ဝါဒလမ်းစဉ်ဆိုသည်မှာ
နိုင်ငံရေးတွင် ကိန်းသေ (Constant) နှင့် ကိန်းရှင် (Variable) တို့ဟူ၍ ရှိကြသည်။ သင်္ချာညီမျှခြင်းကဲ့သို့ ညီမျှခြင်းရှာရခြင်းနှင့် တူသဖြင့် မည်သည့်အရာတို့သည် ကိန်းသေဖြစ်သည်၊ မည်သည့်အရာတို့သည် ကိန်းရှင်ဖြစ်သည်ဟူ၍ အနက်ဖော်ရသည်။ မဟာဗျူဟာနှင့် ပေါ်လစီများ ခင်းကျင်းရာ၌လည်း ကိန်းသေ၊ ကိန်းရှင်တို့ကို ခွဲခြားရှုမြင်ရသည်။ သင့်တင့်လျောက်ပတ်စွာ နေရာချထားပေးရသည်။ အလေး ချိန်ဆရသည်။
ဤကိန်းသေ၊ ကိန်းရှင်တို့ကို ရှာဖွေပြုစုရာ၌ ပကတိအခြေအနေ၊ ပကတိယုတ္တိတို့အပေါ် အခြေခံရသည်။ အချို့က ကိန်းသေ၊ ကိန်းရှင်တို့ကို အိုင်ဒီအိုလိုဂျီတို့အပေါ် အခြေခံ၍ ရှာဖွေသတ်မှတ်သည်။ လာမည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာပလေယာတို့သည် မည်သည့်အရာတို့သည် ကိန်းသေဖြစ်သည်၊ မည်သည့်အရာတို့သည် ကိန်းရှင်ဖြစ်သည်ဟူ၍ လေ့လာပြုစုရတော့မည်။ ဤကိန်းသေ၊ ကိန်းရှင်တို့ကိုပင် အဆင်ချောအောင် စီစဉ်၍ မိမိတို့ မူဝါဒတို့ကို ချပြရတော့မည်။ နိုင်ငံရေးပါတီတို့၏ ၀ါဒနှင့် လုပ်ငန်းစဉ်တို့ဆိုသည်မှာ ဤကိန်းသေ၊ ကိန်းရှင်တို့ကို ပြေပြေပြစ်ပြစ် သူ့နေရာနှင့်သူ နေရာချထားခြင်း ဖြစ်သည်။
ကိန်းသေလေးပါး
ကိန်းသေ၊ ကိန်းရှင်တွင် ကိန်းသေသည် အရေးကြီးသည်။ ညီမျှခြင်းတွင် ကိန်းသေက အခြေခံယုတ္တိဖြစ်သည်။ ဤကိန်းသေကို လက်ရှိ မြန်မာ့နိုင်ငံရေး၌ ထင်သာမြင်သာရှိပြီးဖြစ်၍ ကိန်းသေရှာရန် သိပ်မခက်ခဲဟု ယူဆနိုင်သည်။ ဤကိန်းသေတို့သည် လက်ရှိလည်းဖြစ်နေ၍ ရှေ့ဆက်ပြီးလည်း ဆောင်ရွက်သင့်သည့် ကိစ္စတို့ဖြစ်ကြသည်။ သော့ချက်လည်းကျ၊ အခြေခံလည်းကျသော မဏ္ဍိုင်တို့ဟူ၍ ပြောနိုင်သည်။ ဤသော့ချက်မဏ္ဍိုင်တို့မှာ မြန်မာ့နိုင်ငံရေးအတွက် အောက်ပါအတိုင်း ဖြစ်ပါလိမ့်မည်။ (၁) ဈေးကွက်စီးပွားရေး (ဖရီးမတ်ကတ်)၊ (၂) အခြေခံအဆောက်အဦးတို့ကို အခြေစိုက်သော ဖွံ့ဖြိုးတိုးတက်မှု (Infrastructure-based Growth)၊ (၃) Border Trade (အင်အားကြီး အိမ်နီးနားချင်းနှစ်နိုင်ငံနှင့် ဆက်ဆံရေး)၊ (၄) အာစီယံ တို့ဟူ၍ ဖြစ်သည်။
