(၁)
အရောဝင်လွန်းရင် အရိုအသေတန်တယ် ဆိုတဲ့စကားကို ပြန်စဉ်းစားနေမိတယ်။ တကယ်ဆိုရင်တော့ ဘယ်လောက်ပဲ ရင်းရင်းနှီးနှီးနေနေ အရိုအသေမဲ့တယ်ဆိုတဲ့ကိစ္စဟာ ဖြစ်လာစရာမရှိတဲ့ အကြောင်းအရာတစ်ရပ်လို့ ထင်မိတယ်။ အခုဟာက အရိုအသေခံချင်လို့မဟုတ်ပေမယ့် ကိုယ့်ကို မလေးမစား၊ မရိုမသေမလုပ်ဖို့အတွက် အခြားလူတွေနဲ့ ခပ်စိမ်းစိမ်းပဲနေရမလို ဖြစ်နေတယ်လို့ ခံစားမိတယ်။ အဲဒီလိုကြီးတော့လည်း မဟုတ်သေးပါဘူး။ ရင်းရင်းနှီးနှီးနေတာနဲ့ ပေါပေါလောလောဖြစ်တာဟာ ဘယ်လိုများ စပ်ဆက်နေပါလိမ့်လို့ စဉ်းစားနေမိတယ်။
(၂)
လူမှုရေး ဆိုတာကို အခြားလူတွေအတွက်တော့ ကိုယ်က အတိအကျလိုက်နာရပြီး ကိုယ့်အတွက်ကျတော့ အခြားလူတချို့က ဘာကြောင့် လျစ်လျူရှုထားကြသလဲဆိုတာကို စဉ်းစားနေမိတယ်။ ဘာမဟုတ်တဲ့ အချက်တစ်ချို့ကြောင့် အဓိပ္ပါယ်အများကြီးပါတဲ့ မျက်လုံးတွေနဲ့ ကြည့်တာကို ကျွန်တော်မကြာခဏ ခံခဲ့ရဖူးတယ်။ ဒါပေမယ့် အဲဒီလို ကြည့်တဲ့လူတစ်ချို့ကပဲ ကျွန်တော်တန်ဖိုးထားတဲ့ အချက်တွေကို မသိကျိုးကျွံပြုပြီး ပြုံးပြုံးကြီး ဟီး..ဟီး..လုပ်သွားတာကိုခံရတာ ကျွန်တော့်အနေနဲ့ ဘယ်လောက်ခံရခက်သလဲဆိုတာ သူတို့တွေသိမှသိရဲ့လားလို့ စဉ်းစားနေမိတယ်။
(၃)
မေတ္တာထားရင် မေတ္တာပြန်ရတယ် ဆိုတာကို ယုံကြည်တယ်။ ဒါပေမယ့် ကိုယ်ကမေတ္တာထားပေမယ့် ကိုယ့်ကို အလကားနေရင်းကို အမြင်ကတ်နေတဲ့လူတွေ၊ ကိုယ်က သူ့ကို လုံးဝကို ကြည့်မရပေမယ့် သူကတော့ လမ်းမှာတွေ့တိုင်း ပြုံးပြုံးရွှင်ရွှင်နဲ့ ဖော်ဖော်ရွေရွေ နှုတ်ဆက်တတ်တဲ့လူမျိုးတွေကိုလည်း ကျွန်တော်တွေ့ဖူးတယ်။ ဒါဟာ လောကသဘာဝပဲလား၊ ဒါမှမဟုတ် အခြားအကြောင်းအရာတစ်ရပ်လားဆိုတာကို ဘယ်လိုနားလည်ရမလဲလို့ စဉ်းစားနေမိတယ်။
(၄)
တန်ရာတန်ကြေးဆိုတာကို လူတွေက တလေးတစားနဲ့ အသိအမှတ်ပြု တန်ဖိုးထားကြပေမယ့် အဲဒီတန်ရာတန်ကြေးနေရာမှာ မေတ္တာဖြင့်အခမဲ့ဆိုတာနဲ့ အစားထိုးလိုက်တဲ့အခါမှာတော့ ဘာကြောင့် အမြင်တွေပြောင်းသွားရတယ်ဆိုတာကို စဉ်းစားနေမိတယ်။ သူ့အတွက် ခက်ခက်ခဲခဲအရာ ဖြစ်နေပေမယ့် ကိုယ့်အနေနဲ့ အေးအေးဆေးဆေး ကူညီနိုင်တဲ့အရာမို့ တခြားကို တန်ရာတန်ကြေးတွေ သွားပေးမနေပါနဲ့.... ကျွန်တော်ပဲ (အခမဲ့) ကူညီပေးပါမယ်ဆိုတာကို မယုံသင်္ကာမျက်လုံးနဲ့ ကြည့်တာကို ခံရသေးတယ်။ (အခမဲ့ ဆိုတာမှာ တန်ဖိုးတစ်ခုရှိတယ်ဆိုတာကို ပြောပြချင်လိုက်တာဗျာ) အစ်ကိုကြီးတစ်ဦးရဲ့ အခန်းနံရံမှာ ရေးထားဖူးတဲ့ စာသားလေးတွေကို ပြန်သတိရမိတယ်။ စေတနာသည် လူတိုင်းနှင့် မထိုက်တန်တဲ့။ အဲဒီစကားဟာ မှန်သင့်တဲ့အရာဟုတ်ရဲ့လားလို့ စဉ်းစားနေမိတယ်။
