Tuesday, December 08, 2009

တွေးမိတဲ့သတင်းများ


အခုတလော မျက်စိထဲမကြာခဏ မြင်နေဖတ်နေရပြီး အတွေးပေါက်မိတဲ့ သတင်းလေးတွေကို စုစည်းတင်ပေးလိုက်တာပါ။ ဘာအကြောင်းကြောင့်မှ မဟုတ်ပါဘူး။ ဟိုဂျာနယ်ထဲမှာလည်း ဒီသတင်း၊ ဒီဂျာနယ်ထဲလည်း ဒီသတင်းပဲဆိုတော့ အလွတ်တောင် ရနေလို့ပါ။ ဒီလောက် သတင်းရှာလို့လွယ်တဲ့ အင်တာနက်ခေတ်ကြီးထဲမှာ သတင်းတစ်ပုဒ်ကို ထွက်သမျှဂျာနယ်တွေအကုန်နီးပါးက ၀ိုင်းရေးတာတော့ တစ်မျိုးပဲလို့ ထင်မိတယ်။ တစ်ရက်တည်းထွက်တဲ့ ဂျာနယ်တွေ သတင်းတစ်ခုတည်းကို တူတယ်ဆိုတာ လက်ခံလို့ရတယ်။ အခုဟာက တစ်ပတ်လုံး ထွက်ရက်မတူပါဘဲနဲ့ သတင်းတွေက အတူတူတွေချည်းပဲ ဖြစ်နေတာကတော့ မဖြစ်သင့်ဘူးလို့ ကျွန်တော့်ဘာသာကျွန်တော် ယူဆပါတယ်ဗျာ။ အခုတော့ တိုတိုထွာထွာ သတင်းအချို့ကို ဖတ်ကြည့်ပါဦး။ ကျွန်တော်တွေးမိသလို ပြန်ပြောပြတာတွေကိုလည်း သည်းခံပြီးဖတ်ကြည့်ပေးကြပါဦးနော်။

permitlesscouple.jpg
ဒီပုံကတော့ အခုတလော အရမ်းဟော့နေတဲ့ သတင်းပေါ့။ အမေရိကန်သမ္မတကြီးလုပ်တဲ့ ပါတီပွဲကို ဖိတ်ကြားထားခြင်းမရှိတဲ့ စုံတွဲက အခန့်သားတက်လာတယ်ဆိုတဲ့ ကိစ္စပေါ့။ တက်လာပြီး ဒီအတိုင်းနေတာတောင် မဟုတ်ဘူးနော်။ ပုံထဲမှာမြင်ရတဲ့အတိုင်း သမ္မတအိုဘားမားနဲ့တောင် လက်ဆွဲနှုတ်ဆက်တာတွေ လုပ်နေသေးတယ်။ ရဲတင်းတယ်လို့ပြောရမလား၊ မျက်နှာပြောင်တိုက်တယ်လို့ ပြောရမလား မပြောတတ်ဘူး။ ကျွန်တော်စိတ်ဝင်စားတာက တစ်ကမ္ဘာလုံးကို ပတ်မွှေနေတဲ့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေအနေနဲ့ ဘယ်လိုလုပ်ပြီး ဒီစုံတွဲကို ပါတီပွဲရောက်အောင် ခွင့်ပြုပေးလိုက်သလဲဆိုတာ စဉ်းစားစရာပဲ။ သြော်... အဲဒီပါတီက အိန္ဒိယ၀န်ကြီးချုပ်အတွက် ဧည့်ခံတဲ့ပွဲလို့ သိရပါတယ်။
(အမေရိကန်ဆိုတာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးနိုင်ငံ၊ နည်းပညာပိုင်းဆိုင်ရာ အဖွံ့ဖြိုးဆုံးနိုင်ငံ၊ အိုဘားမားဆိုတာက ကမ္ဘာပေါ်မှာ နံပါတ်တစ်ခေါင်းဆောင်၊ အိမ်ဖြူတော်ဆိုတာက လုံခြုံရေးအထပ်ထပ်ချထားတဲ့နေရာ၊ ကဲ.... အဲဒီလိုနေရာမျိုးကို ရှောရှောရှူရှူ ၀င်ရောက်သွားပြီး အိုဘားမားလိုလူကို အေးအေးဆေးဆေး လက်ဆွဲနှုတ်ဆက်လို့တောင် ရတယ်ဆိုတာဟာ စဉ်းစားစရာပဲလို့ မြင်မိပါတယ်)

