Monday, January 14, 2013

တစ်ပတ်စာပြောစရာ သောင်းပြောင်းထွေလာ (ဇန် ၇ - ၁၃)



(က)
လာဘ်ပေးလာဘ်ယူကော်မတီ
ဒုတိယသမ္မတဒေါက်စိုင်းမောက်ခမ်း၊ ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဦးသိန်းညွန့်၊ ဦးစိုးမောင်၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဒေါက်တာထွန်းရှင်၊ ဦးသန်းကျော်၊ ဦးလှထွန်း တို့ ၉ ဦးပါဝင်တဲ့ လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီ ဖွဲ့စည်းခဲ့တာဟာ ပြောစရာတွေ များလွန်းလှပါတယ်။ တစ်အချက်၊ ဒီကော်မတီဟာ တကယ်ပဲ အဲဒီကိစ္စတွေကို တိုက်ဖျက်မှာလား။ ပါဝင်ဖွဲ့စည်းထားတာတွေက သမ္မတရုံးကို မူတည်ပြီး ဖွဲ့ထားတယ်လို့ တွက်ဆရပါတယ်။ သမ္မတရုံးနဲ့ လွတ်ကင်းတယ်ပြောရမလား၊ သမ္မတရုံးက မဟုတ်သူလို့ ဆိုရမလား၊ ထားပါတော့ဗျာ၊ အဲဒီလို ပါတာဆိုလို့ ပြည်ထဲရေးဝန်ကြီး တစ်ဦးတည်းသာ ရှိပါတယ်။ နှစ်အချက်၊ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကျွန်တော့်အမြင်ကတော့ ဒီကော်မတီဟာ အလုပ်ဖြစ်နိုင်စရာ မရှိဘူးလို့ ထင်မိပါတယ်။ နမူနာပြောရရင် ဒေါက်တာစိုင်းမောက်ခမ်းရဲ့ ပိုင်ဆိုင်မှု ဘယ်လောက်ရှိတယ်ဆိုတာ ကျွန်တော်တို့ မသိရဘူး။ အခု ဒုတိယသမ္မတသက်တမ်း ၂ နှစ်လောက်အတွင်းမှာ သူ့ရဲ့ ပိုင်ဆိုင်မှုက ဘယ်လောက်ထပ်တိုးသွားသလဲ ကျွန်တော်တို့ မသိဘူး။ အဲဒီလိုပဲ ဦးစိုးသိန်းမှာ ဘယ်လောက်ပိုင်ဆိုင်မှု ရှိသလဲဆိုတာ ကျွန်တော်တို့ မသိဘူး။ စက်မှုဝန်ကြီး ဖြစ်ခဲ့တဲ့ကာလမှာ၊ မြန်မာ့စက်မှုဖွံ့ဖြိုးတိုးတက်ရေး ဥက္ကဋ္ဌ လုပ်ခဲ့တဲ့ကာလမှာ သူဘယ်လောက် ပိုင်ဆိုင်မှု ထပ်တိုးခဲ့တယ်ဆိုတာ ကျွန်တော်တို့ မသိဘူး။ ရန်ကုန်မှာရှိတဲ့ နိုင်ငံပိုင်အဆောက်အအုံတွေနဲ့ မြေဧကပေါင်းများစွာ လေလံပစ်ခဲ့တဲ့ကိစ္စတွေ၊ ကားတင်သွင်းခွင့်ကိစ္စတွေ၊ ရန်ကုန်က ခုံးကျော်တံတား ကိစ္စတွေမှာ ဦးစိုးသိန်းအနေနဲ့ ဘာအပေးအယူမှ မရှိဘဲ လုပ်ခဲ့ပါတယ်လို့ ဘယ်သူက အာမခံပေးမလဲ။ ကဲ.. အဲဒါတွေ ထားပါတော့ဗျာ... ဒီကော်မတီက ညွှန်ချုပ်တစ်ယောက်ယောက်၊ ဒါမှမဟုတ် ဒုဝန်ကြီး တစ်ယောက်ယောက်၊ ဒါမှမဟုတ် ၀န်ကြီးတစ်ယောက်ယောက်ကို လာဘ်ပေးလာဘ်ယူ လုပ်ပါတယ်ဆိုပြီး စစ်ဆေးတွေ့ရှိပါပြီတဲ့။ ဘာဆက်လုပ်မှာလဲ။ အဲဒီလူကရော အသာတကြည်ပဲ ဟုတ်ပါတယ် ကျွန်တော်အဲဒီလို လုပ်ခဲ့ပါတယ်ဆိုပြီး ထွက်သွားမှာလား။ မတော်လို့များ အဲဒီလူက ခင်ဗျားတို့ ကော်မတီထဲက ဘယ်သူဘယ်သူကတော့ ဘယ်ကိစ္စ ဘယ်ကိစ္စတွေမှာ ဘယ်လို မသမာမှုတွေ လုပ်ခဲ့ပါတယ်လို့ ပြောခဲ့ရင်ရော ဘယ်လိုဆက်ဖြစ်ကြမှာလဲ။ ကျွန်တော်အခုလို ပြောနေခြင်းသည် ပုဂ္ဂိုလ်ရေးအရ ပြောဆိုနေခြင်း လုံးဝမရှိပါ။ ကော်မတီထဲတွင် ကျွန်တော်နှင့် သက်တူရွယ်တူ ပြိုင်ဘက်တစ်ဦးမျှ မပါရှိပါ။ ထို့အတူ ၎င်းတို့ထဲမှ တစ်ဦးဦးကြောင့် ကျွန်တော့်မိသားစု ဆွေမျိုးအ၀ိုင်းအ၀န်းမှ တစ်ဦးတစ်ယောက်မျှလည်း နစ်နာခဲ့ဖူးခြင်း မရှိပါ။ ကော်မတီကို အမှန်တကယ် အသက်ဝင်စေချင်၍ ဖြစ်ပါသည်။ နောက်တစ်ချက်က လွှတ်တော်တွေက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်းကို ရေးဆွဲပြဋ္ဌာန်းနိုင်ရန် စီစဉ်ထားပြီး ဖြစ်တယ်လို့ သိရှိရပါသည်။ ထိုဥပဒေသာ အမှန်တကယ် ထွက်လာမည်ဆိုလျှင် ယခုကော်မတီသည် ထိုအချိန်တွင် အလကားသက်သက် အပိုဖြစ်သွားမည်ဖြစ်သည်။ ဒါတွေက ကျွန်တော်စဉ်းစားမိသလောက် ရေးပြမိခြင်းပါ။ ဘာပဲပြောပြော အခုဖွဲ့ထားတဲ့ကော်မတီ ဘာလုပ်မလဲဆိုတာတော့ ကျွန်တော်အင်မတန် စိတ်ဝင်စားပါသည်။ တော်တော်ကြာ ဒီကော်မတီသည် ကျွန်တော်ခေါင်းစဉ်တပ်ထားသလို ဖြစ်သွားလျှင်ဖြင့် ကျော်မကောင်း၊ ကြားမကောင်း ဖြစ်မှာကို စိုးရိမ်မိပါသည်။ ပေါ့စေလို၍ ကြောင်ရုပ်ထိုးလိုက်ကာမှ ဆေးအတွက်ဖြင့် မလေးစေလိုပါ။ ငယ်ငယ်ကတည်းက ကြားဖူးနေကျ ဟာသတစ်ခုကို သတိရမိပါသည်။ ရပ်ကွက်ထဲမှာ စာရိတ္တမဏ္ဍိုင် မြှင့်တင်ရေး အစည်းအဝေး ပြုလုပ်သည်တဲ့။ အစည်းအဝေးအပြီး ပြန်ထွက်လာတော့ ဖိနပ် ၂ ရံ ပျောက်သွားသည်တဲ့။ ကဲ... မခက်ချေဘူးလား။ နောက်ထပ် သတိရမိပြန်ပါသည်။ ကာတွန်းတစ်ကွက် ဖြစ်ပါသည်။ အောက်တွင် ရှုစားအတွေးပွားကြပါကုန်။


( ခ )
သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူခန့်အပ်၊ Eleven ၏ ဖွချက်
နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦး ခန့်အပ်တယ်ဆိုတာ နိုင်ငံရေးလောကမှာ ဘာမျှ ထူးဆန်းတဲ့အကြောင်းအရာ မဟုတ်ပါဘူး။ နိုင်ငံတိုင်းမှာ အဲဒီလိုမျိုး ခန့်အပ်ထားကြတာချည်းပါပဲ။ နိုင်ငံတကာသတင်းတွေဖတ်ရင် ပြောရေးဆိုခွင့်ရှိသူ ဆိုတဲ့အသုံးအနှုန်းဆိုတာ မမြင်ချင်အဆုံး၊ မဖတ်ချင်အဆုံး မြင်ရဖတ်ရတဲ့ စကားလုံးပါ။ ပြောရမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာ အခုလို ခန့်အပ်တာဟာ အင်မတန်မှတောင် နောက်ကျနေတယ်လို့တောင် ပြောနိုင်ပါတယ်။ တစ်ခုခုဆိုတာနဲ့ သမ္မတဆီပဲ တိုက်ရိုက်မေး၊ သမ္မတကပဲ တိုက်ရိုက်ဖြေ ဖြစ်နေတာက အတော်ကြာပါပြီ။ အားလုံးသိတဲ့အတိုင်း မကြာသေးမီ အချိန်ကာလတွေအတွင်းကတော့ နိုင်ငံတကာ သတင်းစာမျက်နှာတွေမှာ သမ္မတရုံးက ပြောရေးဆိုခွင့်ရှိသူဆိုပြီး မှူးဇော်ရဲ့ ဖဘက သတင်းတွေ၊ စကားတွေ၊ ထုတ်ပြန်ချက်တွေကို ကိုးကားဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် တရားဝင် ခန့်အပ်ထားတဲ့ ပြောရေးဆိုခွင့်ရှိသူ မဟုတ်တဲ့အပြင် မှူးဇော်ဟာ ဘာလဲဆိုတာကိုတောင် ကျွန်တော်တို့ သိခွင့်မရခဲ့ကြပါဘူး။ သမ္မတကြီးကပဲ နားလည်မှုနဲ့ လွှတ်ပေးထားတာလား၊ သူ့ဟာသူပဲ ၀ါသနာအရ လုပ်ချင်ရာလုပ်နေတာလား၊ သမ္မတရုံးရဲ့ ဖွဲ့စည်းပုံအရပဲ သူ့ရဲ့ ညွှန်ကြားရေးမှူးတာဝန်ဟာ အဲဒီအလုပ် လုပ်ရမယ့် ဌာနကလားဆိုတာ ဘာဆိုဘာမျှကို မသိခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့အရေးအသားတွေ၊ ထုတ်ပြန်ချက်တွေ၊ ဖြေရှင်းချက်တွေဟာ မီဒီယာသမားတွေအတွက် အတော်ကြီးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့တာတော့ အမှန်ပါပဲ။ အခုတော့လည်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကို သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တရားဝင် ခန့်အပ်ခဲ့ပါပြီ။ ကြိုဆိုလိုက်ပါတယ်။ ဒါပေမယ့် သမ္မတကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဘာတွေလုပ်မလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါ။ သူ့မှာ ဒုဝန်ကြီးတာဝန် ရှိနေသေးတာ ဖြစ်တဲ့အတွက် ဘယ်အလုပ်ကိုမျှ ဖိဖိစီးစီး မလုပ်နိုင်မှာတော့ သေချာပါတယ်။ ပြန်ကြားရေးဘက်ကို လျှော့ပေးလိုက်ပြီး ပြောရေးဆိုခွင့်ဘက်ကို အာရုံစိုက်မလား၊ ဒါမှမဟုတ် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ပီပြင်အောင် ထမ်းဆောင်မလား ဆိုတာဟာ ပဟေဠိပါပဲ။ ကျွန်တော့်အမြင်ကတော့ ပြောရေးဆိုခွင့် ဆိုတဲ့ရာထူးကို သိပ်ပြီးတော့ ပီပြင်အောင် ထမ်းဆောင်နိုင်လိမ့်မယ်လို့ မထင်မိပါဘူး။ သမ္မတကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူကို သီးခြားပုဂ္ဂိုလ်တစ်ဦးကိုပဲ ခန့်အပ်သင့်တယ်လို့ မြင်ပါတယ်။ သမ္မတကြီးဘေးမှာ အချိန်ပြည့်ရှိနိုင်မယ့်၊ တာဝန်ထမ်းဆောင်နိုင်မယ့်လူ ဖြစ်သင့်တယ်လို့ ထင်တာပါပဲ။ ဒါတွေကတစ်ပိုင်းပါ။ ကျွန်တော့်မှာ ပြောစရာက ရှိနေပါသေးတယ်။ ပြောရေးဆိုခွင့်ရှိသူ ခန့်အပ်လိုက်တော့ မီဒီယာတွေက ထုံးစံအတိုင်း သတင်းတွေ ရေးသားဖော်ပြကြတာပေါ့လေ။ အဲဒီအထဲမှာမှ ကျေးဇူးရှင် ELEVEN မီဒီယာက သတင်းဖော်ပြပုံလေးက သိပ်သဘောကျလွန်းလို့ ဆဲချင်စရာတောင် ကောင်းသေးတော့တယ်။ ပြောရေးဆိုခွင့်ရှိသူဆိုတာ ၀န်ကြီးကိုပဲ ခန့်အပ်ရမယ်၊ ၀န်ကြီးကိုကျော်ပြီး ဒုဝန်ကြီးကို ခန့်အပ်တာဟာ ၀န်ကြီးကို စော်ကားတာ၊ ချောင်ထိုးတာ၊ သုံးမရလို့ မသုံးတာလို့ သူတို့တွေ ထင်နေရှာတယ်ထင်ပါရဲ့။ သမ္မတကြီး ပြောပြောနေတဲ့ အပြောင်းအလဲကို မလိုက်ပါဘဲ ခေတ်နောက်ပြန်ဆွဲသူတွေ ဆိုတဲ့အထဲမှာ ELEVEN က ထိပ်ဆုံးကဆိုတာ အခုမှပဲ သိခွင့်ရတော့တယ်။ အဲဒီလို အတွေးအခေါ်၊ အဲဒီလို ဖွချက်နဲ့ကတော့ ကုန်းဘောင်ခေတ်ထဲကိုသာ ပြန်သွားပါတော့လို့သာ ပြောလိုက်ပါရစေ။


( ဂ )
ရုပ်မြင်သံကြား သတင်းထုတ်လွှင့်ချိန်များ ပြောင်းလဲ
ပြည်တွင်းသတင်း ထုတ်လွှင့်ချိန်များ အောက်ပါအတိုင်း ဖြစ်သွားပါပြီခင်ဗျား -
(၁) ညနေ ၆း၀၀ မှ ၆း၁၅    အထိ
(၂) ည     ၇း၀၀ မှ ၇း၁၀    အထိ
(၃) ည     ၈း၀၀ မှ ၈း၁၅    အထိ
(၄) ည   ၁၀း၀၀ မှ ၁၀း၃၀  အထိ
ဇန်န၀ါရီလ ၉ ရက်နေ့ကစပြီး ပြောင်းလဲထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ ကြေညာချက်ထဲမှာ သတိထားမိတာက (သတိထားမိအောင်လည်း သူတို့က သေသေချာချာ ရေးထားတာမို့ပါ) အများပြည်သူ ၀န်ဆောင်မှု အသံလွှင့်ဌာန ဆိုတဲ့စကားလုံးရယ်၊ ပြည်သူဗဟိုပြုမူဝါဒ ဆိုတဲ့စကားလုံးရယ်ပါ။ အဲဒီ စကားနှစ်လုံးဟာ ၀န်ကြီးဌာနအတွက် ပြောရတာ၊ ရေးရတာ သိပ်လှသလို၊ ဖတ်ရတာလည်း သိပ်သဘောကျစရာပါပဲ။ ဒါပေမယ့် အဲဒီလို တကယ်ဖြစ်နိုင်သလား၊ မဖြစ်နိုင်ဘူးလား ဆိုတာကတော့ မေးခွန်းထုတ်စရာပါ။ အဲဒီစကားလုံး နှစ်လုံးဟာ ဘယ်လိုအဓိပ္ပါယ်ရှိတယ်၊ အဲလိုတကယ်ဖြစ်အောင် ဘယ်လိုဖြစ်လို့ လိုအပ်တယ်ဆိုတာကတော့ ပညာရှင်တွေ ပြောကြဆိုကြပါလိမ့်မယ်။ ကျွန်တော်ကိုဉာဏ်ရဲ့ အရာမဟုတ်ဘူးလို့ နားလည်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကောင်းမယ်ထင်တဲ့ အစီအစဉ်တွေ ပြောင်းလဲဆောင်ရွက်နေတာကို ကြိုဆိုလိုက်ပါတယ်ဗျာ။ မကောင်းဘူးဆိုတော့လည်း ထပ်ပြင်ကြတာပေါ့ဗျာ။ အဓိကကတော့ ပြည်သူတွေ လက်ခံလာအောင်၊ ပြည်သူတွေ သဘောကျအောင် လုပ်ဖို့ပဲ မဟုတ်ပါလား။ သြော်... ဒီနေရာမှာ တစ်လက်စတည်း လျှာရှည်လိုက်ပါရစေဦး။ ရုပ်မြင်သံကြားကနေ သတင်းတွေလွှင့်၊ အကျိုးပြုသီချင်းတွေ ထပ်ခါထပ်ခါဆိုပြ၊ ကြွေးကြော်သံတွေ ခဏခဏပြ၊ အကျိုးပြုဇာတ်ကားကြီးတွေ ခဏခဏ ရိုက်ပြနေမှ ၀ါဒဖြန့်တာ မဟုတ်ဘူးဆိုတာပါ။ သိပြီးသားတွေမို့ အကျယ်မချဲ့တော့ဘဲ လိုရင်းကိုပဲ ပြောချင်တာကတော့ ဟောလီးဝုဒ်က ရိုက်နေတဲ့ ဇာတ်ကားတွေဟာ အမေရိကန်ရဲ့ ကမ္ဘာလုံးချီတဲ့ ၀ါဒဖြန့်ချိရေး ယန္တယားတွေဆိုတာပါပဲ။ မြန်မာတွေက အတုံးလိုက် အတစ်လိုက် ၀ါဒဖြန့်တယ်၊ စည်းရုံးတယ်၊ စိတ်ဓာတ်စစ်ဆင်ရေးလုပ်တယ်။ အမေရိကန်တွေကတော့ ပညာနဲ့ ပါးပါးလေး၊ ပါးပါးလေး ထည့်သွားတာပါပဲ။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဆက်လက်အောင်မြင်ပါစေဗျာ။ ပြည်သူကြိုက် ၀န်ဆောင်မှုဌာန ဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

(ဃ)
ညှို့မဂ္ဂဇင်း ထုတ်ဝေခွင့်ပိတ်ပင်။ အခြားဂျာနယ် ၆ စောင်အား ခေါ်ယူသတိပေး
ဒါပဲလေ... ဒီလိုပဲ ဖြစ်ရမှာပေါ့။ မြန်မာ့မီဒီယာမှာ ဒါမျိုးဖြစ်တာကတော့ ဘာမျှ မဆန်းပါဘူး။ သေချာတစ်ခုကို အရင်ပြောပါရစေ။ ညှို့မဂ္ဂဇင်း အပိတ်ခံလိုက်ရတာကို ၀မ်းနည်းကြောင်း ဖော်ပြတဲ့ဂျာနယ် တစ်ခုမျှ မရှိဘူး၊ ဘယ်စာနယ်ဇင်းသမားကမှလည်း အခုလို အပိတ်ပင်ခံရတဲ့အတွက် အရင်ကလို ဟိုလေးတကြော် ဆန္ဒဖော်ထုတ်တာ၊ အင်္ကျီဆင်တူဝတ်တာ၊ ဦးထုပ်ဆင်တူဆောင်းတာ၊ အားအားလျားလျား လမ်းလျှောက်တာ၊ လက်မှတ်လိုက်ထိုးခိုင်းတာ မရှိကြဘူး။ မြန်မာ့မီဒီယာလောက တစ်ခုလုံးသည် ညှို့မဂ္ဂဇင်းကို သဘောမကျလို့ ကျွန်တော်ကိုဉာဏ် ညီမျှခြင်း ထုတ်လိုက်ပါတယ်ခင်ဗျား။ မူလ လျှောက်ထားစဉ်တုန်းက ဖက်ရှင်မဂ္ဂဇင်းအဖြစ် လျှောက်ထားခဲ့တာလို့ သိရပါတယ်။ ဒါပေမယ့် တကယ် ထုတ်ဝေတဲ့အချိန်ကတော့ လိင်ပညာပေး မဂ္ဂဇင်းအဖြစ် ထုတ်ဝေခဲ့သတဲ့။ (ကျွန်တော့်အမြင်ကတော့ လိင်ပညာပေးမဟုတ်ပါ။ လိင်လှုံ့ဆော်ရေးပါ။) မူလလျှာက်ထားတာနဲ့ တကယ်ထုတ်တာ သိပ်တော့ မလွဲပါဘူးနော်။ တစ်ခုဘာတွေးမိလဲဆိုတော့ အဲဒီမဂ္ဂဇင်းထုတ်ဝေသူနဲ့ အယ်ဒီတာတွေဟာ ရုပ်သေးပွဲတွေမှာ "အခုရှုစားရမှာကတော့ မင်းသားကပါခင်ဗျား" ဆိုပြီး တကယ်ထွက်လာတော့ ဘီလူးရုပ်ကြီး ထွက်ကသလိုမျိုး ဖြစ်နေတယ် ဆိုတာပါပဲ။ အခုတော့လည်း သူ့လမ်းသူ သွားရှာပြီးလို့ အောက်မေ့မိပါတယ်။ ဒါ့အပြင် မူလလျှောက်ထားစဉ်က ခွင့်ပြုချက်နဲ့ မကိုက်ညီတဲ့ ဂျာနယ် ၆ စောင်ကိုလည်း ခေါ်ယူသတိပေးမှုတွေ ပြုလုပ်ခဲ့ပါသတဲ့ဗျာ။ အဲဒီ ၆ စောင်ကတော့
(၁) ကြော်ငြာကမ္ဘာ
(၂) မြနန္ဒာ
(၃) သွေးသစ်
(၄) Media One
(၅) The Farmer
(၆) High Speed Car
ကျွန်တော်ကိုဉာဏ်ကလည်း အတော်ကို တုံးလွန်းပါတယ်ဗျာ။ အဲဒီဂျာနယ် ၆ စောင်ကို ဖတ်ဖူးဖို့ဝေးစွ ကျွန်တော်ကြားတောင် မကြားဖူးဘူးခင်ဗျ။ အဲဒီတော့ ဘယ်လိုတွေ မူလအကြောင်းအရာတွေနဲ့ သွေဖီပြီး ရေးသားဖော်ပြခဲ့တယ်ဆိုတာ ကျွန်တော်မပြောနိုင်တဲ့အတွက် ၀မ်းနည်းမိကြောင်းပါ။ အခုလို ခေါ်ယူသတိပေးမှပဲ အဲဒီလိုနာမည်နဲ့ ဂျာနယ်တွေ ရှိမှန်းသိရတော့တယ်။ မြန်မာ့ဂျာနယ်လောကကြီး ဒီထက် စည်ပင်ပါစေဗျာ။

( င )
ဒေါ်စုက ကချင်ကိစ္စ ၀င်ပါချင်ပြန်ပြီတဲ့
ဒေါ်အောင်ဆန်းစုကြည်က ကချင်ကိစ္စကို ၀င်ပါချင်တယ်လို့ သတင်းတွေဖတ်ရပါတယ်။ အလကားနေရင်း အဲဒီအမျိုးသမီးကို မဝေဖန်ချင်ပေမယ့် သိပ်တော့ အလုပ်မဟုတ်ဘူးလို့ ထင်မိတယ်။ ဘယ့်နှယ်ဗျာ... ဟိုနေရာလည်းပါချင်၊ ဒီနေရာလည်းပါချင်၊ ဘယ်လိုဖြစ်ပြီး ဖိုးပါချင် ဖြစ်နေရတာတုန်းဗျ။ အရင်တုန်းက အဲဒီလိုအလုပ်ကို ၈၈ မျိုးဆက်တွေပဲ လုပ်တယ်လို့ ထင်ခဲ့မိတာ။ အခုမှပဲ ဒေါ်စုကလည်း အဲဒီလို တစ်ဂိုဏ်းတည်းဆိုတာ တဖြည်းဖြည်း သိလာတော့တယ်။ ကျွန်တော်က အလကားနေရင်း တိုက်ခိုက်နေတာ မဟုတ်ဘူးဗျ။ ဆိုပါတော့ဗျာ... သူ့မှာ အခုတကယ်လုပ်နေရတဲ့ တရားဝင်အလုပ်တွေ အများကြီးရှိတယ်။ ဥပမာပြောရအောင် လွှတ်တော်ကိုယ်စားလှယ်အလုပ်၊ နောက် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ၊ လက်ပံတောင်းတောင်ကိစ္စ စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ။ အဲဒီ အလုပ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ပြည်သူတွေ စိတ်တိုင်းကျလောက်တဲ့ ရလဒ်တစ်ခုခု ဘယ်နေရာကများ ပြနိုင်သလဲဗျာ။ စကားသိပ်များများ ပြောတဲ့လူတွေထဲမှာ ဒေါ်စု ထိပ်ဆုံးကပါတယ်။ စကားပြောမယ်ဆိုတာချည်းပဲ။ သူပြောသမျှထဲမှာ ဘယ်သူမှ မပြောဖူးတဲ့၊ ဘယ်သူမှ မသိသေးတဲ့စကား ဘယ်နှခွန်းများ ပါသလဲဗျာ။ ပြောတယ်ဆိုတာ သိပ်လွယ်တဲ့ အလုပ်ပါဗျာ။ ဆေးလိပ်သောက်တာ ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ လူတိုင်းပြောတတ်တယ်ဗျ။ ဒါပေမယ့် ဆရာဝန်တွေကိုယ်တိုင် ဆေးလိပ်သောက်တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည် ဒီမိဘနှစ်ပါးကနေ အတူတူ တစ်ဝမ်းတည်းမွေးထားတဲ့ မောင်နှမချင်းတောင် မတည့်ဘဲနဲ့ ကချင်ကိစ္စကို ၀င်ပါချင်တယ်၊ ဆောင်ရွက်ချင်တယ်ဆိုတော့ ကျွန်တော်ကိုဉာဏ်ကဖြင့် မပြုံးဘဲ ၀ါးလုံးကွဲသာ ရယ်လိုက်ချင်တယ်လို့ ပြောပါရစေခင်ဗျာ။

