Friday, August 14, 2009

ရယ်သောသူအသက်ရှည်၏


မောင်ကောင်းထိုက် (နှီးပဒေါ) ရဲ့ ဟာသပဒေသာ အမှတ်(၁၉)က ဟာသလေးတွေပါ။ အခုတလော အချိန်ဆင်းရဲနေတဲ့အတွက် အင်္ဂလိပ်ဟာသတွေကို ဘာသာမပြန်နိုင်သေးလို့ပါ။ ရယ်မောချင်တဲ့လူတွေအတွက် ဖတ်ပြီးသားဖြစ်နေရင်တောင် အခုပြန်ဖတ်တဲ့အချိန်မှာ ရယ်နေရဦးမှာ သေချာပါတယ်။ ရယ်မောပျော်ရွှင်နိုင်ကြပါစေဗျာ။

ဟောင်နိုင်ရင်ဟောင်စမ်း
ဆပ်ကပ်ရုံတွင်ဖြစ်သည်။
လူစကားပြောတတ်ရုံမက အပေါင်းအနုတ် အမြှောက်အစားလည်းတတ်သော ခွေးလိမ္မာ၏ ဖျော်ဖြေမှုအစီအစဉ် စတင်တော့မည်ဖြစ်ကြောင်း အသံချဲ့စက်မှ ကြေငြာသည်။ ခွေးနှင့် ၎င်းကို သင်ပြသောဆရာ ထွက်လာသည်။ ဆရာက ခွေးကို မေးသည်။
နှစ်နဲ့နှစ်မြှောက်... ဘယ်လောက်လဲဟေ့
ဝုတ်... ၀ုတ်... ၀ုတ်... ၀ုတ်
ပရိသတ်ဘက်လှည့်ပြီး ဆရာက ပြောသည်။
အခု ပရိသတ်ထဲက မည်သူမဆို ခွေးကို မေးခွန်းထုတ်နိုင်ပါတယ်။
ပရိသတ်ထဲက တစ်ယောက် အော်ပြောသည်။
ကိုးနဲ့ကိုးမြှောက်... ဘယ်လောက်လဲဟေ့
အနည်းငယ်စဉ်းစားပြီး ခွေးက အသံထွက်လာသည့်ဘက် ပြန်ပြောသည်။
ရူးနေသလား၊ ဒီလောက်များများ မင်းပဲ ဟောင်ပါလား။

အကြောင်းသိချင်း
အစ္စရေးမှာနေထိုင်ပြီး ရုရှားမှာ စီးပွားရေးလုပ်နေသော ဂျူးကို ၀ိုင်းမေးကြသည်။
မိုရှေ၊ တယ်လ်အဗစ်နဲ့ မော်စကိုကို ခင်ဗျား ခေါက်တုံ့ခေါက်ပြန် ကူးနေရတာကြည့်ပြီး ခင်ဗျားအစား ကျုပ်တို့ ပင်ပန်းလိုက်တာ၊ အစ္စရေးမှာပဲ စီးပွားရေးလုပ်ပါလားဗျ။
မဖြစ်ဘူး၊ ဟိုမှာဆို ဘ၀တူဂျူးတွေကို ကျုပ်လိမ်ရမယ်။ အဲဒါ အင်မတန်ခက်တယ်ဗျ။

လက်အိတ်ပဲရလာတယ်
လူငယ်နှစ်ယောက် စကားပြောနေကြသည်။ တစ်ယောက်က တိုင်ပင်သည့်သဘောဖြင့် မိမိ၏ အခက်အခဲကို ပြောပြသည်။
ဆေးဆိုင်မှာ ကွန်ဒုန်းရှိသလားလို့... သွားမေးရမှာ ငါရှက်တယ်ကွာ။
ရှက်ရင် ငါ့နည်းကိုသုံး။ ဆိုင်ထဲဝင်ပြီး သားရေလက်အိတ် ရှိသလားလို့မေး။ မရှိဘူးလို့ အရောင်းသမကဖြေရင် အဲဒါဆိုရင် လက်ချောင်းကလေးတွေကိုစွပ်ဖို့... ကွန်ဒုန်းဆယ်ခုပေးလို့သာ ပြောလိုက်။ သဘောပေါက်ပြီလား။
ပေါက်ပြီ။
အဲဒါဆို သွား... စမ်းကြည့်။
မိနစ်အနည်းငယ်အကြာတွင် မျက်နှာပျက်ပျက်နှင့် လူငယ် ပြန်ရောက်လာသည်။
မင်း ရယ်ချင်ရယ်မယ်... သူတို့ဆီမှာ လက်အိတ်ရှိတယ်လို့ ပြောတယ်ကွာ။

