ကျောင်းဆရာတစ်ယောက် လုပ်ခဲ့တာကြောင့် လူငယ်တွေနဲ့ အထိအတွေ့ များပါတယ်။ နိုင်ငံခြားသားတွေနဲ့ ပခုံးချင်းယှဉ်ပြီး ကြိုးစားအားထုတ်နေတဲ့ လူငယ်တွေ၊ နိုင်ငံခြားသား မျက်နှာဖြူတွေကိုတောင် ငှားရမ်းခိုင်းစေပြီး အလုပ်လုပ်နေတဲ့ လူငယ်တွေရှိနေသလို ဘာလုပ်ရမှန်းမသိဘူးဆိုပြီး ဟိုယောင်ယောင်၊ ဒီယောင်ယောင်နဲ့ အချိန်ဖြုန်းနေကြတဲ့လူငယ်တွေ အများအပြားရှိတာကိုလည်း တွေ့နေရပါတယ်။
အဲဒီယောင်ယောင်တွေထဲက ကျောင်းသားတပည့်တွေကို မေးမြန်းကြည့်တော့ သူတို့အားလုံး အလုပ်မရှိတာဟာ အလုပ်လုပ်ချင်စိတ်ကို မရှိတာဖြစ်ကြောင်း တွေ့ရပါတယ်။ ပြောလိုက်ရင်တော့ သူတို့အလုပ်လုပ်ချင်ပါတယ်။ သူတို့နဲ့သင့်လျော်တဲ့ အလုပ်ကိုမရှိတာပါလို့ ဆိုတဲ့လူနဲ့၊ အလုပ်အကိုင်ကရှားပါးတော့ အကြောင်းအပေါင်းသင့်ရာတွေပဲ ရနေကြတယ်လို့ ဆိုတဲ့လူနဲ့ချည်းပါပဲ။ အလုပ်လုပ်ချင်စိတ်ကို မရှိတာကိုတော့ ဘယ်သူမှ ၀န်မခံကြပါဘူး။
လူတချို့ကတော့ ဒီကိစ္စကို အလုပ်လုပ်မယ့်သူဦးရေက တစ်နေ့တခြား တိုးပွားများပြားနေပြီး အလုပ်အကိုင်နေရာက အချိုးညီစွာ တိုးတက်မလာတာကို ထောက်ပြကြပါတယ်။ ဒါလည်းမမှန်ပါဘူး။ အလုပ်လုပ်ချင်သူဦးရေ များပြားလာခြင်းဟာ တစ်ဖက်ကလှည့်စဉ်းစားရင် အလုပ်အကိုင် အခွင့်အလမ်းတွေ များပြားလာခြင်းပဲဖြစ်တယ်ဆိုတဲ့ အခြေခံသဘောတရား (supply and demand) ရောင်းလိုအားနဲ့ ၀ယ်လိုအားဆိုတဲ့အချက်ကို မေ့လျော့နေကြတဲ့သဘော ဖြစ်ပါတယ်။
ဥပမာ- လူတစ်သိန်းတိုးလာတယ်ဆိုပါစို့။ ဒီလူတစ်သိန်းဟာ အစာစားပါတယ်။ အ၀တ်ဝတ်ပါတယ်။ လက်ဖက်ရည်သောက်ပါတယ်။ စာဖတ်ပါတယ်။ ဘတ်စ်ကားစီးပါတယ်။ အဲဒါတွေအားလုံးအတွက် ဆိုင်ရာဆိုင်ရာလုပ်ငန်းတွေ ပေါ်ပေါက်လာရပါတယ်။ အဲဒီလုပ်ငန်းတွေမှာ အလုပ်သမားတွေ လိုအပ်မှုရှိလာရပါတယ်။ လူဦးရေတိုးလာခြင်းဟာ demand တွေ တိုးလာတာဖြစ်သလို supply တွေလည်း တိုးလာတာပဲဖြစ်ပါတယ်။
