တလောက ဂျာနယ်ကြီးတစ်စောင်မှာ ဖော်ပြခဲ့သည့် ဆရာမောင်စူးစမ်း၏ ကိန်းသေလေးပါးနှင့် မမြင်ရသောလက် ဆောင်းပါးတွင် မူပြောင်းပြီး လူမပြောင်းတဲ့ ရွေးကောက်ပွဲဟု ကြိုတင်စွပ်စွဲနေကြသောကြောင့် ဟူသည့် စကားအပိုင်းအစလေးတစ်ခု ဖတ်လိုက်ရသည်။ သည်နောက်ပိုင်း ထိုအဓိပ္ပါယ်မျိုးသက်ရောက်သည့် စကားရပ်များကို တွေ့လာရသည်။ သို့နှင့် ထိုလူ၊ မူတို့၏ ပြောင်းလဲခြင်းကို ဖြစ်စဉ်သုံးရပ်ခွဲ၍ ရှုမြင်သုံးသပ်ကြည့်မိသည်။
ထိုဖြစ်စဉ်များမှာ -
ဖြစ်စဉ် (၁) လူပြောင်း၊ မူမပြောင်း
ဖြစ်စဉ် (၂) လူမပြောင်း၊ မူပြောင်း
ဖြစ်စဉ် (၃) လူပြောင်း၊ မူပြောင်း ဟူ၍ ဖြစ်သည်။
ဖြစ်စဉ် (၁)
စာရေးသူအနေဖြင့် ဖြစ်စဉ်(၁)အတွင်း ဆယ်စုနှစ် နှစ်ခုစာမျှ ဖြတ်သန်းခဲ့ပြီးပြီဟုဆိုလျှင် သဘောတူနိုင်ကြလိမ့်မည် ထင်ပါသည်။ သို့သော် ထိုဖြစ်စဉ်မှာ မကြာမီနှစ်များအတွင်း ပြီးဆုံးရပ်တန့်သွားတော့မည်ဖြစ်၍ ထိုဖြစ်စဉ်(၁) အပေါ် အကျယ်တ၀င့် ဆွေးနွေးရန် လိုအပ်တော့မည် မဟုတ်ဟု ထင်ပါသည်။
ဖြစ်စဉ် (၂)
ဤစာအစတွင် ဖော်ပြခဲ့သည့်အတိုင်း လောလောဆယ် လူပြောသူပြောများသည့် ဖြစ်စဉ်ဖြစ်ပါသည်။ နိုင်ငံရေးစနစ်သစ်အရ ပေါ်ထွက်လာမည့် အုပ်ချုပ်သူသည် ပြောဆိုနေကြသည့်အတိုင်း လူမပြောင်းသော အရပ်သားအုပ်ချုပ်သူတစ်ရပ် ဖြစ်ကောင်းဖြစ်လာနိုင်သည်။ ဤဖြစ်စဉ်ကို ဖြစ်စဉ်(၃)အတိုင်း လူပြောင်း၊ မူပြောင်းစေလိုသူများကတော့ သဘောတူနိုင်ကြလိမ့်မည် မဟုတ်ပါ။ သို့သော် အတ္တ၊ အာဃာတနှင့် အမုန်းတရားများကို ဖယ်၍ ရှုမြင်လျှင် မကြာမီဖြစ်ပေါ်လာတော့မည့် နိုင်ငံရေးစနစ်သစ်တွင် လူပြောင်းခြင်း၊ မပြောင်းခြင်းသည် အဓိကမဟုတ်ဘဲ မူပြောင်းခြင်း၊ ထိုမူကို ခိုင်မတ်အောင်တည်ဆောက်ခြင်းသည်သာ အဓိကဖြစ်ကြောင်း တွေ့မြင်ရပါလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် နိုင်ငံရေးစနစ်သစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရှိလာသည်။ ထိုအခြေခံဥပဒေအရ လွှတ်တော်များရှိလာသည်။ ထိုလွှတ်တော်များတွင် ဥပဒေကြမ်းများ တင်သွင်းခွင့်ရှိသည်။ ပြည်ထောင်စုတစ်ဝန်းလုံး အတွက်သော်လည်းကောင်း၊ ပြည်ထောင်စု၏ တစ်စိတ်တစ်ဒေသအတွက် သော်လည်းကောင်း အာဏာသက်ရောက်စေသည့် ဥပဒေပြုခွင့်ရှိသည်။ ပြောရလျှင် လွှတ်တော်၏ သဘောတူ ဆုံးဖြတ်မှုများကသာ အရာရာကို လွှမ်းမိုးထားသည်။ သို့ဖြစ်၍ အုပ်ချုပ်သူ လူ ပြောင်းခြင်း၊ မပြောင်းခြင်းသည် အဓိကမကျဟု ပြောခြင်းဖြစ်သည်။