ဖိုးကံကောင်း
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုပ်သည့် ကုမ္ပဏီကြီးတစ်ခု၏ ရုံးခန်းထဲသို့ လူကြီးတစ်ယောက်ဝင်လာသည်။ လူကြီးမှာ လေဖြတ်သောကြောင့် မျက်နှာတစ်ခြမ်း ရွဲ့နေပြီး ပါးစပ်မှ အမြဲတစေ သွားရည်များ ယိုကျနေသည်။ လူကြီးက သိပ်မပီသသော အသံဖြင့် ရုံးခန်းထဲထိုင်နေသော မန်နေဂျာကိုပြောသည်။
တိုက်တန်းနစ်လို ဇိမ်ခံသင်္ဘောနဲ့ ကမ္ဘာတစ်ပတ် ပတ်ချင်တယ်။
မန်နေဂျာက ပြန်မေးသည်။
ဘယ်လောက်ကြာတဲ့ ခရီးဖြစ်ချင်ပါသလဲ။
ခြောက်လလောက်ဆို ရပါပြီ။
စီစဉ်ပေးနိုင်ပါတယ်၊ ဒါပေမယ့် ဈေးကတော့ အင်မတန်ကြီးမယ်နော်။
ကိစ္စမရှိပါဘူး၊ ကျုပ် ဒေါ်လာဆယ်သန်း ထီပေါက်ထားတယ်ဗျ။
ဟုတ်လား၊ ဒီလို ဆုကြီးပေါက်လို့ကတော့ ကျွန်တော်ဆိုရင် ၀မ်းသာလုံးဆို့ပြီး သေသွားမလားပဲ။
ကျုပ်ကတော့ ကံကောင်းတယ်၊ လေဖြတ်ပြီး မျက်နှာတစ်ခြမ်းပဲ သေသွားတယ်။

အကြံကောင်း
နက်နဲတဲ့စာတမ်းတစ်စောင်ကို ခင်ဗျားပြုစုလိုက်တယ်။ အဲဒီစာတမ်းကို ပုံနှိပ်ဖော်ပြစေချင်တယ်။ ဒါပေမယ့် ဘယ်ကိုပို့ရမလဲဆိုတာ ခင်ဗျား ဝေခွဲမရဖြစ်နေတယ်ဆိုရင် အကြံပေးပါရစေဗျာ။
  1. ကိုယ်ရေးထားတာကို ကောင်းကောင်းနားလည်တယ်။ မှန်ကြောင်းလည်း သက်သေပြနိုင်တယ်ဆိုရင် သင်္ချာဂျာနယ်ဆီ ပို့လိုက်ပါ။
  2. ရေးထားတာကို နားလည်တယ်။ ဒါပေမယ့် သက်သေမပြနိုင်ဘူးဆိုရင် ရူပဗေဒဂျာနယ်ဆီ ပို့လိုက်ပါ။
  3. ရေးထားတာကို နားမလည်ဘူး။ ဒါပေမယ့် မှန်ကြောင်းသက်သေထူနိုင်တယ်ဆိုရင် စီးပွားရေးဂျာနယ်ဆီ ပို့လိုက်ပါ။
  4. ရေးထားတာကို နားမလည်ဘူး။ သက်သေလည်း မပြနိုင်ဘူးဆိုရင်တော့ ဒဿနဂျာနယ်ဆီသာ ပို့လိုက်ပါဗျား။

No comments:

Post a Comment

 
Web Statistics