(၁)
ပြီးခဲ့တဲ့ရက်ပိုင်းတွေကတော့ ကျွန်တော့်အတွက် ခရီးသွားရက်သတ္တပတ် ဖြစ်ခဲ့ရပါတယ်။ မရောက်တာကြာပြီဖြစ်တဲ့ ဒေသတွေကို ရောက်ခဲ့တယ်။ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ တွေ့ခဲ့ရတယ်။ စိတ်ကျေနပ်စရာ၊ စိတ်တိုစရာ၊ စိတ်ညစ်စရာ ခရီးသွားယာဉ်လိုင်းမျိုးစုံနဲ့ ခရီးမိုင်တွေ အများကြီး သွားခဲ့ရတယ်။ သွားခဲ့တဲ့ခရီးစဉ်တွေရဲ့ အကွာအဝေးတွေကို တွက်ချက်လိုက်တဲ့အခါမှာ မိုင်ပေါင်း ၉၅၀ ကျော် ဖြစ်နေတာကို တွေ့ရတယ်။ မဆီမဆိုင် အားကစားဂျာနယ်တွေမှာ ဖတ်ခဲ့ဖူးတဲ့ ဘယ်အသင်းက ကစားသမားတွေကတော့ ဘယ်နှရက်အတွင်းမှာ ခရီးမိုင် ဘယ်လောက်သွားရမှာမို့ ပင်ပန်းကြမယ်၊ ပွဲကစားတဲ့အခါ ရလဒ်မကောင်းနိုင်ဘူး စတာတွေကို ပြန်သတိရမိတယ်။ အဲဒီ ဘောလုံးသမားတွေကို ကျွန်တော်စီးခဲ့ရတဲ့ ယာဉ်လိုင်းတွေနဲ့သာ သွားခိုင်းလိုက်ရင် ဘောလုံးကန်ဖို့ နေနေသာသာ၊ ထမင်းစားချင်စိတ်တောင် ပျောက်သွားလိမ့်ဦးမယ်။ ခရီးသွားလို့ ကိုယ်ပင်ပန်းရတဲ့အထဲ ၀န်ဆောင်မှုမကောင်းတဲ့၊ အလိုက်ကမ်းဆိုးမသိတဲ့၊ အကျင့်ဆိုးတွေကို မပြင်နိုင်သေးတဲ့ ခရီးသွားယာဉ်လိုင်းတွေကြောင့် စိတ်ပင်ပန်းခြင်း ဖြစ်ရပါသေးတယ်။
(၂)
ကျွန်တော်သွားခဲ့တဲ့ ခရီးစဉ်တွေကို မှတ်မှတ်သားသားလေး ရေးပြပါရစေဦး။
(က) နေပြည်တော် - မန္တလေး
(ခ) မန္တလေး - ပြင်ဦးလွင်
(ဂ) ပြင်ဦးလွင် - မန္တလေး
(ဃ) မန္တလေး - ဟံမြင့်မိုရ်
(င) ဟံမြင့်မိုရ် - မြစ်သား
(စ) မြစ်သား - ဟံမြင့်မိုရ်
(ဆ) ဟံမြင့်မိုရ် - နေပြည်တော်
(ဇ) နေပြည်တော် - ရန်ကုန်
(ဈ) ရန်ကုန် - နေပြည်တော်
(၃)
နေပြည်တော်-မန္တလေး ခရီးစဉ်ကိုတော့ အဝေးပြေးလမ်းမသစ်ကြီးကနေ သွားဖြစ်ခဲ့တယ်။ မိတ်ဆွေတစ်ယောက်နဲ့ ကားကြုံလိုက်ခွင့် ရခဲ့တာပါ။ အခြားဟာတွေ မပြောလိုပေမယ့် ခရီးတွင်တာတော့ အမှန်ပါပဲ။ ယာဉ်ကြောရှုပ်ထွေးမှုမရှိဘဲ လမ်းကလည်း ဖြောင့်ဖြူးနေတာ ဖြစ်တဲ့အတွက် လမ်းဘေးမှာ စိုက်ထားတဲ့ ကန့်သတ်မိုင်နှုန်းတွေကို လိုက်နာဖို့ မေ့လျော့နေတတ်ကြတာ ဖြစ်ပါလိမ့်မယ်။ ပြောစရာရှိတာကတော့ ဘယ်လောက်ပဲ တားမြစ်ချက်တွေ ရေးထား၊ ရေးထား အခုအချိန်အထိ ရှောင်လို့မလွတ်သေးတဲ့ ဆိုင်ကယ်တွေ၊ ထော်လာဂျီတွေ၊ နွားအုပ်တွေကို အဝေးပြေးလမ်းမသစ်ကြီးပေါ်မှာ နဖူးတွေ့၊ ဒူးတွေ့ ကြုံခဲ့ရတာပါပဲ။ မိုင် ၁၀၀ ကျော်နှုန်းနဲ့ မောင်းနေတဲ့ ကားတွေဟာ စည်းကမ်းမဲ့ ဖြတ်မောင်းလာတဲ့ ဆိုင်ကယ်တွေ၊ ရုတ်တရက် ဘွားကနဲ တွေ့လိုက်ရတဲ့ နွားအုပ်တွေကြောင့် ဘယ်လောက်တောင် စိတ်အနှောင့်အယှက် ဖြစ်မလဲ၊ အန္တရာယ်များသလဲဆိုတာ စာဖတ်သူသာ စဉ်းစားကြည့်စေချင်ပါတယ်။ နောက်ထပ် ပြောစရာကတော့ လမ်းဘေးဝဲယာမှာ သစ်ပင်ကြီးတွေ မရှိသလောက် ရှားပါးပြီး အရိပ်မရဘဲ လွင်တီးခေါင်ကြီး ဖြစ်နေတာပါပဲ။ လမ်းမကြီးဘေးတစ်လျှောက်မှာ အရိပ်ရ အပင်ကြီးတွေသာ တန်းစီပြီး စိုက်ပျိုးနိုင်ခဲ့မယ်ဆိုရင် အင်မတန် ကဗျာဆန်ပြီး၊ စိတ်အေးချမ်းသာစွာ ခရီးသွားနိုင်မယ့် လမ်းမကြီးတစ်ခု ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ အခုတော့ လမ်းမကြီးအလယ်က လမ်းလယ်ကျွန်းတွေမှာ အပင်တွေ စိုက်နေတာ တွေ့ရပါတယ်။ မြင်ရသလောက်တော့ မြေကြီးမာမာ၊ နေပူခေါင်ခေါင်မှာ မစို့မပို့ ပက်ဖြန်းထားတဲ့ ရေလေးတွေနဲ့ ဒီအပင်တွေ မဖြစ်နိုင်ဘူး ထင်ပါရဲ့။ စက္ကူပင်အချို့ စိုက်ပျိုးထားတာ တွေ့ရတဲ့အတွက်တော့ သဘောကျမိတယ်။ အပူပိုင်းဒေသအတွက် အင်မတန် သင့်လျော်တဲ့ အပင်တွေလို့ ယူဆလို့ပါ။ သူတို့တွေကတော့ ရေသိပ်မလိုသလို၊ နည်းနည်းလေး ကြီးလာတာနဲ့ ပစ်ထားလို့ရတဲ့ အပင်တွေမို့ပါ။
(၄)
စိတ်ရှုပ်စရာကတော့ အမရပူရအနား ရောက်ခါနီးအချိန်မှာ အဝေးပြေးလမ်းမကြီးကို ပိတ်ထားတာပါပဲ။ လမ်းပိုင်းတွေ မပြီးသေးလို့ပါလို့ အကြောင်းပြပါတယ်။ ဒါဆိုရင် ဘာဖြစ်လို့ နေပြည်တော်-မန္တလေးလမ်းပိုင်း ဆိုပြီး ဖွင့်ပွဲလုပ်ခဲ့သလဲဆိုတာ စဉ်းစားမရဘူး။ ဘေးကသူငယ်ချင်းကတော့ နေပြည်တော်-တံတားဦး လမ်းပိုင်းပဲ ဖွင့်ခဲ့တာလို့ ပြောပါတယ်။ ကျွန်တော်ပဲ အမှတ်မှားတာလား မသိပါ။ ကျွန်တော်ထင်တာက ရန်ကုန်-မန္တလေး ခရီးကို