Tuesday, December 04, 2007

မြန်မာဘောလုံးအသင်းအပေါ် ဝေဖန်ချက်


အစကတော့ မရေးတော့ဘူး နေတာပါပဲ။ ပထမဆုံးပွဲ ထိုင်းကို ရှုံးတဲ့နေ့ကတည်းက ရေးချင်တာမှ လက်ကို ယားနေတာပါပဲ။ ဒါပေမယ့် ထိုင်းက အိမ်ရှင်လည်း အိမ်ရှင်၊ သူ့ပရိသတ်ကလည်း ကွင်းလုံးပြည့်ဆိုတော့ တို့မြန်မာ အသင်း ဒီလောက်တော့ ရှိမှာပေါ့လို့ ဖြေတွေးလေးတွေးလိုက်ပါတယ်။ နောက်ပွဲတွေတော့ ပွဲကြီးပွဲကောင်းပေါ့လေ။ အတွေးနဲ့ ရူးမိတာ ပြောပါတယ်။ ကိုယ့်မြန်မာအသင်းဆိုတော့လည်း အားပေးချင်ပါတယ်။ နိုင်စေချင်ပါတယ်။ ဒီအတွက် တွေ့တာကို တွေ့သလို၊ မြင်တာကို မြင်သလို ဝေဖန်ဆွေးနွေးအကြံပေးချင်ပါတယ်။ မြန်မာအသင်း အောင်မြင်တဲ့အခါ အောင်မြင်တဲ့အတွက် ၀မ်းသာကြောင်း၊ ဂုဏ်ယူကြောင်း စသည်ဖြင့် ချီးကျူး ရေးသားမှုတွေကို ကျွန်တော်တို့ မြန်မာ့သွေးက လုပ်ခဲ့ပါတယ်။ ထို့အတူ မကောင်းတာကိုလည်း မကောင်းတဲ့အကြောင်း ပြောခြင်းဟာ မည်သူတစ်ဦးတစ်ယောက်ကိုမှ နစ်နာစေချင်လို့၊ စော်ကားချင်လို့ မဟုတ်ကြောင်း ရဲရဲကြီးပြောရဲပါတယ်။ ကျွန်တော်တို့ စိတ်ထဲမှာ မြန်မာအသင်းနိုင်စေချင်တဲ့ စိတ်တစ်ခုပဲ ရှိပါတယ်။ ဒါလေးကို ကြိုပြောပါရစေ။
-
မြန်မာ နှင့် ထိုင်း ပွဲအပေါ် သုံးသပ်ချက်
အိမ်ရှင်ဖြစ်တဲ့ ထိုင်းအသင်းနဲ့ ပွဲဦးထွက်ကစားရခြင်းဟာ မြန်မာအသင်းအတွက် ခက်ခဲတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ နဂိုကတည်းက ပြိုင်ဆိုင်မှုကြီးမားတဲ့ အသင်းနှစ်သင်းရဲ့ ပွဲဦးထွက်ဟာ နှစ်ဦးနှစ်ဖက်အတွက် ခက်ခဲမှာ မလွဲမသွေပါပဲ။ ဒါပေမယ့် ထိုင်းတို့ဟာ အဲဒီခက်ခဲမှုကို အမြတ်ထုတ်သွားပါတယ်။ သူတို့တွေဟာ မြန်မာအသင်းကို နိုင်ပြီးသားလို့တွက်ထားတယ်ဆိုတာ ဗေဒင်မေးစရာမလိုပါဘူး။ မြန်မာတွေ ကမ္ဘောဒီးယားကို မကြောက်သလိုပါပဲ။ အခြေအနေအရပ်ရပ်ကြောင့်သာ မြန်မာနဲ့ထိုင်းဟာ အငြိုးကြီးတဲ့ ပြိုင်ဖက်တွေ ဖြစ်နေရပေမယ့် မညှာတမ်းဝေဖန်ရရင် ဘောလုံးပညာအရ မြန်မာတို့ ထိုင်းကိုနိုင်ဖို့ နောက်ထပ် အနှစ် ၂၀ လောက် လိုက်ရပါလိမ့်မယ်။ ကျွန်တော်ပြောတာ လွန်လွန်းတယ်ထင်ရင် စောင့်ကြည့်ပါဦးလို့သာ ကျွန်တော်က ပြောချင်ပါတယ်။
