍ ငြိမ်းသတ်နေခဲ့ရသည်။ လွတ်လပ်ရေးရပြီးမှ ကြုံခဲ့ရသည့် ပြည်ပကျူးကျော်မှုများကိုလည်း တပ်မတော်ကပင် ကာကွယ်တိုက်ထုတ်ခဲ့ရသည်။ ၁၉၈၈ ခုနှစ်တွင်လည်း တိုင်းပြည်ပျက်တော့မည့် အန္တရာယ်ကို တပ်မတော်ကပင် ၀င်ရောက်တာဝန်ယူ ကယ်တင်ခဲ့ရသည်။ သူတစ်လူငါတစ်မင်း အုပ်ချုပ်ရေးစနစ်ပျက်ပြားကာ မင်းမဲ့စရိုက်များ လွှမ်းမိုးနေခဲ့သည့် ထိုကာလတွင် မြန်မာနိုင်ငံကို မည်သူကမျှ တာဝန်မယူနိုင်ခဲ့။ မည်သူကမျှ ငြိမ်သက်အောင် မလုပ်ဆောင်နိုင်ခဲ့။ ဆူပူအောင်သာ ဖန်တီးနိုင်ခဲ့ကြသည်။ အေးချမ်းအောင် မည်သူကမျှ မဖန်တီးနိုင်ကြတော့။ ထိုကဲ့သို့ အခြေအနေတွင် တပ်မတော်မှတစ်ပါး မည်သူကမျှ တာဝန်မယူနိုင်သဖြင့် အခြေအနေအရပ်ရပ်အရ တပ်မတော်သည် ၀င်ရောက်တာဝန်ယူခဲ့ရပေသည်။ တပ်မတော်က တာဝန်ယူအုပ်ချုပ်ခဲ့သည်ကို မကျေနပ်ဟုဆိုသူများ ရှိကြပါသည်။ ထိုသူများကို ထိုအချိန်ကသာ တပ်မတော်က တာဝန်မယူလျှင် ဒီလောက်ဆူပူသောင်းကျန်းနေသည့် တိုင်းပြည်ကို မည်သူက တာဝန်ယူမှာလဲ မေးလိုက်တိုင်း ဂဃနဏအဖြေပြန်မဖြေနိုင်ကြပါ။

ယနေ့အချိန်ကာလတွင် တပ်မတော်အစိုးရသည် ချမှတ်ထားသည့် လမ်းညွှန်မြေပုံခုနစ်ရပ်အတိုင်း တစ်လှမ်းချင်း ချီတက်လျက် ရှိပါသည်။ ပြည်သူလူထုက မျှော်မှန်းတောင့်တနေသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်ပေါ်လာစေရေးအတွက် စနစ်တကျ အကောင်အထည်ဖော်လျက် ရှိပါသည်။

၂၀၁၀ ပြည့်နှစ်သည် မြန်မာနိုင်ငံအတွက် အလှည့်အပြောင်းနှစ် တစ်ခု ဖြစ်ပါသည်။ ရွေးကောက်ပွဲများကို တပ်မတော်အစိုးရက ဦးဆောင်၍ ကျင်းပပေးတော့မည့် ယခုလို အချိန်အခါမျိုးတွင် ကျရောက်သော "တပ်မတော်နေ့" အခမ်းအနားသည် ထူးခြားလှသည်ဟု ဆိုချင်ပါသည်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ နိုင်ငံတိုင်းအတွက် တပ်မတော်ဟူသည် မရှိမဖြစ်လိုအပ်ပါသည်။ ထို့ကြောင့် မြန်မာ့တပ်မတော်သည်လည်း ယနေ့ကျရောက်သည့် (၆၅)နှစ်မြောက်မှသည် နောင်ကမ္ဘာတည်သရွေ့ ဆက်လက်တည်တံ့နေပါစေကြောင်းနှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေရေးအတွက် မြန်မာနိုင်ငံတော်ကြီးကို ကာကွယ်စောင့်ရှောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၂၇ ရက်၊ စနေနေ့။
(၆၅) နှစ်မြောက် တပ်မတော်နေ့။
ည ၁၀ နာရီ ၀၅ မိနစ်တွင်ပြီး၏။