အဝေးပြေးလမ်းမကြီးကနေ တိုက်ရိုက်သွားနိုင်ပြီဆိုတာပါ။ ကားပေါ်မှာ ပါလာတဲ့ သူငယ်ချင်းတစ်ယောက်က စက်မှုမြို့သစ်ကို သွားရမှာမို့ အကျိုးအကြောင်း ရှင်းပြပြီး တောင်းပန်ပေမယ့် ဘယ်လိုမှကို ခွင့်မပြုပါဘူး။ အဲဒါနဲ့ သူတို့ညွှန်တဲ့ အမရပူရ ဘက်ကနေ လမ်းလွှဲသွားဖို့ ပြင်နေတုန်းမှာပဲ ကျွန်တော်တို့ကားနောက်မှာ နောက်ထပ် ကားနှစ်စီး ထပ်ရောက်လာပါတယ်။ စောစောကလိုပဲ ကျွန်တော်တို့ကို ရှင်းပြသလို သူတို့ကို သွားရှင်းပြနေတာ တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီကားတွေက ဘာပြောလိုက်တယ် မသိပါဘူး။ တားထားတဲ့ တန်းတွေကို ဖြုတ်ပေးလိုက်ပါတယ်။ အဲဒီကားနှစ်စီးလည်း ၀ူးကနဲ မောင်းထွက်သွားပါတယ်။ ကျွန်တော်တို့ကားပေါ်မှာ ပါလာတဲ့ လူအားလုံး ဘယ်လောက်တောင် စိတ်တိုသွားမလဲဆိုတာ စဉ်းစားသာ ကြည့်ပါတော့ဗျာ။ ကျွန်တော်တို့တွေက ၁၀ မိနစ်လောက် တောင်းတောင်းပန်ပန်နဲ့ ပြောဆိုနေတုန်းကတော့ ရှင်ဘုရင်လေသံနဲ့ ခပ်တင်းတင်း ဆိုခဲ့တဲ့ လူတွေက အခုလို လုပ်လိုက်တဲ့အတွက် တော်တော်ကြီးကို ဒေါသထွက်သွားမိပါတယ်။ မိတ်ဆွေအစ်ကိုကြီးက ဘယ်လိုမှကို သည်းမခံတော့ပါဘူး။ အဲဒီဂိတ်က လူတွေကို ကားပေါ်ကနေ ဆင်းပြောပါတော့တယ်။ အဲဒီတော့လည်း ဂိတ်ကလူတွေဟာ သူတို့ မဟုတ်သလိုပါပဲ။ မျက်နှာငယ်လေးတွေနဲ့ ဘာမှ ပြန်မပြောနိုင်ကြပါဘူး။ ကျွန်တော်တို့ကားကိုလည်း သွားလို့ရပါပြီဆိုပြီး တားထားတဲ့ တန်းတွေဖယ်ပေးပါတယ်။ ကျွန်တော်တို့ လူမျိုးတွေက အဲဒီလိုပါဆိုနေမှ။
(၅)
လမ်းတစ်လျှောက်မှာ အ၀ိုင်းပတ် သုံးခုလောက် တွေ့ခဲ့ရတယ်။ တစ်ခုမှ အဆင်မပြေဘူး။ နေပြည်တော်က အ၀ိုင်းတွေကို သဘောကျပြီး လုပ်ထားတယ်လို့ ယူဆရပေမယ့် ဘယ်လိုမှကို အဆင်မပြေတဲ့ အ၀ိုင်းတွေ ဖြစ်နေတာ တွေ့ရပါတယ်။ ကားမောင်းလာရင်းနဲ့ အ၀ိုင်းကိုတွေ့ပြီဆိုတာနဲ့ ကားအရှိန်ကို လျှော့ဖို့သာ ပြင်ထားပေတော့ပဲ။ အ၀ိုင်းမို့ အေးအေးဆေးဆေး အ၀ိုင်းပတ်လို့ရမယ် မထင်နဲ့။ အ၀ိုင်းပတ်ဖို့အတွက် လမ်းကို အဆင်ပြေအောင် ပြင်ဆင်ထားတာမရှိဘဲ လမ်းဆုံနေရာတည့်တည့်မှာ အ၀ိုင်းပတ်ကြီး ဆောက်ထားလိုက်တဲ့ သဘောသက်သက်ပါပဲ။ လမ်းတွေဟာ အ၀ိုင်းပတ်မှာ တည့်တည့်ကြီးကို ထိပ်တိုက်လာတိုးကြတာကိုး။ သေချာတာကတော့ အရှိန်မထိန်းနိုင်တဲ့ ကားတွေဆိုရင်တော့ အ၀ိုင်းပေါ်မှာတက်ပြီး အနားယူကြပေါ့။ အဆင်ပြေအောင် ပြန်ပြင်ကြဦးမယ်လို့ ယူဆပါတယ်။
(၆)
မန္တလေးရဲ့ စက်ဘီး၊ ဆိုင်ကယ်တွေ ရှုပ်ထွေးမှုကတော့ တကယ်ပဲ စာဖွဲ့သင့်၊ စာတင်သင့်ပါတယ်ဗျာ။ အဝေးပြေးလမ်းမကြီးမှာ မောင်းလာတဲ့ကားကို စီးလာရပြီး ချက်ချင်းလက်ငင်း ဆိုက်ကားပြောင်းစီးရသလို ဖြစ်သွားရတယ်။ ဟိုကထွက်လာလိုက်၊ ဒီကထွက်လာလိုက် စီးနေကြတဲ့ ဆိုင်ကယ်တွေကို ကြည့်ရတာနဲ့တင် မောင်းနေတဲ့ အစ်ကိုကြီးတော့ မသိဘူး။ ထိုင်လိုက်လာရတဲ့ ကျွန်တော်ကတော့ အတော်ကြီးကို စိတ်တွေမော၊ ရင်တွေတုန်၊ ဒေါသတွေဖြစ်၊ စိတ်တွေညစ်နဲ့ပေါ့ဗျာ။ အချက်ပြမီး မပြဘဲ သူတို့ကွေ့ချင်စိတ် ပေါ်လာလို့ရှိရင် ကွေ့ပစ်လိုက်တာမျိုး၊ ရှေ့မှာ ကားရှိသလား၊ ဘာလားဆိုတာ နည်းနည်းလေးမှ မကြည့်ဘဲ သူတို့ကျော်တက်ချင်ရင် ကျော်တက်လိုက်တာမျိုးကတော့ မန္တလေးရဲ့ ဆိုင်ကယ်ယဉ်ကျေးမှုပဲ ထင်ပါရဲ့ဗျာ။
(၇)
ညနေ ၅ နာရီခွဲမှာ မန္တလေးက မှောင်စပျိုးနေပြီ။ ဆောင်းဝင်နေပြီပဲ။ ဗင်ကားတွေ မရှိတော့တဲ့အတွက် လာတဲ့ လိုင်းကားကို တားစီးခဲ့ရတယ်။ သွပ်ပြားတွေ၊ ဆန်အိတ်တွေကြားမှာ ခြေထောက်လည်း ဆန့်လို့မရ၊ ထိုင်လို့မရ၊ ခေါင်းလည်းမော့လို့မရဘဲ ပြင်ဦးလွင်ကို ခရီးဆက်ခဲ့ရတာကတော့ တကယ့်ကို အမှတ်တရပါပဲဗျာ။ ကားသံတန်းတွေကို တစ်လမ်းလုံး ဆွဲကိုင်ပြီး လိုက်ခဲ့ရတော့ လက်မောင်းတွေတောင် နာလို့ကျင်လို့ပါပဲ။ တကယ့်ကို အတွေ့အကြုံပါပဲဗျာ။
(၈)
ပြင်ဦးလွင်ရဲ့ ကြိုဆိုပုံက သိပ်အေးမြတာပဲ။ နေပြည်တော်မှာ၊ မန္တလေးမှာ ပူသလောက် ပြင်ဦးလွင်ကတော့ ဆောင်းပီပြင်နေပြီပဲ။ အပေါ်မှာ အနွေးထည်တစ်ခု ထပ်မ၀တ်ဘဲ နေလို့မရအောင်ကို အေးမြနေခဲ့ပြီလေ။ ကားမီးတွေကြားမှာ မြင်ရတဲ့ မြူမှုန်တွေကြောင့် ပင်ပန်းလာတဲ့ စိတ်တွေ လန်းဆန်းသွားရတာ အမှန်ပါပဲ။ လွမ်းလိုက်ရတာ ပြင်ဦးလွင်ရယ်။ အခုမှပဲ အလွမ်းပြေတော့တယ်။