ပြိုင်ပွဲကို ဆက်ရရင် အိမ်ရှင်ထိုင်းအသင်းဟာ ပရိသတ်အား၊ အိမ်ကွင်းအားကိုးနဲ့ အစစ အသာစီးက ကစားသွားခဲ့ပါတယ်။ ဘောလုံးပညာမှာ မြန်မာတို့ ထိုင်းကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။ ထိုင်းဖက်က ရှေ့တန်းတိုက်စစ်မှူးတွေသာ ရတဲ့အခွင့်အရေးအကုန်ကို အသုံးချနိုင်ခဲ့မယ်ဆိုရင် အနည်းဆုံး ၆ ဂိုး ၇ ဂိုး ပြတ်မယ့် ပွဲဖြစ်ပါတယ်။ အဲဒီပွဲမှာ မြန်မာအသင်းတစ်သင်းလုံး ဘာစိတ်ဓာတ်မှမရှိဘဲ ကစားခဲ့တယ်ဆိုရင် ကျွန်တော့်ကို နှာခေါင်းရှုံ့ကြပါဦးမယ်။ နည်းပြကလည်း ကျွန်တော်တို့ မျှော်မှန်းအထင်ကြီးထားသလောက် လုပ်မပြနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းကျမှ လူစားလဲခဲ့တဲ့ ၃ ဦးလုံး မှန်ကန်ခဲ့တာကလွဲရင် သူ့ရဲ့ ဗျူဟာက ဘာမှ စွဲမက်လောက်စရာ၊ လေးစားလောက်စရာ မရှိခဲ့ပါဘူး။ အနိုင်ရလိုစိတ်မရှိသော မြန်မာအသင်း၊ ကြိုးစားလိုစိတ်မရှိသော မြန်မာအသင်း၊ စိတ်ကြီးဝင်နေသော မြန်မာအသင်း၊ ပျော့ညံ့သောမြန်မာအသင်း၊ တိုက်စိတ်ခိုက်စိတ် ပျောက်ဆုံးနေသော မြန်မာအသင်း၊ ယုံကြည်မှုပျောက်ဆုံးနေသော မြန်မာအသင်း၊ ဦးဆောင်မည့်သူ မရှိသော မြန်မာအသင်း ရဲ့ ကစားပုံကို ကြည့်ခဲ့ရတဲ့ ကျွန်တော်ဟာ ဘောလုံးပွဲ ကြည့်နေတဲ့ တစ်ချိန်လုံး စိတ်ဆင်းရဲခြင်း ကြီးစွာနဲ့ အကုသိုလ်တွေ ပွားခဲ့ရပါတယ်။
ကျွန်တော်မြင်သလို ပြောရရင် အဲဒီနေ့ကပွဲအတွက် နည်းပြဟာ အနိုင်အတွက် ပြင်ဆင်ထားခြင်း မရှိတာ သေချာပါတယ်။ သူ့အတွက် အမြင့်ဆုံးမျှော်လင့်ချက်က သရေ တစ်မှတ် ဖြစ်ပါတယ်။ အိမ်ရှင်ကို ငါတို့ ရှုံးဖို့ များပါတယ်ဆိုတဲ့ အတွေးတွေဟာ သူ့ခေါင်းထဲမှာတင်မဟုတ်ဘဲ အသင်းသားတွေအားလုံးရဲ့ စိတ်ထဲမှာပါ စွဲနေတာ အတော်ကို ဆိုးဝါးပါတယ်။ သရေကျရင်ကို ငါတို့အတွက် အတော်ကြီးဟုတ်နေပြီဆိုတဲ့ စိတ်နဲ့ ကစားနေကြတဲ့ မြန်မာအသင်းကို ကြည့်ရတာ ဘယ်လောက်များ စိတ်ဆင်းရဲစရာ ကောင်းသလဲလို့ တွေးကြည့်စမ်းပါဗျာ။ ဘယ်လောက်ပဲ အသင်းငယ်လေးဖြစ်ပါစေ နိုင်လိုစိတ်အပြည့်၊ စိတ်ဓာတ်အပြည့်နဲ့ အနိုင်မခံ အရှုံးမပေးဘဲ ကန်သွားတဲ့ ပွဲစဉ်တွေ အများကြီးရှိပါတယ်။ အင်္ဂလန်ပရီးမီးယားလိဂ်မှာပဲကြည့်ကြည့်၊ အီတလီ စီးရီးအေမှာပဲကြည့်ကြည့်၊ စပိန် လာလီဂါမှာပဲ ကြည့်ကြည့်၊ ကမ္ဘာ့ဖလားမှာပဲ ကြည့်ကြည့်ပါ။ အဓိက အကျဆုံးက အောင်လိုစိတ်ပြင်းထန်မှုဖြစ်ပါတယ်။ ဘောလုံးပညာမှာ ထိုင်းကို မြန်မာအသင်း ယှဉ်နိုင်ချင်မှ ယှဉ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာတော့ ဘာမှ မယှဉ်နိုင်စရာ မရှိပါဘူး။ စိတ်ဓာတ်အပြည့်နဲ့သာ ကစားမယ်ဆိုရင်ဗျာ.........။ ကျွန်တော်က နိုင်လို့ ရှုံးလို့ ပြောနေတာ မဟုတ်ပါဘူး။ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်မရှိဘဲ ကစားနေကြတာကို မခံချင်လွန်းလို့ပါ။ အရင်တုန်းက ကြည့်ခဲ့ရတဲ့ သန်းတိုးအောင် တို့၊ ၀င်းအောင် တို့၊ မျိုးလှိုင်ဝင်းတို့၊ စိုးနိုင်တို့၊ အောင်ကျော်ကျော် တို့ကို သတိရတယ်လို့ ပြောရင် ချီးခြောက်ကို ရေနှူးတယ်လို့ ပြောကြပါဦးမယ်။ အဲဒီတုန်းကလည်း မြန်မာတွေ ရှုံးခဲ့ကြတာပါပဲ။ ဒါပေမယ့် အားလုံးက အဲဒီအရှုံးကို လက်ခံပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လက်ခံပါတယ်။ ရှုံးပေမယ့် မြန်မာအသင်းသားတွေအားလုံး ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ရေကုန်ရေခမ်း စိတ်ဓာတ်အပြည့်နဲ့ ယှဉ်ပြိုင် ကစားခဲ့တယ်ဆိုတာကို ကျွန်တော်တို့ မြင်ကြရပါတယ်။ သူတို့ရဲ့ အားထုတ်မှုကို အသိအမှတ်ပြုပါတယ်။
အားလုံးသိတဲ့အတိုင်း အဖွင့်ပွဲစဉ်မှာ မြန်မာအသင်းဟာ ထိုင်းတို့ကို ၃ ဂိုး ၂ ဂိုး နဲ့ အရှုံးပေးခဲ့ရပါတယ်။ ပေးလိုက်ရတဲ့ ၃ ဂိုးဟာ ဘာမှကို မပေးသင့်တဲ့ ဂိုးတွေ ဖြစ်ပါတယ်။ ခေါင်းတိုက်ပြီး သွင်းသွားတဲ့ ဒုတိယဂိုးကို ပေးမယ်ဆိုရင် ပေးလို့ရပါတယ်။ ဒါတောင် မြန်မာနောက်ခံလူသာ လူကပ်ကစားခဲ့ရင် အဲဒီ တိုက်စစ်မှူး ခေါင်းတိုက်ခွင့် ရခဲ့မှာ မဟုတ်ပါဘူး။
ပထမဂိုးကို ဘယ်တောင်ပံက ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို မြန်မာနောက်ခံအလယ်လူက ခေါင်းတိုက်ပြီး ဖျက်ပါတယ်။ ဒါပေမယ့် ချော်လဲနေတာနဲ့ ခေါင်းနဲ့မထိပါဘူး။ အဲဒီဘောလုံးက ရှေ့တန်းလူ ၀ီနိုထိုင်းဆီကို တည့်တည့်မတ်မတ် လွတ်လွတ်ကျွတ်ကျွတ်ကို ရောက်ပါတယ်။ မဂိုးမရှိပေါ့ခင်ဗျာ။
