အချိန်ကုန်တာများမြန်လိုက်တာနော်။ နက်ဖြန်ဆိုရင် စနေ၊ တနင်္ဂနွေအားလပ်ရက် နှစ်ရက်ပြည့်လို့ လုပ်ငန်းခွင်ကို ပြန်ဝင်ကြရတော့မယ်။ အင်္ဂလန်အမှတ်ပေးပြိုင်ပွဲတွေကို အသည်းစွဲဆိုတဲ့ ဘောလုံးပရိသတ်တွေအတွက်တော့ ဒီအပတ် ရုံးပိတ်ရက်တွေဟာ ကျေနပ်စရာဖြစ်ခဲ့မှာပါ။ အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ ရင်ခုန်လှုပ်ရှားဖွယ်ရာ ရသအဖုံဖုံအကြားမှာ စီးဝင်မျောပါရင်း စနေ၊ တနင်္ဂနွေညချမ်းတွေဟာ အသက်ဝင်နေခဲ့မှာ သေချာပါတယ်။
စူပါဆန်းဒေးမှာတော့ အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးပွဲစဉ်နှစ်ခုကို ယှဉ်ပြိုင်ကစားသွားခဲ့ကြပါတယ်။ မနေ့က ကျွန်တော်ပြောခဲ့သလိုပါပဲ။ လက်ကျန်နှစ်ပွဲမှာလည်း အရှုံးအနိုင်အဖြေပေါ်ခဲ့ကြတဲ့အတွက် ဒီနှစ်ရာသီသစ် အမှတ်ပေးပြိုင်ပွဲကတော့ လုံးဝသရေပွဲမရှိဘဲ အဖွင့်ပွဲစဉ်အားလုံးဂိုးသွင်းပြီး အနိုင်အရှုံးရလဒ်တွေ ပြတ်ပြတ်သားသား ပေါ်ထွက်ခဲ့ကြပါတယ်။ စုစုပေါင်း (၁၀)ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာမှာ အနိုင်ရရှိခဲ့တဲ့အသင်း၊ တစ်နည်း (၃)မှတ် ရခဲ့တဲ့အသင်းက (၁၀)ရှိခဲ့ပြီး၊ ရှုံးနိမ့်ခဲ့ပြီး အမှတ်ဗလာနဲ့ အဖွင့်ပွဲစဉ်ကို မျက်နှာသစ်ခဲ့ကြတာကတော့ (၁၀)သင်း ရှိခဲ့ကြပါတယ်။ အဲဒီအတွက် ဇယားမှာ အဆင့်သတ်မှတ်ရာမှာ ပထမ (၁၀)သင်းနဲ့ ဒုတိယ (၁၀)သင်း ဖြစ်သွားခဲ့ပါတယ်။ သွင်းဂိုးအရေအတွက်၊ ပေးဂိုးအရေအတွက်ပေါ်မူတည်ပြီး နေရာတွေအပေါ်အောက် စဉ်တာကို ပြောလိုတာမဟုတ်ပါ။ ရမှတ်အရအဆင့်စဉ်တဲ့အခါ (၃)မှတ်တူတဲ့ အသင်းက (၁၀)သင်း၊ ရမှတ်သုညက (၁၀)သင်းရှိတာကို ပြောချင်တာပါ။ အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့ ရာသီအဖွင့်လို့ ကျွန်တော်ဆိုချင်ပါတယ်။ အိမ်ရှင်အသင်းတွေ အနိုင်ရခဲ့တာက (၄)သင်း ရှိပါတယ်။ ချဲလ်ဆီး၊ စတုတ်စီးတီး၊ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ ဖြစ်ကြပါတယ်။ ဧည့်သည်အသင်းတွေအနိုင်ရခဲ့တာကတော့ (၆)သင်း ဖြစ်ပါတယ်။ ၀ီဂန်၊ မန်စီးတီး၊ ဆန်းဒါးလန်း၊ ဖူလ်ဟမ်၊ ၀က်စ်ဟမ်းနဲ့ အာဆင်နယ်တို့ ဖြစ်ကြပါတယ်။ ထူးခြားတာကတော့ စနေညကန်ခဲ့တဲ့ ပွဲစဉ်တွေမှာ အိမ်ရှင် နှစ်သင်းသာ အနိုင်ရခဲ့ပြီး ခြောက်သင်းသော ဧည့်သည်အသင်းတွေက ခြေစွာခဲ့ကြကာ အနိုင်သုံးမှတ်တွေ ရယူသွားနိုင်ခဲ့ကြပါတယ်။ အဲဒီအတွက် ပရိသတ်တွေက တနင်္ဂနွေညပွဲစဉ်တွေမှာတော့ အိမ်ရှင်တွေ အခြေအနေကောင်းလိမ့်မယ်လို့ မှန်းဆခဲ့ကြတဲ့အတိုင်းပဲ တနင်္ဂနွေညပွဲစဉ် နှစ်ပွဲစလုံးမှာ အိမ်ရှင်တွေ အနိုင်ရခဲ့ကြပါတယ်။ မန်ယူအသင်းအနိုင်ရခဲ့တာဟာ အားလုံးမျှော်လင့်ပြီးသားမို့ အထူးအဆန်းမဟုတ်ပေမယ့် လီဗာပူးလ်အသင်းကို အနိုင်ရသွားတဲ့ စပါးအသင်းကတော့ တကယ့်ကို အံ့သြဖွယ်အောင်ပွဲပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့တွေအတွက်တော့ အားလပ်ရက်ရဲ့ နောက်ဆုံးအချိန်တွေကို စိတ်ဝင်စားဖွယ်ရာ စပါးနဲ့လီဗာပူးလ်ပွဲနဲ့ နှုတ်ဆက်ခဲ့ရတဲ့အတွက် ကျေနပ်မိတာ အမှန်ပါပဲ။
မကြည့်လိုက်ရတဲ့ မန်ယူပွဲ
တနင်္ဂနွေနှစ်ပွဲလုံးကို ကြည့်ဖို့အားခဲထားပေမယ့် လူမှုရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျွန်တော့်ရဲ့ ဆန္ဒတွေကို မြေမြှုပ်ခဲ့ရပါတယ်။ ဟန်ဆောင်ပြုံးတွေတန်ဆာဆင်ပြီး ညစာစားပွဲမှာ ထိုင်နေရပေမယ့် ကျွန်တော့်ရဲ့စိတ်ဟာ အသည်းစွဲ မန်ချက်စတာယူနိုက်တက်နဲ့အတူ အင်္ဂလန်မြေကိုရောက်နေတာ ဘေးကလူတွေ သိနိုင်မယ်မထင်ပါဘူး။ ကျွန်တော် အရူးအမူးနှစ်သက်အားပေးတဲ့ မန်ယူပွဲကို မကြည့်ရတဲ့အတွက် ကျွန်တော်ဘယ်လောက် တင်းမာနေမယ်ဆိုတာ လူမှုရေးဆိုတဲ့ ခေါင်းစဉ်ကြီးနဲ့ ခြိမ်းခြောက်ပြီး စားပွဲဝိုင်းမှာခေါ်ထိုင်းခိုင်းတဲ့ တစ်ယောက်သောသူ သိနိုင်မယ်မထင်ပါဘူး။ ကျွန်တော်တို့ဝိုင်းမှာ စားပွဲထိုးနေတဲ့ ကောင်လေးကို ခဏခဏ မန်ယူပွဲရလဒ် ဘယ်လောက်ဖြစ်သွားပြီလဲဆိုတဲ့ မေးခွန်းကို ကြက်တူရွေးစာအံသလို ရွတ်ပြီးမေးနေရတာ အတော့်ကို စိတ်ကသိကအောက်ဖြစ်စရာပါ။ ဒီကြားထဲက စားပွဲထိုးကောင်လေးခမြာ သူ့အလုပ်နဲ့သူ ဗျာများနေတဲ့အတွက် ကျွန်တော်မေးတိုင်း မဖြေနိုင်တဲ့အတွက် ကျွန်တော့်ရဲ့ ငြိုငြင်မှုကိုလည်း ခံရပါသေးတယ်။ ကျွန်တော့်ကို မရမကခေါ်လာခဲ့တဲ့လူကတော့ သူ့ဟာသူ အခြားလူတွေနဲ့ စကားတွေကောင်းနေလိုက်တာ ကျွန်တော်ဝိုင်းမှာ ရှိနေတယ်ဆိုတာကိုတောင် သတိရပုံမပေါ်ပါဘူး။ ကျောင်းသားဘ၀တုန်းက စာမေးပွဲရှိလို့ စာကျက်နေရင်တောင် မန်ယူပွဲရှိရင် စာအုပ်ပစ်ပြီး သွားကြည့်ခဲ့တဲ့ ကျွန်တော်ဟာ အသက်တွေရလာခါမှ လူမှုရေးဆိုတဲ့ အရိပ်ကြီးအောက်ကနေ ဘာဖြစ်လို့ ရုန်းမထွက်နိုင်သလဲဆိုတာ မစဉ်းစားတတ်ပါ။ သို့သော် တစ်ခုတော့ ဆုံးဖြတ်လိုက်ပါတယ်။ နောက်များဖြင့် မန်ယူပွဲနဲ့ လူမှုရေးကြုံလာရင် နာရေးမှတစ်ပါး ကြိုက်တဲ့ခေါင်းစဉ်တပ်ပြီး ကြိုက်တဲ့စကားလုံးတွေနဲ့ ကျွန်တော့်ကို ပြောကြပါစေတော့ မန်ယူပွဲကို မပျက်မကွက် အားပေးဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ကြောင်းပါ။
ပွဲမကြည့်လိုက်ရပေမယ့် တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပြီးသွားတယ်ဆိုတဲ့အတွက် မကျေနပ်တာတော့ အမှန်ပါပဲ။ ဘယ်လိုတွေ ကန်သွားတယ်ဆိုတာ ကျွန်တော်မမြင်လိုက်ရပေမယ့် တန်းတက်အသင်းတစ်သင်းကို တစ်ဂိုးပဲ သွင်းနိုင်ခဲ့တာကိုတော့ ကျွန်တော်စိတ်ပျက်ရပါတယ်။ သုံးမှတ်အတွက် စိတ်အေးခဲ့ရပေမယ့် ရဂိုးတွေအတွက်တော့ စိတ်ညစ်ခဲ့ရကြောင်းပါ။
စိတ်လှုပ်ရှားမှုအပြည့်ပေးခဲ့တဲ့ စပါးနဲ့ လီဗာပူးလ်ပွဲ (သို့မဟုတ်) ဖလားလိုချင်ရင် ဒီပြင်ဆင်မှုနဲ့ မရနိုင်ဘူးဆိုတာ ဘင်နီတက်ဇ် သိသင့်တဲ့ပွဲ
ပွဲရလဒ်က နှစ်ဂိုး-တစ်ဂိုးတဲ့။ သေချာတာပေါ့ဗျာ။ စပါးနိုင်တာပါ။ စပါးကံကောင်းလို့နိုင်တာပါ ဟုတ်လား။ အဲဒီ ပွဲစဉ်ကို ကြည့်ခဲ့ရရင် ခင်ဗျား အဲဒီလိုပြောမှာမဟုတ်ပါဘူး။ စပါးအသင်းတကယ်ကို ထိုက်ထိုက်တန်တန် အနိုင်ရသွားတာပါဗျာ။ သရေတောင်မကျသင့်တဲ့ပွဲပါ။ စပါးနည်းပြ ဟယ်ရီရပ်နက်ပ်ကို အနိုင်သုံးမှတ်နဲ့ ဂုဏ်ပြုဖို့ တကယ့်ကို ထိုက်တန်ပါတယ်ဗျ။ ရလဒ်ကိုပဲကြည့်ပြီးပြောရင်တော့ လီဗာပူးလ်ကပ်ပြီးရှုံးသွားတယ်လို့ ခင်ဗျားထင်မှာပဲနော်။ တကယ်က အစစအရာရာ စပါးအသင်းကို လီဗာပူးလ်မယှဉ်နိုင်ခဲ့တာပါ။ တစ်ဦးချင်းရော၊ အသင်းလိုက်စုစည်းမှုရော၊ နည်းဗျူဟာအရရော အားလုံးမှာ တော့တင်ဟမ်ဟော့စပါးအသင်းက အသာရခဲ့တာပါ။
စပါးအသင်းရဲ့ အနိုင်ကို ပုံဖော်ပေးသွားတာက တောင်ပံတိုက်စစ်တွေ ဖြစ်ပါတယ်။ လီဗာပူးလ်နောက်တန်းအနေနဲ့ စပါး တောင်ပံကစားသမားတွေဖြစ်တဲ့ လန်နွန်နဲ့ မိုဒရစ်ကို ဘယ်လိုမှ မထိန်းနိုင်ခဲ့တာဟာ ဒီပွဲရဲ့ သော့ချက်ပါပဲ။ စပါး ရှေ့တန်းက တိုက်စစ်မှူးတွေဖြစ်တဲ့ ရော်ဘီကိန်း၊ ဒီဖိုးတို့ကလည်း လီဗာပူးလ်နောက်တန်းကို တကယ်အလုပ်ရှုပ်စေခဲ့ပါတယ်။ ဂိုးတွေကို သွင်းယူသွားခဲ့တာကတော့ နောက်တန်းကစားသမားနဲ့ ကွင်းလယ်လူဖြစ်နေတာကတော့ တိုက်စစ်မှူးတွေ ဂိုးလာဘ်ပျောက်နေခဲ့လို့ပါ။ တကယ်ဆိုရင် ဒီထက်ပိုပြီး ဂိုးရသင့်ခဲ့တာပါ။ ရော်ဘီကိန်းရဲ့ သေချာပေါက်နှစ်ဂိုးနဲ့ ဒီဖိုးရဲ့ အပိုင်လှည့်ကန်ချက်တွေ ဂိုးသမားကာကွယ်နိုင်ခဲ့တာကြောင့်သာ ဒီထက်ပို ဂိုးမပြတ်ခဲ့တာပါ။ လီဗာပူးလ်ရသွားတဲ့ ဂိုးကတော့ အသစ်ဝယ်ထားတဲ့ နောက်ခံလူ ဂျွန်ဆင်ရဲ့ ကျွမ်းကျင်ပါးနပ်မှုကြောင့် ရခဲ့တဲ့ ပင်နယ်တီပါ။ အသင်းခေါင်းဆောင် ဂျရတ်က ဂိုးအဖြစ် ပြောင်းပေးခဲ့လို့သာ လီဗာပူးလ်တို့ သိက္ခာဆည်ဂိုး ရခဲ့တာဖြစ်ပါတယ်။
ပွဲအစကတည်းကသာ ဘာဘယ်လ်နေရာမှာ ဘီနာယောင်ထည့်ထားခဲ့ရင်၊ ရှေ့တန်းမှာ တောရက်စ်နဲ့ ဗိုရိုနင်ကို တွဲပေးခဲ့ရင်၊ ဂျရတ်ကို နောက်ချန်တိုက်စစ်မှူးမဟုတ်ဘဲ ဒုတိယပိုင်းတစ်ဝက်လောက်မှာ ကစားတဲ့အတိုင်း ကွင်းလယ်မှာ ကစားခိုင်းခဲ့ရင်၊ အမှားများနေတဲ့ စကာတယ်လ်နေရာကို စောစီးစွာလူစားလဲခဲ့ရင် တခြားရလဒ်တွေများ ထွက်လာမလားလို့ ကျွန်တော်ထင်မိပါတယ်။