(၅)
တစ်နေ့က မြန်မာဗီဒီယိုဇာတ်ကားတစ်ကားကြည့်ရင်း ဒိုင်ယာလော့ခ်လေးတစ်ခုကို သတိထားမိတယ်။ ကျွန်တော်က အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား မလုပ်ချင်ဘူး၊ တစ်ကောင်လုံးကျက်မှ စားချင်တာ တဲ့။ အများကြီး စဉ်းစားနေမိတယ်။
(၆)
မဂ္ဂဇင်းတစ်စောင်ထဲမှာ အလှဖန်တီးရှင်မမတွေရဲ့ အလှမယ်ပြိုင်ပွဲတစ်ခုလုပ်တဲ့ သတင်းကို ဖတ်လိုက်ရတယ်။ ရတဲ့ဝင်ကြေးငွေတွေကို လူမှုရေးလုပ်ငန်းတွေမှာ သုံးဖို့အတွက် လှူဒါန်းတယ်ဆိုတဲ့အတွက် သာဓုခေါ်မိပါတယ်။ ပြောချင်တာက အဲဒါမဟုတ်ပါ။ မြန်မာနိုင်ငံမှာ အလှဖန်တီးရှင် မာမီများနဲ့ အခြားသော ဖုန်းကညာတစ်ပါး လုံးရာပြား အရေအတွက်ဟာ ငါးသိန်းလောက်ရှိတယ်ဆိုတဲ့ အချက်ကို စိတ်ဝင်စားမိတာပါ။ ငါးသိန်းဆိုတဲ့ အရေအတွက်နဲ့ပတ်သက်ပြီး စဉ်းစားနေမိတယ်။ (အားပါးပါး…. တ,လောက်ပါတယ်)
(၇)
အခုတလော တပည့်တွေရဲ့ စာမေးပွဲကိစ္စတွေနဲ့ အချိန်အားမရတဲ့အတွက် ဘလော့ဂ်ကို လုံးဝကို လှည့်မကြည့်နိုင်ပါ။ မြန်မာ့သွေး ဂူးဂဲလ်အဖွဲ့ကိုလည်း အီးမေးလ်တွေမပို့နိုင်တာ အတော်လေးကြာနေပါပြီ။ အခြားလူတွေ ပို့ထားတဲ့ အီးမေးလ်တွေကိုလည်း moderate မလုပ်နိုင်ဘူးဖြစ်နေတယ်။ ဘလော့ဂ်မရေးရတဲ့အတွက် စိတ်ထဲမှာ နေ့တိုင်း အကြွေးတစ်ခုတင်နေသလို ခံစားနေရတာ အတော်ကို ဆိုးပါတယ်။ အင်တာနက်ရောဂါ စွဲကပ်နေပြီလားဆိုတာကို စဉ်းစားနေမိတယ်။
(၈)
အခုကျွန်တော့်ဘလော့ဂ်ကို လာဖတ်နေတဲ့ မိတ်ဆွေတွေကိုလည်း ဘာဖြစ်လို့များ ဘလော့ဂ်တွေ ဖတ်နေပါလိမ့်ဆိုပြီး စဉ်းစားနေမိတယ်။ တကယ်လို့များ အပန်းမကြီးရင် ကျွန်တော့်ရဲ့ မြန်မာ့သွေးဘလော့ဂ်ကို ဘာကြောင့် လာဖတ်ရသလဲဆိုတာကို ရေးပေးခဲ့စမ်းပါဗျာ။ စဉ်းစားရတာ အားကြီးခေါင်းခြောက်လို့ပါ။
ပို့စ်တွေရေးဖို့အချိန်မရတဲ့အတွက် အချိန်ရတဲ့အခိုက်လေးမှာ စိတ်ထဲရှိနေတာတွေကို ချရေးလိုက်တာပါ။ တောင်ရောက်မြောက်ရောက် ဟိုမရောက်ဒီမရောက်၊ ဟိုတစ်စဒီတစ်စတွေပေါ့။ သည်းခံပြီး ဖတ်ပေးတဲ့အတွက် ကျေးဇူးပါပဲ။
ကျေနပ်နိုင်ကြပါစေဗျာ။
၂၀၀၉ ခုနှစ် စက်တင်ဘာလ ၁၈ ရက်၊ သောကြာနေ့။
ညနေ ၄ နာရီ ၃၁ မိနစ်တွင် ပြီး၏။
No comments:
Post a Comment