( စ )
ဂျီအက်စ်အမ် ဖုန်းကို ဈေးနှုန်းလျှော့ချမယ့်ကိစ္စ
စာဖတ်သူတွေက ကျွန်တော့်ထက် သိပြီးသားလူတွေမို့ ဘာမျှမပြောလိုတော့ပါဘူး။ မြန်မာ့ဆက်သွယ်ရေးက တာဝန်ရှိသူတွေကိုသာ မေးချင်တော့တယ်။ ခင်ဗျားတို့တစ်တွေ ပြည်သူတွေဆီကနေ ဟိုလိုတစ်မျိုး၊ ဒီလိုတစ်မျိုး၊ အမျိုးမျိုးသော နည်းလမ်းတွေနဲ့ ဖုန်းကတ်ပြပြီး ဓားပြတိုက်နေတာ မရပ်ကြသေးဘူးလား။ တစ်ဘ၀ တစ်ခန္ဓာနဲ့ပဲ ပြီးသွားမှာဆိုရင်တော့ တစ်မျိုးပေါ့လေ။ ဘ၀တွေ၊ သံသရာတွေ ရှိဦးမယ်ဆိုရင်တော့ ဆက်သွယ်ရေးက တာဝန်ရှိသူတွေ နောင်ဘ၀ကျရင် လူတောင် ဖြစ်ကြပါ့မလားလို့ တွေးမိပြီး သူတို့ကို သနားမိလိုက်ပါဘိတော့တယ်။ ဆက်သွယ်ရေး လုပ်ငန်းဆိုတာ အမြတ်တင်ရမယ့်၊ ပိုက်ဆံရှာရမယ့် လုပ်ငန်းထက်စာရင် အများပြည်သူအတွက် အဆင်ပြေအောင် ဆောင်ရွက်ပေးရမယ့် ၀န်ဆောင်မှုလုပ်ငန်းတစ်ခုဆိုတာ နားလည်သင့်ပြီ ထင်တာပဲဗျာ။ ဘယ်လောက်ပဲ ဈေးတွေလျှော့ပေးလျှော့ပေး သတ်မှတ်လိုက်တဲ့ တန်ဖိုးဟာ လူတန်းစားတစ်ရပ်ရပ်ကို လက်လှမ်းမမီ ဖြစ်မှာမျိုးကို မလိုလားတော့ဘူး။ မြန်မာနိုင်ငံသားတိုင်း ဖုန်းကိုင်ချင်တဲ့ ဆန္ဒရှိသူတိုင်း ဖုန်းကိုင်နိုင်ခွင့် ရှိကိုရှိရမယ်။ ဒါ ၂၁ ရာစုခေတ်ဗျ။ ဖုန်းကို အဆောင်အယောင် တစ်ခုအနေနဲ့ သတ်မှတ်သဘောထားပြီး ထိန်းချုပ်ရမယ့်ခေတ် မဟုတ်တော့ဘူး။ ဖုန်းကတ်ကိုတောင် အမြတ်တင်ပြီး ရောင်းနေသေးတဲ့ အစိုးရနဲ့တော့ သူများတိုင်းပြည်တွေကို အမီလိုက်ဖို့ မပြောနဲ့ မှန်ပြောင်းနဲ့ လှမ်းကြည့်ရင်တောင် မြင်ရမှာမဟုတ်ဘူး။ ကျွန်တော်သာ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးကော်မတီမှာ ပါတယ်ဆိုရင် ဆက်သွယ်ရေးဝန်ကြီးဌာနကို အရင်ဆုံး စစ်ဆေးရေးလုပ်မယ်။ PCO တွေ ပေးထားတဲ့ကိစ္စ၊ ဖုန်းကတ်တွေ ထုတ်ရောင်းဖို့လုပ်တိုင်း ခွဲတမ်းချတဲ့ကိစ္စ၊ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတွေနဲ့ စာချုပ်တွေ ချုပ်တဲ့ကိစ္စ၊ စတဲ့စတဲ့ ကိစ္စတွေမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ဆက်သွယ်ရေးက သန့်ရှင်းရေးဝန်ထမ်းကို မေးရင်တောင်မှ သိတဲ့ဟာတွေပါဗျာ။ အဲဒါကို နှာစေးပြနေရင်တော့ ကျွန်တော်ကိုဉာဏ် မျက်စိမှိတ်လို့ ပါးစပ်ပိတ် နေလိုက်ပါပြီဗျာ။

( ဇ )
လွှတ်တော်တွေ ပြန်စပြီ
ဟုတ်သည်... လွှတ်တော်အစည်းအဝေးတွေ ပြန်စချေပြီ။ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ ဆဋ္ဌမပုံမှန်အစည်းအဝေးတွေ ဖြစ်သည်။ လွှတ်တော်တွေ တစ်ကြိမ်ထက်တစ်ကြိမ် အပြောတွေ ပိုကောင်းလာတာကိုတော့ လက်ခံရမည်။ ခက်တာက လက်တွေ့ဘ၀ထဲမှာ လွှတ်တော်ကဥပဒေတွေ၊ မေးခွန်းတွေ၊ အဆိုတွေက ထင်သလောက် အကျိုးမသက်ရောက်သေးတာ ဖြစ်သည်။ အချို့နေရာတွေမှာ လိုက်လုပ်ရမယ့် ကာယကံရှင်တွေ လူးသာလွန့်သာ လုပ်နိုင်လောက်မှာကိုပဲ လွှတ်တော်တွေက တိုက်တွန်းသင့်သည်။ အခုတော့ ငါက ဥပဒေပြုအမတ်ပဲ၊ သင်းတို့က အုပ်ချုပ်ရေးကကောင်တွေ၊ ပြည်သူနဲ့ အုပ်ချုပ်ရေးနဲ့ ထိပ်တိုက်တွေ့ပစေကွ ဆိုတာမျိုးတွေ မြင်နေကြားနေရတာ သိပ်မကောင်းလှ။ နိုင်ငံတည်ဆောက်ရေးအတွက် လွှတ်တော်တစ်ခုတည်းက လုပ်နိုင်ခြင်းမရှိသည်ကို လက်ခံဖို့လိုသည်။ အားလုံး ညီညီညွတ်ညွတ်၊ တစ်စိတ်တစ်ဝမ်းတည်း (ဤနေရာတွင် တစ်ညီတစ်ညွတ်တည်းသည် တိုင်းပြည်ကောင်းကျိုး၊ ပြည်သူပြည်သားများ ကောင်းကျိုးကို ရည်ညွှန်းပါသည်။ တိုင်းပြည်ကောင်းကျိုးဟု ခုတုံးလုပ်ပြီး ပညာရှင်ဆန်ဆန် ဦးချိုအားကိုး၊ အဆိပ်အားကိုး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများကို မဆိုလိုပါ) တက်ညီလက်ညီ ဆောင်ရွက်ကြမှ တိုးတက်မှုတွေကို မြင်ရမှာဖြစ်သည်။ ထိုသို့မဟုတ်ဘဲ "ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် အဆင့်အမြင့်ဆုံး အဖွဲ့အစည်း" ဆိုသည့် မဟုတ်သည့် မာနတွေ၊ အားပြိုင်မှုတွေနဲ့ ခါးတောင်းကျိုက်တစ်ခြား၊ ဖင်တစ်ခြား ဖြစ်နေဦးမည်သာ ဖြစ်ပါသည်။ အခုတော့ လွှတ်တော်သတင်းတွေ စောင့်ကြည့်၊ သတင်းစာတွေ စောင့်ဖတ်ရဦးမည်။ ထုံးစံအတိုင်း မြင်တာတွေ ထောက်ပြဝေဖန်ရဦးမည်။ လွှတ်တော်ကချည်းပဲ သူများကို ထိန်းနေတာမျိုး မဖြစ်စေချင်။ ဘေးကနေ သူတို့ကိုလည်း ၀င်ထိန်းမှရမည်။ ထိုသို့ပြောသည့်အတွက် စာဖတ်သူများ မဆိုထားနှင့် ကိုယ့်ကိုယ်ကိုယ်တောင် ရယ်ချင်မိသည်။ မတတ်နိုင်၊ သူတို့တွေ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ကျွန်တော်ကတော့ မြင်တာတွေကို ဝေဖန်နေဦးမည်သာ ဖြစ်သည်။ ခက်တာက ဂျာနယ်တွေက လွှတ်တော်နှင့် အုပ်ချုပ်ရေးပိုင်းကို မရမက ရန်တိုက်ပေးနေခြင်းဖြစ်သည်။ သတင်းဖန်တီးခြင်းဟု အမည်တပ်ချင်သည်။ ပြည်ထောင်စုအဆင့်ချင်း ငြိကြ၊ ကလိကြလျှင် သတင်းက ပိုထူးသည် မဟုတ်ပါလား။ သတိနှင့်စောင့်ကြည့် ဝေဖန်ပြပါဦးမည်။

( စ် )
ဗြိတိန်တွေ၊ အမေရိကန်တွေ၊ ပြီးရင်ဘာတွေ လာဦးမလဲ
ဗြိတိန်တွေ မြန်မာပြည်ကို ရောက်လာကြပြန်ပြီ။ ဒုတိယကမ္ဘာစစ်တုန်းက မြှုပ်နှံထားခဲ့တဲ့ တိုက်လေယာဉ်တွေကို ပြန်တူးဖော်ဖို့တဲ့။ အဲဒါတွေကို ပြန်တူးဖော်ပြီးရင် ဘာလုပ်ကြမှာလဲ။ ဘယ်လို ပြန်သယ်ကြမှာလဲ။ အခုလို လာတူးဖော်တဲ့အတွက် မြန်မာအစိုးရနဲ့ ဘာသဘောတူညီမှုတွေ ရှိသလဲ။ ဘယ်နှယ့်ဗျာ... ဟုတ်တော့ မဟုတ်သေးဘူး ထင်ပါရဲ့။ တစ်ချိန်တုန်းက ကိုယ့်နိုင်ငံကိုလာပြီး ကျွန်ပြုတာ၊ ကိုယ့်ရေမြေသယံဇာတတွေ၊ အဖိုးထိုက် အဖိုးတန် ဘိုးဘွားအမွေတွေကို အပိုင်စီးတာ၊ ခိုးထုတ်တာ၊ ယူသွားတာကိုလည်း ခံခဲ့ရသေးတယ်။ အခုကျတော့ အဲဒီတုန်းက လေယာဉ်တွေကို ပြန်တူးဖော်ချင်သတဲ့။ တစ်ခါတစ်ခါကျတော့လည်း ကျွန်တော်စဉ်းစားကြည့်တယ်။ ကျွန်တော်တို့ မြန်မာတွေကပဲ အင်မတန်ကို ခွင့်လွှတ်သည်းခံစိတ် ကြီးမားကြတာလား၊ အမှတ်သည်းခြေ မရှိကြတာလား၊ နာရကောင်းမှန်း မသိတာလားဆိုတာကိုပါ။ အခုလို ကိစ္စမျိုးဟာ တရုတ်၊ ဒါမှမဟုတ် ဂျပန်၊ ဒါမှမဟုတ် ကိုရီးယားမှာ ဆိုရင်တော့ဖြင့် ဇာတ်လမ်းက တကယ့်ကိုလှပြီ။ ဆန္ဒပြလိုက်ကြမယ့်ဖြစ်ခြင်း၊ ဆူပူလိုက်ကြမယ့်ဖြစ်ခြင်း၊ ကန့်ကွက်လိုက်ကြမယ့်ဖြစ်ခြင်း၊ ပြောကိုမပြောချင်တော့ပါဘူး။ အခုတော့ ဘယ်အဖွဲ့အစည်းကမှ ဒီလို တူးဖော်တာကို ကန့်ကွက်တယ်၊ သဘောမတူဘူး၊ စသည်ဖြင့် ကန့်ကွက်တာ၊ ဆန္ဒဖော်ထုတ်တာ၊ စီတန်းလှည့်လည်တာ မတွေ့မိဘူးခင်ဗျ။ ကျွန်တော့်စိတ်ကူးအရဖြင့် လေယာဉ်တစ်စင်းတွေ့တိုင်း ကျေးရွာတစ်ရွာမှာ စာသင်ကျောင်းတစ်ကျောင်း ဆောက်ပေးမယ်ဆိုရင် အတော်ကောင်းမှာပဲလို့ တွေးနေမိတယ်။ နောက်တစ်ခု စိုးရိမ်မိတာက အဲဒီ ကုလားဖြူတွေကို သိပ်မယုံတာပါပဲ။ လေယာဉ်တွေ တူးဖော်တယ်ဆိုပြီး သူတို့မြှုပ်ခဲ့တဲ့ ရွှေငွေလက်ဝတ်ရတနာတွေကို တိတ်တဆိတ် လာတူးတာဆိုရင် ဘယ်နှယ့်လုပ်မလဲပေါ့။ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ပါ။ အင်္ဂလိပ်ဆီက ဇန်န၀ါရီလ ၄ ရက်နေ့မှာ လွတ်လပ်ရေး ရတယ်ဆိုတာ ကလေးကအစ သေခါနီးအဆုံး အကုန်သိတယ်။ ဒါပေမယ့် မြန်မာ့နန်းစဉ် ရတနာတွေ ဘယ်လောက်ပမာဏများများ သိမ်းယူခံခဲ့ရသလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ တစ်ချိန်က မြန်မာ့နန်းတွင်းဟာ ဘယ်လောက်ချမ်းသာ သလဲဆိုတာ ဘယ်သူမှ အတိအကျ မသိလို့ပါပဲ။ အားမနာတမ်း ပြောရမယ်ဆိုရင် အခုလက်ရှိ ကျွန်တော်တို့နိုင်ငံက ပြတိုက်တွေထဲမှာ ပြသထားတဲ့ ကုန်းဘောင်ခေတ် ပစ္စည်းတွေဆိုတာ သမိုင်းတန်ဖိုးအရလွဲရင် သောက်ဖိုးမတန်တာတွေချည်းပဲ။ သဘောမတူသူတွေ ရှိခဲ့ရင် မြန်မာ့ပြတိုက်တွေမှာရှိတဲ့ ပစ္စည်းတွေစာရင်းနဲ့ အင်္ဂလန်က ပြတိုက်တွေမှာရှိတဲ့၊ အင်္ဂလိပ် သူဌေးကြီးတွေရဲ့ အိမ်ဧည့်ခန်းတွေမှာရှိတဲ့ မြန်မာ့အမွေအနှစ်တွေ စာရင်းကို တိုက်ဆိုင်စစ်ဆေး ကြည့်စေချင်တယ်။ အခုလည်း လေယာဉ်လာတူးတဲ့ အင်္ဂလိပ်တွေကို သတိထားစောင့်ကြည့်စေချင်တယ်။ ကျွန်တော်ကတော့ မောင့်ဘတ်တန်တို့အမျိုးတွေကို သိပ်မယုံဘူးဗျို့။ နောက်တစ်ခုကတော့ အင်္ဂလန်တွေနဲ့အပြိုင် အမေရိကန်တွေကလည်း မြန်မာပြည်မြောက်ပိုင်းမှာ ကျဆုံးခဲ့တဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေကို ပြန်ရှာမတဲ့။ တိုက်ပဲတိုက်ဆိုင်လွန်းတယ်ဗျာ။ အင်္ဂလန်နဲ့အပြိုင် ရှာကြပေါ့ဗျာ။ ကျွန်တော်လည်း ကြံကြံဖန်ဖန် စဉ်းစားကြည့်မိတယ်။ ကင်းဝန်မင်းကြီးတို့ သွားခဲ့တဲ့ နိုင်ငံခြားတိုင်းပြည်တွေကို ရှာဖွေရေးအဖွဲ့တွေ စေလွှတ်ပြီး ကင်ဝန်မင်းကြီး ကျန်ရစ်ခဲ့တဲ့ ခေါင်းပေါင်းတို့၊ ရေလဲတော်တို့၊ ကွမ်းအစ်တို့၊ ဆေးလိပ်တိုတို့ သွားရှာခိုင်းရင် မကောင်းလားလို့။ အခုတော့ ကိုယ့်မြေပေါ်မှာ စိတ်ကြိုက်တူးကြ၊ ဆွကြ၊ ဖွကြ၊ ရှာကြစေဗျား။ (ဒါနဲ့ စကားမစပ်... ရခိုင်မှာရောက်နေတဲ့ ဘင်္ဂလီကုလားတွေကများ သူတို့တွေဟာ တစ်ချိန်က သူတို့ဘေးဘိုးတွေ လယ်လုပ်ခဲ့တဲ့ တူရွင်းတွေ၊ ပေါက်ပြားတွေ၊ တံစဉ်တွေကို လာရှာတာပါလို့ ပြောခဲ့ရင် ဘယ့်နှယ်လုပ်ကြမလဲဗျာ။ :D )

(ည)
Times မဂ္ဂဇင်းနှင့် ဦးသိန်းစိန်
တစ်ခါတစ်ခါတော့လည်း ခက်တယ်။ ကာယကံရှင်ကဖြင့် ဘာမျှကို မပြောရပါဘဲ ဘေးကလူတွေက ဖြစ်နေကြတာ သိပ်ရယ်ဖို့ကောင်းတယ်။ ကလေးမွေးတဲ့ မီးနေသည်က ဘာမျှမဖြစ်ဘဲ ဘေးကလူက အား... အီး... အမလေး အမေရဲ့... နာလိုက်တာတော့... လို့ အော်နေသလိုမျိုး ဖြစ်နေတယ်လို့ ခံစားရတယ်။ တိုင်းမ်မဂ္ဂဇင်းမှာ ဖော်ပြခံရတာ နိဗ္ဗာန်ရောက်တာ မှတ်လို့ဗျာ။ ဖြစ်နေလိုက်ကြတာများ...။ အန်တီရော၊ ပရိုရော နှစ်ဖက်စလုံးဟာ တကယ့်ကို သည်းသည်းလှုပ်တွေချည်းပါပဲ။ အလကားနေရင်း အရည်မရ အဖတ်မရ ဟိုဟာကို သန်းရှာသလို ဖြစ်နေကြတယ်။


( ဋ )
လက်ပံတောင်းတောင်စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ကို စိန်ခေါ်သူရှိပြီ
လက်ပံတောင်းတောင်စီမံကိန်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာက စီမံကိန်းဟာ ဆက်လုပ်သင့်ပါတယ်လို့ ဆုံးဖြတ်ခဲ့ရင် ကန့်ကွက်ဆန္ဒပြမှုတွေ ဆက်လုပ်သွားမယ်လို့ မီဒီယာတွေဝိုင်းဝန်ပြီး သိဒ္ဓိတင်ပေးထားတဲ့ သူရဲကောင်းမကြီး ဒေါ်သွဲ့သွဲ့ဝင်းက ပြောခဲ့သတဲ့။ ကမ္ဘာကျော် ၀က်မှေးရွာသူကြီးက အဲဒီလိုပြောနေတာကို ဒေါ်စုဂုဏော အနန္တောဆိုတဲ့ ဘယ်နောက်လိုက်နောက်ပါကမျှ နာရကောင်းမှန်းမသိ၊ တုံ့ပြန်ရကောင်းမှန်းမသိ၊ ကဲ... မကောင်းကြချေဘူးလား။ ပိုဆိုးတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော်မရှင်ထဲမှာ ပါဝင်နေတဲ့ ရွာခံဆိုတဲ့ လူကြီးကိုယ်တိုင်က စီမံကိန်းရပ်ရမယ်ဆိုတဲ့ အဖြေမထွက်ရင် ကန့်ကွက်ဆန္ဒပြမှုတွေ ဆက်လုပ်မယ်လို့ ပြောနေတာပါပဲ။ ဘိုဖြူရဲ့ လေသံလေးနဲ့ သီချင်းလေးတောင် ညည်းလိုက်ချင်သေးရဲ့ဗျာ။ ကဲ... အခုတော့ ဘာပြောမလဲ။

( ဌ )
သတ္တုတွင်းဝန်ကြီးဌာနက The VOICE Weekly ကို ကျေအေးပေးလိုက်ပြီ
The VOICE နဲ့ သတ္တုတွင်းဝန်ကြီးဌာနတို့ ကာလအတော်ကြာ အမှုရင်ဆိုင်နေခဲ့ကြတာကို သတ္တုတွင်း ၀န်ကြီးဌာနက ကျေအေးပေးလိုက်ပြီလို့ သိရပါတယ်။ နောက်ထပ် အမှုရင်ဆိုင်ရမယ့် အလုပ်တွေ ဆက်မလုပ်ပါနဲ့လို့ပဲ VOICE ကို တိုက်တွန်းချင်တော့တာပါပဲ။ ဆရာအောင်ထွဋ် သေဆုံးသွားခြင်းနဲ့အတူ သည်ဗွိုက်(စ်)လည်း ကျဆုံးသွားပြီလို့ ခံစားနေရပါပြီ။ ကျွန်တော့်ရဲ့ မဖတ်မဖြစ် ဂျာနယ်စာရင်းမှာ သည်ဗွိုက်(စ်) မပါတာ ရက်သတ္တပတ် အတော်ကြာခဲ့ပါပြီ။ သွားလေသူကို အသေမဖြောင့်အောင် လုပ်တဲ့လူတွေအဖြစ် ဆရာကျော်မင်းဆွေတို့ကို ကျွန်တော် မှတ်တမ်းတင်လိုက်ပါတယ်။ နိုင်ငံရေး ဂျာနယ်ကောင်းတစ်စောင် လျော့ပါးသွားတဲ့အတွက်တော့ စိတ်မကောင်းဖြစ်မိကြောင်းပါ။ အများကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကိုယ့်မူနဲု့ကိုယ် ရပ်တည်ခဲ့တဲ့ အချိန်တုန်းက ထောက်ခံသူတွေရော၊ ကန့်ကွက်သူတွေကပါ ဂရုတစိုက် စောင့်ဖတ်ခဲ့ရတယ်ဆိုတာ ကိုကျော်မင်းဆွေ မေ့သွားတယ်ထင်ပါရဲ့။ အခုတော့ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ဂျာနယ်ရဲ့ မူဝါဒက ဘာမှန်းတောင် မသိတော့ဘူး။ ကေအိုင်အေဂျာနယ်လိုလို၊ အမှုပွဲစား ဂျာနယ်လိုလို၊ အယ်ဒီတာ့ထံပေးစာ ဂျာနယ်လိုလိုနဲ့ ဘာမှန်းကို မသိတော့ဘူး။ ဘောလုံးစကား၊ လက်ဝှေ့စကားနဲ့ ပြောရမယ်ဆိုရင်တော့ သည်ဗွိုက်(စ်) ပြန်လာနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပေါ့ဗျာ။

( ဍ )
ကချင်ကိစ္စ
ဒီပို့စ်ကို ရေးပြီးတဲ့အချိန်မှာ ကျွန်တော်လုပ်မယ့် အလုပ်တွေကို ပြောပါ့မယ်။ အမေရိကန်မှာ လက်နက်ကိုင်ဆောင်ခွင့်ကို အလုံးစုံပိတ်ပင်ဖို့အတွက် ကျွန်တော်ဆန္ဒပြပါ့မယ်။ ဆီးရီးယားသမ္မတ အာဆတ် ရာထူးကနေ နုတ်ထွက်ပေးဖို့အတွက် ကျွန်တော်ပိုစတာတိုက်ပွဲ ဆင်နွှဲပါ့မယ်။ မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ် ဖောက်ခွဲမှု လုပ်မယ့်ကိစ္စကို ကျွန်တော်ကန့်ကွက်တဲ့အကြောင်း ကြေညာချက်ထုတ်ပါ့မယ်။ အိန္ဒိယမှာ လူမဆန်စွာ မုဒိန်းကျင့်ခံရလို့ သေဆုံးသွားရတဲ့ အမျိုးသမီးလေးအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ကျွန်တော့်အခန်းကို ၂ မိနစ်ကြာ မီးပိတ်ထားပါမယ်။ အီဂျစ်သမ္မတဟောင်း မူဘာရက်ကို ထောင်ဒဏ်တစ်သက် ချမှတ်ထားတာဟာ မတရားတဲ့အကြောင်း သူငယ်ချင်းတွေကို ပြောပါ့မယ်။ အဲဒါတွေ အားလုံးကို ကျွန်တော်ကိုဉာဏ် ထိုင်ရာမထဘဲ ကွန်ပျူတာရှေ့မှာ လုပ်မှာဖြစ်ပါတယ်။ နောက်ပိုင်း ဒီထက်အဆင့်မြင့်လာရင် အင်တာနက်ကနေတစ်ဆင့် ဆန္ဒပြတာတို့၊ ကွန်ပျူတာမှောက်တာတို့ (သပိတ်မှောက်တာ မဟုတ်ပါ) လုပ်ပါ့မယ်။ ဒီလိုတွေ ဘာကြောင့်ရေးတယ်ဆိုတာ ကျွန်တော့်ရဲ့ စာဖတ်သူတွေက ချက်ချင်းသိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ရယ်တော့ မရယ်ကြပါနဲ့ဗျာ။ နည်းနည်းတော့ ကြောင်တောင်တောင် နိုင်ပေမယ့် ကျွန်တော်မှ အဲဒီနေရာတွေကို တကယ်သွားပြီး အလုပ်ဖြစ်အောင်မှ မလုပ်နိုင်တာပဲ။ အဲဒါကြောင့်ပါ။ အမယ်... အားတော့ မငယ်ရဘူးခင်ဗျ၊ အဲဒီလိုမျိုး ထိုင်ရာမထ၊ နေရပ်မခွာဘဲ လှုပ်ရှားမှုတွေလုပ်တာ ကျွန်တော်က နောက်တောင် ကျနေသေးသဗျ။ ကချင်ပြည်နယ်အရေး ဆူးလေရှေ့မှာ လမ်းလျှောက်ရတာနဲ့၊ စားသောက်ဆိုင်မှာ ဘီယာစုပ်ရင်း ဆွေးနွေးရတာနဲ့၊ ရုံးခန်းထဲမှာ လက်နှိပ်စက်စာရေး ထိုင်ရိုက်ခိုင်းပြီး ကြေညာချက် ထုတ်ရတာနဲ့၊ နိုင်ငံရေးလှုပ်ရှားမှုတွေဆိုတာ အဲဒီလိုလည်း လုပ်လို့ရတယ်ဆိုတာ ကျွန်တော်မှတ်သားမိပါတယ်။ ကဲ... စာဖတ်ပရိသတ်ကြီးရေ.. သူများတွေလိုပဲ ခေတ်မီသွားအောင် နည်းနည်းလောက် အော်လိုက်ကြရအောင်ဗျာ...
ကချင်စစ်ပွဲ အခုရပ်
ကချင်စစ်ပွဲ အခုရပ်
ကချင်စစ်ပွဲ အခုရပ်
နေဦးဗျ... အခုရပ်ဆိုတော့ ဘယ်သူ့ကို ရပ်ခိုင်းတာတုန်း။ စောစောကပဲ လူစီးရထားကို ကေအိုင်အေက ဗုံးခွဲလို့ ရထားတွဲပျက်စီးတာ၊ လူတွေထိခိုက်ဒဏ်ရာရတာ၊ ရထားခရီးစဉ်တွေ ရပ်ဆိုင်းတာ ဖြစ်ကုန်ဆိုပဲ။ နောက်တစ်ခုက စစ်တပ်ကသာ တကယ်ပဲ တစ်ဖက်သတ် စစ်တိုက်နေတာဆိုရင် မြန်မာပြည်ထဲမှာ လက်နက်ကိုင်ပြီး တော်လှန်ရေးလုပ်တာ ကချင်တစ်ခုတည်း ရှိသလားဗျ။ စစ်တပ်ဆိုတဲ့ဟာကြီးက ဘာဖြစ်လို့ ကရင်တွေကိုကျတော့ ခန်းမထဲခေါ်ပြီး ဖက်လဲတကင်းလုပ်၊ နွေးနွေးထွေးထွေးကြို ရှိရသလဲဆိုတာ စဉ်းစားစရာ မကောင်းဘူးလား။ တပ်မတော်က လက်နက်ကိုင်အဖွဲ့အစည်း အားလုံးကို ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့တဲ့ နေရာမှာ ကေအိုင်အေကို ခြွင်းချက်နဲ့ မထားခဲ့ပါဘူးဗျာ။ အားလုံးကို ကမ်းလှမ်းခဲ့တာပါ။ သူ့သဘောသူဆောင်ပြီး လုပ်ချင်ရာ လုပ်နေတာကို စစ်တပ်က ဒီအတိုင်း အလှကြည့်မနေတာ သဘာဝကျတယ်လို့ ထင်ပါတယ်ဗျာ။ နောက်တစ်ခု ပြောစရာရှိသေးသဗျ။ ကေအိုင်အေက ရထားတွေကို မိုင်းထောင်ရအောင် အဲဒီရထားတွေပေါ်မှာ စစ်သားတွေ၊ စစ်ဗိုလ်ချုပ်တွေ ပါလို့လားဗျ။ မေးကြည့်ကြစမ်းပါဦး။ နလပိန်းတုန်း ပြည်သူတွေ ရှိနေသေးတဲ့ နိုင်ငံမို့ အမှန်ကို မမြင်နိုင်တာ။ ရှင်းရှင်းပြောရရင် ဒါတွေဟာ အကြမ်းဖက်လုပ်ရပ်တွေပဲ။ ကေအိုင်အေဆိုတာ အကြမ်းဖက် အဖွဲ့အစည်းပဲ။ ပြည်သူတွေ၊ ရထားတွဲတွေ၊ တံတားတွေ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ ဒါတွေကို မိုင်းထောင်ဖျက်ဆီးတဲ့ လူတွေကိုမှ အကြမ်းဖက်သမားလို့ မခေါ်ရင် ဘယ်သူ့ကို ခေါ်မှာတုန်းဗျ။ ကျုပ်က VOICE မဟုတ်လေတော့ ကေအိုင်အေကို ကချင်လွတ်မြောက်ရေး တပ်မတော်လေးဘာလေးနဲ့ လုံးဝ (လုံးဝ) မခေါ်နိုင်ဘူး။ ကျုပ်အတွက်ကတော့ ကေအိုင်အေဆိုတာ မြန်မာပြည်ရဲ့ အယ်ကေဒါပဲ။ ကျုပ်အမှန်တကယ် ရင်ထဲကနေ အော်ချင်နေတဲ့ဟာရှိတယ်။ အော်ပါရစေ...
မိုင်းထောင်လူသတ်လုပ်နေတဲ့ ကေအိုင်အေရဲ့လုပ်ရပ် ချက်ချင်းရပ်

သဘောထားမတိုက်ဆိုင်တာများ ရှိခဲ့ရင်၊ ရိုင်းရိုင်းစိုင်းစိုင်း စကားလုံးတွေများ ပါသွားခဲ့ရင် ကျွန်တော်ကိုဉာဏ်က လွန်တာရှိ ၀န္ဒာမိပါနော်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၄ ရက်၊ တနင်္လာနေ့။
နံနက် ၁ နာရီ ၀၅ မိနစ်တွင်ပြီး၏။ 

Sunday, January 13, 2013

သုတသည်သာ အခြေခံ


သုဿုတာ သုတမ္ပန္နော၊
သုတာပညာ ပ၀ဍ္ဎတိ။
ပညာယ အတ္ထံ ဇာနာတိ၊
အတ္ထော ဉာတော သုခါဝဟော။

လိုလိုလားလား သင်ယူမှတ်သားခြင်းဖြင့် အကြားအမြင်နှင့် ပြည့်စုံ၏။
အကြားအမြင်ကြောင့် ပညာတိုးပွား၏။
ပညာဖြင့် အနက်အဓိပ္ပါယ်ကို သိနိုင်၏။
သိထားပြီးဖြစ်သော အနက်အဓိပ္ပါယ်သည် ချမ်းသာခြင်းကို ဆောင်ယူ၏။ 

Saturday, January 12, 2013

တူညီသောဆန္ဒ


နိုင်ငံတော်ဒူးမား (ပါလီမန်) ရွေးကောက်ပွဲ ကျင်းပသည့်နေ့။
အီဗန်နော့သည် သွားနေကျ နိဗ္ဗာန်တံခါး ဘီယာဘားရှေ့တွင် သူငယ်ချင်းဖြစ်သူ အင်ဒရေကို စောင့်သည်။
ကြာကြာမစောင့်ရ၊ ငါးမိနစ်အတွင်း အင်ဒရေ ရောက်လာသည်။ ရောက်လာသည်နှင့် နီကိုလိုင်က မေးသည်။
"ဟေ့ အင်ဒရေ၊ မင်း ဘယ်ပါတီကို မဲထည့်လိုက်သလဲကွ"
"ဘာဖြစ်လို့ သိချင်ရတာလဲ" စိုးရိမ်သံဖြင့် အင်ဒရေ ပြန်မေးသည်။
"ဟ.... တစ်ပါတီထဲကို မင်းရောငါပါ မဲထည့်ခဲ့တယ်ဆိုရင် တို့နှစ်ယောက် သူငယ်ချင်းအဖြစ်နဲ့ ဆက်ပြီး ပေါင်းနိုင်ကြတာပေါ့ကွ၊ အေး... မဲထည့်တာချင်း မတူဘူးဆိုရင်တော့ သူငယ်ချင်းဖြစ်ပေမယ့် သူသေကိုယ်သေ ထိုးကြိတ်ကြတဲ့ အဆင့်အထိတောင် ရောက်နိုင်တယ်ဆိုတာ မင်းကြားဖူးသားပဲ၊ ကိုင်း.. ပြော၊ ဘယ်ပါတီကို မဲပေးခဲ့သလဲ"
"မင်းကကော ဘယ်ပါတီကို မဲပေးခဲ့သလဲ"
"ဟေ့... မင်းကို ငါက အရင်မေးတာပါကွ"
"အဲဒါဘာဖြစ်လဲ၊ အရင်မေးတဲ့လူ အရင်ဖြေစတမ်း"
အနည်းငယ်စဉ်းစားပြီးနောက် နီကိုလိုင်ဖြေသည်။
"ငါတို့ဘက်က ရပ်တဲ့ပါတီကို မဲပေးလိုက်တယ်"
"ငါလည်း ငါတို့ဘက်က ရပ်တဲ့ပါတီကို မဲထည့်လိုက်တယ်။ ဒါနဲ့ မင်းတို့ဘက်က ရပ်တဲ့ပါတီဆိုတာဟာ ဘာပါတီလဲကွ"
"မင်းတို့ဘက်က ရပ်တဲ့ပါတီကရော... အခု မင်းဖြေရမယ့်အလှည့်"
"ဟဲဟဲ၊ မင်း အတော်ပါးတဲ့အကောင်။ ငါဖြေလိုက်ပါပြီတဲ့၊ ပါတီချင်း မတူဘူးဆိုပြီး မင်းငါ့ကို ထိုးမယ်ပေါ့လေ ဟုတ်လား၊ ဒီလိုတော့ မရဘူး၊ တကယ်တမ်းပြောရရင် လျှို့ဝှက်မဲပေးကြတာကွ၊ တို့နှစ်ယောက်စလုံး ထုတ်ပြောပိုင်ခွင့် မရှိဘူး"
နီကိုလိုင် စောဒကတက်သည်။
"အင်မတန်ချစ်ကြတဲ့ သူငယ်ချင်းတွေကြားမှာ လျှို့ဝှက်ချက်ဆိုတာ မရှိသင့်ပါဘူးကွ၊ မင်းမဲပေးလိုက်တဲ့ပါတီဟာ ငါထောက်ခံတဲ့ ပါတီ ဖြစ်ချင်ဖြစ်နေမှာပေါ့ကွ၊ ပြောကွာ"
အင်ဒရေ့ဆီက ဘာသံမှထွက်မလာ၊ ဒီမေးခွန်းကိုတော့ ဘယ်နည်းနဲ့မျှ မဖြေဟု ဆုံးဖြတ်ထားသည့်ပုံ။ သို့နှင့် နီကိုလိုင် တစ်မျိုးလှည့်ပြီး ပြောသည်။
"ဒီလိုလုပ်၊ ဗြောင်ပြောရမှာ ခက်နေရင် အရိပ်အမြွက်နဲ့ ပြောကွာ၊ ကိုင်း... မင်းရဲ့လူတွေဟာ အခြေအနေ တည်ငြိမ်ရေးကို လိုလားသလား၊ ဆန့်ကျင်သလား"
"အရမ်းလိုလားတယ်"
"ဟုတ်ပြီ။ ငါ့လူတွေလည်း ထောက်ခံတဲ့ဘက်ကပဲ၊ လာဘ်စားမှု တိုက်ဖျက်ရေးကိစ္စကျတော့ရောကွာ၊ မင်းရဲ့ ပါတီက ဒီထက်ပိုပြီး အရှိန်မြှင့်တိုက်ပွဲဝင်ရေးကို နှိုးဆော်သလား"
"ပြတ်ပြတ်သားသား တိုက်ဖို့ ပြောတယ်"
"ဟေ့ ငါ့လူတွေလည်း အမြစ်ပြတ်အောင် ဖြတ်ချင်သကွ"
"ရပ်တည်ချက်ချင်း အင်မတန်နီးစပ်တာပဲ၊ ဒါနဲ့ မင်းရဲ့ ပုဂ္ဂိုလ်တွေ အလုပ်လက်မဲ့ဦးရေ ကျဆင်းရေးအတွက် ဆန္ဒ ပြင်းပြကြသလား"
"ဟာ... သိပ်ကျဆင်းစေချင်တာပေါ့"
"ရာခိုင်နှုန်း ဘယ်လောက်အထိကျအောင် လုပ်မတဲ့လဲ"
"၂ ရာခိုင်နှုန်း"
"ငါ့ပါတီကတော့ ၁ ဒသမ ၉၅ ရာခိုင်နှုန်း၊ ဘာပဲဖြစ်ဖြစ် ထပ်တူနီးပါးပါပဲ၊ နေဦး၊ ဒုစရိုက်ဂိုဏ်းတွေ ချေမှုန်းရေးနဲ့ပတ်သက်ပြီး မင်းလူတွေ ဘာပြောလဲ"
"ရှိသမျှအင်အားကို အသုံးပြုပြီး တိုက်ပွဲဝင်ဖို့ ဆော်သြတယ်။ မင်းလူတွေကရော"
"မနိုင်မချင်း တိုက်မယ်ကွ၊ ဒါနဲ့ ၀န်ထမ်းတွေ အခုရင်ဆိုင်နေရတဲ့ လခ မှန်မှန်မရတဲ့ ပြဿနာကို ဖြေရှင်းဖို့ မင်းလူတွေ အချိန်ဘယ်လောက် ယူမတဲ့လဲ"
"သုံးလ"
"ငါ့ပါတီကလည်း သုံးလထက် ပိုမကြာစေရပါဘူးတဲ့ကွ"
"ဟေ့၊ အဲဒါဆို မင်းနဲ့ငါ တစ်ပါတီထဲကို အတူတူ မဲထည့်လိုက်တဲ့ သဘောပေါ့"
"ငါ... ဒီအတိုင်း ဖြစ်လိမ့်မယ်လို့ ထင်ထားတာပါ။ တို့ နှစ်ယောက်ဟာ သူငယ်ချင်းတွေ မဟုတ်လားကွ၊ ကိုင်း... အခုပြောတော့ မင်း မဲပေးလိုက်တဲ့ ပါတီရဲ့နာမည်"
"ငါ ပြောပြီးသားပဲ၊ မင်း အရင်ပြော"
အင်ဒရေ စိတ်တိုချင်သလို ဖြစ်လာသည်။
"တော်တော်ခက်ပါလား၊ ဒီရွေးကောက်ပွဲကိစ္စကို မင်း ဘာဖြစ်လို့ ရေးကြီးခွင်ကျယ် လုပ်နေရတာလဲ၊ ကောင်းပြီ၊ မင်းဒီလောက်တောင် သိချင်နေရင် ငါပြောမယ်။ ငါ ဘယ်ပါတီကိုမှ မဲမထည့်ခဲ့ဘူး"
"မလိမ်နဲ့"
"ဘုရားစူးရစေရဲ့၊ မဲရုံကို ငါမရောက်ခဲ့ဘူး၊ ကိုင်း၊ မင်း စိတ်ချလက်ချ ပြောလို့ရပြီ၊ မင်းကို ငါ လက်ဖျားနဲ့တောင် မတို့ဘူး။ မင်း ဘယ်ပါတီကို မဲပေးခဲ့သလဲ။ ရဲရဲပြောစမ်းပါ"
"အင်း၊ ငါလည်း မင်းလိုပါပဲ၊ ဘယ်ပါတီကိုမှ မဲမပေးခဲ့ပါဘူးကွာ"
အင်ဒရေ၏မျက်နှာ ၀င်းလက်သွားသည်။
"ဟေ့... မဲထည့်တာချင်း မတူမှာကို မင်း စိုးရိမ်ခဲ့တယ်။ အခု တွေ့တယ်မဟုတ်လား၊ မင်းရောငါပါ တစ်ထပ်တည်း ဆန္ဒပြုခဲ့ကြတယ်။ အဲလေ.. ဘယ်သူမှ ဆန္ဒမပြုခဲ့ကြဘူး"
နီကိုလိုင်လည်း ၀မ်းသာသံဖြင့် ပြန်ပြောသည်။
"ဒီလိုပဲ ဖြစ်ရမှာပေါ့။ မင်းနဲ့ငါဟာ အချစ်ဆုံး သူငယ်ချင်းတွေမဟုတ်လား။ ကြည်နူးစရာကောင်းတဲ့ အခုလို သဘောထားချင်း တိုက်ဆိုင်မှုရဲ့ အထိမ်းအမှတ်အဖြစ်နဲ့ ပွဲကလေးတစ်ပွဲ ကျင်းပရအောင်၊ ကိုင်း... လာ၊ ဘားထဲဝင်ကြမယ်"

[မောင်ကောင်းထိုက် (နှီးပဒေါ) ၏ အပြုံးလက်ဆောင် စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်]

အရသာမရှိခြင်း လေးမျိုး


ထုံးမပါသော ကွမ်းယာသည် အရသာမရှိ။
ဥစ္စာမရှိဘဲ ၀တ်စားတန်ဆာဆင်ယင်ခြင်းသည် မရသာမရှိ။
ဆားမပါသော ဟင်းလျာသည် အရသာမရှိ။
ပျို့ကဗျာ ဖွဲ့ထုံးဖွဲ့နည်းကို မသိသေးဘဲ ပျို့ကဗျာ ဖွဲ့ဆိုခြင်းသည် အရသာမရှိ။

Friday, January 11, 2013

ကျွန်တော်ကြိုက်သော ပုံပြင်များ (၂၁)


တစ်ခါတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက် ရှိသတဲ့ဗျာ။
တစ်နေ့ကျတော့ သူ့အဖေက သူ့ကို အိမ်ရိုက်သံတစ်ထုပ်ပေးပြီး ပြောပါတယ်။ "မင်း တစ်ခါ စိတ်ဆိုးဒေါသထွက်တိုင်း သံတစ်ချောင်းတစ်ချောင်း နောက်ဖေးက ၀င်းထရံတိုင်မှာ သွားရိုက်ပါ" တဲ့။ ကောင်လေးကလည်း အဲဒီလိုပေးတဲ့နေ့ တစ်ရက်တည်းမှာတင် ၀င်းထရံတိုင်မှာ သံအချောင်း ၄၀ လောက် ရိုက်ပစ်လိုက်ပါသတဲ့။ အဲဒီလောက်အထိ ဒေါသကြီးတဲ့လူငယ်ပေါ့ဗျာ။ သူ့ခမျာ နေ့စဉ်ရက်ဆက် ဒေါသထွက်တိုင်း ၀င်းထရံတိုင်မှာ သံတွေ သွားသွားပြီးရိုက်ရတာ အတော်ကြီးကို များလာပါသတဲ့။ ဒါပေမယ့် အံ့သြစရာကောင်းတာက နေ့စဉ် စိတ်တိုတိုင်း သံတွေသွားရိုက်ရင်းနဲ့ ကောင်လေးဟာ သူ့စိတ်ကိုသူ ထိန်းနိုင်လာတာပါပဲ။ သံရိုက်တဲ့ အကြိမ်အရေအတွက်ကလည်း တစ်နေ့ထက်တစ်နေ့ နည်းနည်းလာပါသတဲ့။ တဖြည်းဖြည်းနဲ့ ကောင်လေးက စိတ်တိုတိုင်း ၀င်းထရံမှာ သံတွေပြေးရိုက်တာထက်စာရင် စိတ်မတိုအောင်၊ ဒေါသမဖြစ်အောင် နေရတာက ပိုလွယ်တယ်ဆိုတာ သိလာပါသတဲ့။ နောက်ဆုံးတော့ ဘယ်လောက်အထိ ဖြစ်သွားသလဲဆိုရင် ကောင်လေးအတွက် သံမရိုက်ရတဲ့ နေ့တွေ ရှိလာပါသတဲ့။ သဘောကတော့ ဒေါသမဖြစ်တဲ့၊ စိတ်မတိုတဲ့နေ့တွေ ပိုင်ဆိုင်လာတာပေါ့လေ။

အဲဒါကြောင့် ကောင်လေးဟာ ၀မ်းသာအားရပဲ သူ့အဖေကို ဖွင့်ပြောပါသတဲ့။ "အဖေ... အခုဆိုရင် သားဟာ ကိုယ့်စိတ်ကိုယ် ထိန်းနိုင်နေပြီဗျ" တဲ့။ အဲဒီတော့ အဖေလုပ်သူက ပြန်ပြောပါတယ်။ "ဒီအတိုင်း မရသေးဘူးကွ၊ ဒီလိုလုပ်၊ မင်းဒေါသမဖြစ်တဲ့နေ့တိုင်း၊ စိတ်မတိုတဲ့နေ့တိုင်း မင်းရိုက်ခဲ့တဲ့ သံတွေထဲက တစ်ရက်ကို တစ်ချောင်းပြန်နုတ်ကွာ" တဲ့။ ကောင်လေးခမျာလည်း နားမလည်နိုင်ရှာဘူးပေါ့။ ဒါပေမယ့် သူ့အဖေစကားကို ယုံကြည်တဲ့အတွက် ဘာမျှတော့ ပြန်မပြောရှာပါဘူး။ ဟုတ်ကဲ့ပေါ့။

ကောင်လေးဟာ ညအိပ်ရာဝင်ခါနီးတိုင်း ဒီနေ့ ငါစိတ်တိုခဲ့သလား၊ ဒေါသထွက်ခဲ့သလား ဆိုတာကို ပြန်စဉ်းစားပြီး ဘာမျှမဖြစ်ခဲ့ဘူးဆိုရင် ၀င်းထရံတိုင်မှာ သူအရင်ရိုက်ခဲ့တဲ့ သံချောင်းတွေထဲက တစ်ချောင်းတစ်ချောင်းစီကို ပြန်ပြန်နုတ်ခဲ့ပါသတဲ့။ ဒီလိုနဲ့ ရက်အတော်ကြာတဲ့အခါကျတော့ ၀င်းထရံတိုင်မှာ သူရိုက်ခဲ့သမျှ သံတွေအားလုံး မရှိတော့ပါဘူး။ ကောင်လေးခမျာလည်း ၀မ်းသာအားရနဲ့ သူ့အဖေဆီကို ပြန်ပြောရတော့တာပေါ့။ "အဖေ၊ ၀င်းထရံတိုင်မှာ ဘာသံမျှ မကျန်တော့ဘူး၊ ကျွန်တော် ကိုယ့်စိတ်ကိုကိုယ် ထိန်းနိုင်သွားပါပြီ" တဲ့။

အဖေလုပ်တဲ့လူက သားဖြစ်သူကို အဲဒီဝင်းထရံတိုင်နားကို ခေါ်သွားတယ်။ ပြီးတော့ ၀င်းထရံတိုင်ကို လက်ညှိုးထိုးပြီး သားဖြစ်သူကို တစ်လုံးချင်းပြောလိုက်တယ်။ "ဒီမှာကြည့် ငါ့သား၊ သားရိုက်ခဲ့တဲ့ သံတွေ တစ်ချောင်းမျှ မရှိတော့ဘူးဆိုတာ မှန်တယ်၊ ဒါပေမယ့် ၀င်းထရံမှာ အပေါက်တွေဖြစ်ပြီး ကျန်ခဲ့တယ်ဆိုတာ သားတွေ့လား။ ၀င်းထရံတိုင်ဟာ ဟိုးအရင်နဂိုကလို ချောချောမွေ့မွေ့ မဟုတ်တော့ဘူးကွာ။ သားရိုက်ခဲ့၊ နုတ်ခဲ့တဲ့ သံချက်တွေကြောင့် အပေါက်ရာတွေ ဗရပွနဲ့ ကျန်ရစ်ခဲ့ရပြီ။"

အဲဒီလို ပြောလိုက်တဲ့အခါ သားဖြစ်သူခမျာ ကြက်သေသေပြီး ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားပါသတဲ့။ သူ့အတွေးတစ်ချက်လည်း လင်းသွားပြီး စိတ်မကောင်းတွေလည်း ဖြစ်သွားပါသတဲ့။ အဲဒီအချိန်မှာပဲ သူ့အဖေက သူ့ကို စကားတစ်ခွန်း ထပ်ပြောပါတယ်။

"ငါ့သား... စိတ်တိုဒေါသထွက်တဲ့အချိန်တုန်းက စိတ်အလိုလိုက်ပြီး အခြားလူတွေအပေါ်မှာ မောက်မောက်မာမာ၊ ရင့်ရင့်သီးသီး၊ ရိုင်းရိုင်းစိုင်းစိုင်း၊ ဒေါသတကြီးနဲ့ ပြောဆိုခဲ့တာတွေ ရှိမှာပါပဲ။ အေး.. သဘောကတော့ သားရဲ့ ဒေါသစကားလုံး သံချက်တွေကို သူတစ်ပါးရဲ့ စိတ်နှလုံးဝင်းထရံမှာ သွားရိုက်တာပါပဲ။ အခြေအနေ အချိန်အခါတွေအရ သားနဲ့ အခြားလူတွေအကြားမှာ ဘယ်လိုပဲ နားလည်မှုတွေ ပြန်ရှိခဲ့သည်ဖြစ်စေ သူတို့ရင်ထဲက ၀င်းထရံပေါ်မှာတော့ မူလအတိုင်း ဘယ်လော့မှ ပြန်မဖြစ်တဲ့ အပေါက်တွေ ဗရပွနဲ့ ကျန်ရစ်ခဲ့မှာ အသေအချာပါပဲ။ အဲဒါကြောင့် သားအနေနဲ့ နောက်ဆိုရင် ဒေါသသံချောင်းတွေ မရိုက်မိအောင် ကြိုးစားဆင်ခြင်ပါ"