ဒုတိယဂိုးက ထောင့်ကန်ဘောတင်ပေးတာကို ခေါင်းတိုက်သွင်းသွားတာဖြစ်ပါတယ်။ လူကပ်ခံထားရခြင်း မရှိဘဲ လွတ်လွတ်ကျွတ်ကျွတ်ကို တိုက်သွားတာပါ။ ခေါင်းတိုက်သွားတာကတော့ အတော်ကို ကောင်းပါတယ်။
တတိယဂိုးကတော့ ပြစ်ဒဏ်ဘောတင်ပေးလိုက်တဲ့ ဘောလုံးကို မြန်မာနောက်ခံလူနှစ်ဦးက အပြိုင်လုရင်း အသင်းခေါင်းဆောင် (နံပါတ် ၅) နဲ့ ထိပြီး ဂိုးပေးလိုက်ရတာ ဖြစ်ပါတယ်။
၃ ဂိုးပေးလိုက်ရပြီးတဲ့နောက် ကစားခဲ့တဲ့ ၁၀ မိနစ်လောက်ဟာ မြန်မာအသင်းရဲ့ အကောင်းဆုံး ကစားခဲ့တဲ့ အချိန်ပဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ထိုင်းတွေ အတော်ကို ကယောက်ကယက်ဖြစ်သွားတဲ့အထိ မြန်မာတို့ကို ခုခံ ကစားခဲ့ရပါတယ်။ ဒါကြောင့်လည်း ချေပဂိုး ၂ ဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြရဲ့ ပွဲအပေါ် သုံးသပ်ပုံ၊ နည်းစနစ်ချပေးပုံကို နားမလည်နိုင်အောင် ဖြစ်ရပါတယ်။ ရှုံးနေတာသိရက်နဲ့ ဘာကြောင့် ခံစစ်ကိုပဲ ဆက်ကစားစေသလဲဆိုတာကို စဉ်းစားလို့ မရပါဘူး။ သူ့စိတ်ထဲမှာ ဂိုးမပြတ်တာကို အတော်ပျော်နေပုံပါပဲ။
ထိုင်းအသင်းဟာ အရှေ့တောင်အာရှရဲ့ အသင်းကြီးတစ်သင်း ပီပီသသပါပဲ။ ရထားတဲ့ အနိုင်ကို ရအောင် ထိန်းကစားသွားခဲ့ပါတယ်။
မြန်မာအသင်းရှေ့တန်းလူ စည်သူဝင်းဟာ ဘာကြောင့် မြန်မာအသင်းမှာ ၀င်ကန်နေသလဲလို့ စဉ်းစားမိလောက်အောင် တစ်ကိုယ်ကောင်းဆန်တာကို တွေ့ရပါတယ်။ သူ့ဆီကို ရသမျှဘောလုံးတွေကို လုံးဝ ဖြန့်ခင်းပေးခြင်း မရှိပါဘူး။ ၀င်နိုင်မှန်းမသိ၊ မ၀င်နိုင်မှန်းမသိဘဲ ငါ့ဆီရောက်ရင် ဂိုးထဲကို လှမ်းကန်ရမယ် ဆိုပြီးများ သင်ပေးထားသလားတော့ မသိပါ။ တစ်ဖက်မှာ နေရာယူထားတဲ့ မိမိလူတွေကိုသာ ချပေးမယ်၊ ဖြန့်ပေးမယ်ဆိုရင် သေချာပေါက်ရနိုင်မယ့် ဂိုးတွေ အများကြီးဖြစ်ပါတယ်။
မြန်မာ ညာနောက်ခံလူ ဟန်ဝင်းအောင် ကို ဘယ်လိုကြောင့် ပထမဦးစားပေးကစားစေသလဲဆိုတာကို တွေးမိပါတယ်။ ဘယ်လိုမှ ထိန်းမကစားတတ်တဲ့၊ လူမကပ်တတ်တဲ့၊ အမှားများတဲ့ သူ့ကို စောစောစီးစီးသာ လူစားလဲခဲ့ရင် မြန်မာအသင်း ရှုံးစရာ မရှိဘူးလို့ မြင်မိပါတယ်။ ထိုင်းနဲ့ပွဲမှာ တစ်ချိန်လုံး သူ့ဖက်ကပဲ ထိုးဖောက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ကစားကွက်နဲ့ အံမ၀င်သလို ဘောလုံး အမြင်လည်း မရှိပါဘူး။
