မြတ်စွာဘုရားပွင့်တော်မမူမီ လွန်ခဲ့သောနှစ်ပေါင်း ၂၈၀၀ကျော် ကာလလောက်တွင် အိန္ဒိယနိုင်ငံ ကပိလ၀တ်ပြည် သာကီဝင်မင်းမျိုးတို့နှင့် ပဉ္စလရာဇ်မင်းမျိုးတို့သည် မျိုးချင်းဆက်နွယ်ရန်ကိစ္စတွင် သာကီဝင်ဖြစ်သော ကောလိယမင်းက မျိုးရိုးဇာတိမာန်ဖြင့် မချေမငံပြောဆိုရာမှ စစ်ဖြစ်ကြရာ ပဉ္စလရာဇ်မင်း စစ်နိုင်၍ သာကီဝင်တို့ သုံးစုကွဲပြားလေသည်။ ထိုအခါ ကပိလ၀တ်ပြည်မှ သာကီဝင်မင်းတစ်ပါးဖြစ်သော အဘိရာဇာသည် မြန်မာနိုင်ငံမြောက်ပိုင်းသို့ ကုန်းလမ်းခရီးဖြင့် စစ်သည်ဗိုလ်ခြေတို့ကိုပါ ခေါ်ဆောင်လာရောက်ကာ တကောင်းမြို့တည်ရာ၌ မြို့ပြတည်ထောင်လျက် ရှိရင်းစွဲ မြန်မာနိုင်ငံသားတို့ကို အုပ်ချုပ်စည်းရုံးနေထိုင်လေသည်။
အဘိရာဇာ နတ်ရွာစံလျှင် သားတော်ကံရာဇာကြီးနှင့် ကံရာဇာငယ်တို့သည် ထီးနန်းကိုလုကြရာ မှူးမတ်တို့၏ အကြံပေးချက်အရ ညဥ့်ချင်းပြီးအောင် ကောင်းမှုအဆောက်အဦ ပြုကြသည်တွင် ကံရာဇာငယ်သည် သစ်ပင်၊ ၀ါးငယ်တို့ဖြင့် ဆောက်တည်သောကြောင့် ညဥ့်ချင်းပြီးသဖြင့် ထီးနန်းကို ဆက်ခံရလေသည်။
ကံရာဇာကြီးမူကား ချင်းတွင်းမြစ်ကိုဆန်၍ ကလေးတောင်ညိုအရပ်၌ မြို့တည်ကာ ခြောက်လခန့် စစ်သည်ဗိုလ်ပါ စုဆောင်းလေသည်။ ထိုအချိန်၌ ပျူလူမျိုးတို့မှာ ဟံလင်း၊ သရေခေတ္တရာ စသောဒေသများ၌ စုပေါင်းနေထိုင်လျက်ရှိရာ ပျူတို့က မင်းပြုအုပ်ချုပ်ပါရန် တောင်းပန်ချက်အရ သားတော် မုဒုစိတ္တကို စေလွှတ်အုပ်ချုပ်စေလေသည်။
ကံရာဇာကြီးသည် ရခိုင်ပြည်နယ်မြောက်ပိုင်း ကုလားတန်မြစ်၊ ကစ္ဆပနဒီ အရှေ့ဘက်ရှိ ကျောက်ပန်တောင် (ကျောက်ပန်းတောင်း)မြို့ကို တည်ထောင်ပြီးလျှင် ရှေးက မာရာယုမင်း တည်ထောင်ခဲ့သော ဓည၀တီမြို့ဟောင်းကိုပါ သိမ်းယူ၍ ရခိုင်ပြည်တွင် မင်းဆက်စိုက်တည် အုပ်ချုပ်နေလေသည်။
ကံရာဇာငယ်သည် တကောင်းတွင် ဆက်လက်အုပ်ချုပ် စိုးစံ၍ သားမြေးစဉ်ဆက် အုပ်ချုပ်ခဲ့လေရာ မင်း ၃၃ ဆက် တိုင်လေသည်။ ထိုမင်းတို့ကား-
၁။ အဘိရာဇာ
၂။ သားတော် ကံရာဇာငယ်
၃။ သားတော် ဇမ္ဗူဒီပရာဇာ
၎။ သားတော် သင်္ကဿရာဇာ