မြန်ပြည်အနှံ့မှ မြို့မိမြို့ဖများ၏ တာဝန် - အောင်ထွဋ်


မြန်မာနိုင်ငံတွင် ဒေသအာဏာပိုင်ဆိုသော စကားလုံးကို ဒေသန္တရအုပ်ချုပ်ရေး အာဏာပိုင်များကို ရည်ညွှန်းလိုသည့်အခါတွင် အများက သုံးစွဲလေ့ရှိပါသည်။ ၁၉၈၈ မတိုင်မီက ၎င်းတို့သည် ပြည်နယ်/တိုင်း ပြည်သူ့ကောင်စီများ ဖြစ်ခဲ့ကြပြီး ယခုအခါ ပြည်နယ်နှင့် တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဟု ခေါ်ပါသည်။

၁၉၈၈ နောက်ပိုင်း ဒေသအာဏာပိုင်များသည် ပြည်သူ့ဝန်ထမ်းများဖြစ်ခဲ့ကြပြီး ၁၉၈၈ မတိုင်မီကမူ တစ်ပါတီစနစ်က ခန့်အပ်သော ပါတီဝန်ထမ်းများဖြစ်ခဲ့ရာ နှစ်ပေါင်း ၅၀ နီးပါး မြန်မာနိုင်ငံ၏ ဒေသန္တရအုပ်ချုပ်ရေးတွင် ပြည်သူလူထု၏ ပါဝင်ဆောက်ရွက်ခွင့်ဆိုသည်မှာ ဖြစ်နိုင်ခဲသော အရာတစ်ခု ဖြစ်ခဲ့သော်လည်း မကြာမီပေါ်ပေါက်မည့် အုပ်ချုပ်ရေးစနစ်တွင် ပြည်သူလူထုသည် မိမိတို့ လိုလားသော ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ သို့မဟုတ် ဒေသအာဏာပိုင်ဆိုသူများကို ပထမဆုံးအကြိမ် ရွေးချယ်တင်မြှောက်ခွင့် ရကြတော့မည်ဖြစ်သည်။

၂၀၀၈ အခြေခံဥပဒေအရ ပေါ်ပေါက်မည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများကို ပြည်သူလူထုက ရွေးကောက်တင်မြှောက်သော ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်များရှိ ကိုယ်စားလှယ်များ (အများစု)ဖြင့် ဖွဲ့စည်းမည်ဖြစ်သောကြောင့် ဒေသအာဏာပိုင်များကို ပြည်သူလူထု ရွေးချယ်တင်မြှောက်သူများ ဖြစ်သည်ဟု ဆိုခြင်းဖြစ်ပါသည်။

အမှန်အားဖြင့် ဒေသတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အခြားအခြေအနေအရပ်ရပ်သည် ဒေသအာဏာပိုင်များအပေါ် မူတည်နေခြင်း ဖြစ်ပါသည်။ တာဝန်ယူတတ်သော၊ တာဝန်ယူရဲသော၊ တာဝန်မရှောင်သော ဒေသဆိုင်ရာအာဏာပိုင်များ ရရှိသော ကာလများတွင် ဒေသခံ ပြည်သူလူထု၏ဘ၀ အဆင်ပြေတတ်ပြီး တာဝန်မယူရဲသော မလုပ်မရှုပ်မပြုတ် လူစားနှင့်တွေ့လျှင် ဒေသခံပြည်သူလူထု၏ ဘ၀မှာ အဆင်မပြေဖြစ်တတ်ပါသည်။

ယခုအခါ အဆိုပါဒေသဆိုင်ရာ အာဏာပိုင်များကို တစ်မြို့နယ်လျှင် နှစ်ဦးကျ ရွေးချယ်တင်မြှောက်သော ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်ရှိ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းမည်ဖြစ်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများကို ပြည်သူက ရွေးချယ်နိုင်သည့်သဘော ဖြစ်သွားပေသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများသည် အခြေခံဥပဒေစာအုပ် စာမျက်နှာ (၁၈၁) ဇယား (၁) ပါ ပြည်ထောင်စုဥပဒေပြုစာရင်းတွင် ပါဝင်သော ရဲလုပ်ငန်း၊ လူဝင်မှုကြီးကြပ်ရေး၊ ပညာရေး၊ အခွန်အကောက် စသည့်ကိစ္စရပ်များတွင် အာဏာမပိုင်သော်လည်း စာမျက်နှာ (၁၈၈) ပြည်နယ်ဥပဒေပြုစာရင်းပါ ကိစ္စရပ်များကို အာဏာပိုင်ကြမည်ဖြစ်ရာ မည်သို့ပင်ဖြစ်စေ အပြောင်းအလဲကြီးတစ်ခုဟု ဆိုနိုင်ပါသည်။