မြန်မာပြည်လိုနိုင်ငံမျိုးမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ ဘယ်နယ်ပယ်ကိုကြည့်ကြည့် ထပ်ချဲ့ဖို့မလိုတော့ဘူးဆိုတဲ့ saturated point ရောက်နေပြီဆိုတာမျိုး မရှိသေးပါဘူး။ ထပ်ချဲ့စရာ၊ ထပ်လုပ်စရာတွေ အများကြီးရှိနေသေးတာ တွေ့နိုင်ပါတယ်။ ဒီအထဲမှာ ကိုယ်ပါဝင်လုပ်ကိုင်စရာ နေရာတစ်ခုတော့ ရှိနေမှာအမှန်ဖြစ်ပါတယ်။
တချို့က အလုပ်"စံ" ရွေးလွန်းလို့ အလုပ်မရနိုင်တာပါ။ ဘယ်အလုပ်တွေ့တွေ့ ကိုယ်နဲ့မထိုက်တန်ဘူးလို့ချည်း ထင်တတ်ပါတယ်။ ဒီလိုလူမျိုးဟာ အလုပ်လုပ်ဖို့ကျတော့ မာနကြီးတတ်ပေမယ့် အလုပ်မရှိလို့ဆိုပြီး ဟိုအမျိုး၊ ဒီအမျိုးဆီလိုက်ပြီး လက်ဖြန့်တောင်းဖို့ကျတော့ သူတို့မာနတွေ ဘယ်ရောက်သွားကြပြီလဲ မသိတော့ပါဘူး။
ကမ္ဘာကျော်အောင် ထင်ရှားတဲ့ပုဂ္ဂိုလ်ကြီးတွေဟာ သူတို့လုပ်ချင်တဲ့အလုပ်ကို စလုပ်ခဲ့ရတယ်ဆိုတာ မရှိသလောက်ပါပဲ။ သောမတ်အယ်ဒီဆင်ဟာ မီးရထားပေါ်မှာ တစ်တွဲပြီးတစ်တွဲကူးပြီး စီးကရက်၊ မီးခြစ်ရောင်းရင်း သူဝါသနာပါတဲ့ သိပ္ပံစမ်းသပ်မှုတွေ လုပ်ခဲ့ရတာပါ။ သမ္မတလင်ကွန်းဟာလည်း သစ်ခုတ်သမား၊ လှေထိုးသား၊ ဖောင်သမားလုပ်ခဲ့ရတာပါ။ ဘွဲ့တွေ ဘယ်နှခုရထားရထား အလုပ်မလုပ်ရင်တော့ အလုပ်လက်မဲ့လို့သာ အခေါ်ခံရမှာပါ။ ဆိုက်ကားနင်းနေသူတောင် ဆိုက်ကားဆရာ၊ ဆံပင်ညှပ်သူက ဆံပင်ညှပ်ဆရာ အခေါ်ခံရပါသေးတယ်။ သူ့ဝင်ငွေနဲ့ သူ့အလုပ်နဲ့ သူ့ဂုဏ်နဲ့သူ ရှိပါတယ်။ အလုပ်မရှိသူ အလုပ်လက်မဲ့ကတော့ ဘာဂုဏ်၊ ဘာသိက္ခာမှမရှိပါဘူး။
အဲဒါကြောင့် ကျောင်းသား၊ ကျောင်းသူ တပည့်တွေကို အလုပ်"စံ"မရွေးဖို့ အမြဲပြောပါတယ်။ ဘာမှမလုပ်ဘဲ ထိုင်နေမယ့်အစား ရရာအလုပ်ဝင်လုပ်နေခြင်းအားဖြင့် အဖိုးတန်တဲ့အတွေ့အကြုံတွေ ရနိုင်ပါတယ်။ အလုပ်လုပ်မှ လူပေါင်းစုံနဲ့ တွေ့ကြုံဆက်ဆံရပြီး လူတွေအကြောင်းသိပါတယ်။ လူတွေအကြောင်း များများသိမှ ရင့်ကျက်လာပါတယ်။ အလုပ်မလုပ်တဲ့သူဟာ ဘယ်တော့မှ ရင့်ကျက်မလာပါဘူး။ ၀ါးလုံးခေါင်းထဲမှာ လသာသလို ကိုယ့်ဘာသာအခြောက်တိုက် ဘ၀င်မြင့်နေတတ်သူသာ ဖြစ်ပါလိမ့်မယ်။