မြန်မာအသင်းရဲ့ အဓိက လိုအပ်ချက်ဟာ ကွင်းလယ်မှာ ဖန်တီးပေးမယ့်ကစားသမားနဲ့ ကွင်းလယ်အဖျက် ကစားမယ့်လူ မရှိတာပါပဲ။ သန်းတိုးအောင်တို့၊ ကြည်လွင်တို့ ကစားခဲ့တဲ့ မြန်မာအလယ်တန်းကို လွမ်းမိပါတယ်။
အဓိက အကျဆုံးကတော့ မြန်မာတွေဟာ ဘောလုံးကို ခြေထောက်နဲ့ပဲ ကစားနေခြင်းဖြစ်ပါတယ်။ အဲဒါဟာ အတော်ကို အရေးကြီးပါတယ်။ ဟ... ဘောလုံးကို ခြေထောက်နဲ့ မကန်လို့ ဘာနဲ့ ကန်ရမှာလဲလို့ မေးစရာ ရှိပါတယ်။ ဘောလုံးကို ခြေထောက်နဲ့ကန်တာဟာ လမ်းလျှောက်တတ်စကလေးကိုတောင် ကန်ခိုင်းလို့ ရပါတယ်။ ဘောလုံးဟာ ခေါင်းနဲ့ ကန်ရတာ ဖြစ်ပါတယ်။ ခေါင်းနဲ့ ဘောလုံး မကန်သမျှ မြန်မာတွေ ဘယ်တော့မှ နိုင်မှာမဟုတ်ပါဘူး။ တစ်ခါလာလည်း ကလေးကွက်၊ တစ်ခါလာလည်း ၀မ်းတူးလေးရိုက်ရုံနဲ့ ဘယ်တော့မှ အာရှအဆင့်ကိုတောင် ရောက်မှာ မဟုတ်ပါဘူး။ ဘောလုံးပွဲကို ကြည့်နေရင်းနဲ့ ဒီကစားသမားတွေ ဘယ်လိုများ နိုင်ငံ့လက်ရွေးစင်ဖြစ်ကြပါလိမ့်ဆိုပြီး တွေးမိတာ ခဏခဏပါ။ ပါးစပ်ကလည်း ထုတ်ပြောမိပါတယ်။ ကျွန်တော်တို့ မြို့မှာ အဲဒီကစားသမားတွေထက် ကောင်းတာတွေ အများကြီးရှိပါတယ်။ နယ်က ဖြစ်တဲ့အတွက် အဆက်အသွယ်မရှိ၊ အခွင့်အရေးမရှိနဲ့ မီးခဲပြာဖုံး ဖြစ်နေကြတာပါ။ အဲဒီလို လူငယ် ကစားသမားတွေ မြန်မာနိုင်ငံမှာ ဘယ်လောက်တောင် ရှိမလဲဆိုတာ ကျွန်တော် မပြောနိုင်ပါဘူး။
နောက်ဆုံး သုံးသပ်ရရင်တော့ ထိုင်းအသင်းကို မြန်မာအသင်း ရှုံးပါတယ်။ ဒါပေမယ့် ဘာခံစားချက်မှ မဖြစ်ပါဘူး။ နဂိုကတည်းက မနိုင်ချင်တဲ့ မြန်မာအသင်းအတွက် အဲဒီအရှုံးဟာ ဘာမှလည်း အရေးပါမှာ မဟုတ်ပါဘူး။ သူတို့စိတ်ထဲမှာလည်း ဘာမှ အဲဒီအတွက် ရှိမှာမဟုတ်ပါဘူး။ နဂိုကတည်းက အရှုံးနဲ့ ကစားခဲ့တဲ့ အတွက် ရှုံးတာဟာ ဘာမှ ဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ မြန်မာတွေ အဖက်ဖက်က ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။
-
---
---------------------------------------------------------------------------------------------------
အင်ဒိုနီးရှား နှင့် မြန်မာပွဲအပေါ် သုံးသပ်ချက်
