တစ်ပတ်လုံးစောင့်မျှော်ခဲ့ရတဲ့ အင်္ဂလန်ဘောလုံးလောကရဲ့ ပြိုင်ဆိုင်မှုအကြီးမားဆုံးနဲ့ အပြင်းထန်ဆုံးဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ပွဲကို ကြည့်လိုက်ရပါတယ်။ အားပေးတဲ့အသင်းဖြစ်တဲ့အတွက် မန်ယူကို နိုင်စေချင်တာမှန်ပေမယ့် အဝေးကွင်းဖြစ်နေတာရယ်၊ ချန်ပီယံလိဂ်အဝေးကွင်းပွဲကပြန်လာခါစရယ်၊ မနိုင်လို့လုံးဝမဖြစ်တဲ့ လီဗာပူးလ်အသင်းရယ်ကြောင့် သရေတစ်မှတ်လောက်တော့ ရကောင်းရဲ့လို့ မှန်းထားခဲ့တာပါ။ ဒါပေမယ့် အားလုံးသိပြီးတဲ့အတိုင်းပဲ လီဗာပူးလ်အသင်းက မန်ယူအသင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူသွားပါတယ်။ ပွဲချိန်အတွင်းမှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေဟာ အငြင်းပွားဖွယ်ရာ အများအပြားဖြစ်ခဲ့ပေမယ့် လီဗာပူးလ်ရဲ့အနိုင်အတွက်တော့ ကျွန်တော်အသိအမှတ်ပြုပါတယ်။ ကစားသွားပုံအရလည်း လီဗာပူးလ်နိုင်သင့်တဲ့ပွဲပါ။ နိုင်ကိုနိုင်ရမယ်ဆိုတဲ့စိတ်တစ်ခုတည်းနဲ့ ကစားသွားတဲ့ လီဗာပူးလ်အသင်းရဲ့အနိုင်ကို လေးစားပါတယ်။ ဒါပေမယ့် ဒိုင်လူကြီးသာ ဒီထက်ပိုပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ခဲ့မယ်ဆိုရင် ဒီနေ့ပွဲဟာ ပိုပြီးကြည့်ကောင်း၊ ပိုပြီးရသမြောက်မယ့် ပွဲတစ်ပွဲဖြစ်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။ ဒါကကျွန်တော့်အမြင်ပါ။ မန်ယူအသင်းကရှုံးရင် ဒိုင်ညစ်လို့၊ ဘာဖြစ်လို့ စသည်ဖြင့် အမြဲအပြစ်ဖို့နေကျလို့ ပြောတတ်တဲ့ အန်တီမန်ယူတွေကလည်း ပြောဖို့အဆင်သင့်စောင့်နေတာဆိုတော့ အများကြီးမပြောတော့ပါဘူး။
ပွဲမတိုင်ခင်
ပွဲကစားမယ့်လူစာရင်း ထွက်လာတော့ လီဗာပူးလ်မှာ တောရက်စ်ပါလာတဲ့အတွက် မန်ယူပရိသတ် တစ်ယောက်အနေနဲ့ စိတ်ပူမိတာအမှန်ပါ။ လီဗာပူးလ်တစ်သင်းလုံးမှာ တောရက်စ်တစ်ယောက်ကိုပဲ နိုင်အောင်ထိန်းတော့ကွာလို့ အတူကြည့်နေတဲ့သူငယ်ချင်းတွေကို ပြောမိပါတယ်။ ဂျရတ်မပါတဲ့အတွက် ၀မ်းသာမိတာအမှန်ပါ။ သူ့နေရာမှာ ဘီနာယောင်ကို ထားကစားမှာကို တွေ့ရတဲ့အတွက် အဲဒီဂျူး ခြေစွမ်းမပြနိုင်ပါစေနဲ့လို့ စိတ်ထဲကကျိတ်ပြီး ဆုတောင်းမိတာပေါ့။ အဓိကကတော့ မန်ယူနောက်တန်းတွေ တောရက်စ်ကို နိုင်အောင်ထိန်းဖို့သာ အာရုံရောက်နေမိပါတယ်။