- * - * - *  - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * -
စာကြွင်း
ကျွန်တော်တို့တစ်တွေလည်း သူများတွေအပေါ်မှာ သံချောင်းတွေ ဘယ်လောက်တောင် ရိုက်ပြီးခဲ့ပြီလဲ မသိပါဘူး။ ချစ်ခင်မြတ်နိုး တန်ဖိုးထားရသူတွေအပေါ်မှာ သံချောင်းတွေ မရိုက်မိအောင် ကြိုးစားနေထိုင်သွားကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ခင်ဗျားတို့အပေါ်မှာ သံချောင်းတွေ ရိုက်မိခဲ့ရင် ပြန်နုတ်လိုက်ပါတယ်ဗျာ။ မူလအတိုင်း ပြန်မဖြစ်တော့တာကိုတော့ ၀မ်းနည်းမနေတော့ပါဘူး။ နောက်ထပ်သံချောင်းတွေ ထပ်မရိုက်ဖြစ်ဖို့ပဲ ကြိုးစားပါရစေတော့။ :D
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်၊ သောကြာနေ့။
နေ့လည် ၁၂ နာရီ ၂၈ မိနစ်။ 

Thursday, January 10, 2013

ပင်ကိုယ် အရည်အသွေး


ကဏ္ဍကံ ဂီရိ ကော တိက္ခတိ၊
ကော အဉ္ဇနံ မိဂက္ခိယံ။
ဥပ္ပလဿ ပလလေ ကော သုဂန္ဓံ၊
ကုလ ပုတ္တ ရူပေါ ကေ ပ၀တ္တတိ သမတိဘာဝေါ။

တောင်ချောက်ကြားထဲက ဆူးကို ဘယ်သူ ချွန်ပေးသနည်း။
သမင်းတို့၏ မျက်လုံး၌ ဘယ်သူ မျက်စဉ်းခပ်ပေးသနည်း။
ရွှံ့နွံထဲမှာ ပေါက်ပွားလာသော ကြာပွင့်ကို ဘယ်သူက အနံ့ကောင်းကောင်း ပေးပါသနည်း။
အမျိုးကောင်းသားတို့၏ စိတ်သဘောထားကို ဘယ်သူက ပြုပေးပါသနည်း။ သူ့အလိုလိုသာ ဖြစ်လာပေ၏။

Wednesday, January 09, 2013

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
(အမှတ်၊ ၆/၂၀၁၃)
၁၃၇၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်
(၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၈ ရက်)

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ (က)ပါ ပြဋ္ဌာန်းချက်အရ "နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ" အဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ် အား တာဝန်ပေးအပ်လိုက်သည်။

အမိန့်အရ
ဇော်သန်းသင်း
အတွင်းရေးမှူး
ပြည်ထောင်စုအစိုးရအဖွဲ့ 

လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၉ /၂၀၁၃
၁၃၇၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်
(၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၈ ရက်)
လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီဖွဲ့စည်းခြင်း

ပြည်ထောင်စုအစိုးရအဖွဲ့သစ် တာဝန်ယူပြီးနောက် ကောင်းမွန်သောအုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်ရေးအတွက် အစိုးရအဖွဲ့အစည်းများအတွင်း အဂတိတရားများ ကင်းရှင်းရေးနှင့် လာဘ်ပေးလာဘ်ယူမှုများ ပပျောက်စေရေးတို့အတွက် "လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီ" ကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်ပါသည် -
(၁) ဒေါက်တာ စိုင်းမောက်ခမ်း                                            ဥက္ကဋ္ဌ
     ဒုတိယသမ္မတ
(၂) ဒုတိယဗိုလ်ချုပ်ကြီး ကိုကို                                            အဖွဲ့ဝင်
      ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန
(၃) ဦးသိန်းညွန့်                                                              အဖွဲ့ဝင်
     ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန (၁)
(၄) ဦးစိုးမောင်                                                               အဖွဲ့ဝင်
     ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန (၂)
(၅) ဦးစိုးသိန်း                                                                 အဖွဲ့ဝင်
     ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန (၃)
(၆) ဦးတင်နိုင်သိန်း                                                          အဖွဲ့ဝင်
     ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန (၅)
(၇) ဒေါက်တာ ထွန်းရှင်                                                     အဖွဲ့ဝင်
      ပြည်ထောင်စုရှေ့နေချုပ်
(၈) ဦးသန်းကျော်                                                             အဖွဲ့ဝင်
     နိုင်ငံတော်သမ္မတ၏ ဥပဒေအကြံပေးအဖွဲ့
(၉) ဦးလှထွန်း                                                                 အတွင်းရေးမှူး
     ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတရုံး
(ပုံ)
သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 

Tuesday, January 08, 2013

လူကမွေးသည့် ဗျိုင်း


မာတာ သတြု ပိတာ ဝေရီ၊
ယေန ဗာလော န သိက္ခိတော။
သဘာမဇ္စျေ န သောဘတိ၊
ဟံသမဇ္စျေ ဗကော ယထာ။

သားကို ငယ်စဉ်က ပညာသင်မပေးသော အမိသည် သား၏ ရန်သူမည်၏။
သားကို ငယ်စဉ်က ပညာသင်မပေးသော အဘသည် သား၏ ရန်သူမည်၏။
ထိုသို့ ပညာမတတ်ဘဲ လူလားမြောက်လာသော သူတို့သည် ဟင်္သာငှက်တို့ အလယ်မှာ ရောက်နေသော ဗျိုင်းကဲ့သို့ ပညာရှိတို့ စုဝေးပြောဆိုရာ သဘင်၌ မတင့်တယ်နိုင်ကြကုန်။

Sunday, January 06, 2013

တစ်ပတ်စာပြောစရာ သောင်းပြောင်းထွေလာ


(က)
ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာ ဖြစ်ရုံတင်မဟုတ်ဘူး၊ ရပ်ကွက်ကြီးတစ်ခုပါ ဖြစ်နေပါပြီ။ ကမ္ဘာပြားဖြစ်စဉ်ရဲ့ ရိုက်ချက်တွေက ပြောရင်တောင် ကုန်နိုင်မယ်မထင်ဘူး။ ခေတ်ဟောင်းသမား (အန်းဒိတ်) တစ်ပိုင်းဖြစ်နေပြီဖြစ်တဲ့ ကျွန်တော့်အတွက်ကတော့ ကမ္ဘာပြားဖြစ်စဉ်ရဲ့ ရိုက်ချက်အချို့ကို မကျေမနပ်ဖြစ်မိတာ အမှန်ပဲခင်ဗျ။ အဆိုးဆုံးကတော့ ယဉ်ကျေးမှုတွေ ထိုးမိ၊ ထိမိ၊ တိုက်မိတာပါပဲ။ အဲဒီလိုတွေ ဖြစ်တယ်ဆိုတော့ ထုံးစံအတိုင်း ပြိုလဲတာတွေ၊ နေရာရွေ့ကုန်တာတွေ၊ ဘေးကိုယိုင်ကုန်တာတွေ ရှိတာပေါ့ဗျာ။ ဥပမာပြောရမယ်ဆိုရင် နယူးရီးယားကြိုဆိုပွဲတွေ၊ ချစ်သူများနေ့တွေ စတဲ့စတဲ့ ယဉ်ကျေးမှုတွေကို ကျွန်တော့်မျက်စိထဲ သိပ်ပြီးတော့ ဘ၀င်မတွေ့လှဘူးဗျ။ နယူးရီးယားကိုကြိုချင်တာထက် အပျော်အပါးကို မက်မောကြတာလို့ ဖြေတွေးတွေးလို့ ရပေမယ့် ဒီနေ့ခေတ် လမ်းမှာတွေ့တဲ့ လူငယ် ၁၀ ယောက်ကိုမေးလို့ တစ်ယောက်တောင်မျှ ပြန်မဖြေနိုင်တဲ့ မေးခွန်းအတွက်တော့ ရင်လေးမိသားဗျ။ တခြားမဟုတ်ပါဘူးဗျာ "ဒီနေ့ဟာ မြန်မာသက္ကရာဇ် ခုနှစ်၊ လ၊ ရက် နဲ့ပြောမယ်ဆိုရင် ဘယ်နှရက်နေ့လဲ" ဆိုတဲ့ မေးခွန်းပါ။ ခရစ်သက္ကရာဇ်ဟာ ကမ္ဘာသုံးဖြစ်ရုံနဲ့ မြန်မာသက္ကရာဇ်ကို မေ့ပစ်ကြတော့မလားဆိုတာ စဉ်းစားကြစေချင်ပါတယ်။ ချစ်သူများနေ့ကို တစောင့်စောင့်၊ တသသ ဖြစ်နေကြပေမယ့် မြန်မာတွေရဲ့ "အမေများနေ့" ဟာ ဘယ်နေ့လဲဆိုတာ လူငယ်တွေ သိကြပါလေစ။ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုတွေအလယ်မှာ စီးမြောခြင်းကို ကျွန်တော်ကိုဉာဏ် အပြစ်မမြင်ပါ။ မပြစ်မတင်ပါ။ သို့သော် ကမ္ဘာ့ရေစီးကြောင်းထဲတွင် မျောပါလာသည်များထဲမှ ကောင်းတာများကိုလည်း ယူစေချင်ပါသည်၊ ဆယ်စေချင်ပါသည်။ အခြားနိုင်ငံကလူတွေ ဘယ်လို အလုပ်လုပ်ကြသလဲ၊ အချိန်ကို ဘယ်လိုစီမံခန့်ခွဲကြသလဲ၊ တိုးတက်ရာ တိုးတက်ကြောင်းအတွက် ဘယ်လိုကြိုးစားကြသလဲ၊ တီထွင်ဖန်တီးမှုတွေ ဘယ်လိုလုပ်ကြသလဲ စတာစတာတွေကိုလည်း အတုယူကြစေချင်ပါတယ်။ ရုပ်သံတွေကနေ တိုက်ရိုက်ကြည့်ရှုခွင့် ရခဲ့တဲ့ နှစ်သစ်ကြိုဆိုပွဲကြီးကဖြင့် ခမ်းနားလိုက်ပါဘိ၊ စည်းကားလိုက်ပါဘိ၊ အစီအစဉ်ကျနလိုက်ပါဘိ၊ ပျော်စရာကောင်းလိုက်ပါဘိ၊ ခေတ်မီလိုက်ပါဘိ။ သို့သော် ကျွန်တော်တို့လူတွေရဲ့ ရင်ထဲမှာ၊ ဦးနှောက်ထဲမှာရော ကမ္ဘာလုံးဆန်ပြီလား၊ ခေတ်မီပြီလား။ တွေးကြစေချင်ပါတယ်။

(ခ)
သမ္မတတစ်ယောက်က သူ့ပြည်သူတွေအတွက် နှစ်သစ်ကူးမိန့်ခွန်းပြောတာကို ကျွန်တော့်တစ်သက်မှာ ပထမဆုံးအကြိမ် နားထောင်ခွင့်ရခဲ့တယ်။ ဘာတွေပြောခဲ့တယ် ဆိုတာထက် အဲဒီလို ပြောခဲ့တဲ့ အစီအစဉ်ကို ပိုပြီးတော့ နှစ်သက်မိတယ်။ ကိုယ့်နိုင်ငံရဲ့ သမ္မတတစ်ယောက်က ကိုယ့်ပြည်သူတွေကို နှစ်သစ်ကူးမှာ ဆုမွန်ကောင်းတောင်းပေးတာ၊ ဆက်လုပ်မယ့် အလုပ်တွေအတွက် ကတိပေးပြောကြားတာတွေဟာ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ဖို့ လိုအပ်တဲ့အချက်တွေလို့ ကျွန်တော်ယုံကြည်ပါတယ်။ ဘာပဲဖြစ်ဖြစ် သမိုင်းဝင် နှစ်သစ်ကူးဆုတောင်းစကားကို နားထောင်ခွင့် ရခဲ့တဲ့အတွက် ဒီမိုကရေစီရဲ့ အသီးအပွင့်တစ်ခုအဖြစ် ခံစားနားလည်မိပါတယ်။ သမ္မတကြီး ကျန်းမာပါစေ၊ တိုင်းပြည်နဲ့လူမျိုးအကျိုးကို ယခုထက် ဆောင်ရွက်နိုင်ပါစေ။

(ဂ)
ကေအိုင်အေစခန်းတစ်ခုကို မြန်မာ့တပ်မတော်က သိမ်းပိုက်နိုင်ခဲ့တဲ့ သတင်းကိုလည်း စိတ်ဝင်စားဖွယ် ဖတ်ခဲ့ရပါတယ်။ ကျွန်တော်မကြာခဏ ပြောခဲ့သလိုပါပဲ... လက်ခံချင်သည်ဖြစ်စေ၊ လက်မခံချင်သည်ဖြစ်စေ ကေအိုင်အေသည် လက်ရှိအချိန်မှာ လက်နက်ကိုင်ပြီး ပုန်ကန်နေတဲ့ သူပုန်သာ ဖြစ်ပါတယ်။ ပြည်နယ်ကိစ္စတွေ၊ လူမျိုးကိစ္စတွေ ကျွန်တော်မပြောလိုပါ။ တစ်ခုပဲမေးချင်ပါသည်။ အခုအချိန်မှာ မြန်မာပြည်ကို တရုတ်၊ သို့မဟုတ် ထိုင်းကများ စစ်ကြေညာခဲ့ရင် နိုင်ငံနဲ့လူမျိုးကို (တစ်ပြည်လုံး အတိုင်းအတာနဲ့) ကာကွယ်ပေးမှာ ဘယ်သူလဲ၊ စစ်တိုက်ပေးမှာဘယ်သူလဲ။ ဒါဆိုရင် အဖြေက ရှင်းပါတယ်။ နိုင်ငံအသီးသီးမှာ ဖွဲ့စည်းထားတဲ့ စစ်တပ်မှန်သမျှဟာ နိုင်ငံတော်ကို ကာကွယ်ဖို့၊ လုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှုနဲ့ အချုပ်အခြာအာဏာကို ထိပါးလာမယ်လို့ ယူဆရင်၊ ထိပါးလာတယ်ဆိုရင် ဟန့်တားကာကွယ်ဖို့ ဖြစ်ပါတယ်။ ကေအိုင်အေဟာ နိုင်ငံ့အချုပ်အခြာကို ထိပါးခြင်းမရှိဘူး၊ တည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက် မဖြစ်စေဘူးလို့ ယူဆသူတွေနဲ့ ကျွန်တော်ဖက်ပြိုင် စကားနိုင်လုရန် အချိန်မပေးနိုင်ပါ။ မြန်မာ့တပ်မတော်သည် လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ခဲ့သည်ဟု ကျွန်တော်ယုံကြည်ပါသည်၊ လုပ်ခဲ့သည့်အတွက်လည်း ကျွန်တော်ဂုဏ်ယူပါသည်။ အင်တာနက်ပေါ်တွင် ကြည့်ရှုရသော မှတ်တမ်းဓာတ်ပုံများအရ ကေအိုင်အေတို့ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအတွက်မူ စိုးရိမ်ပူပန်မှု ဖြစ်ရပါသည်။ စာဖတ်သူများလည်း ဉာဏ်ရှေ့ပန်း၍ စဉ်းစားကြစေလိုပါသည်။ မြန်မာနိုင်ငံ၏ မည်သည့်အစိတ်အပိုင်းကိုမျှ ကြားခံနယ်မြေ Buffer Zone အဖြစ် သဘောထားသည်ကို ကျွန်တော်မလိုလားပါ။ မြန်မာနိုင်ငံသည် လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုဖြစ်ပါသည်။ နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန်ရှိသည်မှာ တပ်မတော်ဖြစ်ပါသည်။ ကေအိုင်အေမဟုတ်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားခြင်းမရှိသည့် ကေအိုင်အေကို အားပေးအားမြှောက် ပြုနေသူမှန်သမျှသည် ဥပဒေကို ချိုးဖောက်သူများသာ ဖြစ်ပါသည်၊ ပြတ်ပြတ်သားသား ပြောရလျှင် သူပုန်အားပေးများသာ ဖြစ်ကြပါသည်။ မြန်မာနိုင်ငံတွင် တပ်မတော် ၂ ခု မရှိပါခင်ဗျား။

(ဃ)
လွတ်လပ်ရေးနေ့အခမ်းအနားကို မြန်မာတစ်နိုင်ငံလုံး မြို့ရွာအနှံ့ ကျင်းပကြသည့် သတင်းများကို ဖတ်ရ၊ မြင်ရသည့်အတွက် ၀မ်းသာကြည်နူးမိပါသည်။ ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲနေကြသည့် ကလေးသူငယ်များကိုကြည့်ရင်း ငယ်ဘ၀ကို ပြန်သတိရမိသလို ယခုကဲ့သို့ လွတ်လွတ်လပ်လပ် နေနိုင်အောင် ကြံဆောင်ကြိုးပမ်းခဲ့ကြသည့် ရှေးဘိုးဘွားဘီဘင် မြန်မာတိုင်းရင်းသားများ အားလုံးကိုလည်း ဦးညွတ်မိပါသည်။ မြန်မာ့လွတ်လပ်ရေး အဓွန့်ရှည်ပါစေ။

(င)
အကယ်ဒမီဆုပေးပွဲဂယက်က လှိုင်းမငြိမ်သေးတာ တွေ့ရပါသည်။ တစ်ယောက်တစ်မျိုး ဝေဖန်ကြတာတွေက အကြောင်းမဟုတ်၊ တာဝန်ရှိသူတွေကပါ တစ်ယောက်တစ်မျိုး ဟိုပြောဒီပြောတွေ ပြောကုန်ကြတာက အကြောင်းဖြစ်ကုန်သည်။ လျှပ်တစ်ပြက်က အကယ်ဒမီဆုပေးပွဲ မှတ်တမ်းဓာတ်ပုံတွေကို ကြည့်မိပြန်တော့ သို့လောသို့လောတွေ ဖြစ်ရပြန်သည်။ ဓာတ်ပုံတွေက အကြောင်းမဟုတ်၊ ပုံတွေအောက်မှာ၊ ဘေးမှာ ရေးပေးထားတဲ့ မထိတထိ စာသားလေးတွေက အကြောင်းဖြစ်ရခြင်းပင်။ ဒါလည်း မြတ်ခိုင်ရဲ့ ဖွချက်တွေဖြစ်မည်။ သူ့ဟာသူ ဂျာနယ်ကို စိတ်ဝင်စားအောင် ဖွတာက အကြောင်းမဟုတ်၊ မခံမရပ်နိုင်သူတွေက ဟိုဂျာနယ် ဒီဂျာနယ်နယ်တွေကတစ်ဆင့် ဟိုပြောဒီပြောတွေ ပြောကြဦးမည်ဆိုလျှင်ဖြင့် အင်း... ပွဲကတော့လှပြီ။

(စ)
တစ်ရက်က သူငယ်ချင်းတွေနဲ့ စားသောက်ဆိုင်သို့ သွားခဲ့သည်။ သူငယ်ချင်းတစ်ယောက်က ဒကာခံကာ ကျွေးမွေးခြင်းဖြစ်ပါသည်။ ကိုဉာဏ်ကို အသားလွတ် အထင်ကြီးနေမှာစိုး၍ ဖြစ်ပါသည်။ ကျွန်တော့်လခနှင့် စားသောက်ဆိုင်ဆိုတာက ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်သည်။ ဆက်ရလျှင် စားသောက်ပြီး၍ ပိုက်ဆံရှင်းသောအခါ Bill တွင် ကျွန်တော်တို့ စားသောက်ခဲ့သည့် ကျသင့်ငွေစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းကို အခွန်အဖြစ် ကောက်ခံထားကြောင်း တွေ့ရသည်။ အခြားဆိုင်များတွင်လည်း သူငယ်ချင်းများကောင်းမှုကြောင့် စားသောက်ခဲ့ဖူးပါသည်။ သို့သော် ယခုကဲ့သို့ အခွန်ထည့်ကောက်တာ မတွေ့ခဲ့ဖူးပါ။ ယင်းအခွန်နှင့်ပတ်သက်၍ ကျွန်တော်လေ့လာပါဦးမည်။ ကိုယ်ရှင်းရတာ မဟုတ်သော်လည်း နိုင်ငံတစ်ခုတည်း၊ လမ်းတစ်လမ်းတည်း၊ ဘေးချင်းကပ်လျက် ဖွင့်လှစ်ထားသည့် ဆိုင်တန်းတွေအများကြီးထဲမှာမှ ဒီတစ်ဆိုင်တည်းက ထူးထွေဆန်းပြားစွာ အခွန်ကောက်တာကိုတော့ ကျွန်တော် စိတ်ဝင်စားပါသည်။ စားသုံးသူတွေဆီက အခွန်ကောက်ခွင့် ဆိုင်မှာရှိသလား၊ အခုကောက်ထားတဲ့ (ပိုက်ဆံထည့်တောင်းထားတဲ့) အခွန်တွေကိုရော နိုင်ငံတော်ကို သွင်းပါတယ်လို့ ကျွန်တော်တို့က ဘယ်လိုယုံကြည်ရမလဲ၊ နိုင်ငံတော်ကရော ကျွန်တော်တို့ ပေးလိုက်ရသည့် ပိုက်ဆံများကို အခွန်အဖြစ် ရရှိပါသလား၊ တကယ့်လို့သာ သူတို့လုပ်ရပ်သည် မှန်ကန်သည်ဆိုလျှင် အခြားဆိုင်တွေကရော ဘာဖြစ်လို့ အဲဒီလို အခွန်ကောက်ပြီး မဆောင်ကြသလဲ၊ ဒါမှမဟုတ် စားသုံးသူတွေကို ကျွန်တော်တို့လို မဖြစ်အောင် အခြားစားသောက်ကုန်များထဲတွင် မသိမသာ ဈေးနှုန်းတင်ထားပြီးသားလား၊ ကျွန်တော်အမေရိကန်သို့ မရောက်ဖူးပါ၊ သို့သော် ကျွန်တော်ရောက်ဖူးသည့် နိုင်ငံတွင်တော့ ထိုကဲ့သို့ အခွန်မပေးရပါ။

(ဆ)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ KNU ဥက္ကဋ္ဌတို့ တွေ့တဲ့သတင်းကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ပါတယ်။ ပြောချင်တာတွေ အများကြီးရှိပေမယ့် ဘုန်းကြီးစာချ ဖြစ်နေမှာစိုးတဲ့အတွက် ရှည်ရှည်ဝေးဝေး မပြောလိုပါ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ KNU ဥက္ကဋ္ဌကို ဖက်လှဲတကင်း ၀မ်းမြောက်ဝမ်းသာ ကြိုဆိုနှုတ်ဆက်တာကို တွေ့မြင်ရတဲ့ မြင်ကွင်းဟာ ကျွန်တော့်ရင်ကို ဆူပွက်စေပါတယ်။ အတွေးတွေ များစေပါတယ်။ ခေါင်းမာသူတွေ၊ အသည်းနှလုံးမရှိသူတွေ၊ အကြောင်းအကျိုး နားမလည်သူတွေအဖြစ် အမြဲတစေ ကင်ပွန်းတပ်ခံရတဲ့ မြန်မာ့တပ်မတော် ခေါင်းဆောင်တွေဟာ ဘယ်လိုလူစားတွေလဲဆိုတာ အပြုံးတစ်ခုတည်းက ဖြေရှင်းပြီးသား ဖြစ်စေပါတယ်။ မြန်မာ့တပ်မတော်နဲ့ KNU နှစ်ဖက်စလုံးကို ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ ငြိမ်းချမ်းရေးအတွက် အမှန်တကယ် လက်တွဲဆောင်ရွက်နိုင်ကြပါစေ။

(ဇ)
စောစောကပဲ ဆီးရီးယားသမ္မတအာဆတ် တိုင်းပြည်ကို မိန့်ခွန်းပြောတာကို တိုက်ရိုက်ကြည့်ခွင့် ရခဲ့ပါတယ်။ CNN က တိုက်ရိုက်လွှင့်တာကို ကြည့်ခဲ့တာပါ။ နောက်ခံဆီးရီးယားအလံကို ပုံဖော်ထားတာကို စိတ်ဝင်စားမိတယ်။ ဓာတ်ပုံတွေနဲ့ ပုံဖော်ထားတယ်လို့ အကြမ်းဖျင်း နားလည်ပါတယ်။ ဒါပေမယ့် ဘယ်သူတွေရဲ့ ဓာတ်ပုံတွေလည်း ဆိုတာကို အခုလတ်တလော မသိသေးပါဘူး။ ဖြစ်နိုင်တာကတော့ ပြည်တွင်းစစ်မှာ သေဆုံးသွားခဲ့သူတွေ ဖြစ်မယ်ထင်တာပါပဲ။ နောက်တစ်ခု သတိထားမိတာက သမ္မတအာဆတ် မိန့်ခွန်းပြောနေစဉ်မှာကိုပဲ နားထောင်နေတဲ့လူတွေက လက်ခုပ်တွေ ပြိုင်တူတီးလိုက်၊ ကြွေးကြော်သံတွေ ပြိုင်တူအော်လိုက် လုပ်နေတာကတော့ အထူးအဆန်း ဖြစ်မိတယ်။ အပေါ်ကနေ တစ်ခုခုပြောလိုက်၊ အောက်ကလူတွေက လက်ခုပ်ပြိုင်တူတီးလိုက် ဆိုတာကတော့ ဒီမိုကရေစီ မဆန်ဘူးလားလို့ မှတ်တာပဲ။ တကယ်သဘောကျလို့ တီးချင်သပ၊ အားပေးချင်သပဆိုရင် တီးချင်သလို တီးကြပေါ့ဗျာ။ အခုဟာက လက်ခုပ်တီးတာတောင် စနစ်တကျ ညီညွတ်တာကတော့ ဘယ်နှယ့်ကြီးလဲ မသိပါဘူးဗျာ။