(၉)
နေခဲ့ဖူးတဲ့ အခန်းက ဘာမှကြီးကြီးမားမား မပြောင်းလဲဘဲ ဒီအတိုင်းရှိနေတာကို အံ့သြလို့မဆုံးဘူး။ ဆရာအောင်သင်းစကား ငှားပြောရမယ်ဆိုရင် ကျလုလု မျက်ရည်ကို မနည်းပြန်ရှုံ့ထားရတယ် ဆိုသလိုပါပဲ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က အငွေ့အသက်တွေက အခုထိ ဒီအတိုင်းရှိနေတုန်းပဲ။ ကောဇောခင်းကလည်း ဒီအတိုင်း၊ ခန်းဆီးလိုက်ကာတွေကလည်း ဒီအတိုင်း၊ တံခါးဘောင်ပေါ်မှာတင်ထားတဲ့ ဇီးကွက်ရုပ်လေးတွေကလည်း ဒီအတိုင်း၊ ခြေသုတ်ခုံလေးကလည်း ဒီအတိုင်း၊ အိုး… အားလုံးနီးပါး ဒီအတိုင်းပါပဲလေ။ ယုတ်စွအဆုံး အခန်းနံရံမှာကပ်ထားတဲ့ ရွန်းနီနဲ့ သရဲနီအသင်းသားတွေရဲ့ ဓာတ်ပုံတွေတောင် ဒီအတိုင်းပါပဲ။ ကဲ… ဘယ်လောက်များ လွမ်းစရာကောင်းလိုက်သလဲ။
(၁၀)
ဟံမြင့်မိုရ်ခရီးစဉ်ကလည်း အမှတ်တရပါပဲ။ ပြင်ဦးလွင်က ပြန်သယ်လာခဲ့တဲ့ ကျွန်တော့်ရဲ့ စာအုပ်အိတ် (၄) အိတ်နဲ့အတူ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းပါပဲ။ မန္တလေး-မိတ္ထီလာကားကို တစ်လမ်းလုံး စိတ်ပင်ပန်း၊ လူပင်ပန်းနဲ့ စီးခဲ့ရပါတယ်။ ခြေထောက်လည်း ဆန့်လို့မရ၊ ခေါင်းလည်း လှည့်လို့မရ၊ လူလည်း လှည့်လို့လှုပ်လို့မရ၊ ခါးလည်းဆန့်လို့မရ၊ ဒီကြားထဲ ကားသေးသေးလေးထဲမှာ စီးလာတဲ့လူက အယောက် ၆၀ ကျော်ဆိုတော့ အဲဒီလူတွေရဲ့ လူငွေ့တွေ၊ လူနံ့တွေနဲ့ စဉ်းစားသာကြည့်တော့။ ကားထဲမှာက ခြေချစရာတောင် နေရာမရှိတော့ဘူး။ ကားခေါင်မိုးပေါ်မှာလည်း လူတွေ၊ ကုန်တွေက ပဒေသာပင် သီးထားသလို ဖြစ်နေပြီ။ ဒီကြားထဲ လမ်းမှာ လက်ပြတားသမျှကို ကိုရွှေစပါယ်ယာနဲ့ ယာဉ်မောင်းက တင်ချင်နေသေးတယ်။ သည်းမခံနိုင်တဲ့ ခရီးသည် အမျိုးသမီးကြီးတွေနဲ့ စကားတွေ များနေကြပြန်ပါရော။ ကျွန်တော်ကတော့ စိတ်ညစ်နေလည်း ဘာမှမထူးဘူးဆိုပြီး၊ သိပ်မဆန်းတဲ့ ခပ်ညံ့ညံ့ ၀တ္ထုတစ်ပုဒ် ဖတ်နေရတယ်လို့ပဲ သဘောထားလိုက်ပါတယ်။
(၁၁)
