စာတိုပေစကပေးတဲ့ အသိ နဲ့ သတိ
ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်)
ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်)
မနေ့က ဆုံးမစာပေါင်းချုပ်စာအုပ်ကို ဖွင့်ပြီးဖတ်လိုက်ပါတယ်။ အဲလေ- ဖတ်မယ်လို့ ပြင်လိုက်ပါတယ်။ စာအုပ်ပါ စာသားများကို မဖတ်ရခင် စာရွက်စုတ်ကလေးတစ်ရွက် ထွက်လာပါတယ်။ အို - အဖေ့ဆီက စာပါလား။ စာရွက်ထိပ်မှာ လူ့သဘာဝလို့ ခေါင်းစဉ်တပ်ထားပါတယ်။
အောက်မှာ ရေးထားတာက ဒီလိုပါ။
ဒေါသနှင့်ယှဉ်လာလျှင် အပြစ်ပဲမြင်တတ်၏။ သို့သော် မကြောက်ရသူကိုသာ အပြစ်မြင် အပြစ်တင်တတ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ့်ကို ရက်စက်မည့်သူမဟုတ်သောကြောင့်။
ကျေးဇူးဟူသည် ဘာတစ်လုတ်မျှ မကျွေးဖူးသော်လည်း ရပ်ကွက်အတူနေ အိမ်နီးချင်းများပင်လျှင် ကျေးဇူးရှင်များ ဖြစ်ကြ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တစ်အိမ်ချင်း လွင်ပြင်မှာနေ၍ မလုံခြုံသောကြောင့်ဖြစ်၏။ နှုတ်ဖြင့်၊ လက်ဖြင့် အာဟာရတို့ကို ကျွေးမွေးပြုစုမည့်သူများကိုကား ဆိုဖွယ်မရှိ။
ကိုယ်ကလှန်နိုင်မည့်သူဟူ၍ သိသည်နှင့် စိတ်တက်ကြွလာတတ်၏။ မလှန်နိုင်မည့်သူမှန်းသိက ပါးစပ်ပိတ် ကိုယ်ကိုနှိပ်၍ နေတတ်ကြသည်။ အမှန်မြင်က စက်ဆုပ်စရာတည်း။ မလွတ်လွတ်အောင် ရှောင်ရမည် (အားထုတ်ရမည်)။ နှုတ်လွန်က မဆုတ်သာ၍ ကာယပါနိုင်သည်။ သတိပြု။
လူတိုင်း၌ သံသရာကြွေးများ ပါလာ၍ ဘ၀ရသည်။ ထိုဘ၀၌ပင် ကောင်းမကောင်း တွေ့နေရမည်။ ဒါကို မကျေနပ်လျှင် ထိုထက်ဆိုးမည်မှတ် ဥပေက္ခာပြု။
လူမှန်သမျှ ကြိုကြားအနှောင့်အယှက်တွေ့ရခြင်းနှင့် မကောင်းကြွေးများသူမှာ တရစပ် အနှောင့်အယှက် တွေ့နေရမည်သာ ဖြစ်၏။ အကျဉ်းချုပ်မှတ် ချဲ့မြင်လေ။
အဲဒီစာကို အဖေရေးလိုက်တာက ကျွန်မက ကျွန်မရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုခုကို အဖေ့ဆီ စာရေးပြီး တိုင်တည်လိုက်မိပုံ ပေါ်ပါတယ်။ ကြာတော့လည်း မေ့ကုန်ပါပြီ။ အဖေ့စာကတော့ ပြဿနာတစ်ရပ်ရပ်နဲ့သာ ပတ်သက်တာ မဟုတ်ပါဘူး။ ဘယ်လိုအချိန်အခါမှာမဆို စဉ်းစားတွေးတောလို့ ရနိုင်တဲ့ အခြေခံအကြောင်းအရာတွေ စုံနေအောင် ပါပါတယ်။
ဒေါသနဲ့ ယှဉ်လာရင် အပြစ်ပဲမြင်တတ်တယ်ဆိုတာလည်း ဟုတ်တာပါပဲ။ ဒေါသဖြစ်လာရင် မေတ္တာက ခန်းခြောက်သွားတတ်စမြဲကိုး။ အဲဒီတော့ ဘာပဲပြောပြော ဘာပဲလုပ်လုပ် မဟုတ်တာကိုပဲ အရင်တွေးတတ် ပါတယ်။ မဟုတ်တာကိုပဲ မြင်တတ်ပါတယ်။
အပြစ်မြင်တာ တင်တာနဲ့ ပတ်သက်တဲ့အခါမှာ အဖေပြောတာကတော့ မကြောက်ရတဲ့သူကိုသာ အပြစ်မြင်တတ် အပြစ်တင်တတ်တယ်လို့ ဆိုပါတယ်။ တစ်ယောက်ယောက်ကို ကြောက်နေရရင် အပြစ်မြင်ရမှာတောင်မှ ကြောက်ကြတယ်ထင်ပါရဲ့။ အပြစ်တင်တယ်ဆိုတာကတော့ ပိုပြီး ပွင့်လင်းစွာ အပြစ်ကို ပြောရမှာကိုး။ အဲဒီလို ပွင့်ပွင့်လင်းလင်း အပြစ်ပြောရမယ့်အလုပ်ကိုတော့ မကြောက်ရမှပဲ လုပ်မိမှာပါပဲ။ ကြောက်တတ်ရင်တော့ လုပ်မိမယ် မဟုတ်ပါဘူး။
ဒီနေရာမှာ ဆင်ခြင်စရာကောင်းတဲ့အချက်ကို ကွက်ကွက်ကွင်းကွင်း မြင်လိုက်ပါတယ်။ ဒေါသကို ရှေ့မှာထားပြီး မစဉ်းစားနဲ့။ စဉ်းစားရင် အပြစ်ဆိုတာကတော့ ပေါ်မှာပဲ။ ကိုယ်ကရော အပြစ်ဘယ်လောက် ကင်းလို့လဲ။ ဒေါသကို ဖွင့်ချတော့မယ်၊ သူတစ်ပါးအပေါ်မှာ အပြစ်ရှာတော့မယ်ဆိုရင်လည်း ဆင်ခြင် ကြည့်လိုက်ပါ။ ဒီလောက်တောင်မှ ဒေါသကို ဖွင့်ချချင်နေတယ်ဆိုရင် သူဟာ ကိုယ်က မကြောက်ရမယ့်သူ ဖြစ်နေလို့လား။ မကြောက်ရမယ့်သူကို မဲတာကရော ဘယ်လောက်များ မှန်ကန်လို့လဲ၊ ဘယ်လောက်များ တရားမျှတလို့လဲ။ အဲသလို တွေးပြီးတဲ့အခါမျာ အလျင်အမြန် မိမိစိတ်ကို ချုပ်ထိန်းနိုင်မယ်လို့ ထင်ပါတယ်။
ကြောက်ရမယ့်သူ မိမိကို ရက်စက်မယ့်သူနဲ့ ပတ်သက်တယ်ဆိုရင် အလိုလိုမျိုသိပ်တတ်တာကိုး။ အဲဒီလို မျိုသိပ်တာကတော့ ဘေးကင်းတာပေါ့လေ။ ဒါတောင်မှ စဉ်းစားမယ်ဆိုရင် စဉ်းစားစရာတွေ ရှိနေပါတယ်။ အများနဲ့ ပတ်သက်တဲ့ အရေးကိစ္စများကို မျိုသိပ်ရမယ်လို့ဆိုရင် အများသက်သာဖို့အတွက်သာ ဖြစ်စေရပါမယ်။ ငါဘေးကင်းဖို့ မျိုသိပ်မယ်။ ပြောသင့်တာတောင်မှ ပြောမနေတော့ပါဘူး။ နစ်နာတာက ငါမှ မဟုတ်ဘဲလို့ စဉ်းစားရင်တော့ စဉ်းစားတဲ့ကိစ္စ မမှန်ကန်တော့ဘူးလို့ ထင်ပါတယ်။ ဒေါသကို ဖွင့်ချဖို့တော့ မဟုတ်ပါဘူး။ ပွင့်လင်းနိုင်ဖို့ သတ္တိရှိဖို့ကို စဉ်းစားမိလို့ပါ။
အဖေ့စာထဲက ကျေးဇူးရှင်ဆိုတဲ့အပိုဒ်ကို ကျော်လိုက်ရင်တွေ့ရတဲ့ စာပိုဒ်အဆုံးကတော့ လူ့သဘာဝကို ထင်းထင်းကြီး မြင်သာပါတယ်။ အဖေပြောသလိုပါပဲ။ စက်ဆုပ်စရာလည်း ကောင်းပါတယ်။
အဖေ့စာထဲက ကျေးဇူးရှင်ဆိုတဲ့ ဝေါဟာရအဖွင့်ကလေးကတော့ ချစ်စရာပါပဲ။ ကိုယ့်တစ်အိမ်ချင်း ကွင်းပြင်မှာနေရင် မလုံခြုံဘူး။ အဲဒါကြောင့် အိမ်နီးချင်းဆိုရင်ပဲ ကျေးဇူးကတင်ရပြီ ဆိုတဲ့ အချက်က အလွန်သေးဖွဲတယ်ထင်ရပေမယ့် အသက်အိုးအိမ်စည်းစိမ်နဲ့ ပတ်သက်တာကြောင့် အရေးတကယ်ကြီး ပါတယ်။
အဖေ့စာလိုစာမျိုးတွေ အများကြီးရှိမှာပါပဲ။ ကျွန်မကလည်း ဒီစာတစ်စောင်ကိုမှ ရွေးပြီး သိမ်းမိတာပါ။ ဘယ်နှခေါက်ပဲဖတ်ဖတ် လိုရင်းကိုတော့ သိနိုင်ပါတယ်။ ဝေမျှလိုတဲ့သဘောနဲ့ တင်ပြလိုက်ရပါတယ်။
( ဒေါက်တာမတင်ဝင်း ၏ “ဒါလေးကို ဖတ်ကြည့်ပါဦး” စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည် )
No comments:
Post a Comment