မန်ယူအသင်းကစားသမားစာရင်းကို ကြည့်လိုက်တော့ ရှေ့တန်းမှာ ရွန်းနေနဲ့ ဘာဘာတော့ဗ်ဆိုတော့ ပျော်သွားတယ်။ ရွန်းနေမပါလောက်သေးဘူးလို့ ထင်ထားတာ။ အလယ်တန်းမှာ ဂစ်၊ ကာရစ်၊ ဗလင်စီယာ၊ ပေါစခိုးလ်တို့ကို တွေ့ရတယ်။ စိတ်ညစ်သွားတယ်။ မန်ယူအသင်းဟာ ဂစ်နဲ့စခိုးလ်ကို တစ်ခါတည်းတွဲသုံးရင် ကစားကွက်ပျက်သွားတတ်တယ်။ ပြီးတော့ ကာရစ်က ဘောလုံးအဖြန့်သမား၊ အဖျက်က ပေါစခိုးလ်ကစားရမှာ။ ပေါစခိုးလ်က လေးနေတဲ့လူ။ တော်တော်ကြီးကို စိတ်ညစ်သွားတယ်။ အမှန်ဆိုရင် အလယ်မှာ ဂစ်၊ ဗလင်စီယာ၊ ကာရစ်နဲ့ အန်ဒါဆန်ကို ထားသင့်တယ်လို့မြင်မိတယ်။ အန်ဒါဆန်ဟာ အခုနောက်ပိုင်းမှာ ကွင်းလယ်အဖျက်ကို အတော်လေးကို ပီပြင်အောင်ကစားလာနိုင်တာ တွေ့ရတယ်။ ငယ်ကလည်းငယ်၊ မြန်ကလည်းမြန်၊ စိတ်ကလည်းထက်ဆိုတော့ သူ့ရဲ့ကစားအားနဲ့ အလယ်တန်းအဖျက်ကစားခိုင်းသင့်တယ်လို့ မြင်မိတယ်။ နောက်တန်းနဲ့ ဂိုးသမားကတော့ ပြောစရာမရှိပါဘူး။ အားလုံးပုံမှန်ပဲ။
ပထမပိုင်း (လီဗာပူးလ် ၀ - ၀ မန်ယူ)
နှစ်သင်းစလုံးဟာ ခံစစ်မကစားဘဲ တိုက်စစ်ဖွင့်ပြီး ကစားသွားတဲ့အတွက် အင်မတန်မှကို စိတ်လှုပ်ရှားစရာ ကောင်းတယ်လို့ ဆိုရမယ်။ လီဗာပူးလ်တိုက်စစ်ဆင်တဲ့အချိန် မန်ယူအသင်းက အသည်းအသန်ခံစစ်ကစား၊ မန်ယူတိုက်စစ်ဆင်တဲ့အချိန် လီဗာပူးလ်အသင်းက အသေအလဲဖျက်ထုတ်နဲ့ ဘောလုံးပွဲရသအပြည့်ပါပဲ။ ထင်တဲ့အတိုင်းပဲ တောရက်စ်ကလည်း မန်ယူနောက်တန်းကို မွှေသလားမမေးနဲ့။ ခဏခဏလဲကျနေတာတစ်ခုပဲ ရုပ်ဆိုးတယ်။ သူ့ကိုထိတာနဲ့ လဲကျနေတာကတော့ ကြည့်လို့အဆင်မပြေဘူး။ မန်ယူအသင်းက ဘာဘာတော့ဗ်ဟာ ဒီနေ့ပွဲမှာ ကြံ့ခိုင်မှုပြည့်ဝပုံမရဘူး။ ဒါမှမဟုတ် လူကပ်ကစားခံရတဲ့အတွက် အဆင်မပြေတာလားတော့မသိဘူး။ လီဗာပူးလ်နောက်တန်းတွေဟာ ဘာဘာတော့ဗ်နဲ့ ဗလင်စီယာကို လှုပ်လို့မရအောင် အသေကပ်ကစားသွားတာတွေ့ရတယ်။ ကြိုးကြာနီတွေ သက်သာသွားတာကတော့ ငယ်မူပြန် ဂစ်က ဒီနေ့ပွဲမှာ ခြေမပေါ်ဘူးဖြစ်နေတာပါပဲ။ သူ့ဘက်ခြမ်းက တိုက်စစ်သေနေခဲ့ပြီး ဗလင်စီယာရဲ့ ညာခြမ်းကသာ အဓိကကစားနေခဲ့ရတယ်။ ဘယ်နောက်ခံလူ အီဗရာတက်ကစားတဲ့အချိန်မှပဲ ဘယ်ဘက်ခြမ်းဟာ လှုပ်လှုပ်ရှားရှား ဖြစ်တာကိုတွေ့ရတယ်။ အဆိုးဆုံးကတော့ ကွင်းလယ်က ပေါစခိုးလ်ပဲ။ ဘောလုံးအပေးတွေ မှားတာမှ သောက်သောက်လဲပဲ။ မှားသမျှကလည်း တကယ့်အန္တရာယ်တွေချည်းပဲ။ ဘာပဲဖြစ်ဖြစ် ဂိုးမရှိသရေနဲ့ ပထမပိုင်းပြီးသွားတဲ့အတွက် နည်းနည်းတော့ စိတ်အေးရပါတယ်။
ဒုတိယပိုင်း (လီဗာပူးလ် ၂ - ၀ မန်ယူ)
ဒုတိယပိုင်းမှာလည်း ပထမပိုင်းမှာလိုပဲ နှစ်ဖက်စလုံးဟာ တိုက်စစ်ဖွင့်ကစားခဲ့ကြပါတယ်။ ပွဲဟာအပြန်အလှန်နဲ့ အကြိတ်အနယ်ရှိခဲ့ပါတယ်။ ဖာဂူဆန်ဟာ ခြေပျက်နေတဲ့ ပေါစခိုးလ်ကို ဘာကြောင့်မလဲသလဲဆိုတာ စဉ်းစားလို့မရပါဘူး။ ကွင်းလယ်အဖျက်ပျောက်နေတဲ့အတွက် လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေဟာ မန်ယူနောက်တန်းအထိ တောက်လျှောက်ရောက်ရောက်သွားတာ တွေ့ရပါတယ်။ အလယ်မှာအဖျက်မခံတဲ့အတွက် နောက်တန်းကလူတွေနဲ့ချည်းပဲ ထိပ်တိုက်တွေ့ပါတယ်။ အဲဒါကြောင့်လည်း မလိုအပ်ဘဲ အ၀ါတွေပေးခဲ့ရတာ ဖြစ်ပါတယ်။ ဂိုးသမားဗန်ဒါဆားကောင်းလို့သာ ဂိုးတွေမပေးခဲ့ရတာပါ။
ဒါပေမယ့်လည်း လီဗာပူးလ်ရဲ့ တစ်ဦးတည်းသော အန္တရာယ်ကစားသမား တောရက်စ်ကို မန်ယူနောက်တန်းက ဖာဒီနန်မနိုင်တဲ့အတွက် ဂိုးပေးလိုက်ရပါတယ်။ လူချင်းထိတိုင်းအမြဲတမ်းလဲကျနေတဲ့ တောရက်စ်ဟာ ဂိုးဧရိယာထဲမှာ ဖာဒီနန် အသည်းအသန် လူတွန်းဖျက်ထုတ်တာကျတော့ လုံးဝမလဲဘဲ ဂိုးပေါက်ထဲကို ရအောင်ကန်သွားတာ တွေ့ရပါတယ်။ ရှေ့ပိုင်းမှာ သူအလဲကောင်းလို့ မန်ယူကအ၀ါကတ်တွေ အပြခံခဲ့ရတာတွေအတွက်တောင် စိတ်နာမိသေးတယ်။ အဲဒါကြောင့်လည်း ကြောက်စရာတိုက်စစ်မှူး ဖြစ်နေတာဖြစ်ပါတယ်။ မဆီမဆိုင် ကိုယ့်ဆီက မြန်မာတိုက်စစ်မှူးတွေကို တောရက်စ်ဆီမှာ သွားသင်ခိုင်းချင်စိတ် ပေါက်သွားမိပါတယ်။ လဲတော့လဲတတ်တယ်၊ ဘယ်အချိန်မှာလဲရမလဲ၊ ဘယ်အချိန်မှာမလဲရဘူးလဲဆိုတာကို တောရက်စ်က ကောင်းကောင်းကြီးသင်ခန်းစာ ပေးသွားပါတယ်။ ဘရာဗိုပါ တောရက်စ်။ တစ်ခါပဲရတဲ့ အခွင့်အရေးကို တစ်ခါဆိုသလောက် အသုံးချသွားခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ဂိုးရပြီးတဲ့နောက် ခံစစ်အသွင်ပြောင်းသွားတာ သိသာလှပါတယ်။ အဲဒီလို ခံစစ်ဖြစ်သွားတဲ့အတွက်လည်း မန်ယူကပွဲကို ပြန်ပြီးဖိကစားလာနိုင်ခဲ့ပါတယ်။ ပေါစခိုးလ်နေရာမှာ နာနီကို ထည့်လိုက်တဲ့ဖာဂူဆန်ကို အံ့သြမိပါတယ်။ သူလိုချင်တာက တောင်ပံနှစ်ခုလုံးက လှုပ်နေတာကို ဖြစ်ပါလိမ့်မယ်။ ဘယ်ဘက်က နာနီ၊ ညာဘက်က ဗလင်စီယာနဲ့ပေါ့။ အဲဒီလိုဆို ထားပါတော့။ ရှေ့တန်းက ဘာဘာတော့ဗ်ကို အိုဝင်နဲ့ လဲလိုက်တာကတော့ မိုက်မဲလွန်းပါတယ်။ အိုဝင်ကစားတာကို သဘောတူပါတယ်။ ဒါပေမယ့် တကယ်တမ်းလဲသင့်တာက ဂစ်နဲ့ပါ။ ရှေ့တန်းမှာ ရွန်းနီ၊ ဘာဘာတော့ဗ်၊ အိုဝင် သုံးယောက်ထားပြီး အလယ်တန်းမှာ ကာရစ်၊ ဗလင်စီယာ၊ နာနီဆိုရင် ပိုပြီးများ ကောင်းသွားမလားလို့ပါ။ ထားပါတော့လေ။ ပွဲကပြီးသွားပြီပဲ။ သူထည့်လိုက်တဲ့နာနီဟာ အပိုင်အခွင့်အရေးနှစ်ကြိမ်ကို ဂိုးအဖြစ်မပြောင်းလဲပေးနိုင်ခဲ့ပါဘူး။
လီဗာပူးလ်အသင်းက တောရက်စ်ကို ထုတ်လိုက်တဲ့အချိန်မှာ မန်ယူနောက်တန်းဟာ လုံးဝကို အေးအေးဆေးဆေးဖြစ်သွားတာ တွေ့ရပါတယ်။ အီဗရာနဲ့ အိုရှေးလ်ဟာ ရှေ့တန်းတောင်ပံတွေမှာပဲ တက်ကစားခဲ့တာတွေ့ရပါတယ်။ လီဗာပူးလ်အလယ်တန်းက ဘီနာယောင်ကို ထုတ်လိုက်ချိန်မှာတော့ လုံးဝကို ခံစစ်သက်သက်ဖြစ်သွားပါတော့တယ်။ မန်ယူအသင်းဟာ ဂိုးရချင်စိတ်များနေတဲ့အတွက် အမှားများနေခဲ့တာ တွေ့ရပါတယ်။ ပိုဆိုးတာက တောင်ပံမှာကစားတဲ့ ဗလင်စီယာဟာ ဘောလုံးဆင်ပေးတာ အင်မတန်မှကို ညံ့ဖျင်းတဲ့အချက်ပါပဲ။ ချေပဂိုးသေချာပေါက်ရမယ့် အခွင့်အရေးကို ကားရစ်ကို ချမပေးဘဲ ကိုယ်တိုင်ကန်ပစ်ခဲ့ပါတယ်။ မဖြစ်နိုင်တဲ့ ထောင့်ကျဉ်းထဲကို အပြင်းကန်ထည့်တာပါ။ ဂိုးတိုင်ကိုထိသွားတယ်ဆိုပေမယ့် ကားရစ်ကိုသာ ချပေးခဲ့ရင် သေချာပေါက် ဂိုးရမယ့်အနေအထားကြီးပါ။ အဲဒီနေရာမှာ ရွန်းနေသာဆိုရင် သေချာပေါက် ချပေးမှာအမှန်ပါပဲ။
မန်ယူက ဗီဒစ်နဲ့ ပွဲပြီးခါနီးမှာ လီဗာပူးလ်က မာရှေရာနိုတို့ နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရပါတယ်။ အဲဒါက ပြဿနာမရှိပါ။ ပြဿနာက မန်ယူက အိုဝင်ဂိုးရှေ့မှာ တစ်ဦးချင်းကန်သွင်းတော့မယ့် အချိန်မှာ လီဗာပူးလ်က ခံစစ်မှူး ကာရေဂါဥပဒေပကစားတာကို အ၀ါကတ်ပဲပြခဲ့တဲ့ ကိစ္စပါ။ အဲဒီဘောလုံးဟာ လွတ်သွားခဲ့ရင် ဂိုးရဖို့အတော်လေးသေချာတဲ့ အခြေအနေဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမှာ လီဗာပူးလ်က နောက်ဆုံးခံစစ်မှူးက အိုဝင်ကို ဥပဒေပကစားတာကို အနီကတ်မပြဘဲ အ၀ါကတ်သာပြပြီး ပြစ်ဒဏ်ဘောကန်ခိုင်းတဲ့ ဒိုင်လူကြီးကို ဘယ်လိုမှကို နားမလည်နိုင်ပါ။
