တစ်ခါတုန်းက ရွာတစ်ရွာမှာ အရမ်းချမ်းသာပြီး ငွေမျက်နှာတစ်ခုတည်းကိုသာ ကြည့်တတ်တဲ့ သူဌေကြီးတစ်ဦးရှိပါတယ်။ ရွာသူရွာသားတွေဟာ အဲဒီလူကို အင်မတန်မှကို ရွံရှာစက်ဆုပ်ကြပါသတဲ့။ တစ်ရက်တော့ အဲဒီသူဌေးကြီးက ရွာသူရွာသားတွေကို ပြောပါတယ်။
"မင်းတို့တွေဟာ ငါ့ရဲ့ချမ်းသာမှုတွေကို မနာလိုကြတာလည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် ဘာကြောင့်မို့ ငါဟာ ငွေရရင်ပြီးရောဆိုတဲ့ ငွေမျက်နှာတစ်ခုတည်း ကြည့်တတ်သလဲဆိုတာကို နားမလည်ကြတာလဲဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် မင်းတို့တွေ ငါ့ကိုမနှစ်သက်ကြ၊ မုန်းတီးကြတယ်ဆိုတာကို ငါသိပါတယ်။ ငါသေသွားတဲ့အခါ ငါနဲ့အတူ ဘာမှယူမသွားနိုင်တာလည်း ငါသိပါတယ်။ အဲဒီငါသေတဲ့အချိန်ကျရင် ငါ့မှာပိုင်ဆိုင်သမျှအရာအားလုံးကို အခြားလူတွေအားလုံးအတွက် စွန့်လှူသွားမှာပါ။ ငါသေခါနီးရင် ငါပိုင်ဆိုင်သမျှတွေကို အခြားလူတွေအတွက် အသုံးဝင်မယ့်နေရာအားလုံးမှာ ပေးလှူဖို့အတွက် သေတမ်းစာရေးမယ်။ အဲဒီအခါမှာ အခြားလူတွေအားလုံး ၀မ်းသာကျေနပ်ကြမှာပါ"
သူဌေးကြီးက အဲဒီလိုပြောလိုက်တယ်ဆိုရင်ပဲ ရွာသူရွာသားတွေဟာ သူ့ကိုလှောင်ပြောင်ရယ်မော ပြက်ရယ်ပြုကြပါတယ်။
သူဌေးကြီးလည်း စိတ်ရှုပ်သွားပြီး
"မင်းတို့တွေကလည်း ဘာကြောင့်မို့ ငါ့ကိုမယုံမကြည်ဖြစ်နေကြရတာလဲ။ ငါ့အသက်တွေလည်း ကြီးပါပြီ။ နောက်ထပ်နှစ်အနည်းငယ်ထက်ပိုပြီး နေရဖို့မရှိပါဘူး။ အဲဒီအချိန်အထိစောင့်ပြီး ငါ့စကားတွေမှန်မမှန် စောင့်ကြည့်ကြပါဦးလား။ ငါ့ရဲ့ပိုင်ဆိုင်မှုအားလုံးကို အခြားလူတွေအတွက် တကယ်ပေးလှူမှာပါကွာ" လို့ ပြောပါတယ်။
ရွာသားတွေကတော့ သူပြောသမျှကို လုံးဝကို အယုံအကြည်မရှိကြပါဘူးတဲ့။ သူပြောသမျှဟာ သူတို့အတွက် ရယ်စရာဟာသတွေချည်းပဲ ဖြစ်နေတော့တာပါပဲ။
"မင်းတို့တွေက ငါ့ကို လူလိမ်တစ်ယောက်လို့ တင်နေလို့လား။ ငါလည်း တစ်နေ့ကျရင် အခြားလူတွေလိုပဲ သေမှာပါ။ အဲဒီအခါကျရင် ငါ့ရဲ့ပိုင်ဆိုင်သမျှတွေကို အခြားလူတွေအတွက် လှူဒါန်းပေးကမ်းမယ်ဆိုတာ ငါဆုံးဖြတ်ထားပြီးသားပါကွ" လို့ ပြောရင်း သူပြောတာကို ရွာသူရွာသားတွေဟာ ဘာကြောင့်မယုံကြည်ကြသလဲ ဆိုတာကို နားမလည်နိုင်ဘူးဖြစ်နေပါသတဲ့။