ပွဲရလဒ်.............. အင်ဒို ၀း ၀ မြန်မာ
ထိုင်းနဲ့ပွဲမှာ မညှာမတာသုံးသပ်ခဲ့တဲ့ ကျွန်တော့်သုံးသပ်ချက်တွေ မမှားဘူးဆိုတာ သေချာစေခဲ့တဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။ ပွဲအကြောင်းကို မပြောခင် ထပ်ပြောချင်ပါသေးတယ်။ မြန်မာအသင်းမှာ အောင်မြင်မှုကို ဆာလောင်မွတ်သိပ်သောစိတ်၊ တိုက်ပွဲဝင်စိတ်၊ ယုံကြည်မှု၊ အောင်လိုစိတ် ပျောက်ဆုံးနေပါတယ်။ နည်းပြဆရာကလည်း မှန်ကန်တဲ့ နည်းဗျူဟာ၊ စိတ်ဓာတ်တွေကို ချမှတ်ပေးနိုင်ခြင်း မရှိပါဘူး။
ဒီပွဲကို မကစားခင် အခြေအနေကို ဦးစွာတင်ပြလိုပါတယ်။ မြန်မာအသင်းဟာ ပွဲဦးထွက်မှာ ထိုင်းအသင်းကို ရှုံးနိမ့်ထားပါတယ်။ ရမှတ် မရှိ ဖြစ်ပါတယ်။ အင်ဒိုအသင်းကတော့ အဖွင့်ပွဲစဉ်မှာ ကမ္ဘောဒီးယားကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားပြီး ၃ မှတ် ရရှိထားပါတယ်။ ဂိုးကွာခြားချက်အသာနဲ့ အုပ်စုကို ဦးဆောင်နေပါတယ်။ ဒါကိုကြည့်ခြင်း အားဖြင့် မြန်မာအသင်းအနေနဲ့ နောက်တစ်ဆင့် တက်ဖို့အတွက် ဒီပွဲဟာ လွန်စွာ အရေးပါပါတယ်။ ကမ္ဘောဒီးယားနှင့်ပွဲကို ထည့်စဉ်းစားစရာ မလိုပါ။ ကမ္ဘောဒီးယားကို မြန်မာ၊ ထိုင်း၊ အင်ဒို သုံးသင်းစလုံးက အနိုင်ရမည်ဆိုသည်ကို အားလုံး သိပြီးဖြစ်ပါသည်။ ကန်စရာမလိုပါ။ ဆိုလိုသည်က မြန်မာတွေအတွက် အနိုင်သာ လိုအပ်ပါသည်။ ထိုပွဲနိုင်လျှင် အုပ်စုမှ သေချာပေါက်တက်ပြီဖြစ်ပါသည်။ ရှုံးနိမ့်လျှင် အုပ်စုအဆင့်မှ အောင်ဖျာလိပ်ရမည်ဖြစ်ပါသည်။ သရေကျလျှင် အုပ်စုနောက်ဆုံးပွဲစဉ်တွင် သူများကန်သည်ကို ရင်တမမနှင့် စောင့်ရပါမည်။ ထိုအခြေအနေမျိုးတွင် မည်သို့ကန်ရမည်ဆိုသည်ကို ဘောလုံးပညာတွင် ကကြီးခခွေး အဆင့်သာရှိသော ကျွန်တော်သည်ပင် စဉ်းစားနိုင်ပါသည်။ သို့သော် မြန်မာအသင်းကစားသွားပုံကိုကြည့်ရတော့ နည်းပြဆရာအပေါ်တွင် များစွာ သံသယ၀င်မိပါသည်။ မည်သည့် အတွက်ကြောင့် ခံစစ်ဦးစားပေးကစားပြီး တန်ပြန်တိုက်စစ်ကိုသာ ကစားစေခဲ့သည်ကို နားမလည်နိုင်ပါ။ ထိုကစားပုံသည် အင်ဒိုနီးရှားအသင်းအတွက် အချိုပေါ်သကာလောင်းဖြစ်ပါသည်။ မြန်မာက အုပ်စု နောက်ဆုံး ပွဲစဉ်ကို ကမ္ဘောဒီးယားနှင့် ကန်ရမည်ဖြစ်ပါသည်။ အင်ဒိုက ထိုင်းနှင့်ကစားရမည်ဖြစ်ပါသည်။ ထို့အတွက် ချန်ခြင်းချန်လျှင် အင်ဒိုကသာ နောက်ဆုံးပွဲအတွက် ချန်ကစားရပါလိမ့်မည်။ သို့သော် မြန်မာတွေ ခြေထောက်ဖြင့်သာ ဘောလုံး ကန်ခဲ့ကြပါသည်။ အင်ဒိုအသင်း၏ ကစားကွက်အောက်တွင် မြန်မာတွေ မရုန်းနိုင်ခဲ့ကြပါ။
