Tuesday, September 15, 2009

ရွေးကောက်ပွဲမတိုင်မီ ဈေးဆစ်မှုများ - မောင်စူးစမ်း


ကြိုးကိုင်နှင့် ကြီးစိုး
မြန်မာ့ဒီမိုကရေစီသည် လစ်ဘရယ်ဒီမိုကရေစီမဟုတ်။ ကြိုးကိုင်ဒီမိုကရေစီဖြစ်မည်ဖြစ်ကြောင်း ရေးသားခဲ့ပြီးဖြစ်သည်။ ဒီမိုကရေစီ၌ ယေဘုယျနိမိတ်လက္ခဏာနှစ်ပါးရှိလေရာ တစ်ပါးသည် တာဝန်မဲ့ပါတီစုံ ဗဟုစနစ် (Feckless Pluralism) ဖြစ်၍ အခြားတစ်ပါးသည် ပါတီကြီးတစ်ခုခု သို့မဟုတ် အဖွဲ့ကြီးတစ်ခုခုက နိုင်ငံရေးပါဝါကို အကြာကြီး ကြီးစိုးထားသောစနစ် (Dominant Power Politics) ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်၌ ရွေးကောက်ပွဲကျင်းပပြုလုပ်တော့မည်ဖြစ်သည်။ နိုင်ငံရေးပါတီတွေ ပေါ်လာတော့မည်ဖြစ်သည်။

မြန်မာ့နိုင်ငံရေးအတွေ့အကြုံသည် ဖဆပလ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီနှင့် စစ်ဘက်မှာ အကြာကြီးအုပ်စိုးမှုကို ဖြတ်သန်းခဲ့ရသဖြင့် ပါတီတစ်ခု၊ အဖွဲ့တစ်ခုက အကြာကြီး စိုးမိုးခြင်းစနစ်နှင့် ပိုပြီးယဉ်ပါးခဲ့သည်ဟု ဆိုရမည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် စစ်တပ်မှပါဝင်ရမည့်အခန်းကို ပြဋ္ဌာန်းသတ်မှတ်ပေးထားပြီး ဖြစ်သည်။ ရွေးကောက်ပွဲအပြီး ပါဝါဖွဲ့စည်းပုံ၌လည်း စစ်တပ်မှ ပါဝင်နေမည်ဖြစ်သည်။ ထို့ကြောင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး ပါတီကြီးတစ်ခုတည်းက အများစု ရရှိစိုးမိုးထားသည့် ပုံသဏ္ဌာန်ပေါ်နိုင်၊ မပေါ်နိုင် မှန်းဆကြည့်စရာရှိသည်။

သဘောမှာ ကြိုးကိုင်ဒီမိုကရေစီတွင် ကြိုးကိုင်သူက ပါဝါကို စိုးမိုးသူမဖြစ်ဘဲ အခြားပါတီအဖွဲ့တစ်ဖွဲ့က စိုးမိုးသောပါတီ (တစ်ပါတီတည်းက မဲအပြတ်အသတ်နိုင်ခြင်းမျိုး) အဖြစ် ပေါ်ထွန်းခြင်းမျိုး ဖြစ်နိုင်၊ မဖြစ်နိုင် ခန့်မှန်းကြည့်ဖို့ဖြစ်လာသည်။ အကယ်၍ တစ်ပါတီတစ်ဖွဲ့တည်းက စိုးမိုးသူ ဖြစ်မလာလျှင် ပါတီစုံညွန့်ပေါင်း ဖြစ်လာနိုင်သည်။ ပါတီစုံသည် ရွေးကောက်ပွဲ၌ဖြစ်စေ၊ လွှတ်တော်တို့ထဲ၌ဖြစ်စေ မတည်မငြိမ် ဂိမ်းကစားတတ်သဖြင့် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း တာဝန်မဲ့ပါတီစုံဗဟုစနစ်ဟု နိုင်ငံရေးသိပ္ပံပညာရှင်တို့က အမည်ပေးသည်။

အန္တိမရွေးချယ်မှု
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ အန္တိမရွေးချယ်မှု သို့မဟုတ် ကံကြမ္မာကို ပြောင်းလဲမည့်ဆုံးဖြတ်ချက် Moment of Truth ကို နိုင်ငံရေးပါတီတို့သည် အစောကြီးကတည်းက ချမှတ်ခဲ့ရသည်။ ဤသို့ ဆုံးဖြတ်ရန် လိုအပ်ပုံကို ကြိုတင်မြင်ခဲ့ကြသည်။ ရွေးကောက်ပွဲမှတစ်ပါး အခြားရွေးချယ်စရာမရှိ ဟု ကြိုတင်မြင်ခဲ့ကြသည်။ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ယခုလည်း ၂၀၁၀ ပြည့်နှစ်၌ ကျင်းပမည့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်းမှတစ်ပါး အခြားလမ်းမရှိပြီ ဟု ရွေးချယ်ဆုံးဖြတ်ရတော့မည်။ စင်စစ်၌ နိုင်ငံရေးပါတီအားလုံးသည် ဤအတိုင်းလည်း ဆုံးဖြတ်ထားပြီးဖြစ်ဟန် ရှိသည်။ အချိန်စောင့်နေကြသည်။ အသိစိတ်ဖြင့်ဖြစ်စေ၊ မသိစိတ်ဖြင့်ဖြစ်စေ ရွေးကောက်ပွဲဝင်ရန် လမ်းကို ရွေးချယ်ဆုံးဖြတ်ပြီးဖြစ်ကြသည်။