သို့သော် ဤနေရာတွင် အရေးကြီးသော အချက်နှစ်ချက်တော့ရှိသည်။ ထိုမူများကို စီမံပြဋ္ဌာန်းခွင့်ရှိသူများ (တစ်နည်းအားဖြင့်) လွှတ်တော်အသီးသီးတွင် ပါဝင်ခွင့်ရလာသည့် လွှတ်တော်အမတ်များသည်
စာရွက်ပေါ်တွင် သတ်မှတ်ပြဋ္ဌာန်းထားသော အရည်အချင်းများ ပြည့်စုံရုံမျှနှင့်မလုံလောက်၊ အတွေ့အကြုံ ရင့်ကျက်သော ဝေဖန်ပိုင်းခြားနိုင်သည့် အရည်အချင်းများနှင့် ပြည့်ဝသော လက်ညှိုးထောင် ခေါင်းညိတ်မဟုတ်သော ပုဂ္ဂိုလ်များ ဖြစ်ရန်လိုသည်။
သတ်မှတ်ထားသော အရေအတွက်ဘောင်အတွင်း အပြန်အလှန် ထိန်းညှိနိုင်မည့် အင်အားရှိရန်လိုသည်။
လွှတ်တော်များအတွင်း ဤအချက်များနှင့် ပြည့်စုံသူအရေအတွက် များများသာပါဝင်နေလျှင် ဒီမိုကရေစီတန်ဖိုးများ တဖြည်းဖြည်း မြင့်တက်လာမည်ဖြစ်သည်။ ထိုအခါ အုပ်ချုပ်သူ လူ မပြောင်းခြင်းသည် အတိုက်အခံပြုစရာအကြောင်း မဟုတ်တော့လောက်အောင် သေးငယ်သွားမည်ဖြစ်သည်။ ထိုအခြေအနေမျိုးကို မဖန်တီးနိုင်ခဲ့လျှင်တော့ မည်သည့်အုပ်ချုပ်သူများကမဆို မူ ကို လွှမ်းမိုးသွားကြမည်ဖြစ်သည်။
ယခု အုပ်ချုပ်သူ သို့မဟုတ် လူ ဟု ရည်ညွှန်းပြောဆိုနေကြသော Them တို့သည် နိုင်ငံသားများဖြစ်ကြသည်။ နိုင်ငံရေးစနစ်သစ်တွင် ဥပဒေနှင့်အညီ ပါဝင်နိုင်ခွင့်ရှိသူများဖြစ်သည်။ ထို့အပြင် လက်ရှိအနေအထားတွင် နိုင်ငံရေးစနစ်သစ်အတွက် အခွင့်သာနေသူများ ဖြစ်သည်။ ထို့ကြောင့် ယခုကာလသည် မည်သူတို့ အုပ်ချုပ်ကြမည် ဆိုသည်ကို အာရုံပြုနေကြခြင်းထက် မူ များကို ဆုံးဖြတ်ပြဋ္ဌာန်းပေးမည့် လွှတ်တော်များကို ခိုင်ခိုင်မာမာဖြစ်အောင် မည်ကဲ့သို့ ၀ိုင်းဝန်းကြိုးပမ်းကြရမည်ကိုသာ အလေးအနက်ထားသင့်သည့်အချိန် ဖြစ်သည်။
ဖြစ်စဉ် (၃)