မန်ယူအသင်းက ချေပဂိုးရဖို့ ဖိကစားနေရင်း မထင်မှတ်တဲ့ တန်ပြန်တိုက်စစ်ကတစ်ဆင့် လီဗာပူးလ်အသင်းက နာကျင်အချိန်ပိုမှာ အနိုင်ဂိုးတစ်ဂိုး ထပ်သွင်းသွားပါတယ်။ အဲဒီဂိုးအတွက်တော့ ဘာမှကို ခံစားမှုမဖြစ်ပါ။ မန်ယူအသင်းတစ်သင်းလုံး ဂိုးရဖို့ ဖိကစားနေရင်းနဲ့ နောက်တန်းမှာ နှစ်ယောက်ပဲကျန်ခဲ့တဲ့အချိန်မှာ တန်ပြန်တိုက်စစ်မိပြီး ပေးလိုက်ရတဲ့အတွက် ပေးသင့်တဲ့ဂိုးလို့ပဲ မြင်လို့ပါ။
ဘာပဲဖြစ်ဖြစ် လီဗာပူးလ်နိုင်ပါတယ်။ ဘင်နီတက်ဇ်နဲ့ ကြိုးကြာနီတွေအတွက် ခဏတာ အသက်ရှူချောင်သွားစေခဲ့တယ်ဆိုတာ ငြင်းစရာမရှိပါ။ တကယ်လို့များသာ ရှုံးခဲ့ရင် ဘင်နီတက်ဇ်ရဲ့ နောက်ဆုံးပွဲလို့တောင် ဆိုနိုင်မယ့်အနေအထားပါ။ မန်ယူရှုံးတာက ဘာပြဿနာမှ မရှိပါ။ ဇယားထိပ်ဆုံးက ချဲလ်ဆီးနဲ့ နှစ်မှတ်အကွာဖြစ်သွားတယ်။ ဒုတိယနေရာမှာ ရပ်တည်နေတယ်။ ဒါပဲဖြစ်ပါတယ်။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် လီဗာပူးလ်ရဲ့အနိုင်အတွက် ဖာဂူဆန်စိတ်ညစ်တာဟာ မဖြစ်စလောက်ပဲဖြစ်မယ်လို့ ယုံကြည်မိပါတယ်။ ဒါပေမယ့် ဘင်နီတက်ဇ်ရဲ့ သက်ပြင်းချသံကြီးကတော့ အတော်လေးကို ကျယ်လောင်မှာအသေအချာပဲဆိုတာ တွေးနေမိကြောင်းပါ။
လီဗာပူးလ်ရဲ့အနိုင်အတွက် အသိအမှတ်ပြုပါတယ်။ ရှုံးနိမ့်မှုအတွက် အားပေးနှစ်သိမ့်ပါတယ် မန်ယူ။ နောက်ပွဲတွေမှာ ပိုကောင်းအောင် ကစားပြနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အမြဲတမ်းနိုင်နေတာ မဖြစ်နိုင်တဲ့ ဘောလုံးလောကမှာ အရှုံးဆိုတာကိုလည်း လက်ခံရမှာပေါ့။ အဲဒီအရှုံးကနေ သင်ခန်းစာတွေ၊ အားအင်တွေယူဖို့အတွက်လည်း ဖာဂူဆန် ပြင်ဆင်ပြီးဖြစ်မယ်ဆိုတာ သံသယမရှိပါဘူး။ နောက်ပွဲမှာ ပိုကောင်းလာမယ့်မန်ယူကို ကျွန်တော်တို့ မြင်ရမယ်လို့ အခိုင်အမာယုံကြည်နေကြောင်းပါ။
ဘယ်လိုပဲဖြစ်ဖြစ် ရွှေဘဟာ ရွှေဘပါပဲ။ အချိန်တန်ရင် ရွှေဘ နိုင်မှာပါဗျာ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် အောက်တိုဘာလ ၂၅ ရက်၊ တနင်္ဂနွေနေ့။
ည ၁၀ နာရီ ၄၄ မိနစ်တွင် ပြီး၏။
No comments:
Post a Comment