တစ်ရက် သူလမ်းလျှောက်ထွက်နေတုန်း မမျှော်လင့်ဘဲ ဗြုန်းစားကြီးမိုးရွာချလိုက်ပါတယ်။ သူလည်း သစ်ပင်တစ်ပင်အောက်ကိုဝင်ပြီး မိုးခိုပါတယ်။ အဲဒီအချိန်မှာပဲ အပင်အောက်ကို မိုးခိုဖို့အတွက် အတူတကွဝင်လာတဲ့ ၀က်တစ်ကောင်နဲ့ နွားမတစ်ကောင်ကို တွေ့ပါတယ်။ သူဌေးကြီးလည်း အဲဒီဝက်နဲ့ နွားမဘာတွေပြောသလဲဆိုတာကို နားထောင်နေမိပါသတဲ့။
ဝက်ကပြောပါတယ်
"လူတွေအားလုံးက မင်းကို သိပ်ပြီးအရေးတယူလုပ်ကြပြီး ငါ့ကိုတော့ ဂရုမစိုက်ကြဘူးကွာ။ တကယ်ဆိုရင် ငါသေတဲ့အချိန်ကျရင် သူတို့အတွက် ၀က်ပေါင်ခြောက်တွေ၊ ၀က်ဆားနယ်ခြောက်တွေ၊ အသားချောင်းတွေ အများကြီးရကြတယ်ကွ။ ငါ့အရေခွံအခေါက်ကိုလည်း သူတို့လွှင့်မပစ်ရဘူး၊ ငါ့နားရွက်တွေ၊ မျက်လုံးတွေ၊ လျှာတွေ၊ နောက်ဆုံး ကလီစာတွေ၊ အူတွေအထိ သူတို့အတွက် အသုံးဝင်ပါတယ်ကွာ။ ငါက ဒီလောက်အများကြီး သူတို့အတွက် အသုံးဝင်နေပါလျက်နဲ့ နွားနို့တစ်ခုပဲ သူတို့အတွက်ရတဲ့ မင်းကိုကျတော့ ဘာကြောင့် အရေးပေးကြတာလဲကွာ၊ အလေးထားကြတာလဲကွာ၊ ဂရုစိုက်ကြတာလဲကွာ"
နွားမက ၀က်ကို ပြန်ပြောပါတယ်။
"ဒီမှာ…၀က်၊ ငါက အသက်ရှင်နေတုန်းမှာ သူတို့အတွက် နွားနို့ပေးတယ်။ အဲဒီနွားနို့ဟာလည်း ငါပေးနိုင်တဲ့ တစ်ခုတည်းသော အရာပဲ။ ဒါပေမယ့် ငါဟာ အဲဒီတစ်ခုတည်းကိုပဲ မတွန့်မတို သဘောထားကြီးကြီးနဲ့ သူတို့တွေသုံးဖို့အတွက် ငါအသက်ရှင်နေစဉ်ကာလမှာ ပေးတယ်ဆိုတာ သူတို့နားလည်ကြတယ်။ မင်းကတော့ မင်းအသက်ရှင်နေစဉ်ကာလမှာ သူတို့အတွက် အသုံးဝင်မယ့်အရာ ဘာများပေးလို့လဲကွာ။ မင်းသေပြီးတဲ့အချိန်ကျမှသာ မင်းဟာ သူတို့အတွက် အသုံးဝင်တာကွ။ လူတွေက အနာဂတ်ဆိုတာကို မယုံကြည်ကြဘူးကွ။ သူတို့တွေဟာ လက်ရှိပစ္စုပ္ပန်ကိုပဲ ယုံကြည်ကြတယ်။ မင်းသာ သူတို့ကို အခုလက်ရှိပစ္စုပ္ပန် အသက်ရှင်နေစဉ်ကာလမှာတင် အကျိုးပြုမယ်ဆိုရင် သူတို့ကလည်း မင်းကိုဂရုစိုက် အလေးထားကြပါလိမ့်မယ်။ ဒါဟာ ဘာမှစဉ်းစားရခက်ခဲတဲ့အရာ မဟုတ်ပါဘူးကွာ။ ရိုးရိုးလေးပါ"
အဲဒီအချိန်ကစပြီး သူဌေးကြီးဟာ သူပိုင်ဆိုင်သမျှအရာအားလုံးကို ဆင်းရဲသားတွေအတွက် ဝေမျှ လှူဒါန်းလိုက်ပါတယ်။ သူကတော့ ရှိသမျှနဲ့ ရောင့်ရဲနေထိုင်ပြီး ပျော်ရွှင်စွာနေထိုင်သွားပါသတဲ့။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် အောက်တိုဘာလ ၂၂ ရက်၊ ကြာသပတေးနေ့။
ညနေ ၅ နာရီ ၂၈ မိနစ်တွင်ပြီး၏။
No comments:
Post a Comment