ဒေသခံပြည်သူလူထုသည် ယနေ့အချိန်တွင် မိမိတို့ဒေသအတွက် ဒေသအာဏာပိုင်ကောင်းများ ရရှိရေးအတွက် တစ်မြို့နယ်လျှင် နှစ်ဦးကျ တင်မြှောက်မည့် ကိုယ်စားလှယ်များကို စနစ်တကျ စဉ်းစားရွေးချယ်ရမည့်အချိန် ဖြစ်ပေသည်။ တစ်ဖက်တွင်လည်း ရွေးကောက်ပွဲနှင့် ပတ်သက်လျှင် ပြည်ထောင်စုအဆင့်ရှိ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နှစ်ခုကို ယှဉ်ပြိုင်ရန် ရည်ရွယ်သူများကိုသာ တွေ့ရှိနေရသဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရဖြစ်ကြမည့် ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များသို့ ၀င်ရောက်ယှဉ်ပြိုင်မည့်သူ နည်းပါးမည်ကို စိုးရိမ်ရပါသည်။ အထူးသဖြင့် ပြည်နယ်များတွင် တိုင်းရင်းသားများက လက်တွေ့ကျကျ စဉ်းစားလုပ်ဆောင်သည်ကို တွေ့နေရသော်လည်း ပြည်မ,ဟု ပြောရမည့် တိုင်းဒေသကြီးများတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် လိုအပ်သည်ဟု သဘောပေါက်သူနည်းသည်ကို တွေ့ရသည်။

ဤကိစ္စတွင် သက်ဆိုင်ရာ မြို့နယ်အသီးသီး၏ မြို့မိမြို့ဖများ၊ ရန်ကုန်တွင်ဖွဲ့စည်းထားသော မြို့နယ်အသင်းများက တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ရန် လိုအပ်နေသည်ဟု ယူဆပါသည်။ နိုင်ငံရေးပါတီကြီးများ ကွက်ကျော်မြင်၍ တက်ကြွခဲ့ပါလျှင် ဤဒေသအာဏာပိုင်ကိစ္စ စိတ်ပူရန်မလိုသော်လည်း အခုအခါ တက်ကြွ၍ မဟာဗျူဟာမြောက် စဉ်းစားနိုင်သူများ မရှိသလောက်ဖြစ်နေရာ သက်ဆိုင်ရာမြို့မိမြို့ဖများ၊ မြို့နယ်အသင်းများက သက်ဆိုင်ရာမြို့နယ်များကို ကိုယ်စားပြု၍ ယှဉ်ပြိုင်ကြမည့် တစ်သီးပုဂ္ဂလများ ရွေးချယ်တိုက်တွန်း ကူညီအားပေးကြရန် လိုအပ်သည်ဟု ထင်ပါသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်များပေါ်အရောက်တွင် ထိုလွှတ်တော်ကိုယ်စားလှယ်များထဲမှ ၀န်ကြီးများ ရွေးချယ် ခန့်ထားမည် ဖြစ်သောကြောင့် လွှတ်တော်ကိုယ်စားလှယ်အချို့သည် ဥပဒေအာဏာသက်သက် မဟုတ်ဘဲ အုပ်ချုပ်ရေး အာဏာတွင်ပါ ၀င်ရောက်တာဝန် ထမ်းဆောင်ရမည်ဖြစ်၍ ဒေသဆိုင်ရာ အာဏာပိုင်များ ဖြစ်ကြမည်ဟု ပြောခဲ့ခြင်းဖြစ်ပါသည်။

ဒေသဆိုင်ရာအာဏာပိုင်များ ရွေးချယ်ရေးကိစ္စကို သက်ဆိုင်ရာ မြို့မိမြို့ဖအသီးသီး၊ ရန်ကုန်ရှိ သက်ဆိုင်ရာမြို့နယ်များတို့က စိတ်ပါဝင်စားစွာ ၀င်ရောက်ကူညီခဲ့ကြပါလျှင် တစ်မြို့နယ်လျှင် နှစ်ဦးကျ ကိုယ်စားလှယ်လောင်းများရရှိရေး၊ ဘာဏ္ဍာငွေရရှိရေးတို့မှာ ခက်ခဲလိမ့်မည်မဟုတ်ပါ။ သို့မဟုတ်ပါက တစ်ယောက်ထဲပြေး ပထမရသည့် အဖြစ်မျိုးကို ကြုံတွေ့ကြရပြီး နောင်တရကြလျှင် နောက်ထပ် ငါးနှစ် စောင့်ရပေလိမ့်မည်။