စာကြွင်း။ ပြီးခဲ့တဲ့အပတ်ထဲ အလုပ်တွေယာယီများခဲ့သမို့ ပို့စ်တွေတင်တာ ကျဲခဲ့သဗျ။ ပြောချင်တာတွေက မှတ်ထားမိပေမယ့် အခုလို သွေးအေးတဲ့အချိန် ပြန်စဉ်းစားမိတော့ တွေးမိတဲ့အချိန်ကလောက် ရေးချင်စိတ်က မပြင်းထန်တော့ဘူး။ ပြီးစလွယ် ပို့စ်ဖြစ်ရင်ပြီးရော မတင်ချင်တာမို့ မအားတဲ့အခါ ပို့စ်တွေ မတင်ဖြစ်ခဲ့ရင် နားလည်ပေးကြဖို့ တောင်းပန်လိုက်ပါတယ်နော်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၆ ရက်၊ တနင်္ဂနွေနေ့။
ည ၈ နာရီ ၄၁ မိနစ်တွင်ပြီး၏။

မှတ်မှတ်သားသား စာစကား


Friday, January 04, 2013

(၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့



ယနေ့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် ကျရောက်သော (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ကို လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

လွတ်လပ်ရေးရရှိအောင် အားထုတ်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် ဘိုးဘေးဘီဘင် မြန်မာမျိုးချစ်ကြီးများကိုလည်း ကျေးဇူးအောက်မေ့ ကန်တော့အပ်ပါတယ်။

နယ်ချဲ့လက်အောက်မှ လွတ်မြောက်အောင် ကြိုးပမ်းကြံဆောင် တိုက်ပွဲဝင်ခဲ့ကြသည့် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ၊ တိုက်ပွဲဝင်ခဲ့ကြသည့် တပ်မတော်သားများ၊ ထောက်ခံအားပေး ကူညီခဲ့ကြသည့် ပြည်ပနိုင်ငံများ၊ လွတ်လပ်ရေးတိုက်ပွဲဝင်ရန်အတွက် လင်ယောက်ျား၊ ချစ်သောသား၊ အစ်ကိုမောင်ဖွားများကို ဆုံးရှုံးခံခဲ့ကြရသည့် ကျွန်တော်တို့၏ ဘိုးဘေး မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံးကို ဤလွတ်လပ်ရေးနေ့ အခါသမယ၀ယ် အောက်မေ့တသ သတိတရနှင့် ကျေးဇူးတင်စကား ဆိုရပါကြောင်းနှင့် ပြုခဲ့သမျှ ကောင်းမှုကုသိုလ် အစုစုတို့ကို ကွယ်လွန်လေပြီးသော လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပါဝင်ခဲ့ကြသူအားလုံးအတွက် အမျှပေးဝေကြောင်းပါ။

(၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့မှသည် နောင်နှစ်ပေါင်း ထောင်သောင်းမက ကမ္ဘာတည်သရွေ့ လွတ်လပ်သော မြန်မာနိုင်ငံတော်အဖြစ် တည်တံ့ခိုင်မြဲနိုင်ပါစေကြောင်းနှင့် ထိုသို့ တည်တံ့ခိုင်မြဲစေရန် အတွက်လည်း ကျွန်တော်တို့အားလုံးက လက်ဆင့်ကမ်းအမွေအဖြစ် အဆင့်ဆင့် ထိန်းသိမ်းစောင့်ရှောက် နိုင်ကြပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။


အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်၊ သောကြာနေ့။ 

လွတ်လပ်ရေးအောင်ပွဲနေ့ - ဇော်ဂျီ


ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ မင့်မျက်ခြယ်သည်
လေးဆယ့်ရှစ်ခု၊ ပြည်ထောင်စုတွင်
ဖွားသန့်စင်၍
သခင်ဘ၀၊ ချက်ချင်းရသည်
ဖွားစဆင်သင့်၊ လွယ်လွယ်နှင့်။

မင်းနှင့်ငါကား၊ လိုလားခုံမင်
သခင်ဘ၀၊ ကြီးမှရ၏
မရသေးမီ၊ ရကြောင်းရည်လျက်
ဇာနည်သွေးချွေး၊ ပေး၍ယူကြ
မြင်ခဲ့ရ၏
ဒုက္ခနှင့်ဝယ်၊ ရမလွယ်ကို
တကယ် ဒို့သိ ခံစားသိ။

ထို့ကြောင့် သားငယ်၊ မင့်မျက်ခြယ်သည်
မလွယ်ခဲ့ပုံ၊ သာနာစုံကို
အာရုံမျက်မြင်၊ စွဲစေချင်သည်
မင့်တွင် သတိရှိပါဘိ။

နှစ်စဉ် ဤနေ့၊ အောင်ပွဲနေ့ဝယ်
နှင်းငွေ့လေပင့်၊ အောင်လံလွှင့်သော်
မင့်တွင် အသိဖြန့်ပါဘိ။ 

မြန်မာ့လွတ်လပ်ရေး ကြေညာစာတမ်း


အောင်စေသတည်း
၁။ မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက် (အင်္ဂလိပ်သက္ကရာဇ် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်) တနင်္ဂနွေနေ့ ကောင်းမြတ်သန့်စင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောအခါ၌ ဤငါတို့ မြန်မာပြည်သည် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး အဖြစ်သို့ ရောက်ပြီ။

၂။ ဤငါတို့ မြန်မာနိုင်ငံတော်ကြီးသည် လိုရာမတ ပြည့်စုံလှ၍ ဘူမိနက်သန်မှန်သော မြေထူးမြေမြတ်လည်း ဖြစ်၏။ မွန်မြတ်သန့်စင်သော တရားထူး တရားမြတ်တို့တည်ရာ မြေကောင်းမြေမွန်လည်း မှန်၏။ မြေတွင်းမြေပြင် အထူးထူးသော ရတနာအပေါင်းတို့နှင့် ပြည့်စုံသဖြင့် သတ္တ၀ါအပေါင်းတို့ ဆွတ်ယူစားသုံး ကမ္ဘာဆုံးသော်လည်း မသုဉ်းမကုန်နိုင်သော ပဒေသာစစ် အနှစ်သာရ ကြွယ်ဝပြည့်စုံသော မြေလည်းဖြစ်၏။ ဘူမိနက်သန် မှန်လှထူးချွန် ဤမြေမွန်မြေမြတ်၌ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ စသည်ဖြင့် တစ်သွေးတစ်သား တစ်မိဘဖြစ်ကြကုန်သော ငါတို့သည် နှစ်ပေါင်းထောင်ရာ သင်္ချာပွားတက် ရေတွက်ခြင်းငှာ မတတ်နိုင်ရာသော ရာဇ၀င်ရှည်ဝေး ရှေးပဝေဏီမှစ၍ တညီတညွတ် တစ်စုတစ်ရုံး လွတ်လပ်သော လူမျိုးအဖြစ် တည်ခဲ့ကြ၏။ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် ထို့နောက် မန္တလေးအထိ ငါတို့၏ လွတ်လပ်ရေးသည် နေရောင်လ၀ါ ပမာကဲ့သို့ တဖြာဖြာတ၀င်းဝင်း ကမ္ဘာချဉ်းအောင် ထွန်းလင်းခဲ့ပေ၏။ သို့ရာတွင် ကမ္ဘာ့တန်ဆာ ကာလအင်္သေချေ တည်နေအပ်သော နေမင်းသူရိယာ လစန္ဒာတို့ပင် ဆီးနှင်းမြူတိမ် ဖုံးအုပ်၍ ခေတ္တခဏ အရှိန်အ၀ါ ညှိုးလျော်နွမ်းလျ မထွန်းမပ ဖြစ်ဘိသကဲ့သို့ ငါတို့၏ လွတ်လပ်သော မြန်မာနိုင်ငံတော်သည်လည်း လွန်ခဲ့သည့် နှစ်ပေါင်းလေးရာခန့်က ဥရောပတိုက်မှ ထွက်ပေါ်လာ၍ တစ်ကမ္ဘာလုံးကို ရစ်ပတ်အုပ်ဖုံးခဲ့သော နယ်ချဲ့ဝါဒကြီးနှင့် မရှောင်မကွင်းသာ ကြုံကြိုက်ဆုံတွေ့မိ၍ ပထမ အင်္ဂလိပ်-မြန်မာစစ်၌ ရခိုင်-တနင်္သာရီ၊ ဒုတိယအင်္ဂလိပ်-မြန်မာစစ်၌ ဟံသာဝတီ-ပဲခူး၊ တတိယ အင်္ဂလိပ်-မြန်မာစစ်၌ မန္တလေး ရတနာပုံ သုံးကြိမ်သုံးတန် ချအပ်ရခြင်းဖြင့် ဤမြေထူးမြေမြတ်၌ နှစ်ပေါင်းထောင်ရာ စောင့်ထိန်း၍ လာခဲ့ကြသော ငါတို့၏လွတ်လပ်ရေးသည် ငါတို့လက်မှလွတ်၍ လက်အောက်ခံဘ၀သို့ လုံးဝ ရောက်ခဲ့ကြရသည်။ သို့သော် နေမင်းသူရိယာ လစန္ဒာတို့ကို ဆီးနှင်းမြူတိမ်တို့သည် မည်သို့ပင် ဖုံးလွှမ်းစေကာမူ နေလတို့၏ အရှိန်အတောက်ကို မခံနိုင်ရကား ခေတ္တမျှနှင့်ပင် လွင့်စဉ်ကွယ်ပျောက်၍ နေ၀ါလရောင်သည် ပကတိအရေကို ပြန်လည် ဆောင်လေဘိသကဲ့သို့ ငါတို့အပေါ်၌ လွှမ်းဖုံးအပ်သော နယ်ချဲ့ဝါဒသည် ငါတို့၏ ကမ္ဘာရှည်မြင့် ရင့်မာလှသော လွတ်လပ်ရေးစိတ်ဓာတ်၏ အရှိန်အတောက်ကို မခံနိုင်ရာကား ခြောက်ဆယ့်တစ်နှစ် တစ်လနှင့် တစ်ရက်သော အခိုက်အတန့်ကလေးမှာပင် အလိုအလျောက် ကွယ်ပျောက်သွားရသဖြင့် ဤနေ့ ဤအခါမှစ၍ ငါတို့သည် အသူရိန်ခံတွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်အပ်သော လပြည့်ဝန်းပမာ သန့်ရှင်းစင်ကြယ် ချမ်းမြေ့သာယာစွာဖြင့် လုံးဝလွတ်လပ်သော ဘ၀ထူး ဘ၀မြတ်ကို လက်ဆုပ်လက်ကိုင် အပိုင် ရရှိကြပြီ။

၃။ ယခု ငါတို့ ရရှိအပ်သော လွတ်လပ်ရေးသည် ရေတွင် ရုပ်ရေး မြသွေးကောင်းကင် တိမ်ရိပ်ထင်သကဲ့သို့သော လွတ်လပ်ရေး မဟုတ်။ ငါတို့အား လွတ်လပ်ရေးလမ်းစဉ်သို့ ညွှန်လည်းညွှန်ပြ လမ်းစရှာကြံ အမြန်ရောက်အောင် ပို့ဆောင်ခဲ့ကြပေသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အ၀၀သော ကူးတို့မှူး ခေါင်းဆောင်ကြီးတို့၏ မဆုတ်မနစ်သော လုံ့လ၊ မလျှော့သော ၀ီရယ၊ ဆီမီးတန်ဆောင်ကဲ့သို့ ထွန်းပအပ်သော ဉာဏ်မျက်စိ၊ ၀ဇီရ စိန်သွားကဲ့သို့ စူးရှသော သတ္တိတို့ကြောင့် အဟံမမ သံပကြုံးဝါး အခြားအခြား လွတ်လပ်သော နိုင်ငံကြီးတို့နှင့် တန်းတူမြူတစ်ခြမ်းမျှ မလျော့မလို ထိုထိုသော တန်ခိုးရှိန်ဝါ တေဇာအပေါင်းတို့နှင့် ပြည့်စုံသော အချုပ်အချာ တည်းဟူသော အာဏာထူးအမြတ်ကို ငါတို့ လက်ကိုင်အပိုင် ရရှိကြပြီ။

၎။ ငါတို့သည် တစ်မျိုးဘာသာ တစ်စိတ်တစ်ဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား။ ကျောသား ရင်သား သူကား ငါကား ခွဲခြားခြင်းကို အလိုမရှိ။ မြစ်ချောင်းသီတာ သမုဒ္ဒရာ တောင်တန်းတို့ဖြင့် ကမ္ဘာ့ဓမ္မတာ သဘာဝ အပိုင်းအခြား ထင်ရှားစွာ သတ်မှတ်အပ်သော ရာဇ၀င်ရှည်ဝေး ရှေးပဝေဏီမှစ၍ ယခုထက်တိုင် မြန်မာနိုင်ငံသားဟု သမုတ်အပ်သူ တိုင်းရင်းသားအပေါင်းတို့ ဇာတိချက်ကြွေ နေထိုင်ရာ မြန်မာနိုင်ငံတော် တစ်ဝန်းကို တစ်သွေးတစ်သားတည်းဟူသော ကြိုးထူး၊ တစ်စိတ်တစ်ဝမ်းတည်းဟူသော ကြိုးထူး၊ အလိုအလျောက် သဘာဝအထောက်အပံ့ဖြင့်သာလျှင် ဖြစ်ပေါ်အပ်သော စေတနာတည်းဟူသော ကြိုးထူး၊ ဤကြိုးသုံးပါးဖြင့် ကမ္ဘာဆုံးတိုင် မြဲခိုင်တည်တံ့အောင် ရစ်ပတ်ဖွဲ့စည်းအပ်သော ပြည်ထောင်စုအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့ အပိုင်ရလေပြီ။

၅။ ငါတို့ နိုင်ငံတော်ကြီးသည် မည်သူ တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ် မဟုတ်။ မည်သူ တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ ပုဂ္ဂလိက အပိုင်ပစ္စည်းမဟုတ်။ မည်သူ တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်။ အတိတ်ကာလကလည်းကောင်း၊ ယခု မျက်မှောက်တွင်လည်းကောင်း၊ နောင်လာလတ္တံ့သော အနာဂတ်ကာလ၌လည်းကောင်း၊ ငါတို့ ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ်ဝေးနီး ကျား-မ မခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့တို့၏ အမွေအနှစ် အပိုင်ပစ္စည်း အကျိုးခံစားရာ ဖြစ်သည်ဟူသော လူ့ဘာသာ၊ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလ လူတို့၏ စည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူအ၀န်း၏ အကျိုးကို ကောင်းစွာ ဆောင်ရွက်နိုင်အံ့သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတ တင်မြှောက်ကြသော မဖောက်မပြန် မစွန်းမငြိ ပကတိ သန့်ရှင်းဖြူစင်သော မူလလူ့ဝါဒနှင့်လျော်စွာ စည်းကမ်းဥပဒေ သေချာထင်ရှားစွာ ပိုင်းခြားသတ်မှတ် တူညီသောတရား၊ တူညီသော အခွင့်အရေး၊ တူညီသော အဆင့်အတန်းအားဖြင့် ကမ္ဘာအရှည် တည်စိမ့်သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော၊ သမ္မတ မြန်မာနိုင်ငံတော် တည်းဟူသော မြတ်သောအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့ အပိုင်ရပြီ။

၆။ သိကြကုန်လော့၊ ယနေ့ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဤအချိန်မှစ၍ ငါတို့၏ မူလအပိုင်ဖြစ်သော လုံးဝ လွတ်လပ်ရေးကို ငါတို့ပြန်၍ ယူပြီ။ တိုင်းရင်းသားအပေါင်းတို့ သွေးစည်းညီညွတ်လျက် အခွင့်အရေး၊ အဆင့်အတန်း တူညီသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ပြီ။ ငါတို့ လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး၏ သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင် တည်မည်။ ငါတို့သည် လွတ်လပ်သောနိုင်ငံ ဖြစ်သည်နှင့်အညီ ကမ္ဘာ့လွတ်လပ်သော နိုင်ငံအပေါင်းတို့ တရားသဖြင့် ကျင့်ဆောင်အပ်သော ကျင့်ဝတ်ကို စောင့်ရှောက်ကျင့်ဆောင်မည်။ ငါတို့၏ လွတ်လပ်ရေးကို ငါတို့ ချစ်မြတ်နိုးသည်နှင့်အညီ တစ်ပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့ လေးစား စောင့်စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလားသူများနှင့် လက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။

ဤ ငါတို့ ကြေညာချက်ကို တစ်ကမ္ဘာလုံး တစ်ယောက်မကျန် ကြားသိစေသတည်း။

Wednesday, January 02, 2013

Happy New Year 2013!


မြန်မာ့သွေး မိတ်ဆွေများအားလုံး
၂၀၁၃ ခုနှစ်ဆိုတဲ့ နှစ်သစ်အချိန်အခါသမယမှာ စိတ်နှလုံးရွှင်ပြုံးနိုင်ကြပါစေ။
ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ရှိကြပါစေ။
မိသားစုနဲ့အတူ၊ ချစ်သူခင်သူတွေနဲ့အတူ ပျော်ရွှင်ဖွယ်နေ့ရက်များကို ဖြတ်သန်းနိုင်ကြပါစေ။
ကောင်းမွန်မှန်ကန်သည့် အလိုဆန္ဒများအားလုံး ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂ ရက်၊ ဗုဒ္ဓဟူးနေ့။

Monday, December 31, 2012

မြန်မာ့အတင်း၊ မြန်မာ့သတင်း သုံးသပ်ဝေဖန်ချက်


၁။ ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့ကစပြီး ပုဂ္ဂလိကသတင်းစာတွေ ထုတ်ဝေခွင့်ပြုသွားမယ်လို့ အစိုးရက သတင်းထုတ်ပြန် ကြေညာခဲ့တာ တွေ့ရပါတယ်။ နေ့စဉ်သတင်းစာ ထုတ်ဝေလိုသူတွေအနေနဲ့ ထုတ်ဝေခွင့် လျှောက်လွှာတင်တဲ့အခါမှာ လိုက်နာရမယ့် စည်းကမ်းတွေကိုလည်း ပြည့်ပြည့်စုံစုံ ဖော်ပြပေးထားပါတယ်။ ခွင့်မပြုခင်ကတော့ နေ့စဉ်သတင်းစာတွေဟာ ဘယ်လောက်အထိ ပရိသတ်အတွက် အကျိုးရှိတယ်၊ ထိရောက်တယ်၊ လိုအပ်တယ်လို့ မြန်မာ့မီဒီယာကြီးများ တွင်တွင်ကြီး အော်ခဲ့ကြပါတယ်။ အခု ခွင့်ပြုလိုက်တဲ့အချိန်မှာ ဘယ်သူက ဘယ်လောက်အဆင့်ရှိရှိ ထုတ်ဝေနိုင်မယ်၊ ရပ်တည်နိုင်မယ်ဆိုတာ စောင့်ကြည့်ကြရမှာပါ၊ ပုဂ္ဂလိက နေ့စဉ်သတင်းစာတွေ ရှိဖို့လိုအပ်တယ်ဆိုတာကို ကျွန်တော်လက်ခံပါတယ်။ သို့သော် ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေ၊ အချိန်အခါအရ လတ်တလောမှာ အဲဒီသတင်းစာတွေ အဆင်ပြေနိုင်၊ မပြေနိုင်ဆိုတဲ့ ကိစ္စရပ်ဟာ အတော်ကြီးကို ရှုပ်ထွေးလွန်းပါတယ်။ ဘယ်လိုရပ်တည်ကြမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ကျွန်တော့်အမြင်တော့ အများစုဟာ ရန်ကုန်အခြေပြုနဲ့ မန္တလေးအခြေပြု ဒီလောက်ပဲ လုပ်နိုင်ကြလိမ့်မယ် ထင်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထုတ်ဝေနိုင်မယ့် သတင်းစာကိုတော့ လတ်တလော မမြင်မိသေးပါ။ ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ သတင်းစာတွေရဲ့ ဈေးနှုန်းဟာ ဘယ်လောက်ဖြစ်မလဲ ဆိုတာကြောင့်ပါ။ လက်ရှိ အစိုးရက အရှုံးခံပြီး ထုတ်ဝေနေတဲ့ သတင်းစာတွေသည်ပင်လျှင် တစ်နိုင်ငံလုံး ပျံနှံ့အောင် ဘယ်လောက်အထိ ကြိုးစားရတယ်ဆိုတာ အားလုံးအသိပါ။ လက်ရှိ ကျွန်တော်စိတ်ဝင်စားတာက -

  • စာမျက်နှာဘယ်လောက်နဲ့ သတင်းစာထုတ်မလဲ။ (ကျွန်တော်ကတော့ စာမျက်နှာ ၆ မျက်နှာ၊ သို့မဟုတ် ၈ မျက်နှာလောက်ပဲ ထုတ်သင့်တယ်လို့ ယူဆပါတယ်)
  • စာရွက်ကို ဘယ်လိုအမျိုးအစားသုံးမှာလဲ။ (စာရွက်ကောင်းတွေဆိုရင် စာဖတ်သူတွေအတွက် ဈေးနှုန်းတွေ မတန်တဆ ပေးရမှာသေချာပါတယ်။ ဘယ်လိုမှ နေ့စဉ်ဝယ်ဖတ်လို့ အဆင်ပြေမှာ မဟုတ်ဘူး။ မြန်မာတိုင်းမ်က လက်ရှိသုံးနေတဲ့ စာရွက်အမျိုးအစားဆိုရင်၊ သို့မဟုတ် သုံးပြီးသား စက္ကူတွေကို ပြည်တွင်းမှာ ပြန်လည်ထုတ်လုပ်ထားတဲ့ စာရွက်သားဆိုရင်ရော)
  • ဒေသတစ်ခုတည်းကိုပဲဖြန့်မှာလား၊ ဒေသတွေရွေးပြီးဖြန့်မှာလား။ (ကျွန်တော်ကတော့ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် စသည်ထက်စာရင် အထက်မြန်မာပြည်၊ အောက်မြန်မာပြည် စတဲ့အပိုင်းလိုက် လုပ်သင့်တယ်လို့ ထင်ပါတယ်)
  • ဘယ်ဘာသာစကားနဲ့ ထုတ်ဝေမှာလဲ (အခုချက်ချင်းတော့ မသိပေမယ့် နောက်ဆိုရင်တော့ ကချင်နေ့စဉ်တို့၊ ချင်းနေ့စဉ်တို့၊ ရခိုင်နေ့စဉ်၊ ရှမ်းနေ့စဉ် စတဲ့ သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကားတွေနဲ့ ထုတ်ဝေတဲ့ သတင်းစာတွေ ထွက်လာမယ်လို့ ယုံကြည်နေပါတယ်။ ဒါကလည်း နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေပေါ်မှာ မှီတည်နေတာပါ)

ပုဂ္ဂလိကနေ့စဉ်သတင်းစာတွေ ထုတ်တော့မယ်ဆိုတော့ အဲဒီအတွက် လူ့စွမ်းအားအရင်းအမြစ်တွေ လိုအပ်လာပြီပေါ့။ တစ်ဖက်ကလည်း အလုပ်အကိုင် အခွင့်အလမ်းအသစ်တွေ အများကြီး ရလာတော့မှာပါ။ အယ်ဒီတာတွေ၊ သတင်းထောက်တွေ၊ ဖြန့်ချိရေးတွေ၊ ကြော်ငြာတွေ၊ အင်း... တွေးကြည့်တာတော့ အတော်ကြီးကို ပျော်စရာကောင်းသလို စိတ်ညစ်စရာလည်း ကောင်းပါရဲ့ဗျာ။ လူငယ်သတင်းစာသမား အသစ်လေးတွေ ထွက်ပေါ်လာပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ။ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ပါတယ်ဗျာ။

၂။ SkyNet ကျေးဇူးကြောင့် NLD ကလုပ်တဲ့ ပညာရေးကွန်ရက် ရန်ပုံငွေဖျော်ဖြေပွဲကို ထိုင်ရာမထဘဲ အိမ်မှာတင် တိုက်ရိုက်ကြည့်ရှုခွင့် ရခဲ့တယ်။ အဲဒီအတွက် SkyNet ကို ကျေးဇူးတင်ကြောင်းပါ။ ပြောစရာတွေ အများကြီးဆိုပေမယ့် ပညာရေးရန်ပုံငွေပွဲလား၊ လူပုဂ္ဂိုလ်သိဒ္ဓိတင်ပွဲလား ဆိုတာကိုတော့ သိပ်ပြီးတော့ မသဲကွဲဘူး။ ရန်ပုံငွေ ဖျော်ဖြေရေးနဲ့မတူဘဲ နိုင်ငံရေးစင်မြင့်လို့ ဖြစ်သွားခဲ့တာကိုတော့ စိတ်မကောင်းဘူး။ ပြုပြင်ပြောင်းလဲရေးသမားတွေပါလို့ တဖွဖွပြောနေတဲ့ ဒီလူတွေကိုယ်တိုင်က ဒီလို သောက်ကျင့်တွေနဲ့ဆိုရင် ကျွန်တော်တို့မှာ အားကိုးစရာ သိပ်မရှိလှဘူး။ လူတိုင်းဟာ ခေတ်ရေစီးထဲမှာ အလိုက်သင့် စီးမြောရတာကို လက်ခံပါတယ်။ နားလည်ပါတယ်။ သို့သော်... သို့သော်.... ကိုယ်သွားချင်တဲ့ နေရာဟာ ဆန်တက်မှ ရောက်မယ်ဆိုရင်လည်း ဆန်တက်ကူးခတ်ဖို့ ၀န်မလေးသင့်ဘူးလို့ ကျွန်တော်မြင်တယ်။ ကျွန်တော့်မျက်စိထဲမှာ စပါးမွှေးတင်မဟုတ်ဘဲ၊ တံမြက်စည်းပါ ဆူးခဲ့တာကတော့ ဟစ်ဟော့အဖွဲ့တွေပဲ။ ၂ ဖွဲ့ ၃ ဖွဲ့ကလွဲရင် ကျန်တဲ့လူတွေအားလုံးက စင်ပေါ်တက်ပြီး ပရိသတ်ကို စော်ကားသွားတာလို့ပဲ မြင်မိတယ်။ လူတိုင်း တစ်ပုဒ်စီပဲ သီဆိုခွင့်ရချိန်မှာ ဇေယျာသော်တို့၊ အနဂ္ဂတို့က အခွင့်ထူးခံ ၂ ပုဒ်ဆိုသွားတာကိုတော့ ကျွန်တော့်အမြင် ဘယ်လိုရှိမလဲဆိုတာ စာဖတ်သူ သိနိုင်မယ်ထင်ပါရဲ့။

