မနေ့က ရုံးက၀န်ထမ်းတစ်ဦးနဲ့ စကားစမြည်ပြောဖြစ်ကြပါတယ်။ အာလာပသလ္လာပ ဟိုပြောဒီပြော အာလူးဖုတ်ကြရင်း သူတို့မိသားစုအကြောင်း ရောက်သွားပါတယ်။ သူ့မှာက ကလေး(၄)ယောက်တောင် ရှိပါတယ်။ အားလုံး ယောက်ျားလေးတွေချည်းပါပဲ။ တစ်နှစ်ကို တစ်ယောက်နှုန်းလောက်နဲ့ မွေးနေခဲ့တာမို့ စနေ၊ နောက်နေကျ ဆိုပါတော့။ မနေ့ကတော့ စကားစပ်မိရင်း ကလေးက (၄)ယောက်တောင် ဖြစ်နေပြီ၊ သားကြောမဖြတ်သေးဘူးလားလို့ မေးမိပါတယ်။ အဲဒီအခါ သူကဘာပြောသလဲဆိုတော့ ဆေးရုံမှာ သားကြောဖြတ်ဖို့ အားလုံးလုပ်ပြီးခါမှ အထူးကုဆရာဝန်ကြီးနဲ့ တွေ့တဲ့အခါ (၅)ယောက်ပြည့်မှ ဖြတ်ပေးမယ်လို့ ပြောလိုက်လို့ ပြန်လာခဲ့ရကြောင်း ပြောပြပါတယ်။ ကျွန်တော်လည်း နည်းနည်းတော့ အထူးအဆန်း ဖြစ်သွားပါတယ်။ ဟုတ်တော့မဟုတ်သေးပါဘူးပေါ့။ ကလေးက (၄)ယောက်တောင် ဖြစ်နေပြီ။ ကိုယ်က ထပ်မလိုချင်တော့လို့ သားကြောဖြတ်တာပဲ၊ ဘာကိစ္စ ငါးယောက်ပြည့်အောင် ထပ်ယူခိုင်းတာလဲဆိုတာကို စဉ်းစားလို့မရပါဘူး။ နားလည်မလည်ပါဘူး။ အဲဒါနဲ့ သေချာအောင် သူ့ကို ထပ်မေးရပါတယ်။ ဆရာဝန်ကြီးက အလကားနေရင်းတော့ ငြင်းလိုက်တာ မဖြစ်နိုင်ဘူး။ ခင်ဗျားကို တစ်ခုခုတော့ သေချာရှင်းပြလိုက်မှာပဲ။ ဘာဖြစ်လို့ ဖြတ်မပေးတာလဲဆိုတာ ဘယ်လိုပြောလိုက်သလဲလို့ ပြန်မေးရပါတယ်။ သူကလည်း ဘာမှမပြောလိုက်ကြောင်း ကလေးငါးယောက်ပြည့်မှပဲ ဖြတ်ပေးမယ်လို့ ပြောလိုက်ကြောင်း၊ မယူချင်ရင် ခင်ဗျားရှောင်ပေါ့လို့ ပြောလိုက်ကြောင်း ပြန်ပြောပါတယ်။ အခုတော့ သုံးလတစ်ကြိမ်ပဲ တားဆေးထိုးနေကြောင်း ပြောပါတယ်။ အမှန်အတိုင်းပြောရရင် ဆရာဝန်ကြီးအနေနဲ့ သားကြောဖြတ်ချင်တာကို ဘာကြောင့် ဖြတ်မပေးလိုက်သလဲဆိုတာကို စဉ်းစားလို့ကို မရပါ။ ဆေးပညာအရ အကြောင်းတစ်ခုခုကြောင့်သာ လုပ်မပေးသေးတာ၊ ဒါမှမဟုတ် ကျွန်တော့်ရုံးက၀န်ထမ်းရဲ့ အမျိုးသမီးကို သားကြောဖြတ်ပေးဖို့အတွက် အခက်အခဲတစ်ခုခုရှိလို့ ဖြစ်လိမ့်မယ်လို့ တွေးလိုက်ပါတယ်။ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေဆရာဝန်တွေနဲ့ တွေ့ရင်တော့ မေးကြည့်ရဦးမယ်လို့ တေးထားလိုက်ပါတယ်။