The Voice Weekly Journal
အတွဲ (၆) အမှတ် (၂၁)
Monday, March 29 - April 4, 2010
စာမျက်နှာ - ၁၇

အခွင့်အလမ်းများကို အမိအရ အသုံးချခြင်း


ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ထွက်ပေါ်လာပြီဖြစ်၍ ၂၀၁၀ ရွေးကောက်ပွဲသည် ရေစီးကြောင်းကြီးတစ်ခုအသွင် ပို၍ပို၍ ဆောင်လာသည်ကို တွေ့ရပေသည်။ ဆိုလိုသည်မှာ ရွေးကောက်ပွဲနှင့် ပတ်သက်သော မေးခွန်းများရှိနေသည့်တိုင် ရွေးကောက်ပွဲသည် ပေးထားချက်အဖြစ် ပို၍ ရှင်းရှင်းလင်းလင်း ဖြစ်လာနေသည်ဆိုသော သဘောဖြစ်သည်။

ဤနေရာတွင် ကိုးကားလိုသည်မှာ ကမ္ဘာကျော်ဘောလုံးသမား ပီလီ၏ ကမ္ဘာကျော်စကားတစ်ခွန်းဖြစ်ပါသည်။ ကမ္ဘာ့ဖလား ဘောလုံးပွဲတစ်ပွဲတွင် အဆုံးအဖြတ် ဂိုးတစ်ဂိုးသွင်းအပြီးတွင် သတင်းထောက်များကို ပြောခဲ့သော စကားဖြစ်ပါသည်။ သူ့စကားကို အတိအကျ မမှတ်မိသော်လည်း အနီးစပ်ဆုံး ပြောရလျှင်

"ဂိုးသွင်းခါနီးမှာ တစ်ဖက်နောက်တန်းတွေ ကာထားတဲ့ တံတိုင်းကို ကြည့်လိုက်တော့ အပေါက်တစ်ပေါက် တွေ့တယ်ဗျ။ နောက်တန်းလူတစ်ယောက်ရဲ့ ခြေထောက်နှစ်ချောင်းကြားမှာ ဘောလုံးတစ်လုံးစာ အပေါက်တစ်ခုတွေ့တယ်။ အဲဒီအပေါက်ထဲကို ကန်သွင်းလိုက်တာ ဂိုးဝင်သွားတာပဲ"

ကမ္ဘာ့ဖလားဘောလုံးပွဲကြီးတစ်ခုလုံး၏ အထင်ကရ အဆုံးအဖြတ်တစ်ခုဖြစ်သည့် ပီလီသွင်းခဲ့သောဂိုးသည် ပေါ်လာသော အခွင့်အရေးတစ်ခုနှင့် ထိုအခွင့်အရေးကို အမိအရ အသုံးချနိုင်သူတစ်ဦးတို့ ပေါင်းဆုံမှုဖြစ်ပါသည်။

ဝင်ကစားမှသာ အဖြေထွက်မည်ဆိုသည့်သဘောကို ထင်ဟပ်လိုသောကြောင့် "ကွင်းထဲက ၂၅ ယောက် အရေးကြီးသည်" ဟု အမည်ပေးထားသော ဆောင်းပါးတစ်ပုဒ်ကို The Voice Weekly တွင် ဖော်ပြခဲ့ဖူးပါသည်။ နောက်တစ်ဆင့်တက်၍ ပြောရလျှင် ၀င်ကစားရုံမျှမက ပီလီကဲ့သို့ အခွင့်အရေးများကို မြင်တတ်မှုနှင့် အမိအရ အသုံးချနိုင်ရေးသည်လည်း များစွာအရေးကြီးကြောင်း ဖော်ပြလိုခြင်းဖြစ်ပေသည်။

ပီလီသည် အခက်အခဲများအကြောင်း မပြောခဲ့ပါ။ အခွင့်အရေးနှင့် အခွင့်အရေးကို အချိန်ကိုက်အသုံးချခြင်းကို ပြောခဲ့ခြင်းဖြစ်သည်ကို သတိပြုစေချင်ပါသည်။


အယ်ဒီတာ့အာဘော်
The Voice Weekly Journal
အတွဲ (၆) အမှတ် (၂၁)
စာမျက်နှာ - ၎

 
Web Statistics