ဘရိန်းဒရိန်းလို့ လူတိုင်းပြောဆိုနေကြတဲ့ ဦးနှောက်ယိုစီးမှုကိစ္စနဲ့ ပတ်သက်ပြီး ဂျာနယ်တစ်စောင်က လူငယ်လေး တစ်ဦး ရောက်လာပြီး ဆွေးနွေးမေးမြန်းပါတယ်။ ဒီ နှစ်နှစ်၊ သုံးနှစ်အတွင်း ပန်းဆိုးတန်း ပတ်စပို့ရုံးရှေ့မှာ နေ့စဉ်နေ့တိုင်း လူတွေစည်ကားနေတာကိုမြင်ပြီး စိတ်ပူပုံရပါတယ်။
စိတ်ပူလို့
တရုတ်နိုင်ငံက တံခါးဖွင့်ဝါဒကျင့်သုံးလိုက်တဲ့အခါမှာ အဲဒီခေတ်မတိုင်မီက နိုင်ငံခြားထွက်သွားခဲ့ကြတဲ့ တရုတ်လူမျိုး ပညာတတ်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တဖွဲဖွဲနဲ့ ပြန်ရောက်လာကြသလို မြန်မာတွေပြန်လာကြပါ့မလားလို့ လည်း သူက မေးပါတယ်။ ဒါအပြင် သူက သူ့ပတ်ဝန်းကျင်က သွားသမျှလူငယ်အများစုဟာ ပြန်မလာကြတော့ဘူး လို့လည်းပြောပြီး အပြစ်တင်ပါတယ်။ မျိုးချစ်စိတ်ရှိတဲ့ ဒီလူငယ်ရဲ့ခံစားချက်ကို ကောင်းကောင်းနားလည်ပါတယ်။ ကိုယ်တိုင် ၁၉၈၀ ပြည့်နှစ်လောက်က အင်္ဂလိပ်စကားပြောသင်တန်းလေးတစ်ခု ဖွင့်လှစ်ပြီး နှစ်ပေါင်းနှစ်ဆယ်ကျော်၊ အစိတ်နီးပါး သင်ကြားပေးခဲ့လေတော့ ဒီအကြောင်းကို ကောင်းကောင်းကြီးသိပါတယ်။ သင်တန်းလာတက်ကြသူ အားလုံးဟာ လူငယ်ပညာတတ်ကလေးတွေချည်းပါ။
ဆရာဝန်နဲ့ ဆေးကျောင်းသူ၊ ဆေးကျောင်းသားတွေ၊ အင်ဂျင်နီယာနဲ့ စက်မှုတက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား တွေက အများစုဖြစ်တယ်။ အားလုံးရဲ့ ရည်ရွယ်ချက်က တစ်နည်းနည်းနဲ့ နိုင်ငံခြားကို ထွက်ကြဖို့ဖြစ်တယ်။
ဟုမ်းဆွိဟုမ်း
အဲဒီအချိန်က အခုလို မလေးရှားတို့၊ စင်ကာပူတို့ ခေတ်မစားသေးဘူး။ ဂျပန်၊ အမေရိကန်နဲ့ ထိုင်ဝမ်တို့ ခေတ်စားတဲ့အချိန်။ ခုလောက်လည်း ပတ်စပို့တို့ ဗီဇာတို့ ရဖို့မလွယ်တာတောင် တစ်လကို သုံး၊ လေးခေါက်တော့ တပည့်တွေလိုက်ပို့ဖို့ လေဆိပ်ကို ရောက်နေရတယ်။ အဲဒီအချိန်က ကိုယ်တိုင်လည်း စိတ်ပူခဲ့တာပေါ့။ ဒါကြောင့် သင်တန်းမှာ There is no Place like home. Home Sweet Home အစချီတဲ့ ကဗျာလေးကို အမြဲသင်ပေးပြီး ထွက်သွားတဲ့ ကျောင်းသူကျောင်းသားတိုင်းကိုလည်း Home Sweet Home လို့ စာတန်းထိုးထားတဲ့ ကောက်ရိုး ပန်းချီကားချပ်လေးတွေ အမှတ်တရ လက်ဆောင်ထည့်ပေးလေ့ ရှိတယ်။