မြန်မာနိုင်ငံက သယံဇာတတွေ ပေါလွန်းတာရယ်၊ မိသားစုဖွဲ့စည်းပုံစနစ်က ရိုးရာကျေးလက်မိသားစုဖွဲ့စည်းပုံလို အိမ်ဝိုင်းတစ်ခုတည်းမှာ မိဘအရိပ်ခိုပြီး သားသမီးတွေ စုဝေးနေထိုင်ကြတဲ့ ပုံစံမျိုးအဖြစ်သာ ရှိနေသေးတာကြောင့် သားသမီးတွေအရွယ်ရောက်လည်း အလုပ်မလုပ်ဘဲ မိဘအိမ်မှာ စားနေနိုင်ကြပါတယ်။ ဒီတော့ အလုပ်ကို "စံ"ရွေးချင်တိုင်းရွေးပြီး နေတတ်ကြပါတယ်။
အလုပ်ကြီးအကိုင်ကြီးတွေ ခေါ်တဲ့အခါမှာ အတွေ့အကြုံကို အဓိကထားတတ်ကြပါတယ်။ ဘာအလုပ်မှ မလုပ်ဖူးသူကို ဘယ်သူမှ မခန့်ချင်ပါဘူး။ ဒါကို သိထားကြဖို့လိုပါတယ်။ ဒါကြောင့် ကျောင်းပြီးသွားတဲ့အခါမှာ ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်မနေပါနဲ့။ ရတဲ့အလုပ်ကိုသာ ၀င်လုပ်ပြီး အတွေ့အကြုံယူပါလို့ လူငယ်တွေကို အကြံပေးလိုက်ချင်ပါတယ်။ ဘာဘွဲ့ကြီးရထားရထား၊ ဘယ်သူ့သားသမီးပဲဖြစ်ဖြစ် အလုပ်မလုပ်သူဟာ အလုပ်လက်မဲ့လို့သာ သတ်မှတ်ခံရမှာဖြစ်ကြောင်း သတိပြုသင့်ပါတယ်။
သိပ်ပြီးထွန်းကားတိုးတက်နေပြီဖြစ်တဲ့ နိုင်ငံတွေမှာ ရုပ်ဝတ္ထုပစ္စည်းတွေ အလျှံပယ်ပေါကြွယ်ဝပြီး နေမှု၊ ထိုင်မှု အဆင့်အတန်းတွေ တိုးတက်လာတာမှန်တယ်။ မီးသွေးအတွက် ပူစရာမလိုဘူး။ ရေစက်၊ မီးစက်နဲ့ အင်ဗာတာအတွက် ကြောင့်ကြစရာမရှိဘူး။ အဝေးထိန်းခလုတ်တစ်ခုနဲ့တင် အရာရာပြီးမြောက်နေတယ်ဆိုတာလည်း မှန်တယ်။ ဒါပေမယ့် အိမ်ရှိသမျှလူကုန် အလုပ်ထွက်လုပ်နေရတဲ့အတွက် သက်ကြီးရွယ်အိုတွေ၊ မိဘ၊ ဘိုးဘွားတွေကို လူအိုရုံပို့ထားပြီး အထီးကျန်ဖြစ်နေစေရတာမျိုးတွေ၊ ၀င်ငွေနဲ့ထွက်ငွေကြားမှာ စိတ်ဖိစီးမှုအားတွေ ကြီးမားလွန်းလို့ လူတိုင်းလောက်နီးပါး စိတ်ဒဏ်ရာရနေကြတာမျိုးတွေ၊ စက်ကိရိယာတွေကို စိတ်ကုန်ငြီးငွေ့လွန်းလို့ သဘာဝတောတောင် ရေမြေတွေရှိရာအရပ်ကို တကူးတက ငွေကုန်ကြေးကျခံပြီး သွားနေကြရတာမျိုးတွေကိုလည်း သတိပြုသင့်ကြတယ်။