၃။ အန်တီစုရဲ့ အင်္ကျီတွေ ဈေးကောင်းရသွားတာကိုလည်း ၀မ်းသာပေးပါတယ်။ ပညာရေးကွန်ရက် ရန်ပုံငွေအတွက် အများကြီးရသွားတာမို့ သာဓုလည်း ခေါ်ပါတယ်။ သို့သော် ဒုတိယနေ့ကို ကြည့်ပြီးတဲ့အခါ နောက်ဆက်တွဲ ဘာတွေးမိသလဲဆိုတော့...။ အန်တီစုရဲ့ အင်္ဂလန်ကနေ ရောက်လာတဲ့ အင်္ကျီကို သိန်းပေါင်း ၆၃၀ နဲ့ လေလံရသွားတယ်။ ဟုတ်ပြီ... ဒါက အန်တီစုရဲ့ အမှတ်တရပစ္စည်းမို့ သူ့အပေါ် ခရေဇီ ဖြစ်တဲ့လူက ၀ယ်သွားတာပဲဖြစ်ပါမယ်။ ပညာရေးရန်ပုံငွေကို ထည့်ချင်ရင်တော့ ဒီအတိုင်းထည့်လည်း ရနေတာပဲမဟုတ်လား။ (အဲဒါကို အလုပ်လုပ်ပြီး မငြင်းချင်ပါဘူး) အခု အင်္ဂလန်ကရောက်လာတဲ့ အန်တီစု ၀တ်ခဲ့ဖူးတဲ့ ဆွယ်တာ။ နောက်ဆိုရင် အင်္ဂလန်တို့ အမေရိကန်တို့က ရောက်လာမယ့် အန်တီစုရဲ့ ဧည့်သည်တွေ၊ သူတို့ကိုလည်း တန်ဖိုးထားကြရဦးမယ်။ ဟော.. ဘယ်နိုင်ငံ၊ ဘယ်နိုင်ငံက ရောက်လာမယ့် အန်တီစုရဲ့ နိုင်ငံခြားသွေးနှောတဲ့ သားတွေ၊ သူတို့ကိုလည်း တန်ဖိုးထားရဦးမယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် အန်တီစုနဲ့ပတ်သက်ပြီး မြန်မာပြည်ကို နိုင်ငံခြားတပ်ဖွဲ့တွေတောင် ရောက်လာမလား မသိပါဘူး။ အန်တီစုနဲ့ ပတ်သက်သမျှက နိုင်ငံခြားကချည်းပဲ ဖြစ်နေတာကတော့ တစ်မျိုးများ ဖြစ်နေသလားလို့ စဉ်းစားမိပါတယ်။ စာဖတ်သူတွေရဲ့ အမြင်ကိုလည်း သိချင်ပါတယ်။ (ကမ္ဘာသိဆိုတဲ့ စကားလုံးနဲ့ ကိုင်ပေါက်မယ့် လူများကိုတော့ ကျွန်တော်ကိုဉာဏ်က ဆောရီးပါလို့ ကြိုပြောထားပါရစေ။)

၎။ သမ္မတကြီး ဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့ဝင်တွေကို ဒီဇင်ဘာလ ၂၆ ရက်နေ့က ပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး ပြောဆိုဝေဖန်မှုအစုံ တွေ့ရပါတယ်။ အများစုကတော့ သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲလိုတဲ့ စိတ်ဆန္ဒကို အလေးဂရုပြု ချီးကျူးပြောဆိုကြပါတယ်။ ကျွန်တော့်ကတော့ အဲဒီလို မိန့်ခွန်းတွေ နားထောင်ရတိုင်း သမ္မတကြီးကို သနားမိတော့တာပါပဲ။ ဘာကြောင့်လဲဆိုတော့ မီးများမီးနိုင်၊ ရေများရေနိုင် ဆိုတဲ့အတိုင်း အစိုးရအဖွဲ့အစည်းတွေ အတွင်းမှာက ပြုပြင်ပြောင်းလဲလိုသူ (အမှန်တကယ်)ဟာ အင်မတန်မှကို နည်းပါးနေသေးတာကို တွေ့ရပါတယ်။ အဲဒီလိုပြောတဲ့အတွက် ပြုပြင်ပြောင်းလဲမှုမှာ လိုက်ပါလုပ်ဆောင်နိုင်ခြင်း မရှိသူတွေကို ဒါပဲ၊ ဟိုဟာပဲဆိုပြီး အတင်းအဓမ္မကြီးလည်း အပြစ်မတင်ရက်ပါဘူး။ အချို့အချို့တွေရဲ့ ဘ၀တွေဟာ ပြုပြင်ပြောင်းလဲရေးမှာ လုံးဝကို လိုက်ပါလို့မရအောင် အဆင်မပြေမှုတွေ ရှိနေပါတယ်။ အဲဒီလို ပြောတဲ့အတွက်လည်း သူတို့ကို အားပေးတယ်လို့ မထင်စေလိုပါ။ တကယ့်အဖြစ်မှန်ကို နားလည်အောင် ကြိုးစားကြစေလိုခြင်း ဖြစ်ပါတယ်။ ကျွန်တော့်စိတ်ထဲ ရှိတဲ့အတိုင်း ပြောရမယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးဆိုတဲ့ စကားကို လူကြီးပိုင်းက အပြောဆုံးပဲ။ ၀န်ကြီးတွေ၊ ဒုဝန်ကြီးတွေ၊ ညွှန်ချုပ်တွေ၊ ညွှန်မှူးတွေက လက်အောက်က ၀န်ထမ်းတွေကို ပြုပြင်ပြောင်းလဲပါတို့၊ လိုက်ပါလုပ်ဆောင်ပါတို့ သြ၀ါဒ အခါခါပေးတတ်တယ်။ အဲဒီလိုမျိုးတွေမြင်တိုင်း ကျွန်တော်သိပ်ရယ်ချင်တာပဲ။ စိတ်ရှိတိုင်းသ လုပ်လို့ရရင် အဲဒီလိုပြောတဲ့ အခမ်းအနားတွေတိုင်း ပြောတဲ့လူတွေရဲ့ရှေ့မှာ ကိုယ်လုံးပေါ်မှန်တွေ သွားထောင်ပေးထားချင်တယ်။ အဲဒါမှ သူတို့ တကယ်ပြောရမယ့်လူကို သူတို့မြင်မှာ။ အောက်ခြေ၀န်ထမ်းတွေ အကျင့်ပျက်ခြစားတာ၊ လဘက်ရည်ဖိုးတောင်းတာဟာ တစ်လလုံးပေါင်းရင်တောင် စောစောကပြောတဲ့ လူကြီးတွေရဲ့ ဒင်နာတစ်ခုဖိုးစာ မရှိပါဘူး။ အခုအချိန်အထိ ဘယ်ဝန်ကြီး၊ ဘယ်ညွှန်ချုပ်ကမှ ကျွန်တော်ဟာ အခုလက်ရှိ ထမ်းဆောင်နေတဲ့ တာဝန်ရာထူးမှာ အကျင့်ပျက်ခြစားတာ၊ အဂတိလိုက်စားတာ လုံးဝ (လုံးဝ) မရှိပါဘူး၊ တကယ်လို့များ ရှိခဲ့မယ်ဆိုရင်၊ သိခဲ့မယ်ဆိုရင် ကျွန်တော့်ကို တရားဥပဒေအရ အရေးယူပါ၊ အပြစ်ပေးပါ ဆိုတဲ့လူကြီး ဘယ်သူများရှိသလဲဗျာ။ သူများကို လက်ညှိုးထိုးတဲ့ကိုဉာဏ် အပြောကြီးသမို့ နှာခေါင်းရှုံ့ချင်ရင်လည်း ရှုံ့ကြစေဗျား။ ကျွန်တော်လက်ရှိ ထမ်းဆောင်နေတဲ့ အလုပ်တာဝန်မှာ လုပ်သက် ၁၁ နှစ်ကျော်သွားခဲ့ပါပြီ။ ကျွန်တော့်လုပ်သက် တစ်လျှောက်လုံးမှာ ကျွန်တော်ရရှိခဲ့တဲ့၊ တာဝန်ထမ်းဆောင်ခဲ့တဲ့ နေရာ၊ ဌာန၊ ရာထူးကို အသုံးချပြီး တစ်ခါမျှ မရသင့်တဲ့ အခွင့်အရေးကို မယူခဲ့ဖူးပါဘူး။ တောင်းလည်း မတောင်းခဲ့ဖူးပါဘူး။ နေရာအတွက်၊ ရာထူးအတွက် ဘယ်သူ့ကိုမှလည်း မမှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ကျွန်တော်မလုပ်ဆောင်ခဲ့ဖူးပါဘူး။ ဘယ်သူ့ကိုမှလည်း အပြိုင်အဆိုင် နေရာတစ်ခုအတွက် နောက်ကျောကို ဓားနဲ့ထိုးတာ၊ ခြေထိုးခံတာမျိုး မလုပ်ခဲ့ဖူးပါဘူး။ ဆင်လည်း ဆင့်အထွာဆိုသလို၊ ပုရွက်ဆိတ်လည်း ပုရွက်ဆိတ်အထွာပေါ့ခင်ဗျာ။ အဲ... ရသင့်ရထိုက်ပါလျက်နဲ့ မရတဲ့ အခွင့်အရေးမျိုးဆိုရင်လည်း တောင်းဆိုဖို့ ကျွန်တော်ဘယ်တော့မှ ၀န်လေးမှာ မဟုတ်ပါဘူး။ အခုလက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ၀န်ကြီးတွေ၊ ဒုဝန်ကြီးတွေနဲ့ ပညာ၊ သမ္ဘာ၊ အတွေ့အကြုံ အရာမှာ ကျွန်တော်ယှဉ်နိုင်ချင်မှ ယှဉ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ကျင့်တရားနဲ့ ပတ်သက်ရင်၊ အလုပ်အပေါ် လေးစားတန်ဖိုးထားမှုနဲ့ ပတ်သက်ရင်တော့ လက်မထောင်၊ ရင်ကော့ပြီး ယှဉ်ဝံ့ပါသဗျာ။

၅။ ရန်ကုန်မှာ လုပ်ကတည်းက စိတ်ထဲမှာ ဆူးနေခဲ့တဲ့ အကယ်ဒမီ ဆုပေးပွဲကို တိုက်ရိုက်ကြည့်ရှုခွင့် ရတဲ့အချိန်မှာ ပိုလို့တောင် စိတ်တိုမိသေးတယ်။ နယ်ကလူတွေကပဲ ရုပ်ရှင်ချစ်ပရိသတ်တွေ မဟုတ်တဲ့အတိုင်း ကြေညာတာတွေ နားထောင်ရတော့ ကျွန်တော်သာ Celebrity တစ်ယောက်ဆိုရင် ရုပ်ရှင်ဇာတ်ကားတွေကို မကြည့်ဖို့ နယ်ကလူတွေကို လိုက်ပြီးစည်းရုံးတယ်။ နေပြည်တော်၊ ပျဉ်းမနား၊ လယ်ဝေးက ပရိသတ်တွေဟာ အကယ်ဒမီဆုပေးပွဲအတွက် ဘယ်လောက်မျှော်လင့်ကြတယ်ဆိုတာ ရုပ်ရှင်လောကသားတွေ သိပါလေစ။ သူတို့တွေ သွားရလာရခက်တာ၊ ညအိပ်ခရီးသွားရတဲ့အတွက် ရိုက်ရက်တစ်ရက်လျော့တာ အဲဒါတွေအတွက် အဆင်ပြေတဲ့ ရန်ကုန်မှာလုပ်တာကတော့ နည်းနည်းလည်း စဉ်းစားကြပါဦးဗျာ။ နေပြည်တော်မှာ ခမ်းခမ်းနားနား စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် လုပ်နိုင်ပါလျက်နဲ့ ရန်ကုန်မှာ သွားလုပ်တာကတော့ အင်း..... ဒေါ်ဂျမ်းဘုံလေသံနဲ့ ပြောရမယ်ဆိုရင် "ပြောကို မပြောချင်တော့ပါဘူး" ဆိုသလိုပါပဲ။ အကယ်ဒမီဆုတွေ ပေးတာကို ကြည့်ပြီးတဲ့အချိန်မှာ ဘာလဲဟ ရုပ်ရှင်အစည်းအရုံးလို့တောင် တွေးမိတယ်။ ငါတို့လုပ်ချင်ရာ လုပ်လို့ရပြီ၊ လုပ်ချင်ရာ လုပ်တယ်ကွာ ဆိုရင်တော့ဖြင့်လည်း ဟုတ်ကဲ့.... ကျွန်တော်ကိုဉာဏ် နှာစေးနေလိုက်ပါတယ်ဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် စတင်ရေးသား၍
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အပြီးသတ်တင်ပေးနိုင်သည်။ 

Saturday, December 29, 2012

အကောင်းဆုံးထက် ပိုကောင်းအောင်


၁။ "မနေ့က စိန်ဗေဒါထက် ဒီနေ့ စိန်ဗေဒါက သာအောင် ကြိုးစားနေရတာ" ဟူသောစကားကို ပြောကြားသူကား နေမျိုးဗလကျော်ထင်ဘွဲ့ရ ရွာစားကြီး စိန်ဗေဒါကိုယ်တိုင်ပင် ဖြစ်ပါသည်။ စိန်ဗေဒါသည် ပတ်သိုင်းတီးပညာ၌ မြန်မာဆိုင်းသမိုင်းတွင် အမြင့်ဆုံးစံချိန်တင်ထားသည့် အမြဲတမ်းချန်ပီယံ ဖြစ်သည်။ သို့သော် ပတ်ဝိုင်းသာ တီးတတ်သည်မဟုတ်။ ပလွေ၊ စောင်း၊ နှဲ၊ မိကျောင်း၊ ပတ္တလားတို့ကိုလည်း အထူးကျွမ်းကျင်လိမ္မာစွာ တီးခတ်နိုင်သည်။ အလားတူပင် အနောက်နိုင်ငံ တူရိယာများဖြစ်သည့် တယော၊ ဘင်ဂျို၊ မယ်ဒလင်၊ အကော်ဒီယံ၊ ကောနက် စသည်တို့ကိုလည်း အပိုင်အနိုင် တီးမှုတ်နိုင်ပြန်သည်။ တစ်ဖန် အတီးအမှုတ်ပညာတွင် နှံ့စပ်စုံလင်လှပါဘိ ဆိုတာလောက်နှင့် ပြီးသေးသည်မဟုတ်။ အဆိုပိုင်းကျတော့လည်း ထိပ်တန်းအဆိုတော် ဖြစ်နေပြန်သည်။


၂။ သို့သော် သည်လို တူရိယာဂီတနယ်မှာ စွယ်စုံပါရဂူဖြစ်ခြင်းသည် ကုသိုလ်ကံထောက်မ၍ အခြောက်တိုက်ဖြစ်ခြင်း မဟုတ်ပါ။ ငယ်စဉ်ကတည်းက ထောင်းထောင်းကြေအောင် လေ့ကျင့်ခဲ့သော ဂီတပညာကို ကျွမ်းကျင်ပိုင်နိုင်လှသည်ဟူ၍ အသာမနေ၊ ကျွမ်းကျင်ပြီး တီးကွက်တွေ ညက်သထက်ညက်အောင်၊ တီးကွက်အသစ်အဆန်းတွေ ကိုယ့်လက်က အမြဲထွက်နေအောင် မပြတ်လေ့ကျင့်နေခြင်းကြောင့်သာ နာမည်ကျော်သလောက် တကယ်တော်နေရခြင်းဖြစ်သည်။

၃။ ဆိုင်းဆရာ ကိုမောင်ကလေးကို ရွာစားကြီး စိန်ဗေဒါ ဖြစ်လာအောင် တိုးမြှင့်ပေးလိုက်သောအရာသည် သူ့တစ်သက်တာပတ်လုံး ကိုင်ဆွဲခဲ့သည့် "မနေ့ကငါထက် ဒီကနေ့ငါက သာအောင်" ဆိုသော စိတ်ဓာတ်ပင် ဖြစ်သည်။ စိန်ဗေဒါလို စိတ်ဓာတ်မျိုးရှိ၍ စိန်ဗေဒါစကားမျိုး ပြောခဲ့ကြသည့် အနုပညာရှင်၊ အတတ်ပညာရှင်တွေ ကမ္ဘာမှာ များစွာပင်ရှိပါသည်။ ဥပမာ - အမေရိကန်ပန်းပုဆရာကြီး ဂျွန်အာဒမ်စ်ဝါ့ဒ်။ သူသည် ပုံတူရုပ်တုကြီးများ၊ ကျောက်တိုင် စသည့် အထိမ်းအမှတ် အဆောက်အအုံကြီးများ ဖန်တီးပြုလုပ်ရာ၌ ထင်ရှားသူဖြစ်သည်။ တစ်ခါ၌ ၀ါ့ဒ်အား တစ်စုံတစ်ယောက်က "ခင်ဗျားလက်ရာတွေထဲမှာ ဘယ်ဟာကို အကောင်းဆုံးလို့ ဆိုမလဲဗျ" ဟု မေးသည့်အခါ သူက "အခုနောက်ဆုံး ကျွန်တော်လုပ်မယ့်ဟာပဲဗျ" ဟူ၍ ဖြေခဲ့သည်။ စိန်ဗေဒါစိတ်ဓာတ်၊ စိန်ဗေဒါဝါဒကို ထင်ဟပ်သော စကားတစ်ခွန်းပင် ဖြစ်သည်။ စင်စစ် ဤသည်မှာ ထူးချွန်ပြောင်မြောက်ကြသူတို့ လက်တွေ့ကိုင်စွဲ ကျင့်သုံးတတ်သည့် အောင်မြင်ရေးဒဿနတစ်ခုလည်း ဖြစ်ပါသည်။

၎။ မိမိအရည်အချင်းကို လက်ရှိ အမြင့်ဆုံးအနေအထားထက် ပို၍မြင့်မားအောင် မြှင့်တင်လိုစိတ် ရှိ၊ မရှိ ဟူသော အချက်သည်ပင် လူတော်နှင့် လူညံ့၊ အောင်မြင်ထွန်းပေါက်မည့်သူနှင့် နိမ့်ပါးနုံချာမည့် သူတို့ကို ခွဲခြားပေးနိုင်သည့် အဓိကအချက်တစ်ရပ် ဖြစ်သည်။

[အပြောင်မြောက်ဆုံး ဘ၀တစ်ခုတည်ဆောက်ခြင်း၊ ၉/၁၉၉၉]

Thursday, December 27, 2012

ပညာမရှိ သူ၏၀န်ထမ်း


ဗျတ္တ ပုတြာ ကိမာလသော၊
အဗျတ္တော ဘာရဟာရိကော။
ဗျတ္တကော ပူဇိတော လောကေ၊
ဗျတ္တ ပုတြာ ဒိနေ ဒိနေ။

အို ချစ်သားတို့၊ အတတ်ပညာ သင်ကြပါကုန်လော့။ အဘယ့်ကြောင့် ပျင်းရိနေရပါမည်နည်း။
အတတ်ပညာမရှိသူသည် သူတစ်ပါး၏ ၀န်ထုပ်ဝန်ပိုးကို ထမ်းရ၏။
လောက၌ အတတ်ပညာနှင့် ပြည့်စုံသူကို ချီးကျူးပူဇော်ကြရ၏။
ထို့ကြောင့် အိုချစ်သားတို့၊ နေ့တိုင်း နေ့တိုင်း ပညာ သင်ကြပါကုန်လော့။

Wednesday, December 26, 2012

သမ္မတ ဦးသိန်းစိန် မိန့်ခွန်း (၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်)



အစိုးရဌာန အဖွဲ့အစည်းများ၏ စီမံအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများအား ပြောကြားသည့် မိန့်ခွန်း


ပြည်ထောင်စုဝန်ကြီးဌာန ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ ဝန်ကြီးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့ နိုင်ငံအုပ်ချုပ်ရေးတာဝန်ယူပြီး နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး ထမ်းဆောင်ခဲ့တာ တစ်နှစ်နဲ့ ကိုးလခန့်ရှိပြီဖြစ်ပါတယ်။ ခေတ်သစ် စနစ်သစ် ထူထောင်တည်ဆောက်ဖို့အတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ  ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဆင့်ဆင့် ဖွဲ့စည်းမှုများ စတင်ဆောင်ရွက်ခဲ့ပြီး ခေတ်စနစ်သစ်အတွက် လိုက်လျောညီထွေရှိမယ့် ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတွေ၊ ပြင်ဆင်သင့်တာတွေ၊ အသစ်ရေးဆွဲသင့်တာတွေ ရေးဆွဲဆောင်ရွက်ခဲ့ပါတယ်။ အချို့ကိစ္စရပ်များဟာ မပြီးပြတ်သေးဘဲ ကဏ္ဍအလိုက်နဲ့ ဒေသအလိုက် အလုပ်ရုံဆွေးနွေးပွဲများ၊ အမျိုးသားအဆင့် ဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်ဆဲ ဖြစ်ပါတယ်။ အချို့ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ အတည်ပြုပြဋ္ဌာန်းရန် ပြင်ဆင်ဆဲဖြစ်ပါတယ်။ ခေတ်ဟောင်းစနစ်ဟောင်းက ခေတ်သစ်စနစ်သစ်ကို ကူးပြောင်းရာမှာ တွေ့ကြုံရလေ့ရှိတဲ့ အတွေ့အကြုံနည်းပါးမှု၊ အပြောင်းအလဲ အတွက် ပြင်ဆင်ချိန်လိုအပ်မှုနဲ့ အခြားရင်ဆိုင်ဖြေရှင်းရတဲ့ အခက်အခဲတွေ မည်သို့ပင်ရှိစေကာမူ ယခုထိ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ညင်သာချောမွေ့အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြတဲ့ လွှတ်တော်၊ အစိုးရ၊  တရားလွှတ်တော်၊ တပ်မတော်နဲ့ ပြည်သူတစ်ရပ်လုံးကိုရော၊ နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်း အသီးသီးကို အထူးကျေးဇူးတင်ပါကြောင်း ဦးစွာပြောကြားလိုပါတယ်။

ယခင်အစိုးရက ပြည်သူများရဲ့ လိုအင်ဆန္ဒနဲ့အညီ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဈေးကွက်စီးပွားရေး စနစ်တို့ကို ထူထောင်နိုင်ရန် လွှဲပြောင်းပေးခဲ့မှုအပေါ် ကျွန်တော်တို့ အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြေခံမူများနဲ့အညီ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး၊ တစ်နည်းအားဖြင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတာဝန်ကြီးကို ပထမအဆင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အဖြစ် စတင်ဆောင်ရွက်ခဲ့ပါတယ်။

အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာ၊ တိုင်းပြည်တည်ငြိမ် အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် အဓိကလိုအပ်ချက် ဖြစ်တဲ့အတွက်၊ ပါတီအသီးသီးနဲ့ရော တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပါ၊ မတူတာတွေ ဘေးမှာထားပြီး၊ တူညီတဲ့ သဘောထားတွေနဲ့ နိုင်ငံအကျိုးပြုလုပ်ငန်းတွေ ပူးပေါင်းလုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့တာကြောင့်၊ အထိုက်အလျောက် အောင်မြင်မှုရရှိနေသော်လည်း၊ အချို့နေရာတွင် ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားရမယ့် လုပ်ငန်းတွေလည်း ကျန်ရှိပါတယ်။ ကျန်ရှိတဲ့လုပ်ငန်းတွေ အောင်မြင်ရေးနဲ့ ကျွန်တော်တို့အစိုးရ ကြိုးပမ်းဆောင်ရွက်နေတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုများမှာ တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံး၊ ပြည်သူတစ်ရပ်လုံး လက်တွဲပါဝင်ပူးပေါင်းပြီး ဆောင်ရွက်ပေးကြပါလို့ နှိုးဆော်ပန်ကြားလိုပါတယ်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ အကောင်အထည်ဖော်စဉ် တစ်ချိန်တည်းမှာပဲ၊ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ ပြည်သူ့ဘဝလုံခြုံမှုနဲ့ လူမှုစီးပွားရေး တိုးတက်မှုတို့အတွက် ပြည်သူဗဟိုပြု လူမှုစီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ပြုပြင်ပြောင်းလဲရေး ဒုတိယအဆင့်အဖြစ် ဆောင်ရွက်ရန် မူဝါဒ ချမှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးအခြေအနေတွေဟာ ဒေသတွင်း အခြားနိုင်ငံများထက် နောက်ကျကျန်နေပြီး၊ ဆောင်ရွက်ရမယ့် လုပ်ငန်းပမာဏဟာ ကြီးမားကျယ်ပြန့်တဲ့အတွက်၊ ကာလတို၊ ကာလရှည် ဦးစားပေး အစီအမံတွေကို စနစ်တကျ ရေးဆွဲစီမံမှသာ၊ နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် ထိရောက်အကျိုးရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ စီးပွားရေးနဲ့ လူမှုရေး အကြံပေးကောင်စီနဲ့ ပြည်တွင်း ပြည်ပ ပညာရှင်များ၊ ဌာနဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ ပူးပေါင်းဆွေးနွေးညှိနှိုင်းပြီး “စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံမူဘောင်”  ရေးဆွဲပြီးဖြစ်တဲ့အတွက် ဒီနေ့ကျင်းပမယ့် စီမံကိန်းကော်မရှင် အစည်းအဝေးမှာ ဆွေးနွေးအတည်ပြုကြမှာ ဖြစ်ပါတယ်။

စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံမူဘောင် ညှိနှိုင်းရေးဆွဲနေစဉ် တစ်ပြိုင်တည်းမှာ စီးပွားရေးကဏ္ဍအလိုက် ပြုပြင်ရမယ့် မူဝါဒ၊ လုပ်ငန်းစဉ်တွေကို ပြည်ထောင်စု ဝန်ကြီးဌာန အသီးသီးကလည်းကောင်း၊ ဒေသအလိုက် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် မူဝါဒ၊ လုပ်ငန်းစဉ်တွေကို တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများကလည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊  ပြည်သူများအပါအဝင် အလုပ်ရုံဆွေးနွေးပွဲများကျင်းပပြီး သဘောထားအကြံဉာဏ်များ ရယူခဲ့ကြပါတယ်။

အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပနေစဉ်မှာပဲ လိုအပ်တဲ့ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကို ခေတ်နဲ့ဆီလျော်ပြီး၊ ပြည်သူများ လက်တွေ့လုပ်ကိုင်နိုင်မယ့် အခြေအနေတွေနဲ့ ကိုက်ညီအောင် ပြင်ဆင်ရေးဆွဲခဲ့ကြပါတယ်။

ဒီလိုအချိန်တိုအတွင်း တစ်ခုပြီးမှတစ်ခု လုပ်ခြင်းမျိုးမဟုတ်ဘဲ ဆောင်ရွက်ရန်ရှိတဲ့ အလုပ်တွေကို တစ်ပြိုင်တည်း လုပ်ဆောင်နေသလို၊ ပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းရဖို့နဲ့ လူမှုစီးပွားရေးမှာ တိုးတက်စေမယ့် လုပ်ငန်းတွေကို တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့  ခွင့်ပြုဆောင်ရွက်ပေးလျက် ရှိပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ ငွေလဲနှုန်းနဲ့ ငွေကြေးကဏ္ဍ အပြောင်းအလဲမှာ မက်ခရိုစီးပွားရေး တည်ငြိမ်အောင် ဆောင်ရွက်ရင်း တစ်ဖက်က တိုင်းပြည်စီးပွားရေးမှာ အရေးပါတဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတွေ ဖြေလျှော့မှုများ ပြုလုပ်ခဲ့ပါတယ်။ ပြည်သူများရဲ့ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုတိုးတက် ရရှိရေးအတွက် အထူးစီးပွားရေးဇုန်စီမံကိန်းများ၊ စက်မှုဇုန်နဲ့ စက်ရုံစုစီမံကိန်းများ၊ မြို့ပြကျေးရွာဖွံ့ဖြိုးမှု စီမံကိန်းများကို အကောင်အထည်ဖော်ဖို့      ကြိုးစားခဲ့ပါတယ်။ သို့ရာတွင် ကမ္ဘာ့စီးပွားရေး တိုးတက်မှု နှေးကွေးမှုနဲ့ ဈေးကွက်ဝယ်လိုအား ကျဆင်းနေခြင်း၊ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ထားမှု အပြီးတိုင်ရုပ်သိမ်းရန် လိုအပ်နေခြင်း၊ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုကြောင့် သဘာဝဘေးအန္တရာယ်ခံစားရခြင်း၊ စတဲ့ အခြေအနေများ၏ ရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု နှေးကွေးနေတဲ့အတွက် လက်ရှိအခြေအနေကနေပြီး ပြည်သူတို့ရဲ့ လက်ရှိစီးပွားရေး သိသာထင်ရှားစွာ တိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းနှိုးဆော်လိုပါတယ်။

ယခုလို နိုင်ငံဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များ သာမန်စီမံရုံဖြင့် အလိုအလျောက် ဖြစ်ထွန်းတိုးတက်လာမှာ မဟုတ်ဘဲ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှု ထိရောက်မှသာ အောင်မြင်တိုးတက်မှာ ဖြစ်ပါတယ်။

လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှု ထိရောက်အောင်မြင်ဖို့ အစိုးရအုပ်ချုပ်မှုယန္တရားရဲ့ စီမံလုပ်ကိုင်မှု ထိရောက်ထက်မြက်ဖို့ လိုအပ်ပါတယ်။

နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး ဖြစ်ထွန်းတိုးတက်အောင် ကြိုးပမ်းရာမှာ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းဟာ အစိုးရအုပ်ချုပ်ရေးယန္တရား စွမ်းဆောင်ရည် ထိရောက်ထက်မြက်မှုအပေါ်မှာ မူတည်ပါတယ်။ ခေတ်စနစ်သစ်တစ်ရပ်ကို ပြုပြင်ပြောင်းလဲတိုးတက်အောင် ဆောင်ရွက်ရာမှာလည်း ရှေးယခင် အတွေးအမြင် လုပ်နည်းအတိုင်း ဆောင်ရွက်လို့မရတော့ဘဲ ဒီမိုကရေစီကျင့်စဉ်နဲ့ လိုက်လျောညီထွေရှိမယ့် နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ လူမှုရေးအမြင်များနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်မြော်မြင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့အစည်း အနေနဲ့ရော၊ ပြည်သူများရဲ့ အခွန်ဘဏ္ဍာနဲ့ ပြည်သူ့ဝန်ကို ထမ်းဆောင်နေကြတဲ့ နိုင်ငံဝန်ထမ်းအားလုံးကို ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ရှိတဲ့ သန့်ရှင်းတဲ့ အစိုးရ ( Good Governance, Clean Government ) ဖြစ်အောင် ကြိုးပမ်းပြီး နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး ကိစ္စအဝဝမှာ ပြည်သူလူထုအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြဖို့ မှာကြားတိုက်တွန်းခဲ့ပြီးဖြစ်ပါတယ်။

သို့ရာတွင် ပြည်သူလူထုနဲ့ ထိတွေ့နေတဲ့ ဌာနဆိုင်ရာနဲ့ မြို့နယ်၊ ရပ်ကျေး အဆင့်အထိ အဆင်မပြေမှုများစွာ ရှိနေတဲ့အပြင် အချို့နေရာဒေသ၊ ဌာနတွေမှာ -
  • ပြည်သူလူထု သဘောထားဆန္ဒနဲ့ ပြည်သူလူထုရဲ့ အသံကို နားမထောင်ဘဲ မတိုင်ပင်ဘဲ မိမိတို့သဘောအလျောက် ဆောင်ရွက်နေခြင်း၊
  • မိမိတို့လုပ်ဆောင်မှုများ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိအောင် ချပြမှုမရှိခြင်း၊
  • ပြည်သူလူထုက သိလို၍ မေးမြန်းခြင်းနဲ့ ပြည်သူလူထုရဲ့ လိုအပ်ချက် တောင်းဆိုခြင်းများအပေါ် တာဝန်ယူဖြေရှင်းပေးမှု မရှိခြင်း၊
  • ကဏ္ဍအလိုက်၊ ဌာနဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများနဲ့ ဒေသန္တရအလိုက် ဥပဒေစည်းမျဉ်း လုပ်ထုံးလုပ်နည်းများနဲ့အညီ စီမံအုပ်ချုပ်လုပ်ကိုင်မှု မရှိခြင်း၊
  • ထိုသို့ ဥပဒေနှင့်အညီ ဆောင်ရွက်မှုမရှိခြင်းကြောင့် နောက်ဆက်တွဲ အဂတိ လိုက်မှု၊ လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပေါ်ခြင်း၊
  • အစိုးရ အုပ်ချုပ်ရေးယန္တရားသည် ပြည်သူများအတွက် လျင်မြန်ချောမွေ့မှုမရှိဘဲ နှောင့်နှေးကြန့်ကြာ၍ အခက်အခဲများ တွေ့ရှိနေခြင်း၊
  • စီမံခန့်ခွဲအုပ်ချုပ်မှုစွမ်းရည် ကျဆင်းနေခြင်း၊

စတဲ့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ရှိတဲ့ သန့်ရှင်းသောအစိုးရရဲ့ အင်္ဂါရပ်များ၊ အရည်အသွေးများ ချို့ယွင်းအားနည်းနေတာကို တွေ့ရှိရပါတယ်။ ထိုသို့ အားနည်းမှုများကြောင့် မြို့နယ်အဆင့်တွင် ပြည်သူနှင့် ထိတွေ့ဖြေရှင်းနိုင်စွမ်းမရှိသည့် ပြဿနာများ၊ အချို့ဒေသတွင် ရပ်ကွက်ကျေးရွာအဆင့် အုပ်ချုပ်မှုကို ပြည်သူများက လိုလားနှစ်သက်ခြင်းမရှိသည့် အခြေအနေများ ပေါ်ပေါက်တာကို တွေ့ရှိရတဲ့အတွက် အောက်ခြေ ရပ်ကျေးအဆင့်မှ အထက် ပြည်ထောင်စုအဆင့်အထိ ပြုပြင်ပြောင်းလဲ သင့်သည်များကို ပြုပြင်ပြောင်းလဲသွားဖို့ လိုအပ်လာပါတယ်။

ဒါကြောင့် အစိုးရဌာနအဖွဲ့အစည်းများရဲ့ စီမံအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက်  ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ တတိယအဆင့် လုပ်ငန်းအဖြစ် သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

စီမံအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရာမှာ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာနဲ့အညီ ပြည်သူ့ဝန်ကိုဆောင်သော ပြည်သူ့ဝန်ထမ်းများဖြစ်အောင် ရပ်ကျေးအုပ်ချုပ်ရေးပိုင်းမှ ပြည်ထောင်စုအဆင့်အထိ ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာ အတွေးအမြင်၊ အမူအကျင့်၊ လုပ်ပုံလုပ်နည်းများ ပြောင်းလဲခြင်း လုပ်ဆောင်ရမှာဖြစ်သလို အစိုးရအဖွဲ့အစည်းယန္တရားရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ပြောင်းလဲခြင်းကိုလည်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွေးအမြင်၊ အမူအကျင့်၊ လုပ်ပုံလုပ်နည်းများ ပြင်ဆင်ရာမှာ ခေါင်းဆောင်မှုနေရာတွေမှာ တာဝန်ယူကြရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး အဆင့်ကအစ ပြည်ထောင်စုဝန်ကြီး အဆင့်အထိ ခေါင်းဆောင်ကောင်းအင်္ဂါရပ်နဲ့ ညီညွတ်အောင် ပြုမူကျင့်ကြံ အားထုတ်ဖို့နဲ့ ပြည်သူတွေ အားကိုးယုံကြည် စိတ်ချရအောင် ကြိုးစားကြဖို့ ပြောကြားလိုပါတယ်။

ယခုပြုလုပ်လျက်ရှိသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနဲ့အတူ ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းများကို မိမိတို့ဝန်ထမ်းတစ်ဦးစီ၏ ကိုယ်ရည်ကိုယ်သွေးနှင့် အရည်အချင်းများ မြှင့်တင်ရန် လိုအပ်သကဲ့သို့ မိမိတို့ ဝန်ထမ်းအဖွဲ့အစည်းအသီးသီး၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းများကိုလည်း အာရုံစိုက် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

ဒီလို ပြုပြင်ပြောင်းလဲဆောင်ရွက်ရာမှာ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်တစ်ရပ်တွင် အစိုးရနဲ့ပြည်သူ အပြန်အလှန် ဆက်သွယ်ပူးပေါင်း ဆောင်ရွက်မှု ကောင်းဖို့လိုအပ်ပါတယ်။ ဒီမိုကရေစီကျင့်စဉ် ထွန်းကားရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်မယ့် စီမံအုပ်ချုပ် လုပ်ကိုင်မှုကို ပြောင်းလဲသွားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မြို့နယ်တစ်ခုမှာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ၊ လူမှုရေး စီးပွားရေး လူထုလူတန်းစား ကိုယ်စားလှယ်ပါဝင်တဲ့ မြို့နယ်ကော်မတီ ဖွဲ့စည်းပြီး မြို့နယ်ရဲ့ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေး၊ လူမှုရေး စသည့် အရေးအရာကိစ္စ အရပ်ရပ်အတွက် မြို့နယ်ကော်မတီ အောက်မှာ ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မြို့နယ်ရဲ့ အရေးအရာ ကိစ္စအားလုံးကို မြို့နယ် ကော်မတီ အစည်းအဝေးဖြင့် စုပေါင်းဆွေးနွေး၊ စုပေါင်းဆုံးဖြတ်၊ စုပေါင်းဦးဆောင် အကောင်အထည်ဖော် ဆောင်ရွက်သည့် စနစ်ဖြင့် ဖွဲ့စည်းပြင်ဆင် ဆောင်ရွက်သွားစေမှာ ဖြစ်ပါတယ်။ ဒီလိုပဲ ခရိုင်ကော်မတီ အဆင့်မှာလည်း အလားတူ ဆောင်ရွက်သွားစေမှာ ဖြစ်ပါတယ်။ ရပ်ကွက်ကျေးရွာ အဆင့်မှာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ခန့်ထားပြီးလျှင် အခြားရပ်ကွက် ကျေးရွာလူကြီးများ ရွေးချယ်ပူးပေါင်းပါဝင်တဲ့ ရပ်ကွက်ကျေးရွာကော်မတီ ဖွဲ့စည်းပြီး စုပေါင်းဆွေးနွေး တိုင်ပင်ဆုံးဖြတ်၊ အကောင်အထည်ဖော် ဆောင်ရွက်တဲ့စနစ် ဆက်လက် ဖွဲ့စည်းဆောင်ရွက်မှသာ ရှေးယခင် တစ်ဦးတစ်ယောက်တည်း အဆုံးအဖြတ်ဖြင့် ဆောင်ရွက်ခဲ့မှုကြောင့် ဖြစ်ပေါ်ခဲ့သော ပြည်သူလူထု မလိုလားတဲ့ ပြဿနာတွေ လျော့နည်းလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းဒေသကြီး ပြည်နယ် အစိုးရများအနေနဲ့ ကော်မတီဖွဲ့စည်းမှု အဆင့်ဆင့် ခိုင်မာကောင်းမွန်အောင် ဆောင်ရွက်ကြဖို့နဲ့ ဆောင်ရွက်မှုကိစ္စများမှာ ဥပဒေနဲ့အညီဖြစ်ရေး စီမံဆောင်ရွက်သွားရန် မှာကြားလိုပါတယ်။

ပြည်သူလူထုရဲ့ စားဝတ်နေရေးနဲ့ လူနေမှုအဆင့်အတန်း မြင့်မားရေး၊ မြို့နယ်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာမှာ မြို့နယ်စည်ပင်သာယာရေး လုပ်ငန်းဟာ အထူးအရေးကြီးတဲ့အတွက် အစိုးရဌာနဆိုင်ရာ ပုဂ္ဂိုလ်များသက်သက်ဖြင့် ပြည်သူ့ဆန္ဒနဲ့အညီ ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်းရာမှာ အားနည်းချက်များ ရှိနိုင်ပါတယ်။ ၁၈၉၈ ခုနှစ်၊ မြန်မာနိုင်ငံအက်ဥပဒေ အမှတ် (၃) အရ ပြဋ္ဌာန်းခဲ့တဲ့ မြူနီစီပါယ်အက်ဥပဒေဟာ ၁၉၉၃ ခုနှစ်အထိ တည်ရှိခဲ့ပြီး၊ မြူနီစီပါယ်ကော်မတီမှာ ပြည်သူလူထုအတွင်းက ရွေးကောက်တင်မြောက်ထားတဲ့ ကိုယ်စားလှယ်များနဲ့ စည်ပင်သာယာရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သလို၊ မြို့နယ်များမှာ စည်ပင်သာယာရေးကော်မတီကို မြို့နယ်လူထုအတွင်းက ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက် ပါဝင်ဖွဲ့စည်းမှုနဲ့ သီးခြားရပ်တည်ပြီး ပြုပြင်ပြောင်းလဲ ဆောင်ရွက်နိုင်အောင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ လေ့လာသုံးသပ် ပြင်ဆင်ဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်။

ပြည်ထောင်စု အစိုးရဝန်ကြီးဌာနများအနေနဲ့လည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပြီး ရုံးလုပ်ငန်းစနစ် မြန်ဆန်အောင် ဆောင်ရွက်ခြင်းတို့အပြင် ဘတ်ဂျက်လိုငွေ လျော့နည်းသက်သာစေရန် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကိုလည်း စီးပွားရေးဆန်ဆန် ဆောင်ရွက်နိုင်ရန် ဦးစီးဌာန၊ ဘုတ်၊ ကော်ပိုရေးရှင်း ဖွဲ့စည်းမှု၊ ပြင်ဆင်ပြောင်းလဲ ဆောင်ရွက်မှုများကို ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှု အားနည်းနေခြင်းကို အစိုးရအဖွဲ့ ကဏ္ဍအလိုက် ကော်မတီ (Cabinet Committee) များ ဖွဲ့စည်းပြီး ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ခြင်းဖြင့် မူဝါဒချမှတ်မှုများ ခိုင်မာအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရဝန်ကြီးဌာနများနဲ့ တိုင်းဒေသကြီး ပြည်နယ် အစိုးရအကြား ပေါင်းစပ်ညှိနှိုင်းမှု အားနည်းနေခြင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အုပ်ချုပ်ရေးအာဏာ ခွဲဝေအပ်နှင်းမှုကို ဆောင်ရွက်ရာ၌ ပြည်ထောင်စုဝန်ကြီးဌာနများက တာဝန်ယူ ဆောင်ရွက်ရမယ့် လုပ်ငန်းများနဲ့ တိုင်းဒေသကြီး ပြည်နယ်များက တာဝန်ယူ ဆောင်ရွက်ရမယ့် လုပ်ငန်းများကို စနစ်တကျ ပိုင်းခြားသတ်မှတ်ခြင်းများကိုလည်း ပိုမိုထိရောက်မည့် လုပ်ထုံးလုပ်နည်းများ သတ်မှတ်လုပ်ဆောင်သွားမည် ဖြစ်ပါတယ်။ အလားတူ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသများ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် စသည့် အဆင့်ဆင့်သော အုပ်ချုပ်ရေးအာဏာ ခွဲဝေပိုင်းခြားမှုကို သတ်မှတ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးဌာနများအနေနဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းမူဘောင်များ စီမံထိန်းသိမ်းမှုကို အဓိကထား၍ တာဝန်ခံဆောင်ရွက်ပေးရမှာဖြစ်ပြီး၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများကတော့ ဒေသမှာရှိတဲ့ ဝန်ထမ်းအဖွဲ့အစည်း အသီးသီးကို ကြီးကြပ်ကွပ်ကဲ၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ ပြည်သူတို့ရဲ့ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကိစ္စအဝဝအတွက် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၆ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရသည် မိမိတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကိုလည်း ဥပဒေနှင့်အညီ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်း ပြုနိုင်ကြောင်း ဖော်ပြထားပြီး ဖြစ်တဲ့အတွက်ကြောင့် ဥပဒေနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်သွားကြဖို့ မှာကြားလိုပါတယ်။

အစိုးရဌာန အဖွဲ့အစည်းများ၏ စီမံအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရေးလုပ်ငန်းစဉ်သည် ယနေ့ မိမိတို့ အကောင်အထည်ဖော် ဆောင်ရွက်နေသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၊ ဒီမိုကရေစီ အလေ့အကျင့်များ ရှင်သန်လာရေးအတွက် အဓိကအခန်းကဏ္ဍမှနေ၍ အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာ ဖြစ်တဲ့အတွက် ဌာနအသီးသီးတွင် ပါဝင်တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းအသီးသီးတို့၏ နိုင်ငံရေးစေတနာ မှန်ကန်စွာနှင့် အကောင်အထည်ဖော် လုပ်ဆောင်နိုင်ကြရန် အလေးအနက် တိုက်တွန်းလိုပါတယ်။ ယနေ့အချိန်အခါဟာ နိုင်ငံသား တစ်ဦးချင်းစီအနေနဲ့လည်းကောင်း၊ အစိုးရအဖွဲ့အစည်း အသီးသီးအနေနဲ့လည်းကောင်း၊ နိုင်ငံရေးပါတီအားလုံး အနေနဲ့လည်းကောင်း ကျရာကဏ္ဍမှ စိတ်ရင်းစေတနာကောင်းဖြင့် လုပ်ဆောင်နိုင်မယ်ဆိုရင် မိမိတို့ ကြုံတွေ့နေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုအားလုံးကို အောင်မြင်စွာ ကျော်လွှားနိုင်ပြီး ငြိမ်းချမ်းသာယာတဲ့ အနာဂတ် မြန်မာနိုင်ငံသစ်ကို မျှော်မှန်းနိုင်မှာ ဖြစ်ပါတယ်။

နိဂုံးချုပ်အားဖြင့် -
နိုင်ငံတကာက မြန်မာနိုင်ငံအပေါ်မှာ ကောင်းမွန်သော အုပ်ချုပ်မှု ရှိ မရှိ တိုင်းတာချက်စံများအရ များစွာအားနည်းနေတာ တွေ့ရှိရပါတယ်။ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖြစ်ထွန်းတိုးတက်အောင် ဆောင်ရွက်ရမယ့် အချက်များအနက် လာဘ်ပေးလာဘ်ယူမှုတွေကို ထိထိရောက်ရောက် တားဆီးထိန်းသိမ်းကြပါလို့ မှာကြားလိုပါတယ်။ တားဆီးထိန်းသိမ်းရာမှာ လာဘ်ပေးသူရော၊ လာဘ်ယူသူပါ တာဝန်ရှိတဲ့အလျောက် အမျိုးသားအကျင့်စာရိတ္တ မထိခိုက်အောင် ပြည်သူများအားလုံး ပါဝင်ထိန်းသိမ်း ပေးကြပါလို့ ပန်ကြားလိုပါတယ်။ ပြည်သူ့ဘဏ္ဍာ၊ လစာရယူပြီး ပြည်သူ့ဝန်ကို ထမ်းဆောင်ကြတဲ့ နိုင်ငံ့ဝန်ထမ်း၊ နိုင်ငံ့သားကောင်းများအနေနဲ့ အမျိုးသားရေးစိတ်ဓါတ်နဲ့ တစ်ဦးချင်း၊ တစ်ဌာနချင်းကောင်းအောင် ပြုပြင်ကြ ဆောင်ရွက်ကြပြီး တိုင်းပြည်နဲ့ လူမျိုးဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ရန် လိုအပ်နေပြီ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးယန္တရားတစ်ခုလုံး ပြန်လည်ကောင်းမွန်အောင် စိတ်ဓါတ်ကောင်းကောင်း၊ စည်းကမ်းကောင်းကောင်းနဲ့ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို စေတနာကောင်းကောင်းနဲ့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ရှိတဲ့ သန့်ရှင်းသော အစိုးရဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

(စာလုံးပေါင်းသတ်ပုံအချို့ ပြင်ဆင်ထားသည်မှလွဲ၍ သမ္မရုံးစာမျက်နှာတွင် ဖော်ပြထားသည့်အတိုင်း ပြန်လည်ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်) 

Tuesday, December 25, 2012

အစ မကောင်းခဲ့ပါလျှင်


ပဌမံ ပရာဇိတော သိပ္ပံ၊
ဒုတိယံ ပရာဇိတော ဓနံ။
တတိယံ ပရာဇိတော ဓမ္မံ၊
စတုတ္ထံ ကိံ ကရိဿတိ။

ပထမအရွယ်၌ အတတ်ပညာ မတတ်မြောက်ခဲ့ငြားအံ့။
ဒုတိယအရွယ်၌ ပစ္စည်းဥစ္စာ မစုဆောင်းမိငြားအံ့။
တတိယအရွယ်၌ တရားလက်လွတ် ဖြစ်နေငြားအံ့။
ထိုကဲ့သို့သော သူသည် စတုတ္ထအရွယ် သေခါနီးအချိန်တွင် အဘယ်အမှုကို ပြုနိုင်တော့မည်နည်း။

Monday, December 24, 2012

တွင်းထဲက ဖားသူငယ်


အပ္ပဿုတော သုတံ အပ္ပံ၊
ဗဟုံ မညတိ မာန၀ါ။
သိန္ဓူဒက မပဿန္တော၊
ကူပေ တောယံဝ မဏ္ဍုကော။

အကြားအမြင်နည်းသောသူသည် မိမိမှာ ရှိထားသည့် အကြားအမြင် အနည်းငယ်ကို အများကြီး ထင်နေတတ်၏။ ငါ တတ်လှပြီ၊ ငါ တော်လှပြီဟု မာနထောင်တတ်၏။ ဥပမာအားဖြင့် မဟာသမုဒ္ဒရာရေကို မမြင်ဖူးသော ဖားသူငယ်သည် တွင်းထဲက ရေကို အများကြီး ထင်နေသကဲ့သို့ ဖြစ်၏။

Saturday, December 22, 2012

ဒီမိုကရေစီ အခြေခံအင်္ဂါရပ်များ


ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်လာဖို့အတွက် မရှိမဖြစ် အခြေခံအင်္ဂါရပ်ကြီး ၅ ခု

၁။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်။ ပထမဆုံး အချက်က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတဲ့ အင်္ဂါရပ် ဖြစ်ပါတယ်။ လွတ်လပ်အားကောင်းတဲ့ မီဒီယာကသာလျှင် ပြည်သူလူထုကို သတင်းမှန်တွေ ပေးနိုင်မှာဖြစ်တယ်။ ပွင့်လင်းမြင်သာမှုကို အာမခံနိုင်မှာ ဖြစ်တယ်။ အာဏာရှင်စနစ်ဘက်ဆီသို့ နောက်ပြန် လျှောကျသွားမှုကို ကြိုတင်ဟန့်တား ကာကွယ်နိုင်မှာ ဖြစ်တယ်။