အမေရိကန်သမ္မတဟောင်း ဂျော့ဒဗလျူဘွတ်ရှ် လက်ထက်က အရှေ့အလယ်ပိုင်းနှင့် ပတ်သက်သော သူ၏ မိန့်ခွန်းတစ်ခုတွင် ပါလက်စတိုင်းများကို ပါလက်စတိုင်းနိုင်ငံဟူ၍ပင် မဖြစ်သေး။ ဒီမိုကရေစီကျသည့် ဈေးကွက်စီးပွားရေးဖြစ်အောင် ပြုပြင်ပြောင်းလဲရမည်။ အကျင့်ပျက်မှုများ ကင်းစင်ရမည်။ သီးခြားလွတ်ကင်းသော တရားစီရင်ရေးနှင့် ဥပဒေပြုရေးမဏ္ဍိုင်တွေ ရှိရမည်ဟု ပြောသွားခဲ့သည်။ ထိုစဉ်က နိုင်ငံအလောင်းအလျာအဆင့်ပင် မရောက်သေးသော ပါလက်စတိုင်းများကို ဆွီဒင်နိုင်ငံကဲ့သို့ ဖြစ်ခိုင်း၊ လုပ်ခိုင်း၊ ပြုကျင့်ခိုင်းနေသည့် အမေရိကန်သမ္မတဟောင်း၏ အဖြစ်မှန်နှင့်ဝေးသော စိတ်ကူးယဉ်အယူအဆပေါ်တွင် ကမ္ဘာတစ်ဝန်းလုံးက သံတမန်များ ခေါင်းတယမ်းယမ်းနှင့် စိတ်မသက်မသာဖြစ်ကြရကြောင်း၊ ထိုကာလက အစ္စရေးအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ရှီမွန်ပဲရက် ကပင် ကမ်းကုန်အောင်မှားတယ် (Fatal Mistake) လို့ ပြောခဲ့ကြောင်း စာရေးသူ ဖတ်ခဲ့မှတ်ခဲ့ဖူးသည်။
မကြာမီဖြစ်ပေါ်လာတော့မည့် နိုင်ငံရေးစနစ်သစ်အကူးအပြောင်းတွင် ဖြစ်စဉ်(၃)အတိုင်း အုပ်ချုပ်သူ လူ ရော မူ ပါ ပြောင်းလဲကြမည်ဆိုပါလျှင် အထက်တွင် သာဓကပြုထားသကဲ့သို့ ပါလက်စတိုင်းတို့ ပါလက်စတိုင်းပင် မဖြစ်သေး။ ဆွီဒင်နိုင်ငံကဲ့သို့ ဖြစ်ခိုင်းနေခြင်းမျိုး သက်ရောက်သွားပေလိမ့်မည်။ အမှန်အားဖြင့် စာရေးသူတို့နိုင်ငံ၏ ဒီမိုကရေစီသည် ဒီမိုကရေစီဟုသာ ပြောနေကြသော်လည်း အစပင်ပျိုးကြသေးသည်မဟုတ်။ သည်အခြေအနေ အချိန်အခါမျိုးတွင် အမေရိကန်၊ အင်္ဂလန်ကဲ့သို့ ဖြစ်စေချင်၍ မဖြစ်နိုင်သေး။ စာရေးအမြင်အရပြောရလျှင် ဖြစ်စဉ် (၃)သည် နိုင်ငံသားများ၏ ဒီမိုကရေစီအသိ ပညာရေချိန်အတိုင်းအတာ တစ်ခုအထိ ရင့်ကျက်နေလျှင် ဖြစ်နိုင်ချေရှိသော်လည်း ယခုအချိန်သည် အစိမ်းသက်သက်ဖြစ်၍ အတို့အထိမခံ၊ အတိမ်းအစောင်းမခံနိုင်သော ကာလဖြစ်သည်။ သို့ဖြစ်၍ ဆန္ဒမစောမိကြရန် အရေးကြီးသည်။ Benefits and Risks ကို ချိန်ဆရမည့်အချိန်ဖြစ်သည်။ အကယ်၍ ဖြစ်စဉ်(၃)ကိုသာ ဖြစ်ကိုဖြစ်ရမည် ဟု တရားသေ စွဲကိုင်ထားသည်ဖြစ်အံ့။ ဂျော့ဒဗလျူဘွတ်ရှ်၏ မိန့်ခွန်းကဲ့သို့ အဖြစ်မှန်နှင့်ဝေးသော စိတ်ကူးယဉ် အယူအဆဟုသာ ပြောရပေလိမ့်မည်။