ဘရိန်ဒရိုင်းတောင်ဖြစ်နိုင်
သူများတွေက ဘရိန်းဒရိန်း Brain Drain လို့ပဲပြောကြတာ။ ကိုယ်ကဖြင့် ဒါထက်တောင်မက ဘရိန်းဒရိုင်း Brain Dry ဦးနှောက်ခြောက်ခန်းမှုဖြစ်မှာတောင် စိုးရိမ်တဲ့အကြောင်း သုံးလေးကြိမ်မက ရေးဖူးသေးတယ်။ အခုတလောတော့ အဲဒီဂျာနယ်ကလူငယ်သာမက ရန်ကုန်က လုပ်ငန်းရှင်တပည့်ဟောင်းတွေ ရောက်လာတဲ့ အခါမှာလည်း အလုပ်သမားရှားပါးမှုအကြောင်း ပြောရာကနေပြီး နောက်ဆုံး အဲဒီဘရိန်းဒရိန်းအကြောင်း ရောက်သွားလေ့ရှိတယ်။ ကိုယ့်ရပ်၊ ကိုယ့်ရွာ၊ အညာက ဆွေမျိုးမိတ်သင်္ဂဟတွေလာကြတဲ့အခါမှာလည်း လယ်ယာလုပ်သား ရှားပါးတဲ့ကိစ္စပြောရင်းက အဲဒီ ဘရိန်းဒရိန်း ရောက်သွားပြန်တာပါပဲ။ ဒါပေမယ့် ဂျာနယ်သမား လူငယ်စိတ်ပူသလို သူတို့ပြန်လာကြပါ့မလားလို့တော့ ကိုယ်ကစိတ်မပူဘူး။ တစ်နေ့နေ့မှာ သူတို့ ပြန်လာကြမှာပါလို့ စိတ်ချလက်ချယုံကြည်တယ်။
ပဋိရူပဒေသ
ဖြစ်စေချင်တဲ့ဆန္ဒစွဲ wishful kinking နဲ့ပြောတာ မဟုတ်ပါဘူး။ နှစ်ပေါင်းနှစ်ဆယ်အစိတ် နိုင်ငံခြားထွက်ချင်တဲ့ ထွက်ကြတဲ့ လူငယ်၊ လုံမငယ်တွေနဲ့ လက်ပွန်းတတီးနေလာခဲ့တဲ့ အတွေ့အကြုံကြောင့် ပြောတာဖြစ်တယ်။ ဒီနေ့အထိလည်း သူတို့တတွေနဲ့ ဖုန်းနဲ့၊ အီးမေးနဲ့၊ လူကြုံနဲ့ အဆက်အသွယ်မပြတ်ရှိနေတာကြောင့် နိုင်ငံခြားရောက် သူတို့ဘ၀၊ သူတို့စိတ်ဓာတ်တွေကို ကောင်းကောင်းကြီးသိနေပါတယ်။ မြန်မာလူမျိုး ၁၀၀ မှာ ၉၀ လောက်ဟာ ဘယ်နိုင်ငံကိုပဲရောက်နေရောက်နေ မြန်မာစိတ်ဓာတ်မပျောက်ဘူးဆိုတာ ပြောရဲတယ်။ ဘာကြောင့်လဲဆိုတော့ There is no Place like Home, Home Sweet Home ဆိုတဲ့အတိုင်း မြန်မာပြည်လောက် နေချင်စရာကောင်းတဲ့ နေရာ (ပဋိရူပဒေသ) ကမ္ဘာပေါ်မှာ ဘယ်မှမရှိဘူးဆိုတာ သူတို့အားလုံး သိနေကြလို့ပါပဲ။ တပည့်တော်တော်များများ ကတော့ သူတို့ရောက်နေတဲ့နိုင်ငံများဟာ မြန်မာနိုင်ငံနဲ့ ယှဉ်လိုက်ရင် ပစ္စန္တရာဇ် အရပ်တွေပါပဲလို့တောင် လွမ်းဆွတ် တသစွာနဲ့ ပြောကြတယ်။
