Sunday, October 18, 2009

ရေးချိန်တန်က ရေးရမှာပဲ - လူထုစိန်ဝင်း


"အင်ဂျီအိုတွေနဲ့ ပတ်သက်ပြီး ဆရာရေးတာကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ထားတာ အင်တာနက်ထဲမှာ တွေ့ရတယ်။ ဆရာဖတ်ပြီးရောပေါ့။ ဘာမှ ပြန်မရေးတော့ဘူးလား"
ဂျာနယ်တိုက်တစ်ခုက လူငယ်တစ်ယောက် ပြောတဲ့စကား ဖြစ်ပါတယ်။ အခုတလော သူ့လိုလာပြောသူတွေ နေ့စဉ်ပြတ်တယ်မရှိပါဘူး။

နောကြေပြီးသားပါ
ပြောတဲ့လူငယ်တိုင်းကိုလည်း ပြန်မရေးပါဘူးလို့ပဲ ပြန်ဖြေလိုက်ပါတယ်။ မကြိုက်ရင် မကြိုက်ဘူးလို့ ပြောပိုင်ခွင့် လူတိုင်းမှာရှိပါတယ်။ လွတ်လပ်စွာသဘောကွဲလွဲခွင့်ကို အသိအမှတ်ပြုပြီး လိုက်နာကျင့်သုံးခြင်းဆိုတာ ယဉ်ကျေးတဲ့ လူသားများရဲ့ လက္ခဏာတစ်ရပ်ဖြစ်တယ်။ ကိုယ်က လွတ်လွတ်လပ်လပ် ပြောချင်ရေးချင်သလို သူများလည်း ပြောချင်ရေးချင်မှာပဲဆိုတဲ့ စိတ်ဓာတ်မျိုး ရှိရမှာပေါ့။
"ဒါပေမယ့် သူက တော်တော်မိုက်မိုက်ရိုင်းရိုင်း ရေးထားတာခင်ဗျ"
လူငယ်လေးက တော်တော်ခံပြင်းပုံရပါတယ်။ ကိစ္စမရှိပါဘူး။ လူတွေက အတုံး အ,အ တွေမှ မဟုတ်တာ။ စာတစ်ပိုဒ်ဖတ်လိုက်တာနဲ့ အဲဒီစာရေးသူဟာ ဘယ်လိုအတန်းအစားက လူလဲဆိုတာ ကောင်းကောင်းသိကြပါတယ်။ မြန်မာစာဖတ်ပရိသတ်က "နောကြေ" ပြီးသားပရိသတ်ပါ။

အင်တာနက်ကျေးဇူး
လူငယ်တွေအများစုကလည်း ပြန်ရေးနေစရာမလိုပါဘူးလို့ သဘောတူကြပါတယ်။ "ဆရာက ပြန်ရေးဖို့တောင် မလိုပါဘူး။ သူ့စရိတ်နဲ့သူ သွားပါပြီ။ အင်တာနက်ထဲမှာ သူ့ကို ၀ိုင်းတီးတဲ့စာတွေ တစ်ပုံကြီးပါပဲ"

လူငယ်တချို့က မဖတ်ရမှာစိုးပြီး အင်တာနက်ထဲက စာတွေအားလုံး ဆွဲချကူးယူပြီးတောင် လာပေးကြပါတယ်။ အင်တာနက်ရဲ့ကျေးဇူးကြောင့် လူတိုင်း စာရေးဆရာတွေ၊ ဝေဖန်ရေးဆရာတွေ၊ နိုင်ငံရေးသမားတွေ ဖြစ်လာကြတာ ၀မ်းသာစရာကောင်းလှတယ်။ စာရေးတဲ့အလုပ်ကို စာရေးဆရာတွေပဲ အပိုင်းစီးထားလို့ မရတော့ဘူး။ လူတိုင်းလူတိုင်း ကိုယ့်ရင်ထဲက စကားတွေကို လွတ်လွတ်လပ်လပ် ချက်ချင်းလက်ငင်း ဖွင့်ထုတ်နိုင်ကြတယ်။ မကောင်းဘူးလား။

အနာပေါ်တုတ်ကျ
ကမ္ဘာတစ်နိုင်ငံလုံးရှိ အင်ဂျီအိုတွေရဲ့ သဘာဝက "မျောက်ပြဆန်တောင်း" လုပ်တာပဲလို့ တလောလေးက ရေးလိုက်တယ်။ နိုင်ငံတကာမှာ သူတို့ဘာတွေလုပ်လုပ် ဘာမှ ၀င်ပြောစရာမလိုပါဘူး။ ဒါပေမယ့် အဲဒီကူးစက်ရောဂါဆိုးက မြန်မာနိုင်ငံအတွင်းထိ ကူးစက်ပျံ့နှံ့လာပြီး မြန်မာလူငယ်တွေပါ ဆိုင်းဘုတ်အမျိုးမျိုး ထောင်ပြီး အင်ဂျီအိုလုပ်စားလာကြတာ အတော်လေးများလာသာ တွေ့မြင်နေလို့ ရေးလိုက်တာပါ။ သေသေချာချာ ပိုင်ပိုင်နိုင်နိုင်သိထားလို့ ရေးလိုက်တာပဲ။ ပြည်တွင်းက မျောက်ပြဆန်တောင်းကြသူတွေကို မျောက်အဖြစ်ပြန်အသုံးချပြီး ဆန်တောင်းနေကြတဲ့ နိုင်ငံခြားသားတွေကိုပါ ကောင်းကောင်းသိနေတာကိုး။