သည်လိုပြောတော့ စာရေးသူကို ဟိုဟိုဒီဒီ တွေးကောင်းတွေးနေကြပေလိမ့်မည်။ စာရေးသူသည် ပြည်သူထဲက ပြည်သူတစ်ဦးသာ ဖြစ်သည်။ မည်သည့် Us & Them မှ မရှိပါ။ နိုင်ငံ၏ ရှေ့အရေးကို မျက်တောင်မွေးတစ်ဆုံးစာ ကြည့်မြင်ပြောဆိုခြင်းမဟုတ်ဘဲ မျက်စေ့တစ်ဆုံးကြည့်၍ အဖြစ်သင့်ဆုံးနှင့် လက်တွေ့အကျဆုံး ဖြစ်လိမ့်မည်ဟု ထင်မြင်ယူဆချက်ကို ရိုးသားစွာတင်ပြခြင်းဖြစ်သည်။ စာရေးသူအမြင်ကို အပွင့်လင်းဆုံး ထပ်မံတင်ပြရလျှင် လောလောဆယ်အားဖြင့် စာရေးသူတို့တွင် ဖြစ်စဉ်(၃)အတိုင်း ကူးပြောင်းရန် အသင့်မဖြစ်သေးဟု ထင်မြင်သည်။ သို့အတွက် အတွေ့အကြုံများ ဖြည့်ဆည်းရန်၊ နိုင်ငံရေးအသိပညာရေချိန်မြင့်မားသော လူသားအရင်းအမြစ်များ တိုးပွားလာစေရန် သက်တမ်းတစ်ခုစာတော့ စိတ်ရှည်ကြရမည်သာဖြစ်သည်။
အချုပ်အားဖြင့် အဖြစ်မှန်သာဓကလေးတစ်ခု တင်ပြလိုပါသည်။ စာရေးသူ၏ အိမ်ရှေ့ လူသွားလမ်းဘေးတွင် ဗာဒံပင်နှစ်ပင်ရှိသည်။ အလေ့ကျပေါက်နေသော အပင်ဖြစ်သော်လည်း နွေရာသီတွင် လမ်းသွားလမ်းလာများ အရိပ်ခိုနားနိုင်စေရန်ရည်ရွယ်၍ ၀င်းခြံလေးကာလျက် ပြုစုစောင့်ရှောက်ခဲ့သည်။ ယခုထိုအပင် နှစ်ပင်မှာ အရိပ်ခိုနိုင်သည်အထိ ကြီးထွားလာနေပြီဖြစ်သည်။ သို့သော် ထိုကဲ့သို့ အပင်လားမြောက်လာကြတော့မှ ထိုအပင်နှစ်ပင်၏ သဘာဝကွာခြားမှုကို တွေ့လာရသည်။ အခြားမဟုတ် နွေရာသီ ရွက်ဟောင်းရွက်သစ်လဲချိန်တွင် တစ်ပင်မှာ ရွက်ဟောင်းများ တစ်ပင်လုံး အကုန်အစင်ကြွေကျပြီးမှသာ ရွက်သစ်ရွက်နုထွက်သည်ကို တွေ့ရသည်။ အခြားတစ်ပင်ကမူ ထိုသို့မဟုတ်။ အချို့ကြွေ ထိုနေရာတွင် ရွက်သစ်ဝေနှင့် ဖြည်းဖြည်းချင်း ရွက်ဟောင်းရွက်သစ်ကြွေလဲသည်ကို တွေ့ရသည်။ တစ်ပင်လုံး ကြွေပြီးမှ ရွက်သစ်ထွက်သောအပင်မှာ ရွက်ဟောင်းကြွေချိန်တွင် ထိုအပင်၏ အကိုင်းအခက်တို့မှာ အရိုးပြိုင်းပြိုင်း ဖြစ်နေတတ်သည်။ အပင်ဝေစည်ဖို့ အချိန်အတော်ရယူရသည်။ အခြားအပင်ကမူ ရွက်ဟောင်းရွက်သစ် လဲသည်ဟုပင် မထင်လိုက်ရ… အမြဲစိမ်းစိုလျက်… အမြဲတမ်းအရိပ်ရလျက်…။
အို… အသင်စာရှုသူ
၂၀၁၀ ခုနှစ်တွင် ဒီမိုကရေစီ ပျိုးတစ်ပင်ကို သင်ကိုယ်တိုင် ပါဝင်စိုက်ပျိုးပေးရပေတော့မည်။ ထိုအချိန်အခါတွင် မည်ကဲ့သို့သော သဘာဝရှိသည့်ပျိုးပင်ကို ရွေးချယ်စိုက်ပျိုးသင့်ပါသနည်း။ ဤသည်ကိုမူ အသင်စာရှုသူ မလွဲမသွေချင့်တွက်ရတော့မည် ဖြစ်ပါသည်။

ခင်မောင်ဆွေ (ပြည်မြို့) ၅-၉-၂၀၀၉
( The Voice Weekly ဂျာနယ် အတွဲ ၅၊ အမှတ် ၄၅ မှ ပြန်လည်ကူးယူဖော်ပြပါသည် )
No comments:
Post a Comment