beckhamfifadraw.jpg
နေရာက တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ခ်မြို့မှာရှိတဲ့ International Convention Center မှာပါ။ အခမ်းအနားက ၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် အုပ်စုအဆင့် မဲခွဲပွဲ။ စီစဉ်တင်ဆက်သူတွေအဖြစ် ဆောင်ရွက်ခဲ့ကြတာက အင်္ဂလန်စတား ဒေးဗစ်ဘက်ဟမ်းနဲ့ တောင်အာဖရိကမင်းသမီးချော ချာလိုက်စ်သီယွန်။ ဒါက ဓာတ်ပုံအတွက်သတင်း။ ပြီးပြီ။ မပြီးသေးတာက ဒေးဗစ်ဘက်ဟမ်းကို အစီအစဉ်တင်ဆက်သူအဖြစ် ရွေးချယ်ထားတာကို စဉ်းစားမိတာ။ အခုအချိန်မှာ ဘက်ဟမ်းဟာ မက်ဆီလောက်ခြေစွမ်းမထက်တော့ဘူး၊ ဒိုလေး(စီရော်နယ်လ်ဒို)လို ရသမပေးနိုင်တော့ဘူး၊ ရွန်းနေလို မကြံ့ခိုင်တော့ဘူး၊ ကာကာလို အသင်းအတွက် မရှိမဖြစ် မဟုတ်တော့ဘူးဆိုတာ လူတိုင်းသိကြပါတယ်။ ဒါပေမယ့်လို့ ဘက်ဟမ်းဟာ ဘောလုံးနဲ့ပတ်သက်လို့ ကမ္ဘာလုံးဆိုင်ရာ အိုင်ကွန်ဖြစ်နေဆဲဆိုတာ ငြင်းမရတဲ့ အချက်ပါ။ အခုအချိန်အထိ ဘောလုံးသမားထဲမှာ သူ့ဝင်ငွေကို ကျော်နိုင်တဲ့လူမပေါ်သေးတာဟာ အကောင်းဆုံး သက်သေပြချက်ပါပဲ။ ဘယ်သူမှ ထင်မှတ်မထားတဲ့ ပြောင်းရွှေ့ကြေး၊ လစာတွေနဲ့ လူသိမများတဲ့ အမေရိကန်မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်စီကို ပြောင်းရွှေ့သွားခဲ့တာ၊ လက်ရွေးစင်အသင်းအတွက် အီတလီထိပ်သီးကလပ် အေစီမီလန်မှာ သွားကစားခဲ့တာ၊ အင်္ဂလန်အတွက် စံချိန်တင်ပွဲတွေ ဆက်ကစားနေသေးတာတွေဟာ တော်ရုံကစားသမားတွေ မစွမ်းဆောင်နိုင်၊ မဖြစ်နိုင်တဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ အခုပေါ်လာတဲ့ လူငယ်ဘောလုံးသမားတွေ တော်ပါတယ်၊ ကောင်းကြပါတယ်။ ဒါပေမယ့် သက်ကြားအိုကြီး ဘက်ဟမ်းရဲ့ ကြော်ကြားမှုတွေကို မမီသေးတာကတော့ အံ့သြဖွယ်လို့ပဲ ဆိုရတော့မလား မသိပါ။ ဘာပဲပြောပြော သေချာတာကတော့ အခုလို ဘက်ဟမ်းရယ်လို့ နာမည်တစ်လုံးရလာအောင် သူကြိုးစားခဲ့ရတာတွေဟာ သူလိုကိုယ်လို မဟုတ်ဘူးဆိုတာတော့ အသေအချာပါပဲ။ သူများတွေထက် ပိုပြီးကြိုးစားအားထုတ်ခဲ့လို့သာ ဒီလိုအချိန်၊ ဒီလိုနေရာမှာ ရပ်တည်နေနိုင်တယ်ဆိုတာ မြင်အောင်ကြည့်စေချင်ပါတယ်။ တစ်ချိန်တစ်ခါ မန်ယူမှာတုန်းက နေ့စဉ်လေ့ကျင့်ရေးအစီအစဉ်တွေ ပြီးတဲ့အချိန်မှာ အိမ်မပြန်ဘဲ ၄၅ မိနစ်လောက် အချိန်ပိုဖရီးကစ်ကျင့်ခဲ့တဲ့ ဘက်ဟမ်းကို ပြန်သတိရမိရင် အပေါ်ကပုံမှာပါတဲ့ ဘက်ဟမ်းတစ်ယောက် ဘာကြောင့် အဲဒီနေရာမှာ ရပ်နေရသလဲဆိုတာကို နားလည်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အောင်မြင်ကျော်ကြားမှုရဲ့နောက်ကွယ်မှာ ပေးဆပ်ရင်းနှီးမှုတွေ ရှိခဲ့မယ်ဆိုတာ အသေအချာပါပဲနော်။

