တစ်ခါတုန်းက တိုင်းပြည်တစ်ခုမှာ ဘုရင်ကြီးတစ်ပါးရှိတယ်။ သူ့မှာ သားသုံးယောက်ရှိတယ်။ သားတွေကလည်း တစ်ယောက်နဲ့တစ်ယောက် မတိမ်းမယိမ်းတွေ၊ အရည်အသွေးတွေကလည်း တူနေကြတယ်။ အဲဒီတော့ ဘုရင်ကြီးကလည်း အသက်ကြီးလာတော့ အရိုက်အရာကိုလွှဲချင်ပြီ၊ ဘယ်သူ့ကို လွှဲရမှန်း မဆုံးဖြတ်တတ်အောင် ဖြစ်နေတယ်။ အဲဒီတော့ သူကိုးကွယ်တဲ့ ရသေ့က အကြံပေးတယ်။ အဲဒီအကြံအတိုင်း ဘုရင်ကြီးက လုပ်တော့တာပဲ။
တစ်နေ့မှာ သားသုံးယောက်ကိုခေါ်ပြီး ပန်းမျိုးစေ့တစ်တင်းစီ ပေးတယ်။ အဲဒီလို ပေးပြီးတော့ ငါဒီနေ့ကစပြီး ငါ့ဆရာရသေ့ကြီးနဲ့အတူ ခရီးသွားမယ်။ ငါပြန်လာတဲ့အခါမှာ ငါ့ရဲ့မျိုးစေ့တွေကို ပြန်လိုချင်တယ်။ အဲဒါမင်းတို့ ထိန်းသိမ်းထားကြ၊ ပန်းမျိုးစေ့တွေကို ဘယ်လိုထိန်းသိမ်းထားတယ်ဆိုတဲ့ အချက်က သိပ်အရေးကြီးတယ်။ အဲဒီအချက်အပေါ်မှာ မူတည်ပြီး ဘယ်သူ့ကို အရိုက်အရာလွှဲရမလဲဆိုတဲ့ အဖြေရမှာပဲလို့ ပြောပြီး သူ့ဆရာရသေ့ကြီးနဲ့အတူ ခရီးထွက်သွားတယ်။
အငယ်ဆုံးသားက ဒါများ ဘာခက်လို့လဲဆိုပြီး သံသေတ္တာကြီးတစ်လုံးထဲမှာ ပန်းမျိုးစေ့တွေထည့်ပြီး သော့ခတ် သိမ်းထားလိုက်တယ်။ အကြီးဆုံးသားက ပန်းမျိုးစေ့တွေကို ဈေးကိုသွားပြီး ရောင်းပစ်လိုက်တယ်။ ငွေကို သိမ်းထားလိုက်တယ်။ သူ့အကြံကတော့ သူ့အဖေပြန်လာတဲ့အခါကျမှ အဲဒီငွေနဲ့ မျိုးစေ့တွေပြန်ဝယ်ပေးလိုက်မယ်၊ သူလည်း မသိမ်းရဘူး။ မျိုးစေ့တွေလည်း လတ်လတ်ဆတ်ဆတ် ရနိုင်တယ်ပေါ့။ သားအလတ်ကျတော့ ဒီလိုမဟုတ်ဘူး။ မြေကွက်တစ်ကွက်မှာ မြေတွေတူးဆွပြီး ပန်းမျိုးစေ့တွေကို ကြဲဖြန့်ပြီး စိုက်ပစ်လိုက်တယ်။ အင်မတန်လှတဲ့ပန်းတောကြီး ဖြစ်နေတာပေါ့။
အဲဒီလိုနဲ့ ဘုရင်ကြီးပြန်လာတဲ့အခါမှာ သားအငယ်က သံသေတ္တာထဲကနေ ထုတ်ပေးလိုက်တယ်။ မျိုးစေ့တွေက ကြုံလှီကုန်ပြီ။ စိုက်လို့ရနိုင်တဲ့ အခြေအနေလည်း မရှိတော့ဘူး။ ခြောက်တာတွေလည်း ခြောက်ကုန်ပြီ။ အဲဒီတော့ ဘုရင်ကြီးက "မင်းကို ငါပေးခဲ့တာ တစ်တင်းပဲ၊ မင်းကလည်း ငါ့ကို တစ်တင်းပြည့်အောင် အပ်တယ်။ ဒါပေမယ့် မင်းငါ့ကို ပြန်ပေးတဲ့ တစ်တင်းဟာ တစ်တင်းမဟုတ်တော့ဘူး။ မင်းလုပ်ပုံက ကိန်းဂဏန်းစေ့ရင်ပြီးရောဆိုတဲ့ သဘောမျိုးလုပ်လိုက်တာ။ ပုံသေကားကျဆန်တယ်"လို့ ပြောတယ်။
ပြီးတော့ သားအကြီးဆီ သွားပြန်ရော။ သားအကြီးက ပန်းမျိုးစေ့ရောင်းထားတဲ့ငွေတွေကို ထုတ်ပြတယ်။ မျိုးစေ့လိုချင်ရင်တော့ အခုပဲ ဈေးကိုသွားပြီး မျိုးစေ့ဝယ်ပေးပါ့မယ်လို့ ဘုရင်ကြီးကို ပြောတယ်။ အဲဒီအခါမှာ ဘုရင်ကြီးက "မင်းဟာ ငါပေးထားတဲ့ မျိုးစေ့တွေကို ထိန်းသိမ်းထားတာ မဟုတ်ဘူး။ အလဲအလှယ်လုပ်ထားတာ။ သိပ်ပြီး ဈေးသည်ဆန်တယ်။ အရိုက်အရာ လွှဲလို့မရဘူး"လို့ ပြောတယ်။
သားအလတ်ဆီသွားတော့ ဝေဆာဖူးပွင့်နေတဲ့ ပန်းတောကြီးကို ပြလိုက်တယ်။ မျိုးစေ့တစ်တင်း ပြန်လိုချင်တယ် ဆိုရင်လည်း ဒီပန်းတောကြီးက ထုတ်ပေးလို့ရပါတယ်။ ပန်းတွေအတိုင်း ထားချင်ရင်လည်း ထားလို့ရပါတယ်လို့ ပြောတယ်။ အဲဒီမှာ ဘုရင်ကြီးက "အဲဒါမဆိုးဘူးကွ၊ အဲဒါမှန်တယ်ကွ၊ မျိုးစေ့တွေလည်း မဆုံးဘူး။ မင်းရဲ့ဖန်တီးမှုတွေလည်း ပါနေတယ်။ မျိုးစေ့တွေရဲ့ ရှင်သန်မှုကိုလည်း တွေ့ရတယ်။ မင်းကိုပဲ အရိုက်အရာလွှဲရမယ်"လို့ ပြောလိုက်ပါသတဲ့။ ။
Friday, August 21, 2009
ကျွန်တော်ကြိုက်သော ပုံပြင်များ (၈)
Posted by Ko Nyan Posted Time 11:06 AM
Labels Myanmar, Story, စာအုပ်မှတ်စုများ, မြန်မာ-Myanmar, အောင်မြင်ရေး-Success
Subscribe to:
Post Comments (Atom)
No comments:
Post a Comment