မိသားစုတွေနဲ့ ပြန်တွေ့ရတဲ့ အရသာဟာ ဘာနဲ့မှ နှိုင်းယှဉ်လို့မရအောင် ကျေနပ်စရာကောင်းပါတယ်။ အဖေ့မျက်နှာ၊ အမေ့မျက်နှာကို မြင်လိုက်ရတာနဲ့တင် မနောပီတိ ဂွမ်းဆီထိ ဖြစ်ရပါတယ်။ အဖေတို့၊ အမေတို့ အရွယ်ရလာတော့ ရုပ်တွေကျသွားတယ်။ ရင်ထဲမှာ အလိုလိုဝမ်းနည်းသွားမိတယ်။ အဖေတို့၊ အမေတို့ စိတ်မကောင်းဖြစ်နေမှာ စိုးတဲ့အတွက် ရင်ထဲက ခံစားချက်ကို မြိုသိပ်ထားလိုက်တယ်။ အင်းပေါ့လေ… သူတို့လည်း ဘ၀တစ်လျှောက်လုံး ကျွန်တော်တို့အတွက် ပင်ပန်းခဲ့ပြီးပြီပဲ။ အဲဒီအရှိန်တွေကြောင့် ဖြစ်မှာပေါ့။ ကျွန်တော်တို့ မောင်နှမ သုံးယောက်အတွက် သူတို့တာဝန်တွေ ကျေခဲ့ပါတယ်။ ကျွန်တော်တို့ကသာ သူတို့အပေါ်မှာ တာဝန်ကျေနိုင်ပါ့မလားလို့ စိုးရိမ် ပူပန်နေမိတယ်။ မကြားရတာကြာပြီဖြစ်တဲ့ အဖေနဲ့ အမေရဲ့ ဇာတ်လမ်းပမာ နားဆင်စရာတွေကို ပြန်ကြားရတော့ ပြန်ငယ်သွားသလို ခံစားရတယ်။ ကျန်တာတွေ ဘယ်လောက်ပဲ ပျော်စရာကောင်းကောင်း၊ ၀မ်းသာစရာကောင်းကောင်း၊ ကျွန်တော့်အတွက်တော့ အရက်မသောက်တော့တဲ့ အဖေ့ကို တွေ့ရတာတစ်ခုတည်းနဲ့တင် အရာအားလုံးကို မေ့ပစ်လိုက်နိုင်တယ်။ အဖေ အရက်ပြတ်နေတာ (၂) နှစ် ကျော်သွားပြီတဲ့။ ကျေးဇူးပါအဖေ။
(၁၂)
အစ်ကိုကြီး ကိုနီရဲ့ ကျေးဇူးကြောင့် ပန်းလောင်မြေဖြစ်တဲ့ မြစ်သားမြို့ကို ပြန်ရောက်ဖြစ်တယ်။ အစကတော့ ကျောက်ဆည်မြို့ကို သွားလည်မလို့ပါပဲ။ ဒါပေမယ့် မရောက်တာကြာတဲ့ မွေးရပ်မြေကို သွားချင်တဲ့စိတ်ကြောင့် မြစ်သားကိုပဲ ရွေးချယ်ဖြစ်တယ်။ ပထမဆုံးအနေနဲ့ ပန်းလောင်မြစ်ကို ရေလမ်းကြောင်းပြောင်းပြီး တည်ဆောက်ထားတဲ့ စမာရေလွှဲဆည်ကို ရောက်ခဲ့တယ်။ အဲဒီဆည် ဆောက်တုန်းကတော့ ဆည်ရေသောက် လယ်တွေအတွက် ၀မ်းသာခဲ့ရတယ်။ ပန်းလောင်ရေသောက်ပြီး ရှင်သန်ကြီးထွား ရင့်မှည့်နေမယ့် စပါးပင်တွေ၊ သီးပင်စားပင်တွေကို စိတ်ကူးကြည့်ခဲ့ဖူးတယ်။ အခုရောက်တဲ့အချိန်မှာ အဲဒီအချိန်က စိတ်ကူးယဉ်မှုတွေ အားလုံးပျောက်ကွယ်ခဲ့ရတဲ့အပြင် ဒီနေရာကို မလာခဲ့မိရင် အကောင်းသားဆိုတဲ့စိတ် ဖြစ်သွားခဲ့မိတယ်။ ပန်းလောင်မြစ်ကြီးကိုယ်စား ကျွန်တော်ကပဲ စကားတွေပြောဖြစ်ခဲ့တယ်။ လုပ်ရက်လိုက်ကြတာကွာ။ ပန်းလောင်မြစ်ကြီးကတော့ ပုံစံတွေပြောင်းပြီး အလှတွေပျက်၊ သေးကြုံလှီငယ်ပြီး၊ အားပြတ်နေတဲ့ လူမမာတစ်ယောက်လို ဖြစ်နေပါပြီ။ ကျွန်တော့်ရင်ထဲ မချိဘူး။ ပန်းလောင်မြစ်ကိုတောင် ဓာတ်ပုံမရိုက်ခဲ့ဘူး။ ကြည့်မိတိုင်း ခဏခဏ ရင်နာနေရမှာစိုးလို့။ နှစ်တွေအကြာကြီး နေခဲ့ဖူးတဲ့ အိမ်လေးကို သွားကြည့်ဖြစ်တယ်။ အရာအားလုံး ပြောင်းလဲနေပြီ။ မူလအငွေ့အသက်တွေ နည်းနည်းပဲ ကျန်တော့တယ်။ ခြံစည်းရိုးကအစ အားလုံး ပုံစံအသစ်နဲ့ အသားကျနေပုံပါပဲ။ လမ်းတွေကတော့ အရင်ကလိုပဲ… ချိုင့်ထူဆဲ၊ ဗွက်ထဆဲ။ မူလတန်းကျောင်းကို သွားကြည့်ဖြစ်ပေမယ့် တံခါးတွေအားလုံး သော့ခတ်ထားတယ်။ ကျောင်းစောင့်လည်း ရှာမတွေ့တာကြောင့် ၀င်မကြည့်ခဲ့ရဘူး။ အပြင်ကနေပဲ လှမ်းကြည့်ဖြစ်တယ်။ သစ်သားဆောင်တွေအားလုံး အုတ်တွေ၊ အင်္ဂတေတွေနဲ့ ဖြစ်သွားတာတွေ့ရတယ်။ ၀မ်းသာရပါတယ်။ မင်းကုန်းဘုန်းကြီးကျောင်းကို ၀င်ဖြစ်တယ်။ ဆရာတော်နဲ့ တွေ့တယ်။ ဆရာတော်က မှတ်မိတယ်။ အခြားသော သူငယ်ချင်းတွေကိုလည်း မေးရှာတယ်။ ဘယ်သူကတော့ ဘယ်မှာလို့ ပြောရှာတယ်။ ငယ်ငယ်တုန်းက နွေရာသီရောက်တိုင်း ယဉ်ကျေးမှုသင်တန်း၊ မြန်မာစာသင်တန်း၊ အဘိဓမ္မာသင်တန်းတွေ တက်ခဲ့ရတဲ့ ဘုန်းတော်ကြီးကျောင်းဟာလည်း တခမ်းတနားကြီး ဖြစ်နေပါပြီ။ ကျောင်းဝင်းအတွင်းမှာ စေတီတစ်ဆူ တည်ထားတာ တွေ့ရတယ်။ အထဲမှာ ပူဇော်ထားတာက မန္တလေးမဟာမုနိပုံစံတူ ရုပ်ပွားတော်မြတ်ပါ။ အလွန်သပ္ပါယ်ပါတယ်။ ဆွမ်းစားချိန်ရောက်နေတဲ့အတွက် ဆရာတော်ကိုတောင် နှုတ်မဆက်ခဲ့ရဘဲ ပြန်လာခဲ့တယ်။ ပညာရင်နို့သောက်စို့ခဲ့တဲ့ အထက်တန်းကျောင်းကို အမှတ်တရ ဓာတ်ပုံဝင်ရိုက်ဖြစ်တယ်။ ကျောင်းပိတ်ထားတော့ အထဲမ၀င်ဖြစ်ဘဲ အ၀င်ပေါက်ကနေပဲ ဓာတ်ပုံရိုက်ခဲ့တယ်။ လွမ်းစရာကြီးပါပဲ။ တောမြောင်းကိုရောက်တော့ မြစ်သားမြို့အ၀င် ဆိုင်းဘုတ်မှာ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ဖြစ်ခဲ့တယ်။ ငယ်ငယ်တုန်းက ဆောင်းတွင်းဆိုရင် မနက်အစောကြီး လမ်းထလျှောက်တိုင်း ရောက်အောင်လျှောက်ခဲ့ရတဲ့ ရည်မှန်းချက်နေရာပေါ့ဗျာ။ ဘာမှ မပြောင်းလဲဘူး။ အရင်တုန်းကအတိုင်းပဲ ဘေးနားမှာ ကြာပန်းတွေပေါက်နေတုန်းပဲ။