russiady.jpg
၂၀၁၂ ခုနှစ်မှာ ကျင်းပပြုလုပ်မယ့် သမ္မတရွေးကောက်ပွဲမှာ သူတို့နှစ်ဦးလုံး ပါဝင်ယှဉ်ပြိုင် အရွေးခံကြပါမယ်တဲ့။ ကြည့်ကောင်းမယ့်ပွဲလို့ ထင်စရာပါ။ ဒါပေမယ့်လို့ ကျွန်တော့်အမြင်ပြောရရင် ပူတင်ဟာ ပူတင်ပါပဲလို့ပဲ ဆိုချင်ပါတယ်။ ပူတင်အကြောင်းကိုပြောရင် မက်ဗီဒက်အကြောင်းကို သင်ကြားရမှာမဟုတ်ပါဘူး။ ဒါပေမယ့်လို့ လက်ရှိသမ္မတ မက်ဗီဒက်အကြောင်းကို ပြောပြီဆိုရင်တော့ ပူတင်အကြောင်းကို ထည့်မပြောလို့ကို မရပါဘူး။ အဲဒီလောက်ဆိုရင် ပူတင်ဘာလဲဆိုတာ သိလောက်ပြီထင်ပါတယ်။ တစ်ကမ္ဘာလုံးယူဆထားသလို ပြောရမယ်ဆိုရင်တော့ အခုလက်ရှိ သမ္မတနေရာကို ပူတင်ကပဲ ရောက်အောင်ဆွဲခေါ်ထားတာလို့ ဆိုကြပါတယ်။ အဲဒီလိုအခြေအနေမှာ သူတို့နှစ်ဦးက အပြိုင်သမ္မတရွေးပွဲဝင်မယ် ဆိုတာကတော့ နည်းနည်းများစဉ်းစားစရာ ကောင်းနေသလားလို့ပါ။ ပူတင်ကိုပြိုင်မယ့် အခြားတစ်ယောက် မပေါ်စေချင်တဲ့အတွက် လက်ရှိသမ္မတကိုပဲ ပြိုင်ဘက်အဖြစ် ပြိုင်စေချင်ပုံရတယ်လို့ ကျွန်တော်က မြင်ပါတယ်။ ဘာပဲပြောပြော ရုရှားလို့ပြောလိုက်တာနဲ့ ကျွန်တော်တို့ရွတ်မိတဲ့နာမည်က ပူတင် ဆိုတာပဲမဟုတ်လား။

philippine.jpg
ဖိလစ်ပိုင်လက်ဝှေ့ကျော် ပတ်ကွီအိုပါ။ နိုင်ငံရေးဖက်ကိုကူးပြောင်းပြီး ၂၀၁၀ ပြည့်နှစ်မှာ ပြုလုပ်မယ့် ဖိလစ်ပိုင်နိုင်ငံလွှတ်တော်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ပါဝင်ယှဉ်ပြိုင်သွားမယ်တဲ့။ စိတ်ဝင်စားစရာပါပဲ။ လက်ဝှေ့ကြိုးဝိုင်းပေါ်မှာ ပြိုင်ဘက်တွေကို အလဲထိုးအနိုင်ယူပြီး ချန်ပီယံခါးပတ်တွေ ရယူနိုင်ခဲ့သလို နိုင်ငံရေးလောကမှာလည်း ပြိုင်ဘက်တွေကို နောက်ကောက်ချပြီး သရဖူဆောင်းနိုင်မလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။ ပတ်ကွီအိုဟာ ပြည်သူ့ချန်ပီယံလှုပ်ရှားမှုပါတီ (PCM)ဆိုပြီး ပါတီတစ်ခု ထူထောင်ထားကြောင်း သိရှိရပါတယ်။