ပြောချင်တာက အပေါ်ကအကြောင်းတွေမဟုတ်ပါ။ အဲဒါတွေက နိဒါန်းပျိုးခြင်းသက်သက်ပါ။ ကျွန်တော်ပြောချင်တာက အောက်မှာပါ။ ပြောချင်တာထက် ကျွန်တော်မသိသေးတဲ့၊ မကြားဖူးတဲ့၊ မဖတ်ဖူးတဲ့ ယုံကြည်မှုထုံးတမ်းစဉ်လာတစ်ရပ်ကို သိလိုက်၊ ကြားလိုက်ရလို့ ဆိုပါတော့။ ဖတ်ကြည့်ပါဦး။
အပေါ်ဆုံးအပိုဒ်မှာ ကျွန်တော်တို့ပြောခဲ့သလို ပြောပြီးတဲ့နောက် သူ့ကို တိုက်တွန်းမိပါတယ်။ အဲဒါဆိုလည်း ငါးယောက်ပြည့်အောင် ယူလိုက်ပေါ့ဗျာ။ လေးယောက်တောင် မွေးပြီးပြီပဲလို့။ အဲဒီအခါ သူက ပြန်ပြောပါတယ်။ အခုမွေးထားတဲ့ လေးယောက်လုံးက ယောက်ျားလေးတွေချည်းပဲ ဖြစ်နေလို့ပါတဲ့။ အဲဒီတော့ ကျွန်တော်ထင်သွားတာက နောက်ထပ်မွေးလာတဲ့ တစ်ယောက်ကလည်း မျောက်လောင်းလေး(ယောက်ျားလေး) ဖြစ်နေမှာကြောက်လို့လားလို့ သူ့ကို စမိပါတယ်။ အဲဒီတော့ သူက ဘာဆက်ပြောသလဲဆိုတော့
"ယောက်ျားလေးမွေးမယ်ဆိုရင်တော့ လုံးဝကို မကြောက်တာဗျ၊ ကျွန်တော်က မိန်းကလေးမွေးမှာ ကြောက်တာ" တဲ့။ ကဲ ဘယ်လောက်များ အံ့သြစရာ ကောင်းလိုက်သလဲ (ကိုယ့်ဘာသာကိုယ် ပြောတာပါ။ စာဖတ်သူက အံ့သြချင်မှ အံ့သြမှာပေါ့လေ)။ ယောက်ျားလေး လေးယောက်မွေးထားပြီးတဲ့ လူတစ်ယောက်က နောက်တစ်ယောက်မွေးတဲ့အခါ မိန်းကလေးမလိုချင်ဘူးတဲ့။ ဘာဖြစ်လို့လဲပေါ့။ သူဆက်ပြောတာက -
"ယောက်ျားလေး လေးယောက်မွေးပြီးလို့ ငါးယောက်မြောက်ဟာ မိန်းကလေးဆိုရင် မိဘ(အဖေ သို့မဟုတ် အမေ) တစ်ဦးဦး ခိုက်တတ်တယ် (သေတတ်တယ်)" တဲ့။
ကျွန်တော်က ခါးခါးသီးသီးကို ငြင်းတာပေါ့။ မဟုတ်တာဗျာ။ ဘာဆိုင်လို့လဲ။ ကလေးမွေးတာပဲဗျာ… ယောက်ျားနဲ့မိန်းမရရင် ကလေးမွေးမယ်၊ မွေးချင်သလောက်မွေးမယ်၊ ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် မွေးချင်ရာမွေးမှာပေါ့။ မဟုတ်ဘူးလားဗျာ။ အယူသည်းလွန်းတယ်လို့ မြင်မိတယ်။ ကျွန်တော်လည်း လုံးဝ(လုံးဝ)ကို အယုံအကြည်မရှိကြောင်း ငြင်းတော့တာပေါ့။ အဲဒီတော့ သူက မယုံရင်လည်း အခြားလူကြီးသူမတွေ၊ နားလည်တဲ့သူတွေကို မေးကြည့်ပါတဲ့။ အဲဒါ မြန်မာတွေရဲ့ ယုံကြည်မှုပါတဲ့။ အဲဒါနဲ့ ကျွန်တော်က မိန်းကလေးတွေအရင်မွေးပြီး နောက်ဆုံးမှ ယောက်ျားလေးမွေးရင်ရော ဘယ်နှယ့်လုပ်မလဲဆိုတော့ အဲဒါဆိုရင် ဘာမှမဖြစ်ပါဘူးတဲ့။ သူပြောတာက မိန်းကလေးတွေအရင်မွေးတယ်၊ ပြီးရင် ယောက်ျားလေးမွေးတယ်၊ ဒါမှမဟုတ် မိန်းကလေးတစ်လှည့်၊ ယောက်ျားလေးတစ်လှည့်မွေးရင် ဘာမှမဖြစ်ပါဘူးတဲ့။
ယောက်ျားလေးချည်းပဲ လေးယောက်အရင်ဆုံး မွေးရင်သာ ငါးယောက်မြောက်အတွက် ပြဿနာရှိတာပါတဲ့။ အဲဒီ ငါးယောက်မြောက်သာ မိန်းကလေးဖြစ်နေရင် မိဘနှစ်ပါးအတွက် မကောင်းတဲ့ကံကြမ္မာ ရောက်လာမယ်လို့ ယုံကြည်ကြပါသတဲ့။
ကျွန်တော့်အနေနဲ့ ခေတ်ပညာတတ် တစ်ယောက်ဖြစ်တဲ့အတွက် မယုံချင်ပေမယ့် အသက်အရွယ်အားဖြင့် ကျွန်တော့်ထက် (၁၅)နှစ်လောက်ကြီးတဲ့ သူ့ရဲ့ အတွေ့အကြုံနဲ့ ယုံကြည်မှုကိုတော့ လေးစားမှုရှိသင့်တယ်လို့ ယူဆတဲ့အတွက် ဆက်ပြီးမငြင်းခုန်တော့ပါဘူး။ အခြားတတ်သိနားလည်တဲ့လူတွေကို မေးကြည့်ဦးမယ်ဗျာလို့ ပြောလိုက်ပါတယ်။ သူကလည်း လက်ခံပါတယ်။ မေးကြည့်ပါတဲ့။
ကဲ… ကျွန်တော်ပြောချင်တာက အဲဒါပါပဲ။ ကျွန်တော်တို့ မြန်မာမှုဓလေ့ထုံးစံတွေမှာ ကျွန်တော်တို့ မသိသေးတဲ့ မိရိုးဖလာ ယုံကြည်မှုတွေ ဘယ်လောက်တောင် ရှိနေသေးသလဲ မသိဘူးဗျာ။ ကျွန်တော်ပြောခဲ့သလိုပါပဲ အပေါ်ကပြောခဲ့တဲ့ အယူအဆ၊ ယုံကြည်ချက်ကို ကျွန်တော်လက်မခံပါဘူးလို့။ ဒါပေမယ့် မှန်သည်၊ မှားသည်ကို ဘေးဖယ်ပြီး ကျွန်တော်တို့ မြန်မာမှုဓလေ့မှာ အဲဒီလိုမျိုး ပါးစပ်ရာဇ၀င်ရှိတယ်ဆိုတာကို မှတ်တမ်းတင်တဲ့အနေနဲ့ ဒီပို့စ်ကို ရေးပါတယ်။ ဒုတိယတစ်ချက်ကတော့ စာဖတ်သူတွေထဲမှာ အဲဒီယုံကြည်မှုအယူအဆနဲ့ ပတ်သက်ပြီး သိရှိနားလည်တဲ့လူများရှိရင် ပြန်လည်ဝေငှရှင်းပြစေချင်လို့ ရေးပါတယ်။ သိတဲ့လူများရှိရင် ရှင်းပြပါဦးလို့ ပြောလိုပါတယ်ဗျာ။
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၇ ရက်၊ တနင်္လာနေ့။
ည ၉ နာရီ ၃၄ မိနစ်တွင် ပြီး၏။
No comments:
Post a Comment