ပိုနေမြဲ ကျားနေမြဲ
မြန်မာ့နိုင်ငံရေးတွင် မဏ္ဍိုင်နှစ်ပါးရှိလာမည်။ စစ်ဘက်နှင့် နိုင်ငံရေးပါတီတို့ဖြစ်ကြမည်။ ယင်းမဏ္ဍိုင်နှစ်ပါးအနက် စစ်ဘက်မဏ္ဍိုင်က ပို၍ စိတ်ဝင်စားစရာကောင်းမည်။ စစ်ဘက်ကလည်း စပွန်စာ သို့မဟုတ် ကြိုးကိုင်အနေဖြင့် မိမိပလေရာတို့ကို တန်းစီရမည်။ နိုင်ငံရေးပါတီတို့ကလည်း ရွေးကောက်ပွဲအတွက် တန်းစီရမည်။ ဤမဏ္ဍိုင်နှစ်ပါးအနက် စစ်ဘက်မဏ္ဍိုင်က အဖြစ်အပျက်တို့ကို ပိုပြီး ပုံလောင်းစရာရှိသဖြင့် စစ်ဘက်၏ တန်းစီဇယားချပုံ၊ ဂိမ်းအစီအစဉ်တို့သည် နိုင်ငံရေးသုံးသပ်သူတို့အဖို့ ပို၍ စိတ်ဝင်စားစရာကောင်းမည်။

ရွေးကောက်ပွဲသည် ပိုနေမြဲ ကျားနေမြဲအခြေအနေကို အပြောင်းအလဲဖြစ်စေမည်ဖြစ်၍ ပိုနေမြဲကျားနေမြဲ အနေအထား (တည်ဆဲအခြေအနေ) တွင် အကျိုးရှိနေသူတို့က ပဏာမအချက်အနေဖြင့် ရွေးကောက်ပွဲကို လိုလားမည့်ပုံပေါ်မည် မဟုတ်ပေ။ ဒုတိယအချက်အနေဖြင့် ရွေးကောက်ပွဲကျင်းပခြင်းကို မတားဆီးနိုင်သည့်အဆုံး၌ မိမိတို့အနေအထားနှင့် အကျိုးစီးပွားကို ကာကွယ်ရန်အလို့ငှာ ရွေးကောက်ပွဲတွင် ပါဝင်လာကြဖွယ်ရှိသည်။

နိုင်ငံရေးဈေးဆစ်မှု
လက်ရှိအနေအထားကို မပြောင်းလဲလိုသူတို့မှာ သူကောင်းပြုမှုကို ခံစားနေရသူတို့နှင့် လက်နက်ကိုင် အဖွဲ့အစည်းအချို့တို့ ဖြစ်ဖွယ်ရှိသည်။ ထို့ကြောင့် နိုင်ငံရေးဈေးဆစ်မှု၌ နိုင်ငံရေးပါတီတို့နှင့် ဈေးဆစ်မှုထက် သူကောင်းပြုခံလူတန်းစားနှင့်လည်းကောင်း၊ လက်နက်ကိုင် အဖွဲ့အစည်းအချို့တို့နှင့်လည်းကောင်း ဈေးဆစ်မှုတို့က ပို၍ ခက်ခဲ့စရာရှိသည်။ သဘောမှာ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးအပေးအယူ ဈေးဆစ်မှုတွေ သင့်တင့်လျောက်ပတ်စွာ ပေါ်ခြင်းဖြစ်မည်။ ပြည်တွင်းနိုင်ငံရေးဈေးဆစ်မှုသာမက ပြည်ပနိုင်ငံနှင့် အဖွဲ့အစည်းတို့နှင့်လည်း ဈေးဆစ်မှုရှိမည်။

မောင်စူးစမ်း (၅-၉-၀၉)

( The Voice Weekly Journal အတွဲ ၅၊ အမှတ် ၄၅ မှ ပြန်လည်ကူးယူဖော်ပြပါသည် )

No comments:

Post a Comment

 
Web Statistics