ငတ်လို့ထွက်တာမဟုတ်ဘူး
နိုင်ငံခြားသွားပြီး အလုပ်လုပ်ကြတဲ့ တခြားအာရှနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသားတွေ မတူတာတစ်ချက်လည်း ရှိသေးတယ်။ တခြားနိုင်ငံသားတွေက အများအားဖြင့် ပညာမတတ်တဲ့လူတွေ၊ နေရင်းနိုင်ငံမှာ ပါးရှားလွန်းလို့ ထွက်သွားကြတာ။ မြန်မာနိုင်ငံက ထွက်ကြသူ အများစုက အနည်းဆုံး ၁၀ တန်းပညာလောက်တော့ တတ်ထားကြ သူတွေဖြစ်တယ်။ ပြီးတော့ ငတ်လို့ ထွက်ကြတာမဟုတ်ဘူး။ မြန်မာပြည်မှာ စားနိုင်သောက်နိုင်ရုံတော့ ဘယ်သူမဆို ရှာနိုင်ကြတယ်။ ကျောင်းသားလူငယ်တွေနဲ့ လက်ပွန်းတတီးအရှိဆုံးသူ တစ်ယောက်အနေနဲ့ ပြောရရင် အကြောင်း နှစ်ခုနဲ့ သူတို့ ထွက်ချင်ကြတာဖြစ်တယ်။ ပညာသင်ချင်လို့ဆိုတဲ့ အကြောင်းနဲ့ မိဘတွေကို ကောင်းကောင်း ကျေးဇူးဆပ်ချင်လို့ဆိုတဲ့ အကြောင်းဖြစ်တယ်။ အဲဒါကြောင့် လူငယ်တွေကို အပြစ်မတင်ချင်တာ ဖြစ်တယ်။ ပညာသင်ချင်တာနဲ့ မိဘကျေးဇူးဆပ်ချင်တာဟာ မွန်မြတ်တဲ့စိတ်ဓာတ် မဟုတ်ဘူးလား။
မပူနဲ့ စိတ်ချနေ
ဂျာနယ်တိုက်ကလူငယ်လေးကိုလည်း ပြောလိုက်ပါတယ်။ ဘာမှစိတ်မပူနဲ့၊ သူတို့ ပြန်လာကြမှာပါလို့။ နိုင်ငံခြား ထွက်တဲ့ လူငယ်အများစုက ပညာသင်ချင်လို့၊ မိဘလုပ်ကျွေးချင်လို့ ထွက်ကြတာပဲ။ တစ်နေ့မှာ သူတို့ အမေ့အိမ်ကို အသေအချာပြန်လာကြမှာပါ။ မယုံမရှိပါနဲ့။ သံသယဖြစ်ရင် ခုလောလောဆယ်ကို သူများနိုင်ငံတွေပေးတဲ့ လုပ်ခမျိုး တစ်နာရီကို (၇)ဒေါ်လာ၊ (၈)ဒေါ်လာပေးပြီး ခိုင်းကြည့်ပါလား။ ကဆုန်စိုင်း ပြန်ပြေးလာကြမှာ သေချာပါတယ်။
တကယ်ပါ။ မပူပါနဲ့။ တစ်နေ့ သူတို့ ပြန်လာကြမှာပါ။

(29-10-2008 ရက်နေ့ထုတ် Weekly News Eleven ဂျာနယ်
အတွဲ(၄)၊ အမှတ်(၃)မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:
Post a Comment