၅။ သားတော် ၀ိပန္နရာဇာ
၆။ သားတော် ဒေ၀တရာဇာ
၇။ ဘထွေးတော် မုနိကရာဇာ
၈။ ညီတော် နာဂရာဇာ
၉။ သားတော် ဣန္ဒကရာဇာ
၁၀။ သားတော် သမုတိရာဇာ
၁၁။ သားတော် ဒေ၀ရာဇာ
၁၂။ သားတော် မဟိန္ဒရာဇာ
၁၃။ သားတော် ၀ိမာလရာဇာ
၁၄။ သားတော် သီဟနုရာဇာ
၁၅။ သားတော် မင်္ဂနရာဇာ
၁၆။ သားတော် ကံသရာဇာ
၁၇။ သားတော် ကလိင်္ကရာဇာ
၁၈။ သားတော် သင်းတွဲရာဇာ
၁၉။ ညီတော် သီဟနုရာဇာ
၂၀။ သားတော် ဟံသရာဇာ
၂၁။ သားတော် ၀ရရာဇာ
၂၂။ သားတော် အလောင်းရာဇာ
၂၃။ သားတော်ကောလကရာဇာ
၂၄။ သားတော် သူရိယရာဇာ
၂၅။ သားတော် သင်းကြီးရာဇာ
၂၆။ သားတော် တိုင်းချစ်ရာဇာ
၂၇။ သားတော် မဓုရာဇာ
၂၈။ သားတော် မင်းလှကြီးရာဇာ
၂၉။ သားတော် သံသုသီဟရာဇာ
၃၀။ သားတော် ဓနင်္ကရာဇာ
၃၁။ သားတော် ဟိန္နရာဇာ
၃၂။ သားတော် မာရိယရာဇာ
၃၃။ သားတော် ဘိန္နကရာဇာ ဟူ၍ ဖြစ်လေသည်။
ထိုပထမ တကောင်းခေတ် ၃၃ ဆက်မြောက် ဘိန္နကရာဇာ လက်ထက်တွင် တရုတ်တရက်တို့ နှောင့်ယှက်သဖြင့် သင်္ကဿရဋ္ဌ တကောင်းပြည်ပျက်လေရာ မင်းကြီးသည် ရမိသမျှ ဗိုလ်ခြေတို့ကို စုဆောင်း၍ မလည်အရပ်တွင် ခိုဝင်နေလေသည်။ ထိုအရပ်၌ မင်းကြီးနတ်ရွာစံလျှင် ဗိုလ်ပါတို့လည်း အစုစု ကွဲကြလေသည်။
စာကြွင်း
ဆရာလှသမိန် ၏ မြန်မာရာဇ၀င်အကျဉ်း စာအုပ်မှ ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ မြန်မာစကား၊ မြန်မာစာကို ပြောဆိုရေးသားအသုံးပြုနေသည့် မြန်မာလူမျိုးတစ်ယောက်အနေဖြင့် မြန်မာပြည်တွင်မှ မဟုတ်ဘဲ မည်သည့်နေရာဒေသတွင် ရောက်ရှိအခြေချနေထိုင်နေသည်ဖြစ်စေ မြန်မာ့အကြောင်း၊ မြန်မာ့ရာဇ၀င်ကို သိသင့်သည်ဟု ယူဆသည့်အတွက် ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
ယခင်ပို့စ်အဟောင်း
၁။ မြန်မာနိုင်ငံရာဇ၀င်အကျဉ်း
Tuesday, October 27, 2009
ပထမတကောင်းခေတ်
Posted by Ko Nyan Posted Time 1:18 PM
Labels Brief History of Myanmar, Myanmar, စာအုပ်မှတ်စုများ, မြန်မာ-Myanmar, ဆောင်းပါး-Article
Subscribe to:
Post Comments (Atom)
No comments:
Post a Comment