ကိုယ့်ထမင်းကိုယ်စားလုပ်သူတွေ
အခုအခါ မြန်မာပြည်အနှံ့အပြားမှာ ပေါ်ထွန်းလာကြတဲ့ နာရေးကူညီမှုအသင်းတွေလို၊ စေတနာစာသင်ကျောင်းတွေလို အမှန်တကယ် ပရဟိတအလုပ် လုပ်ကိုင်နေသူများဆီကတော့ "အနာပေါ် တုတ်ကျသံတွေ" လုံးဝမကြားရပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့အားလုံးက ကိုယ့်ရပ်ကိုယ့်ရွာက စေတနာရှင်များရဲ့ စေတနာသန့်သန့်လှူဒါန်းမှုများနဲ့ အလုပ်လုပ်ကြပြီး လုပ်သူအားလုံးကလည်း ကိုယ့်ထမင်းချိုင့်လေးကိုယ်ဆွဲပြီး တကယ်ကို ပရဟိတ လုပ်နေကြတာဖြစ်လို့ပါ။ မြန်မာပြည်ရဲ့ ပထမဆုံး ပေါ်ပေါက်လာတဲ့ ဗြဟ္မာစိုရ်နာရေးကူညီမှုအသင်းကြီးဟာ မန္တလေးမြို့မိမြို့ဖများရဲ့ လှူဒါန်းငွေနဲ့ စတင်ထူထောင်ခဲ့တာဖြစ်ပြီး အခုထိလည်း ဘယ်နိုင်ငံအဖွဲ့အစည်းမျိုးရဲ့ ကူညီမှုကိုမှ လက်မခံပါဘူး။ ဒါတောင် နာရေးကူညီမှုသာမကတော့ အခမဲ့ ဆေးဝါးကုသမှုလုပ်ငန်းတွေထိ တိုးချဲ့လုပ်ဆောင်နိုင်ပါတယ်။ မြန်မာလူမျိုးများရဲ့ စေတနာသန့်သန့် လှူဒါန်းမှုတွေနဲ့ပဲ လုပ်ဆောင်နေတာပါ။ အဲဒီအသင်းရဲ့ အမှုဆောင်တွေအားလုံး ကိုယ့်ထမင်းချိုင့်လေးကိုယ်ယူပြီး စေတနာ့ဝန်ထမ်း လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

ကြည်ညိုစရာကောင်းသူတွေ
မန္တလေးက ဗြဟ္မာစိုရ်အသင်းကြီးကို အတုယူတည်ထောင်ခဲ့ပြီး ဗြဟ္မာစိုရ်အသင်းကြီးလိုပဲ သြဇာကြီးမားတဲ့ အသင်းကြီးဖြစ်နေတဲ့ ရန်ကုန်နာရေးကူညီမှုအသင်းကြီးက အမှုဆောင်အားလုံးဟာလည်း ကိုယ့်ထမင်းကိုယ်စားပြီး လုပ်နေကြတာပါ။ တစ်နိုင်ငံလုံးအနှံ့ရှိနေတဲ့ နာရေးကူညီမှုအသင်းတွေ အားလုံးလည်း စေတနာသန့်သန့်နဲ့ ပရဟိတစစ် ၀င်လုပ်နေကြတာပါ။ ကြည်ညိုစရာကောင်းလှပါတယ်။ သူတို့အားလုံးရဲ့ နောက်မှာ မြန်မာနိုင်ငံက ပြည်သူလူထုကလွဲပြီး ဘယ်သူမှ မရှိပါဘူး။ ဘယ်နိုင်ငံတကာ အကူအညီမှလည်း မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့တစ်တွေက မျောက်ပြဆန်တောင်း သူတွေမှ မဟုတ်တာ။

ခေတ်ပျက်သူဌေးမျိုး
အနာပေါ်တုတ်ကျလို့ ငယ်သံပါအောင် အော်ဟစ်သူတွေလို ပြန်မရေးတာ သဘောထားကြီးလို့တော့ မထင်လိုက်ပါနဲ့။ ကျွန်တော်က ဘယ်ဘက်ပါးကို ရိုက်ရင် ညာဘက်ပါးကို ထိုးပေးနိုင်တဲ့ သူတော်ကောင်းမဟုတ်ပါဘူး။ ရေးဖို့မလိုလို့ မရေးတာပါ။ ရေးဖို့လိုရင်တော့ သတင်းစာသမားပီပီ၊ သွယ်ဝိုက်မနေဘဲ တိုက်ရိုက်ဒဲ့ဒိုး(တဲ့တိုး)ပဲ ရေးပါတယ်။ တချို့ဆိုရင် အားနာမနေဘဲ ပွင့်ပွင့်လင်းလင်းကို ဝေဖန်ရေးသားပါတယ်။ ဘယ်လိုတချို့လဲဆိုတော့ လေရူးသုန်သုန် ၀တ္ထုကြီးထဲက ခေတ်ပျက်မှာ သူဌေးဖြစ်လာတဲ့ "ရက်ဘတ္တလာ"လို နိုင်ငံရေးအချောင်သမားမျိုးပါ။