မြန်မာနိုင်ငံလိုနေရာမှာတော့ စက်မှုစီးပွားရေး သိပ်ပြီးဖြစ်ထွန်းသေးတာ မဟုတ်လေတော့ နေမှု၊ ထိုင်မှုစရိတ်စကလည်း သူတို့တစ်တွေလောက် မကြီးလှသေးဘူး။ တော်ရုံတန်ရုံဝင်ငွေနဲ့ နေလို့၊ စားလို့ ဖြစ်နေသေးတယ်။ သူတို့နိုင်ငံကြီးတွေမှာ တစ်လ၀င်ငွေ ဒေါ်လာ ၁၀၀၀ လောက်သာ ရလို့ကတော့ လ၀က်ထိတောင် စားလောက်သောက်လောက်ဖို့ မလွယ်ပါဘူး။ မြန်မာနိုင်ငံလိုနေရာကျတော့ တော်တော်လေး လူတန်းစေ့နေလို့ ထိုင်လို့ဖြစ်တယ်လို့ ဆိုနိုင်တယ်။ အဲဒါကြောင့် စိတ်ဖိစီးမှုဒဏ် လျော့ပါးသက်သာတယ်။
ဒီအချက်တွေကို လူငယ်တွေ ထည့်သွင်းစဉ်းစားဖို့လိုတယ်။ အလုပ်မရှိတာလား၊ အလုပ်မလုပ်ချင်တာလားလို့လည်း ကိုယ့်ဘာသာ ဆန်းစစ်ကြည့်ဖို့လိုတယ်။ အလုပ်အကိုင်တွေ ခေါ်တဲ့အခါမှာ လုပ်ငန်းရှင်တွေက အတွေ့အကြုံကို အဓိကထားတတ်ကြတယ်။ အလိုရှိကြောင်း ကြော်ငြာတိုင်းမှာ ဒါကိုတွေ့နိုင်တယ်။ အဲဒါကြောင့် ကျောင်းပြီးသွားတဲ့အခါ ဒါမှမဟုတ် ကျောင်းထွက်ရတဲ့အခါမှာ ဟိုယောင်၊ ဒီယောင် လုပ်မနေပါနဲ့။ ရတဲ့အလုပ်ကိုသာ ၀င်လုပ်ပြီး အတွေ့အကြုံယူပါလို့ လူငယ်တွေကို ပြောချင်တယ်။ ဘာဘွဲ့ကြီးတွေ ရထားရထား၊ ဘယ်သူ့သားသမီးပဲဖြစ်ဖြစ် အလုပ်မလုပ်သူဟာ အလုပ်လက်မဲ့လို့သာ သတ်မှတ်ခံရမှာဖြစ်ကြောင်း သတိပြုသင့်ကြတယ်လို့ ပြောလိုက်ချင်ပါတယ်။
Monday, October 26, 2009
အလုပ်နဲ့ဂုဏ် - လူထုစိန်ဝင်း
(မျှော်လင့်ချက်မဲ့အခြေအနေဆိုတာမရှိဘူး စာအုပ်မှပြန်လည်ကူးယူဖော်ပြပါသည်)
Posted by Ko Nyan Posted Time 11:14 AM
Labels စာအုပ်မှတ်စုများ, ဆောင်းပါး-Article
Subscribe to:
Post Comments (Atom)
No comments:
Post a Comment