ဒါပေမယ့်လည်း အပေးအယူအချိတ်အဆက်၊ အသင်းလိုက်နားလည်မှုနဲ့ ကစားကွက်ကောင်းလွန်းတဲ့ စပါးအသင်းကလည်း သူတို့အိမ်ကွင်းပရိသတ်တွေရှေ့မှာ တကယ့်ကို အနိုင်နဲ့ထိုက်တန်ကြောင်း ပြသသွားနိုင်ခဲ့ပါတယ်။ တစ်ချက်ထိအမြန်ပေးနဲ့ တောင်ပံတွေကတစ်ဆင့် တန်ပြန်တိုက်စစ်ကို ပုံဖော်ခဲ့တဲ့ စပါးအသင်းရဲ့ ကစားပုံဟာ တကယ့်ကို စွဲမက်စရာကောင်းလှပါတယ်။ အထူးသဖြင့် လန်နွန်နဲ့ မိုဒရစ်ကို ဘယ်လိုမှ ထိန်းလို့မနိုင်ခဲ့တဲ့ လီဗာပူးလ်နောက်တန်းကို အပြစ်တင်နေမယ့်အစား အမှားအယွင်းမရှိ တကယ့်ကို အကောင်းဆုံးကစားသွားခဲ့တဲ့ အဲဒီကစားသမားနှစ်ယောက်ကို ချီးကျူးတာကသာ အမှန်ဆုံးဖြစ်ပါလိမ့်မယ်။
မန်ယူအသင်းကိုကျော်ဖြတ်ပြီး အင်္ဂလန်အမှတ်ပေးပြိုင်ပွဲသမိုင်းမှာ အအောင်မြင်ဆုံးကလပ်အသင်းဖြစ်အောင် လုပ်ပြမယ်လို့ ကြွေးကြော်ထားတဲ့ နည်းပြဘင်နီတက်ဇ်နဲ့ ကြိုးကြာနီတွေအတွက်တော့ ဒီပုံစံအတိုင်း ဆက်သွားမယ်ဆိုရင်တော့ ချန်ပီယံလိဂ်ဝင်ခွင်တစ်နေရာအတွက်တောင် အတော်ရင်လေးရမယ့် အနေအထားလို့ ဆိုချင်ပါတယ်။ အဲဒီလိုဆိုတဲ့အတွက် အခုမှ ပွဲစဉ်တစ်ပွဲပဲ ကန်ရသေးတယ်။ မစောလွန်းဘူးလားလို့ မေးချင်နေကြမယ် ဖြစ်ပါတယ်။ အခုကန်သွားတဲ့ လူအင်အားဟာ လီဗာပူးလ်ရဲ့ အကောင်းဆုံး ပွဲထွက်လူစာရင်းဖြစ်ပါတယ်။ ဂျရတ်၊ တောရက်စ်၊ မာရှေရာနို၊ ကူရစ်၊ ဘာဘယ်လ်၊ လူးကပ်စ်၊ ဘီနာယောင်၊ ကာရေဂါ၊ စကာတယ်လ်၊ ရီနာ အကုန်ပါပဲ။ ဒီထက်ပိုပြီးကောင်းတဲ့ကစားသမား လီဗာပူးလ်မှာ မရှိတော့ပါဘူး။ အဲဒီအတွက် ပြောင်းရမှာက တစ်ခုပဲရှိပါတယ်။ ကစားကွက်နည်းဗျူဟာဖြစ်ပါတယ်။ ခြေတက်လာတဲ့ စပါး၊ အဲဗာတန်၊ မန်စီးတီးအသင်းတွေကြောင့် လီဗာပူးလ်အသင်း ရင်ခုန်သင့်နေတဲ့အချိန် ဖြစ်ပါတယ်။ ဒီနှစ်ရာသီတစ်ခုလုံး ဘင်နီတက်ဇ်ကို တွေ့ရပါ့မလားဆိုတာကိုလည်း ကျွန်တော်တော့ သံသယ၀င်နေမိကြောင်းပါခင်ဗျား။

လေးစားစွာဖြင့်
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် သြဂုတ်လ ၁၇ ရက်၊ တနင်္လာနေ့။
နံနက် ၁ နာရီ ၂၇ မိနစ်တွင် ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် သြဂုတ်လ ၁၇ ရက်၊ တနင်္လာနေ့။
နံနက် ၁ နာရီ ၂၇ မိနစ်တွင် ပြီး၏။
No comments:
Post a Comment