စက်ဆုပ်စရာ အီလစ်တွေ
ရက်ဘတ္တလာဆိုသူက ဘာနိုင်ငံရေးကိုမှ စိတ်ဝင်စားသူမဟုတ်ပါဘူး။ အမေရိကန်ပြည်တွင်းစစ်ကြီး အတွင်းမှာ  ဟိုဘက်ကလိုလို ဒီဘက်ကလိုလို အရေခြုံထားပေမယ့် တကယ်တော့ ဘယ်ဘက်ကမှ မဟုတ်ပါဘူး။ နိုင်ငံရေးကို ခုတုံးလုပ်ပြီး သူ့ကိုယ်ကျိုးအတွက် စီးပွားရှာဖို့သာ အကွက်ကောင်း ချောင်းနေသူဖြစ်ပါတယ်။ "ဘယ်သူသေသေ ငတေမာပြီးရော" ဆိုတဲ့ စက်ဆုပ်စရာလူစားမျိုးပါ။ မြို့ကြီးသား ရေပေါ်ဆီလူတန်းစား "အီလစ်" Elite တွေထဲမှာ ရက်ဘတ္တလာလို လူစားတွေကို တွေ့နေရပါတယ်။ သူတို့တစ်တွေက ဟိုဘက်ကိုတစ်မျိုး ဟန်ဆောင်ပြလိုက်၊ ဒီဘက်ကိုတစ်မျိုး ဟန်ဆောင်ပြလိုက်နဲ့ နှစ်ဖက်ခွစားဖို့ ကြံနေကြတာပါ။ တကယ်တော့ ဘယ်ဘက်မှ သူတို့တကယ် စိတ်ဝင်စားမှုမရှိပါဘူး။ သူတို့အတွက် အကွက်ကောင်းကိုသာ ချောင်းနေကြတာ ဖြစ်တယ်။

လူအကွေ့အကောက်တွေ
မြန်မာနိုင်ငံရေးကလည်း တော်တော် အကွေ့အကောက်များတဲ့ နိုင်ငံရေးဆိုတော့ လူအကွေ့အကောက်တွေလည်း တော်တော်များပါတယ်။ ပြောသင့်ချိန်မှာပြော၊ ရေးသင့်ချိန်မှာ ရေးလိုက်တာပါ။ သည်းခံတယ်၊ သဘောထားကြီးတယ်ဆိုတာ အချိန်အခါ၊ အခြေအနေနဲ့ လူပုဂ္ဂိုလ်ရွေးချယ်မှု ရှိပါတယ်။ ရက်ဘတ္တလာလို "ငတေ" တွေ အပေါ်မှာတော့ သဘောထားမကြီးနိုင်ပါဘူး။ သတင်းစာသမားမှာ ပြည်သူလူထုမျက်နှာကလွဲပြီး ဘယ်သူ့မျက်နှာကိုမှ အားနာထောက်ထားတဲ့စိတ် မရှိရပါဘူး။

ဘက်လိုက်ရမှာပဲ
ပြည်သူလူထုကြီး ဘာပဲဖြစ်နေနေ ကိုယ်ကောင်းစားဖို့လိုရင်းပဲဆိုသူတွေ အပေါ်မှာတော့ ပြတ်ပြတ်သားသား ဝေဖန်ရှုတ်ချရမှာ ဖြစ်တယ်။ ဘက်မလိုက်တဲ့ သတင်းစာသမားဆိုတာ လူကြားကောင်းအောင် ပြောတဲ့စကားပါ။ သတင်းစာသမားကောင်းမှန်ရင် အမှန်နဲ့အမှား၊ ဓမ္မဘက်က ရပ်တည်ရမှာဖြစ်တယ်။ အဓမ္မ၀ါဒမှန်ရင် ဘယ်လို မျက်နှာဖုံးစွပ်ထားတဲ့ အဓမ္မ၀ါဒပဲဖြစ်ဖြစ် မညှာမတာ ဝေဖန်ထောက်ပြရမှာပဲဖြစ်တယ်။ "မျောက်ပြဆန်တောင်းတဲ့ ပရဟိတအရေခြုံ လုပ်ရပ်မှန်သမျှဟာလည်း ဓမ္မလမ်းကြောင်းနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့ လက်နက်မဲ့ အဓမ္မ၀ါဒ" ပဲဖြစ်တယ်။ ဒါကြောင့် အားနာနေလို့ မရပါဘူး။ ရေးချိန်တန်က ရေးရမှာပါပဲ။ ဒါမှ စာနယ်ဇင်းသမား ၀တ္တရားကျေမှာပါ။

လူထုစိန်ဝင်း
(၈-၁၀-၂၀၀၉)

(လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ ၂၊ အမှတ် ၅၅ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics