ဒီနေ့တော့ ရုပ်ရှင်ဇာတ်ကားသစ်တင်တာ သွားကြည့်ဖြစ်ပါတယ်။ ရန်ကုန်မှာတော့ ရုံတင်ပြီးတာ အတော်ကြာပြီပေါ့။ နယ်မြို့ဆိုတော့လည်း အခုမှပဲ ကြည့်ရတော့တယ်။ ကိုယ်မကြည့်ရသေးရင် အသစ်ပါပဲ။ မဟုတ်ဘူးလား။
ဟာသကားဆိုတာလောက်တော့ သိထားပါတယ်။ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေထဲမှာ အဲဒီရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ရေးထားတာတွေကို ဖတ်ဖူးထားတာကိုး။ ဘာပဲဖြစ်ဖြစ် အပျင်းပြေတော့ ရယ်ရမှာပဲဆိုပြီး သွားကြည့်တယ်ဆိုပါတော့။ ရန်ကုန်ကပြန်လာတဲ့ သူငယ်ချင်းတစ်ယောက်က တားပါတယ်။ "အသားကုန် ပေါထားတဲ့ကား၊ သွားမကြည့်နဲ့"တဲ့။ သူကျတော့ ရန်ကုန်မှာ ကြည့်လာခဲ့ပြီးပြီ။ ပြန်ပြောလိုက်ပါတယ်။ "အေး… သူတို့ဘယ်လိုပေါထားသလဲဆိုတာ ကိုယ်တိုင်သွားကြည့်ချင်လို့" ဆိုပြီးတော့ပေါ့။ နောက်တစ်ယောက်က ၀င်ပြောသေးတယ်။ "ဟေ့ကောင်… မင်းဘာသာမင်း သွားလည်းကြည့်သေးတယ်… ပြီးရင် ဘလော့ဂ်ပေါ်မှာ ဝေဖန်ရေးလိုလို ဘာလိုလိုနဲ့ ပေါက်ကရတွေရေးဦးမယ်" တဲ့။
ဗီဒီယိုတွေ၊ ရုပ်ရှင်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်ရေးခဲ့တာတွေက ပေါက်ကရတွေများ ဖြစ်နေသလားဗျာ။ ကျွန်တော်ကြည့်ပြီးသမျှကို ကျွန်တော်မြင်သလို ရေးပြတာပဲ ရှိပါတယ်။ ဒါကလည်း အကြောင်းရှိပါတယ်။ ကျွန်တော်အခုလို ဘလော့ဂ်မှာ တင်ထားတဲ့ပို့စ်တွေကို ဒီအတိုင်း လာဖတ်တာထက်စာရင် မှတ်ချက်ပေးသွားတဲ့လူတွေကို အမှတ်ထင်ထင် ဖြစ်ပါတယ်။ ဆိုလိုတာက ကျွန်တော်ရေးထားတာတွေကို ကောင်းရင်ကောင်းတယ်၊ မကောင်းရင်မကောင်းဘူး၊ ကြိုက်ရင်ကြိုက်တယ်၊ မကြိုက်ရင်မကြိုက်ဘူး စသည်ဖြင့် ဝေဖန်ထောက်ပြတဲ့လူတွေကို သဘောကျတယ်ဆိုပါတော့။ ကိုယ်လုပ်ထားတဲ့အလုပ်တစ်ခုကို အခြားတစ်ယောက်က ဘယ်လိုအမြင်ရှိသလဲဆိုတာကို သိခွင့်ရတာဟာ အင်မတန်မှ ကြည်နူးစရာကောင်းတဲ့ ကိစ္စလို့ ကျွန်တော်က ခံယူပါတယ်။ ဒီအတိုင်း ဘာမှမပြောဘဲနေတာထက်စာရင် မင်းရေးထားတာတွေက တစ်စက်မှကို အဓိပ္ပါယ်မရှိဘူးတို့၊ ဘာအဆင့်မှမရှိဘူးတို့ စသည်ဖြင့် ရေးတဲ့လူတွေကို ပိုပြီးတန်ဖိုးထားမိပါတယ်။ အဲဒါကြောင့်လည်း မကြာခဏဆိုသလို ပို့စ်အချို့မှာ ကျွန်တော့်ကို မကောင်းပြော၊ ဝေဖန်ကြသူတွေကို အလေးအနက်ထားပြီး ဖြေရှင်းရေးသားနေတာပါ။ ဆိုလိုတာကတော့ ဘာမှမပြောတာထက်စာရင် တစ်ခုခုပြောတဲ့လူတွေကို ကျွန်တော်အလေးထားတယ် ဆိုတာပါပဲ။
အခုလည်း ထိုနည်း၎င်းပါပဲ။ ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ပရိသတ်ဖြစ်တဲ့ ကျွန်တော်ကတော့ ကြည့်ခဲ့ရတဲ့ ဇာတ်ကားတွေနဲ့ ပတ်သက်ပြီး ကောင်းတယ်ထင်ရင် ကောင်းကြောင်း၊ မကောင်းဘူးထင်ရင် မကောင်းကြောင်း ရေးခြင်းသာ ဖြစ်ပါတယ်။ အခြားဘာအကန့်မှ မရှိကြောင်းပါ။
စကားရှည်နေတာနဲ့ လိုရင်းကို မရောက်တော့ပါဘူး။ ပြောလိုတဲ့ ရုပ်ရှင်ဇာတ်ကားအကြောင်းကို ဆက်ပါ့မယ်။ ဒီလိုပါ-
ဇာတ်ကားအမည် - ချစ်ကံပွင့်နှင့် မချောလေးဆယ်
ဇာတ်လမ်း - ဒေါန
ဇာတ်ညွှန်း - အကြည်တော်
ဒါရိုက်တာ - ဒေါန
သရုပ်ဆောင်များ - ရန်အောင်၊ ဟိန်းဝေယံ၊ ကျော်ကျော်ဗို၊ အိန္ဒြာကျော်ဇင်၊ ထွန်းအိန္ဒြာဗို၊ ခရစ္စတီးနား၊ မိုးယုစံ၊ စိုးပြည့်သဇင်၊ ကြည်လဲ့လဲ့ဦး၊ ခိုင်ပွင့်၊ မော့စ်၊ မိုးဒီ၊ ငှက်ပျော်ကြော်၊ ကင်းကောင်၊ ရန်ပိုင်စိုး၊ ထူးမွန်၊ ဗေလုဝ၊ အခြားသရုပ်ဆောင်များ
ဇာတ်လမ်းအကျဉ်း
ဂျာနယ်တိုက်တစ်ခုက စာရေးဆရာ၊ အယ်ဒီတာ လူပျိုကြီးတစ်ယောက် သူ့ထက်အသက်များစွာငယ်တဲ့ အချောအလှလေးတစ်ယောက်ကို နှစ်သက်စွဲလန်းမိရာက လိုက်လံပိုးပန်းတဲ့ဇာတ်လမ်းကို အခြေတည်ထားတာပါ။ နောက်ဆုံး သူနဲ့ယူဖို့ စေ့စပ်ပြီးတဲ့အချိန်ကျမှ နိုင်ငံခြားမှာရောက်နေတဲ့ ကောင်မလေးရဲ့ချစ်သူ ပြန်ရောက်လာပြီး သူတို့နှစ်ဦးကြားမှာ ဖြစ်ပေါ်ခဲ့တဲ့ သံသယတွေ၊ အထင်မှားမှုတွေကို ချေဖျက်ပစ်လိုက်နိုင်ကြပါတယ်။ အဲဒီကောင်လေးကလည်း ကိုကံပွင့်ရဲ့ တူတော်မောင်ဖြစ်နေတဲ့အခါ….။
သုံးသပ်ဝေဖန်ချက်
ကြိုက်တာတွေ
(၁) အပျင်းပြေသက်သက် ကြည့်ဖို့အတွက်ဆိုရင်တော့ ကြည့်သင့်တဲ့ဇာတ်ကားပါ။ ချစ်လို့စတာထက်စာရင်တော့ ကြည့်လို့ကောင်းတယ်လို့ ညွှန်းရမှာပါပဲ။ အနူတောမှာတော့ လူချောလို့ ပြောရမလားမသိပါဘူး။
(၂) အချို့ဇာတ်ကားတွေမှာလို အတင်းကလိထိုးနေတာမျိုးမဟုတ်တဲ့ အတော်လေးကို ရယ်ရတဲ့အခန်းတွေ ပါပါတယ်။ စိတ်လွတ်ကိုယ်လွတ် ရယ်ရမှာပါ။
မကြိုက်တာတွေ
(၁) သရုပ်ဆောင်တွေနာမည် အများကြီးတွေ့လို့ အရမ်းကာရော အထင်ကြီးမသွားပါနဲ့လို့ ကြိုပြောပါရစေ။ ဇာတ်ကွက်လေး တစ်ခန်းနှစ်ခန်းလောက်ပါပြီး နာမည်ထိုးခံထားရတာတွေပါ။ ပြောရရင်တော့ ကင်းဝင်ဖို့အတွက် ထိုးကျွေးခံထားရတဲ့ ပွန်းရုပ်လေးတွေဆိုပါတော့။ ခရစ္စတီးနား၊ မိုးယုစံ၊ စိုးပြည့်သဇင်၊ ကြည်လဲ့လဲ့ဦး၊ မော့စ်၊ မိုးဒီ၊ ထူးမွန်၊ ဗေလုဝ တို့ထဲမှာ အများဆုံးပါတဲ့လူက အခန်းနှစ်ခန်းပါပဲ။
(၂) ထွန်းအိန္ဒြာဗိုလ် ဆိုရင် သူ့ဇာတ်လည်းမဟုတ်ဘဲနဲ့ ဘာဖြစ်လို့များ ဒီဇာတ်ကားကို ရိုက်ရပါလိမ့်လို့ တွေးမိတယ်။
(၃) ကျော်ကျော်ဗိုက ပိုဆိုးတယ်။ သူ့ဇာတ်ကွက် ဘာမှမရှိဘဲ အလကားနေရင်း ၀င်ပေါနေရသလို ဖြစ်နေတယ်။ ၀င်ပြီးသရုပ်ဆောင်ရတဲ့ နေရာကလည်း တကယ့်ကို အူကြောင်ကြားနဲ့ ပေါရတဲ့နေရာကြီး။ မဆီမဆိုင် အလကားနေရင်း ပခုက္ကူကနေ မင်းသားလုပ်ဖို့ ရန်ကုန်တက်လာတယ်ဆိုပြီးကနေ စလိုက်တာ ဘာတွေမှန်းကို မသိဘူး။
(၄) ဗေလုဝပါတယ်ဆိုပြီး လာကြည့်တဲ့လူတွေကို ပိုသနားတယ်။ ကိုဗေက တစ်ခန်းပဲပါတယ်။ အဲဒီတစ်ခန်းတောင် မင်းသားနဲ့ မင်းသမီး ဘယ်နေရာမှာ၊ ဘာဖြစ်လို့၊ ဘာအက ကတာမှန်းမသိတဲ့ အခန်းမှာ မျက်နှာလေးကို တစ်ချက်ရိုက်ပြလိုက်တာပဲ ရှိတယ်။ သရုပ်ဆောင်ခ ဘယ်လောက်ရသလဲဆိုတာတော့ မပြောတတ်ဘူး။ သူ့နာမည်တော့ အသုံးခံလိုက်ရတာ သေချာတယ်။
(၅) ဇာတ်လမ်းက ရန်အောင်(ကိုကံပွင့်)ကို အသားပေးပြီး ရိုက်ထားတာပါ။ ဒါပေမယ့် ဇာတ်လမ်းခေါင်းစဉ်ဖြစ်တဲ့ ချစ်ကံပွင့်နှင့် မချောလေးဆယ်ဆိုတဲ့ နာမည်ကို ဘာကြောင့် ပေးထားရသလဲဆိုတာကို အခုထိ ပြန်စဉ်းစားကြည့်လို့ မရဘူး။ ဇာတ်ကားနာမည်နဲ့ သရုပ်ဆောင်နာမည်တွေကို ဖတ်မိတဲ့အခါ ဒီလိုဇာတ်လမ်းမျိုး ဖြစ်မှာပဲလို့ ပရိသတ်တွေ တွေးမိကြလိမ့်မယ်လို့ ကျွန်တော်ထင်မိတယ်။ ဇာတ်ကားနာမည်ကိုဖတ်ပြီး ဇာတ်လမ်းကို ကြိုတင်မှန်းဆရင်တော့ တလွဲကြီးပါပဲလို့ ပြောချင်ပါတယ်။
(၆) အကြည်တော်ကလည်း သူဇာတ်ညွှန်းခွဲတိုင်း ရေကူးကန်အခန်းတွေကို ဦးစားပေးလွန်းတာ တွေ့ရတယ်။ အခုလည်း ဒီဇာတ်ကားမှာ ရေကူးကန်အခန်းကို ထည့်ဖြစ်အောင် ထည့်လိုက်သေးတယ်။ မင်းသမီးက ကြံ့ခိုင်ရေးဆရာမလုပ်တာပဲ။ အေရိုးဗစ်ကတဲ့အခန်းတွေနဲ့ ပရိသတ်တွေကို မြူဆွယ်ရတာ အားမရလို့ ထင်ပါရဲ့။ မဆီမဆိုင် ရေကူးကန်ဘေးမှာကို အလကားနေရင်း ရိုက်ပြထားပါသေးတယ်။ ကိုကို၊ မောင်မောင်၊ ဦးဦး၊ ဘဘတွေကတော့ ကြိုက်ကြမယ်ထင်ပါရဲ့။
(၇) အေရိုးဗစ်ကတဲ့ အိန္ဒြာကျော်ဇင်ကို ကြည့်ပြီးမှပဲ ပေါင်တံအတော်လေးသေးတာကို သတိထားမိတယ်။ ပေါင်နဲ့ ခြေသလုံးက တစ်ဆက်တည်းလား အောက်မေ့ရတယ်။ တကယ့်ကို တညီတည်းပဲ။ တစ်မျိုးမထင်နဲ့ဦးနော်။ အသားကပ်အရှည်ပေါ်မှာ ဘောင်းဘီအတိုလေးဝတ်ပြီး အေရိုးဗစ်ကတဲ့အခန်း ပါလို့ပါ။ ကြည့်သောသူမြင်၏ မဟုတ်ပါဘူး။ ပြသောလူရှိလို့ ကြည့်ရတာပါ။ ကြည့်တော့ မြင်တာပေါ့။ မြင်တော့လည်း ပြန်ပြီးဖောက်သည်ချမိတာပါ။
(၈) စာရေးဆရာ အယ်ဒီတာတစ်ယောက်က သူ့တပည့်ခိုင်းတိုင်း လျှောက်လုပ်နေတယ်ဆိုတာကလည်း သဘာဝမကျလိုက်တာဗျာ။
(၉) နယ်ကအမေ ဖုန်းဆက်မယ်ဆိုလို့ အိန္ဒြာကျော်ဇင်က အဒေါ်ရဲ့ စာအုပ်တိုက်ကိုသွားပြီး ဖုန်းစောင့်တာက တစ်မျိုးကြီးပဲ။ (အပြင်မှာ သွားလုပ်ကြည့်စမ်းပါ။ စာအုပ်တိုက်များ ပီစီအို ကျနေတာပဲ။ သူ့အဒေါ်က အဲဒီစာအုပ်တိုက် ပိုင်ရှင်ဆိုရင်လည်း ထားပါတော့။ ဒီနေ့ခေတ်မှာ ဖုန်းဆက်ရဖို့ကို အဲဒီလောက် ခက်ခဲမယ်လို့ ကျွန်တော်မတွေးထားမိတာလည်း ပါမှာပေါ့။)
(၁၀) နိုင်ငံခြားကနေ စာလာတယ်ဆိုတာကို လွယ်လွယ်လေး ယုံကြည်တာကလည်း မဟုတ်သေးဘူး ထင်ပါရဲ့။ ဂျပန်ကနေ စာထည့်တာဖြစ်တဲ့အတွက် ဂျပန်စာတိုက်တစ်ခုခုရဲ့ အမှတ်အသားတော့ ပါရမှာပေါ့ဗျာ။ အနည်းဆုံးတော့ စာအိတ်ပုံစံကိုကြည့်ရင် သိမယ်ထင်တာပါပဲ။ မြန်မာစာအိတ်တွေနဲ့ ဂျပန်စာအိတ်တွေက ပုံစံတူမထုတ်လောက်ဘူးလို့တော့ ကျွန်တော်ထင်တာပဲ။ ဂျပန်ကိုမရောက်ဖူးတော့ သေချာမသိတဲ့အတွက် ကျွန်တော်မှားနေရင် ခွင့်လွှတ်ဗျာ။
(၁၁) အဆိုးဆုံးက နောက်ဆုံးအခန်းပဲ။ စေ့စပ်ပွဲပြီးလို့ ညပိုင်းမှာ ကိုကံပွင့်နဲ့ မိတ်ဆွေတွေ အရက်သောက်ကြတယ်။ ပြီးတော့ အိန္ဒြာကျော်ဇင်နေတဲ့အခန်းကို ပြန်သွားတယ်။ အိန္ဒြာကျော်ဇင်ကလည်း ပြောတယ်။ ဒီနေ့ည ပြန်မလာတော့ဘူးလို့ ထင်နေတာတဲ့။ ကိုကံပွင့်က အိပ်ချင်ပြီဘာညာလုပ်တော့ အရက်သောက်ထားရင် သူမကြိုက်ဘူးပေါ့။ ရေချိုးဦးဆိုပြီး ရေချိုးခိုင်းတယ်။ ရေချိုးပြီးတဲ့အချိန်မှာပဲ တံခါးလာခေါက်တယ်။ နိုင်ငံခြားကပြန်လာတဲ့ကိုယ်တော် ဖြစ်နေတယ်။ အဲဒီမှာ အိန္ဒြာကျော်ဇင်က သူရှင်းမယ်ပေါ့။ ကိုကံပွင့်ကို ခဏရှောင်နေပေးဖို့ပြောတယ်။ ဘယ်မှာရှောင်ရမလဲဆိုတာ စဉ်းစားရင်း၊ လိုက်ရှာရင်းနဲ့ ၀ရန်တာမှာ ရှောင်နေဖို့ပြောတယ်။ ရှောင်နေလိုက်တယ်ဆိုပါတော့။ အခန်းထဲမှာ ညဖက်ဖြစ်လို့ မီးတွေထွန်းထားပြီး အပြင်ဝရန်တာကျမှ နေ့ခင်းကြောင်တောင်ကြီး လင်းနေတာကတော့ ဘယ်လိုဖြစ်တာလဲလို့ ဒါရိုက်တာမှပဲ သိမယ်ထင်ပါရဲ့။ ၀ရန်တာမှာထွက်နေတဲ့ ကိုကံပွင့်ကို အောက်မှာဝိုင်းကြည့်နေတဲ့လူတွေက အများကြီး၊ ရပ်ကွက်က တာဝန်ရှိသူတွေရော၊ ရဲတွေရော၊ နောက်ဆုံး မီးသတ်ကားတွေပါ ရောက်လာတယ်။ အံမယ်.. အဲဒီမှာ သူနဲ့အတူ အရက်သောက်ခဲ့ကြတဲ့ မိတ်ဆွေတွေလည်း ပါသဗျ။ စောစောလေးကပဲ ညပိုင်းကြီး အရက်သောက်လာတယ်။ အခုကျတော့လည်း ချက်ချင်းကြီးပဲ နေ့ခင်းကြောင်တောင်ကြီးမှာ ကိုကံပွင့်ကို သူများတွေနဲ့အတူ လာကြည့်နေပါ့လား။ ဘယ်လောက်သောက်သောက် မမူးတဲ့လူတွေတော့ မဟုတ်နိုင်ပါဘူး။ ဘာပဲပြောပြော ညဖက်အိပ်ယာဝင်ခါနီးအခန်းကနေ ချက်ချင်းလက်ငင်းကြီး နေ့ခင်းကြောင်တောင် လင်းလင်းချင်းချင်းကြီး ဖြစ်သွားအောင် ရိုက်ပြနိုင်တဲ့အတွက်တော့ အသိအမှတ်ပြုမိပါတယ်။ အကြည်တော် ဇာတ်ညွှန်းရေးတာပဲ ဒီလောက်တော့ ရှိမှာပေါ့လို့ပဲ ဖြေတွေးလေး တွေးမိပါတယ်။ (တချို့လည်းပြောကုန်ကြပြီ၊ မင်းကဘာဖြစ်လို့ အကြည်တော်ကို အဲဒီလောက် အလာ့ဂျစ် ဖြစ်နေရတာလဲတဲ့၊ နောက်မှပဲ သီးသန့်ဖြေတော့မယ်)
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်၊ စနေနေ့။
နံနက် ၀ နာရီ ၄၈ မိနစ်တွင် ပြီး၏။
No comments:
Post a Comment