ပြိုင်ပွဲမစတင်မီက မီဒီယာများက ဘရာဇီးလ်နည်းပြလက်ထက်တွင် မြန်မာအသင်း၏ ကစားပုံသည် အတော်ကို ကောင်းမွန်လာသည်ဟု ရေးသားကြသည်ကို ဖတ်ရသောအခါ ကျွန်တော် အတော်ကို သဘောကျမိသလို၊ နည်းပြကိုလည်း အထင်ကြီးမိပါသည်။ နယ်မှဖြစ်သည့်အတွက် ရန်ကုန်က သူတို့ ခြေစွမ်းကို အကဲခတ်ခွင့် မရသလို မြည်းစမ်းခွင့်လည်း မရခဲ့ပါ။ ဂျာနယ်များကိုသာ အားကိုးပြီး မြင်ယောင်ခဲ့ရပါသည်။ ယခု ကြည့်မိတော့မှ ဘယ်နားက ကစားကွက်ကို ပြောနေမှန်း မသိပါ။ ညံ့လိုက်သည့် လူပေးပုံ၊ အသုံးမကျလိုက်သည့် ကစားကွက်ဖန်တီးမှု၊ ဘာမှမပြောင်မြောက်သည့် ဘောလုံး ဖြန့်ခွဲမှုတို့ဖြင့် မက်လောက်စရာ ကစားကွက် တစ်ခုမှ မတွေ့ခဲ့ရပါ။ ထို့အပြင် တစ်ဖက်အသင်းမှ အသည်းအသန် ထိန်းရသည့် ပါရမီရှင် ကစားသမားလည်း တစ်ဦးမျှ မတွေ့ရပါ။ အားမနာတမ်း ဝေဖန်ရလျှင် ဘောလုံးအခြေခံကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်သည့် ကစားသမားဟူ၍ တစ်ဦးတစ်ယောက်ကိုမျှ မမြင်မိပါ။ နိုင်ငံကို ကိုယ်စားပြု ကစားနေကြသည့် ကစားသမားများတောင်မှ ဤသို့ဆိုလျှင် တစ်နိုင်ငံလုံးက အခြားကစားသမားများလည်း ဒီထက်ဆိုးမှာပေါ့ဟု ပြောစရာဖြစ်လာပါတော့မည်။ ယခုဘောလုံးအသင်းမှ ၅၀ ရာခိုင်နှုန်းခန့်သည် နိုင်ငံ့လက်ရွေးစင်အဆင့်အတန်းမရှိပါဟု ကျွန်တော်က ရဲရဲဝံ့ဝံ့ဆိုချင်ပါသည်။ ခေါင်းနှင့်ဘောလုံးကန်သော ကစားသမား တစ်ဦးစနှစ်ဦးစသာ တွေ့ပါသည်။
ပထမထိုင်းနှင့်ပွဲတွင် အမှားများခဲ့သော ညာအစွန်နောက်ခံလူ ဟန်ဝင်းအောင်ကို ဘာကြောင့် ပထမဦးစားပေး ကစားခွင့်ပေးခဲ့သည်ကို ဘယ်လိုမှ နားမလည်နိုင်ပါ။ ယခုပွဲစဉ်တွင်လည်း နည်းပြမှားတာလောက်တော့ သူက ရယ်တာပေါ့ ဆိုသည့်အလား အမှားများစွာကို လုပ်ပြခဲ့ပါသည်။ နောက်ဆုံး အနီကတ်ဖြင့် ကွင်းအတွင်းမှ ထွက်ခဲ့ရသည်အထိပင် ဖြစ်ပါသည်။ နောက်ပွဲများတွင် ပါဝင်ကစားခွင့်မရတော့ဟု