အဆိုပါ မဏ္ဍိုင်လေးပါးသည် အစိုးရနှင့် နိုင်ငံရေးပါတီတို့၏ ပေါ်လစီမူဝါဒတို့တွင် ကိန်းသေများဖြစ်ကြပါသည်။ ဤကိန်းသေလေးပါးကိုရှောင်၍ မြန်မာနိုင်ငံ၏ အနာဂတ်ကို ရှုမြင်ကြည့်ရန် အတော်ခက်ခဲပါလိမ့်မည်။ ယင်းကိန်းသေလေးပါးကို အစားထိုးမည့် အခြားကိန်းသေ Alternative Constants တို့သည် စိတ်ကူးယဉ်သော ကိန်းသေတို့သာ ဖြစ်ပါလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ဤကိန်းသေလေးပါးတို့အပေါ်တွင် သဘောထားများ ရှိကြရမည်၊ သုံးသပ်မှုများ ရှိရမည်။
စမ်းသပ်ပွဲ
ဒီမိုကရေစီတွင် ဗားရှင်းအမျိုးမျိုးရှိသည်။ လစ်ဘရယ်ဒီမိုကရေစီကို တစ်ခုတည်းသော ဗားရှင်းအဖြစ် အရောင်းမြှင့်တင်ခြင်းတို့ ရှိနေသည်။ ထို့ကြောင့် မြန်မာနိုင်ငံရေးပဋိပက္ခ၏ ပုံသဏ္ဍာန်တွင် လမ်းညွှန်ခံ ဒီမိုကရေစီနှင့် လစ်ဘရယ်ဒီမိုကရေစီတို့ကြား ပဋိပက္ခပုံသဏ္ဍာန်ဖြစ်သည်။ ဤပဋိပက္ခသည် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်သည်၊ အချိန်ယူရမည်ဟု နားလည်ကြလျှင် တည်ငြိမ်မှုအတွက် အကျိုးဖြစ်ထွန်းနိုင်သည်။
ပို့စ်မော်ဒန်အဖြစ်နှင့်ကြည့်လျှင် မြန်မာ့နိုင်ငံရေးတွင် အိုင်ဒီအိုလိုဂျီခေတ်က ကုန်ပြီ။ အိုင်ဒီအိုလိုဂျီလွန် Post-Ideology ခေတ်ထဲ ရောက်နေသည်။ သဘောမှာ မဟာအိုင်ဒီယာကြီးတွေ၊ မဟာမူကြီးတွေ၊ မဟာစံကြီးတွေ အလုပ်မဖြစ်တော့ခြင်း ဖြစ်သည်။ သူ့အရပ်နှင့်သူ့ဇာတ် ဖြစ်သည်။ သူ့ဇာတ်၌ ကိုယ်က ဇာတ်ညွှန်းဆရာမဟုတ်ဘဲ ဇာတ်ကောင်အဖြစ် သရုပ်ဆောင်နိုင်ရမည်။
နိုင်ငံရေးစနစ်တို့သည် ထာဝရသစ္စာတရားတွေ မဟုတ်ကြ။ အကုန်လုံး သမိုင်း၏ အစစ်အဆေးကို ခံရသည်။ အနာဂတ်အတွက် စမ်းသပ်ကြည့်ရသည်။ Experimental ဟု ဆိုသည်။ ဤသည်ပင်လျှင် ၂၁ ရာစု၏ အခြေခံလက္ခဏာ တစ်ပါးဖြစ်သည်။ ဤစမ်းသပ်ပွဲကို ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှ စတင်တော့မည်ဟု ဆိုရမည်။
၂၅-၇-၂၀၀၉
အညွှန်း - Post Modernism by Glenn Ward
No comments:
Post a Comment