(၁၃)
ရန်ကုန်ခရီးစဉ်အတွက်တော့ ကြည်နူးစရာအပြည့်ပါ။ အမှတ်ရစရာတွေ အများကြီးနဲ့ အမှတ်ထင်ထင် ခရီးစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ တွေ့ချင်တဲ့လူတွေနဲ့ တွေ့ခွင့်ရတယ်။ ဆန္ဒရှိနေတာ ကြာပြီဖြစ်တဲ့ ကွန်ပျူတာ လက်ပ်တော့တစ်လုံး ၀ယ်ဖြစ်ခဲ့တယ်။ မျှော်လင့်စောင့်စားခဲ့ရတဲ့ လက်ရှိအလုပ်အကိုင်နဲ့ ပတ်သက်တဲ့ ၀မ်းသာစရာ သတင်းစကားကို ရန်ကုန်မှာပဲ ကြားခွင့်ရခဲ့တယ်။ ကျေနပ်ဖို့အကောင်းဆုံးကတော့ လမ်းမတော် ၁၃ လမ်း (အောက်) (ဦးဘဂျမ်းလမ်း) မှာ ပြုလုပ်တဲ့ ကာတွန်းပွဲတော်ကို သွားခွင့်ရခဲ့တာပါပဲ။ ကာတွန်းတွေ ခံစားရင်း၊ ရယ်မောရင်း၊ ဓာတ်ပုံတွေရိုက်ရင်း ပျော်ရွှင်ခဲ့ရပါတယ်။
(၁၄)
အရေးကြီး အလုပ်ကိစ္စတစ်ခု ပေါ်လာတဲ့အတွက် ရန်ကုန်ကနေ စီစဉ်ထားတာထက် တစ်ရက်စောပြီး ပြန်လာခဲ့ရတယ်။ ညတွင်းချင်းကြီး ချက်ချင်းကောက်ပြန်နိုင်ဖို့ ကားလက်မှတ်ဝယ်ရတာ၊ ပစ္စည်းတွေ သိမ်းဆည်းရတာ၊ တည်းခိုတဲ့အိမ်ကနေ အဝေးပြေးကားဝင်းကို တက္ကစီငှားရတာ၊ ကားဝင်းမှာ သူငယ်ချင်းကို တွေ့အောင်ရှာရတာ အားလုံးဟာ အမှတ်တရပါပဲ။
(၁၅)
ဘာတွေ ဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ ပြီးခဲ့တဲ့ ရက်ပိုင်းတွေဟာ ကျွန်တော့်အတွက် ကျေနပ်ပျော်ရွှင်စရာ ခရီးစဉ်တွေနဲ့ ဖြစ်ခဲ့ရပါတယ်။ အဲဒီအတွက် ကြုံဆုံခဲ့ရတဲ့သူ အားလုံးကို ကျေးဇူးတင်ရှိကြောင်းပါဗျာ။ အထူးသဖြင့် သူငယ်ချင်း ဂျိုကာကျော်၊ ညီငယ် လူကလေး၊ အစ်ကိုကြီး ကိုနီ နဲ့ ယုလေးတို့ မိသားစုတွေပေါ့ဗျာ။ ကျွန်တော့်လိုပဲ သူတို့တွေအားလုံးလည်း ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း……။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်၊ အင်္ဂါနေ့။
နံနက် ၀၂ နာရီ ၄၅ မိနစ်တွင်ပြီး၏။