၂။ လွတ်လပ်စွာ စုဝေးခွင့်။ ဒုတိယ အင်္ဂါရပ်က လွတ်လပ်စွာ စုဝေးခွင့်။ အဲဒီ အခွင့်အရေးရှိမှသာ နိုင်ငံသားများဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို တွန်းအားပေးနိုင်ဖို့အတွက် လွတ်လပ်တဲ့ အသင်းအပင်း၊ အစည်းအရုံးများအတွင်း စုဝေးစည်းရုံးနိုင်ကြမှာ ဖြစ်တယ်။ အဲဒီ ၀န်းကျင်မျိုး ရှိမှသာ ငြိမ်းချမ်းပြီး သစ္စာရှိတဲ့ အတိုက်အခံ အင်အားစု တစ်စုက နိုင်ငံသားတွေကို စစ်မှန်တဲ့ ရွေးချယ်စရာတွေ ပံ့ပိုးပေးနိုင်မှာ ဖြစ်တယ်ဗျ။

၃။ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး။ တတိယ အင်္ဂါရပ်က တကယ့်ကို အနှစ်သာရ လွတ်လပ်မှုရှိတဲ့ ဈေးကွက်စီးပွားရေး စနစ်တစ်ခု ဖြစ်တယ်ဗျ။ အဲဒီစနစ် ထွန်းကားမှသာ နိုင်ငံသားတွေရဲ့ တီထွင် ဖန်တီးနိုင်မှု စွမ်းအားတွေ ထွက်ပေါ်လာပြီး အဲဒီကတစ်ဆင့် စည်ပင်ဝပြောမှု၊ အခွင့်အလမ်းနဲ့ စီးပွားရေးအရ နိုင်ငံတော် အစိုးရအပေါ် မှီခိုအားထားနေရမှုတွေ ထွက်ပေါ်လာမှာ ဖြစ်တယ်ဗျာ။

၎။ လွတ်လပ်တဲ့ တရားစီရင်ရေး။ စတုတ္ထအင်္ဂါရပ်က လွတ်လပ် အမှီအခိုကင်းတဲ့ တရားဥပဒေပြုရေးနဲ့ တရားစီရင်ရေးစနစ် ဖြစ်တယ်ဗျ။ လွတ်လပ်တဲ့ တရားရေးစနစ် အောက်မှာသာ တရားဥပဒေ စိုးမိုးမှု ရှင်သန်ထွန်းကားနိုင်မှာ ဖြစ်တယ်ဗျ။

၅။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်။ နောက်ဆုံး ပဉ္စမအင်္ဂါရပ်ကတော့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ဖြစ်တယ်ဗျ။ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိမှသာ ဘာသာအယူဝါဒချင်း မတူသူတွေအကြား တစ်ဦးအပေါ်တစ်ဦး လေးစားရိုသေမှု ပေါ်ပေါက်လာနိုင်ပြီး အဲဒီ လေးစားရိုသေမှုသည်သာ စာနာထောက်ထားမှုနဲ့ အရင်းခံ စိတ်ရှည်မှုတို့ ထွန်းကားရာ လူ့အဖွဲ့အစည်း တစ်ခုကို တည်ဆောက်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဆိုကြတယ်ဗျာ။

........ အဲဒီတော့ မြန်မာနိုင်ငံမှာ ပြည်သူနဲ့ အစိုးရဟာ ရည်မှန်းချက်တစ်ခုတည်းဆီသို့ ဦးတည်လျှောက်လှမ်းနေကြတဲ့ မိတ်ဖက် အင်အားစုကြီး နှစ်ခု ဖြစ်နေကြပြီလို့ ပြောနိုင်နေပြီ ဖြစ်တယ်ဗျာ။ စာရွက်ပေါ်ကနေ တူညီမှု လက်တွေ့နယ်ပယ်ထဲ တကယ် ရောက်လာ၊ မလာ ဆိုတာကိုတော့ အထက်မှာ ဖော်ပြခဲ့တဲ့ အခြေခံအင်္ဂါရပ်ကြီး ၅ ခုနဲ့ပဲ တိုင်းတာလို့ရမှာ ဖြစ်တယ်ဗျာ။ မီဒီယာလွတ်လပ်ခွင့် ဘယ်လောက်ရှိသလဲ။ ပြည်သူတွေ လွတ်လပ်စွာ စုရုံးခွင့် ရှိသလား။ အဲဒီ ပိုင်ခွင့်ကို ပြည်သူတွေ အသုံးပြုတဲ့အခါ အစိုးရရဲ့ တုံ့ပြန်မှုက ဘယ်လိုရှိသလဲ။ လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်ကို တကယ် ကျင့်သုံးသလား။ ဒါမှမဟုတ် အဲဒါကို ဟန်ပြကျင့်သုံးပြီး နောက်ကွယ်မှာ ဆွေးမျိုးမိတ်သင်္ဂဟ ကောင်းစားရေးဝါဒက လွှမ်းမိုးကြီးစိုး နေတုန်းပဲလား။ တရားရေးစနစ်အပေါ် ငွေ သို့မဟုတ် အာဏာက လွှမ်းမိုးဖိစီးထားတာမျိုး ရှိသလား။ လူနည်းစု ဘာသာဝင်တွေဟာ လူများစု ဘာသာဝင်တွေနဲ့ အခွင့်အရေး တန်းတူ ညီမျှမှု ရှိရဲ့လား။ အဲဒီ အခွင့်အရေးတွေ လောလောဆယ်များ အပြည့်အ၀ မရသေးဘူးဆိုရင်လည်း ရှေ့အလားအလာ ဘယ်လို ရှိသလဲဆိုတာတွေကို မျှော်မှန်းတွက်ချက် ကြည့်နေရမှာ ဖြစ်တယ်ဗျ။ ............. ...........။

[မောင်ဝံသ၊ ဒီမိုကရေစီ၊ ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၂၊ အမှတ် ၆၄ မှ ပြန်လည်ထုတ်နုတ် ကူးယူဖော်ပြပါသည်။] 

သိနိုင်ရာ အထောက်အထား


ဇလပ္ပမာဏံ ကုမုဒမာလံ၊
ကုလပ္ပမာဏံ ၀ိနယော ပမာဏံ။
ဗျတ္တိပမာဏံ ကထိတ၀ါကျံ၊
ပထ၀ီ ပမာဏံ တိဏမိလာတံ။

ရေ အတိမ်အနက်ကို ကြာရိုးကြာနွယ်ကိုကြည့်၍ သိနိုင်၏။
အမျိုးအနွယ် ကောင်း မကောင်းကို အကျင့်စာရိတ္တကို အကဲခတ်၍ သိနိုင်၏။
ပညာရှိ ဟုတ် မဟုတ်ကို ထိုသူ ပြောသောစကားကို ထောက်ချင့်၍ သိနိုင်၏။
မြေ ကောင်း မကောင်းကို မြက်များ ညှိုး မညှိုးကို ကြည့်၍ သိနိုင်၏။

Friday, December 21, 2012

ကျွန်တော့်အတွက် နောက်ဆုံးပို့စ်


ပို့စ်ခေါင်းစဉ်ကိုဖတ်ပြီး ဟိုတွေး ဒီတွေး မတွေးပါနဲ့ဗျာ။
ကျွန်တော်ကိုဉာဏ် ဘယ်နိုင်ငံကိုမှ ထွက်သွားဖို့ အစီအစဉ်မရှိသလို၊ ဘလော့ဂ်နယ်ပယ်ကနေလည်း ရှောင်ပြေးဖို့ အစီအစဉ် လုံးဝ (လုံးဝ) မရှိပါဘူး။
ကျွန်တော်ကိုဉာဏ် စာတွေ ဖတ်နိုင်နေသေးသမျှ၊ ကွန်ပျူတာသုံးနိုင်နေသေးသမျှ၊ အင်တာနက်ကွန်နက်ရှင်း ကောင်းနေသေးသမျှ၊ တွေးစရာရေးစရာတွေ ရှိနေသေးသမျှ၊ ဂူဂဲလ်ကလည်း ဘလော့ဂ်ဂါကို အခုလို အဆင်ပြေပြေ သုံးစွဲခွင့် ပြုနေသေးသမျှ ကာလပတ်လုံး စာတွေရေးနေဦးမှာပါ။

အမှန်အတိုင်းပြောရရင်တော့ မဆီမဆိုင် တစ်ကမ္ဘာလုံး သည်းသည်းလှုပ်ဖြစ်နေကြတဲ့ ကမ္ဘာပျက်မယ့်နေ့ ဆိုတဲ့ကိစ္စကို လှောင်ချင်တဲ့အတွက် ပို့စ်ခေါင်းစဉ်ကို စာဖတ်သူများ မြင်တဲ့အတိုင်း ပေးလိုက်တာဖြစ်ပါတယ်။

အရှေ့တိုင်းကလူတွေက ဟိုဟာဆန်တယ်၊ ဒီဟာဆန်တယ်လို့ အမြဲတမ်း နှိမ်ပြောပြောခဲ့တဲ့ အနောက်နိုင်ငံသားတွေဟာ အခုဖြစ်ရပ်မှာတော့ ဘယ်လိုဖြစ်ပြီး လက်တွေ့မဆန်ဘဲ ထိတ်လန့်ကြောက်ရွံ့နေကြသလဲဆိုတာ ကျွန်တော်တော့ ဉာဏ်မမီပေါင်ဗျာ။ သိပ္ပံသမား၊ လက်တွေ့ဝါဒီ၊ ရှေးရိုးစွဲမဟုတ်သူ စတဲ့စတဲ့ ဂုဏ်ပုဒ်တွေကို ကိုယ့်ဘာသာကိုယ်တပ်ပြီး လက်မ,ထောင်ခဲ့ကြတဲ့ နှာခေါင်းချွန်ကြီးတွေ၊ အသားနီကြီးတွေ၊ ကုလားဖြူကြီးတွေက လူမျိုးစုတစ်ခုရဲ့ ပြက္ခဒိန်တစ်ခုကြောင့် ကြောက်ရွံ့ထိတ်လန့် နေကြရတယ် ဆိုတာကတော့ သိပ်မနိပ်လှဘူး ထင်ပါတယ်ဗျာ။ မြင်ရတာ ကို့ရို့ကားယားနဲ့ ဟာသများ ဖြစ်နေသလားလို့ပါ။

ကျုပ်တို့အရှေ့တိုင်းကတော့ ရှင်းတယ်ဗျာ။ တရုတ်နိုင်ငံကဆို ကမ္ဘာပျက်မယ်ဆိုပြီး ၀ါဒဖြန့်တဲ့လူတွေကို ဖမ်းဆီးပြီး ထောင်တွေတန်းတွေ ချပစ်လိုက်သေး မဟုတ်လား။ ဂျပန်တို့၊ တောင်ကိုရီးယားတို့လည်း သူတို့ရွေးကောက်ပွဲတွေကို ကမ္ဘာပျက်တော့မှာမို့ မလုပ်တော့ပါဘူးဆိုပြီး ရပ်မထားကြပါဘူး။ ကျွန်တော့်ရွာက ကြီးတော်ကြီးဆိုရင်လည်း ကမ္ဘာပျက်တာတွေဘာတွေ မစဉ်းစားနိုင်အားပါဘူး။ သူ့ခမျာ စပါးရိတ်နေတဲ့ လင်တော်မောင် ကျွန်တော့်ဘကြီးကို နေ့လည်ထမင်း အမီပို့ဖို့အရေး ချက်ပြုတ်ကြော်လှော် နေလေရဲ့။ ကျွန်တော့်တူတွေ၊ တူမတွေလည်း မိုးလင်းကတည်းက လုပ်စရာရှိတာလုပ်ပြီး ကျူရှင်သွားကြ၊ ကျောင်းသွားကြပါပဲ။ သူတို့ကတော့ ပြောရှာပါတယ်... မြန်မာနိုင်ငံကလည်း မမိုက်လိုက်တာဗျာတဲ့။ အမေရိကန်မှာတောင် ကမ္ဘာပျက်မယ်ဆိုတဲ့ ကောလာဟလကြောင့် ကျောင်းတွေပိတ်ထားကြပြီတဲ့။ ကျွန်တော်တို့ကိုလည်း ကျူရှင်ပိတ်ပေးရင် ကောင်းမှာပဲတဲ့။

ဒီနေ့ဟာ....
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်၊ သောကြာနေ့။
မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် နတ်တော်လဆန်း ၈ ရက် ဖြစ်ပါတယ်။
တကယ်လို့များ ကမ္ဘာပျက်ခဲ့မယ်ဆိုရင် ကျွန်တော်တို့တွေရဲ့ နောက်ဆုံးနေ့ပေါ့ဗျာ။
မိတ်ဆွေအခုဖတ်နေရတဲ့ စာဟာ ဘ၀မှာ နောက်ဆုံးဖတ်ခွင့်ရတဲ့စာ ဖြစ်နိုင်သလို ကျွန်တော့်အတွက်လည်း နောက်ဆုံးရေးတဲ့စာ ဖြစ်နိုင်တာပါပဲ။
လောလောဆယ်တော့ ကမ္ဘာမပျက်သေးခင်ခဏ ကျွန်တော့်မိတ်ဆွေတွေကို ဖတ်ခွင့်ရအောင် ကျွန်တော်ရေးတင်ထားတဲ့ပို့စ်ကို အားပေးလိုက်ကြပါဦးလို့ ...............။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်၊ သောကြာနေ့။
နေ့လည် ၁၂ နာရီ ၀၅ မိနစ်တွင်ပြီး၏။





 (အပေါ်က ကာတွန်းက ကျွန်တော်အကြိုက်ဆုံး ကာတွန်းပါပဲဗျာ)

ကိုယ်ပိုင်မဟုတ်က အားမကိုးရ


ပေါတ္ထကေသု စ ယံ သိပ္ပံ၊
ပရဟတ္ထေသု ယံ ဓနံ။
ယတ္ထ ကိစ္စေ သမုပ္ပန္နေ၊
န တံ သိပ္ပံ န တံ ဓနံ။

ပေ၊ ပုရပိုက်၊ စာရွက်တို့ပေါ်က အတတ်ပညာသည်လည်းကောင်း၊
သူတစ်ပါးတို့လက်ထဲက ဥစ္စာသည်လည်းကောင်း၊
အဟုတ်တကယ် ပြုဖွယ်ကိစ္စ ရှိလာသောအခါ အတတ်ပညာအရာ မရောက်တော့ပေ။ ဥစ္စာအရာ မရောက်တော့ပေ။

Thursday, December 20, 2012

ပညာရှိ နှင့် လူမိုက်


အပုဋ္ဌော ပဏ္ဍိတော ဘေရီ၊
ပဇ္ဇုန္နော ဟောတိ ပုစ္ဆိတော။
ဗာလော ပုဋ္ဌော အပုဋ္ဌောပိ၊
ဗဟုမ္ပိ ဘဏတေ သဒါ။

ပညာရှိသည် အမေးမခံရသောအခါ စည်ကြီးကဲ့သို့ ဆိတ်ဆိတ်နေ၏။
အမေးခံရသောအခါတွင်ကား မိုးသည်းကြီး ရွာချသကဲ့သို့ ပြောဆိုတတ်၏။
လူမိုက်သည်ကား အမေးခံရသည်ဖြစ်စေ၊ အမေး မခံရသည်ဖြစ်စေ အခါခပ်သိမ်း ရောက်တတ်ရာရာ မြောက်မြားစွာ ပြောဆိုတတ်၏။

Wednesday, December 19, 2012

အဋ္ဌာရသ အတတ်ပညာများ


သုတိ သမ္မုတိ သင်္ချာ စ၊
ယောဂါနီတိ ၀ိသေသကာ။
ဂန္ဓဗ္ဗာ ဂဏိကာ စေ၀၊
ဓနု ဗေဒါ စ ပူရဏာ၊
တိကိစ္ဆာ ဣတိဟာသော စ၊
ဇောတိ မာယာ စ ဆန္ဒတိ။
ကေတု မန္တာ စ သဒ္ဒါ စ၊
သိပ္ပါဋ္ဌာရသကာ ဣမေ။

အကြားအမြင် အတတ်
ဓမ္မသတ် အတတ်
ဂဏန်းသင်္ချာ အတတ်
တံစည်းစူးဆောက် အတတ်
နီတိကျမ်း အတတ်
ယာယီ ယတြာ စသော ဗျာကရိုဏ်း အတတ်
စောင်းညှင်း စသော အတီးအမှုတ် အတတ်
လက်သစ် အတတ်
လေး အတတ်
ရှေးစကား အတတ်
ဆေး အတတ်
ရယ်ရွှင်မှု အတတ်
ဗေဒင် အတတ်
လှည့်ပတ်တတ်သော အတတ်
ဆန်းကျမ်း အတတ်
သံတမန် အတတ်
မန္တန် အတတ်
သဒ္ဒါကျမ်း အတတ်
ဤသည်ကား တစ်ဆယ့်ရှစ်ရပ်သော အတတ်တို့ပေတည်း။ 

Tuesday, December 18, 2012

ညှို့ မဂ္ဂဇင်း နှင့် မြန်မာ့အလင်းအာဘော်


ကျွန်တော့်စိတ်ထဲမှာ ကြိုတင်မျှော်လင့်ထားပြီးသားမို့ မအံ့သြပေမယ့် စိတ်ထဲမှာ ၀မ်းသာသွားမိတာတော့ အမှန်ပါပဲ။ သြော်.... မြန်မာ့အလင်းသတင်းစာမှာ ပါလာတဲ့ ဆောင်းပါးတစ်ပုဒ်အကြောင်းကို ပြောနေတာပါ။ ညှို့မဂ္ဂဇင်းကို ဖတ်ရကတည်းက အဲဒီလိုတော့ ဖြစ်လာနိုင်တယ်လို့ တွေးမိပါတယ်။ ရေးလည်းရေးသင့်တယ်လို့ ထင်မိလို့ပါ။ အဲဒီအတွက်လည်း မြန်မာ့အလင်းသတင်းစာက စာတည်းအဖွဲ့ကို ကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း ဒီနေရာကနေ မှတ်တမ်းတင်လိုက်ပါရစေ။ ကိုယ့်ရဲ့ ကြိုတင်မှန်းဆချက် မှန်ခဲ့တဲ့အတွက်လည်း ကျေနပ်မိတာကို ၀န်ခံပါတယ်။

တစ်ဦးနဲ့တစ်ဦး အမြင်အမျိုးမျိုး၊ ခံယူချက်အမျိုးမျိုးမို့ မင်းမှားတယ်၊ ငါမှန်တယ်လို့ ဒီနေရာမှာ အငြင်းမပွားလိုပါဘူး။ ကျွန်တော့်ရဲ့ မြန်မာ့သွေး စာဖတ်သူတွေအားလုံးဟာ အရွယ်ရောက်ပြီးတဲ့ ခေတ်ပညာတတ် လူငယ်တွေများတာမို့ ကိုယ့်အသိဉာဏ်နဲ့ကိုယ်၊ ကိုယ့်ဆင်ခြင်ဉာဏ်နဲ့ကိုယ် ဝေဖန်ပိုင်းခြားတတ်ကြလိမ့်မယ်ဆိုတာ လုံးဝ သံသယ မရှိမိပါဘူး။ အဲဒါကြောင့် ကျွန်တော်ကိုဉာဏ်ကတော့ ဒီလိုမြင်တယ်၊ ဒီလိုတွေးတယ်၊ ဒီလိုဝေဖန်တယ်လို့ မပြောလိုတော့ပါဘူး။ စာဖတ်သူတွေကပဲ နှိုင်းယှဉ်စဉ်းစားကြပါလို့ ပြောလိုပါတယ်။

ဒီနေရာမှာ ၀န်ခံချင်တာတစ်ခု ရှိပါတယ်။ မင်းလည်း အဲဒီမဂ္ဂဇင်းကို ဖတ်တာပဲ မဟုတ်လားလို့ မေးလာမယ့် လူတွေကိုပါ။ ဟုတ်ကဲ့ အမှန်အတိုင်း ကျွန်တော်ဝန်ခံပါတယ်။ အဲဒီမဂ္ဂဇင်းကို ကျွန်တော်ဖတ်ခြင်းသည် ဘာဗဟုသုတရမလဲ၊ ဘာပညာတွေ လေ့လာနိုင်မလဲဆိုတဲ့ စိတ်ကူးနဲ့ ဖတ်ခဲ့တာ မဟုတ်ပါဘူး။ ယောက်ျားတို့ရဲ့ တပ်မက်တဲ့စိတ်နဲ့ ဖတ်ခဲ့တာပါ။ ယောက်ျားတိုင်းကို ဆိုလိုတာမဟုတ်ပေမယ့် သာမန်ပုထုဇဉ်လူသား ယောက်ျားတစ်ဦးရဲ့ စိတ်ကိုဆိုလိုကြောင်း နားလည်ပေးစေလိုပါတယ်။ အဲဒီအတွက် ကျွန်တော် အဲဒီမဂ္ဂဇင်းကို မဖတ်ခဲ့ဘူးလို့ မငြင်းလိုပါ၊ ကြိုက်သလားဆိုရင် နှစ်ပိုင်းဖြေပါမယ်။ မြန်မာ့လူဘောင်အတွက် မကြိုက်ပါဘူး၊ ကျွန်တော့်အတွက်ကတော့ ယောက်ျားစိတ်နဲ့ ကြိုက်နှစ်သက်ကြောင်းပါ။ ဒါကြောင့် မကြိုက်ခြင်းသည် ကျွန်တော့်ဆင်ခြင်ဉာဏ်၊ ကျွန်တော့်ဦးနှောက်က မကြိုက်ခြင်းဖြစ်ပြီး၊ ကြိုက်ခြင်းကတော့ ကျွန်တော့်ရဲ့ တဏှာစိတ်၊ အကုသိုလ်စိတ်က ကြိုက်ခြင်းဖြစ်ကြောင်း အတိအလင်း ပြောလိုပါသည်ခင်ဗျား။

မြန်မာ့အလင်းသတင်းစာ၊ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်၊ စာမျက်နှာ ၁၀ ပါ ဆောင်းပါး (စာလုံးများကို သေချာမမြင်ရပါလျှင် မိမိစက်အတွင်းသို့ ဦးစွာသိမ်းယူပြီးမှ မြင်ကွင်းချဲ့၍ ဖတ်ရှုနိုင်ပါသည်။)


ညှို့ မဂ္ဂဇင်း Download ယူရန်။

ကျွန်တော့်သူငယ်ချင်းတွေ ပြောသည့်စကားတစ်ခွန်းကိုလည်း မမေ့မလျော့ ပြောလိုပါသေးသည်။ ကျွန်တော်က စာအုပ်ဆိုင်တွင် ညှို့မဂ္ဂဇင်းကို သွားဝယ်ရာ မရှိတော့ဘူးဟုပြောကြောင်း၊ ရောက်တာနဲ့ ချက်ချင်းကုန်သွားသည်ဟု ဆိုင်မှပြောလိုက်သည့်အကြောင်းကို ပြောပြဖြစ်ပါသည်။ ထိုအခါ သူငယ်ချင်းများက အကြံပေးပါသည်။ အဲဒီမဂ္ဂဇင်းကို စာအုပ်ဝယ်ပြီး သို့မဟုတ် ငှားပြီး ဖတ်ဖြစ်အောင် ဖတ်ပါတဲ့။ အွန်လိုင်းမှာတင်ထားတဲ့ PDF ဖိုင်ထက် အများကြီး ပိုလန်းသည်ဟု ဆိုပါသည်။ ဟုတ်မဟုတ် စာအုပ်မူရင်းနှင့် ဖတ်ဖူးသူများက ပိုသိပါလိမ့်မည်။ ကျွန်တော်ကတော့ ယခုအချိန်အထိ PDF ဖိုင်ဖြင့်သာ ဖတ်ဖူးသေးကြောင်းပါခင်ဗျား။

မြန်မာအွန်လိုင်းရပ်ဝန်း ထုံးစံအတိုင်း ထိုမဂ္ဂဇင်း၏ မူလတင်ပေးသူသည် မည်သူမှန်း မသိတော့ပါ။ တစ်ယောက်တစ်ဆင့်ဖြင့် ကူးယူဖြန့်ဝေလာခဲ့ရာ ဟိုလူကလည်း သူတင်ခဲ့သလိုလို၊ ဒီလူကလည်း သူတင်ခဲ့သလိုလိုမို့ ဘယ်သူတင်ခဲ့ကြောင်းကို ကျွန်တော်သေချာမသိပါ။ သို့သော် အထောက်အထား အချက်အလက် အချို့အရ နှာသခင် (ဒို့တဏှာအစည်းအရုံး) က တင်တာလို့ သိရပါတယ်။ ဘယ်သူမှန်း မသိပေမယ့် အွန်လိုင်းမှာ ဖတ်ခွင့်ရအောင် လုပ်ပေးခဲ့တဲ့အတွက်တော့ ကျေးဇူးတင်လိုက်ပါတယ်ဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်၊ အင်္ဂါနေ့။
နံနက် ၆ နာရီ ၆၉ မိနစ်တွင်ပြီး၏။ 

ဖြည်းဖြည်း ဖြည်းဖြည်းပြု


သိံနေ သိပ္ပံ သိံနေ ဓနံ၊
သိံနေ ပဗ္ဗတမာရုဟံ။
သိံနေ ကာမဿ ကောဓဿ၊
ဣမေ ပဉ္စ သိံနေ သိံနေ။

အတတ်ပညာကို ဖြည်းဖြည်း သင်ရာ၏။
ပစ္စည်းဥစ္စာကို ဖြည်းဖြည်း ရှာရာ၏။
တောင်တက်သော သူသည် ဖြည်းဖြည်း တက်ရာ၏။
ကာမကိစ္စကို ဖြည်းဖြည်း ပြုကျင့်ရာ၏။
အမျက်ကို ဖြည်းဖြည်း ထွက်ရာ၏။
ဤအချက် ငါးချက်တို့ကို ဖြည်းဖြည်း ဖြည်းဖြည်းသာ ပြုကျင့်ရာ၏။

 
Web Statistics