သိသည့်အတွက် တစ်ဖက်မှ ၀မ်းသာမိပါသည်။ ကျွန်တော့်မှာသာ အခွင့်ရှိလျှင် ထိုအနီကတ်ကို မြန်မာနည်းပြဆရာအား ပြသမည် ဖြစ်ပါသည်။ ဟန်ဝင်းအောင်သည် ကျွန်တော်မြင်သလောက်တော့ ညာနောက်ခံလူနေရာတွင် လုံးဝ မကစားတတ်ပါ။ လူကပ်ခြင်း၊ ဘောလုံးဖျက်ထုတ်ခြင်း၊ ကစားကွက်ဖော်ခြင်း၊ တောင်ပံတိုက်စစ်တွင် လိုက်ပါခြင်းတို့ကို လုံးဝ ကျွမ်းကျင်ခြင်း မရှိပါ။ တစ်ဖက်ရှေ့တန်းက ဂိုးဧရိယာထိပ်နား ရှိနေချိန်တွင် သူက ကွင်းလယ်တွင် ရောက်ချင်ရောက်နေတတ်ပါသည်။ ပြီးမှ အသည်းအသန်ပြန်လိုက်ပြေး၊ နောက်ကနေ လျှောထိုးဖျက်ထုတ်နှင့် မလိုအပ်သော ပြစ်ဒဏ်ဘောများစွာကို ပြုလုပ်ခဲ့သူဖြစ်ပါသည်။
ပြိုင်ပွဲကို သုံးသပ်ရလျှင်........ မြန်မာတွေ မျှော်လင့်ထားသလောက်သာ ရခဲ့သော ပွဲတစ်ခုဖြစ်ပါသည်။ အနိုင်ကို မမျှော်လင့်ထားသော မြန်မာတွေအတွက် အနိုင်မရခဲ့ခြင်းမှာ မဆန်းပါ။ ထို့အတူ တိုက်ပွဲဝင်စိတ်၊ နိုင်လိုစိတ်ကင်းမဲ့နေသော မြန်မာအသင်း၏ ကစားပုံများကို ကြည့်ခဲ့ရသည့် ကျွန်တော်တို့အတွက်လည်း ဘာမှ မကျန်ရစ်ခဲ့ပါ။ ဘာခံစားချက်မှလည်း မရှိပါ။ အားပေးရကျိုးမနပ်သည့် ပွဲတစ်ခုဖြစ်သည်ဟုသာ ဆိုချင်ပါသည်။
-
---
-----------------------------------------------------------------------------------
မြန်မာအသင်း နောက်တစ်ဆင့် တက်ခွင့်ရှိသလို အုပ်စုမှ လှည့်ပြန်နိုင်ခွင့်လည်း ရှိပါသည်။
အကယ်၍များ မြန်မာအသင်း အုပ်စုအဆင့်ကို ကျော်လွန်ပြီး ဆီမီးဖိုင်နယ်ကစားခွင့်ရနေပြီဆိုလျှင် ထိုဆီမီးဖိုင်နယ်သည် မြန်မာအသင်း၏ စွမ်းဆောင်မှုကြောင့်မဟုတ်ဘဲ အခြားအသင်းတစ်ခုခုကြောင့် ကစားနေရသည်ကို မမေ့ပါနှင့်ဟု မိတ်ဆွေကို သတိပေးလိုပါသည်။ အုပ်စုအဆင့်မှပဲ လှည့်ပြန်ခဲ့ရသည်ဆိုလျှင်ဖြင့် ကိုယ်စိုက်ပျိုးခဲ့သမျှကိုသာ ကိုယ်ပြန်ရိတ်သိမ်းရတယ် ဆိုသလို ဖြစ်သင့်သော၊ ဖြစ်ထိုက်သော ဖြစ်ရပ်တစ်ခုဖြစ်ကြောင်းကိုလည်း ကြိုတင်တွေးထားစေလိုပါသည်။
-
---
------------------------------------- လေးစားစွာဖြင့်....... ကိုဥာဏ် (ပန်းလောင်မြေ) ---------

No comments:

Post a Comment

 
Web Statistics