2012film.jpg
အခုတလော လူပြောများနေတဲ့ ရုပ်ရှင်ဇာတ်ကား ၂၀၁၂ ပါ။ ကမ္ဘာပျက်မယ်ဆိုတဲ့ စကားသံတွေ ကျယ်ကျယ်လောင်လောင်နဲ့ ကြွက်ကြွက်ညံအောင် ထွက်လာတာနဲ့အတူ အချိန်ကိုက်ဖြစ်သွားတဲ့ ဒီဇာတ်ကားဟာ ၀င်ငွေစံချိန်ချိုးတဲ့ဇာတ်ကား ဖြစ်သွားပါတယ်။ ကမ္ဘာပျက်ရင် ဘာဖြစ်မှာလဲဆိုပြီး စဉ်းစားကြည့်တာ ဘယ်လိုမှကို စဉ်းစားလို့မရဘူး။ ဉာဏ်မမီတာလည်း ဖြစ်နိုင်ပါတယ်။ အခြားလူတွေကရော ဘာဖြစ်လို့ ဒီကိစ္စကို ရေးကြီးခွင်ကျယ်လုပ်နေကြတယ်ဆိုတာကို နားကိုမလည်ပါ။ ကျွန်တော့်သဘောကတော့ လူဆိုတာ တစ်နေ့အားလုံးသေကြရမယ့် သေမျိုးတွေပါ။ အနှေးနဲ့အမြန်ပဲကွာတယ်။ လူတစ်ယောက်သေတယ်ဆိုတာ အဲဒီလူရဲ့ကမ္ဘာပျက်သွားတာပဲ မဟုတ်ဘူးလား။ အရေးကြီးတာက အသက်ရှင်နေတုန်းမှာ သူဘယ်လိုနေသလဲ၊ ဘာတွေလုပ်သလဲဆိုတာပဲဖြစ်ပါတယ်။ ကမ္ဘာကြီးပျက်မှာကို ကြောက်ကြတယ်တဲ့။ အဲဒါဆိုရင် ကမ္ဘာကြီးမပျက်အောင်ရော စိတ်မ၀င်စားကြဘူးလား။ ၂၀၁၂ မှာ ကမ္ဘာကြီးပျက်မလား၊ မပျက်ဘူးလား ကျွန်တော်မသိဘူး။ ဒါပေမယ့် အခုလက်ရှိ ကျွန်တော်တို့လူသားတွေ လုပ်နေသလို ကာဗွန်တွေ အဆက်မပြတ် စည်းမရှိကမ်းမရှိ လွှတ်ထုတ်နေဦးမယ်၊ သစ်တောတွေကို အဆီးအတားမရှိ ခုတ်လှဲနေဦးမယ်ဆိုရင်၊ ကမ္ဘာကြီးကပူနွေးတဲ့အဆင့်ကနေ ဆူပွက်တဲ့အဆင့်အထိ ရောက်လာမယ်၊ ရေခဲမြစ်တွေ၊ ရေခဲတောင်တွေ အရည်ပျော်ပြီး ကမ္ဘာကြီးကို ရေဆေးပစ်လိုက်သလို ဖြစ်လာမယ်၊ သစ်ပင်ဝါးပင်ကြီးတွေ မရှိတော့ဘဲ တစ်ကမ္ဘာလုံး လွင်တီးခေါင်ပြင်ထဲမှာ တစ်ဆယ့်နှစ်လပတ်လုံး နွေရာသီတွေပဲ ဖြစ်နေတော့မယ့်ကာလတွေ ရောက်လာတော့မယ်ဆိုတာကိုတော့ စိတ်မ၀င်စားကြဘူး။ အရေးမထားကြဘူး။ ဂြိုဟ်တုစလောင်းသတင်းက လာသမျှ အစည်းအဝေးကြီးတွေမှာ လူကြားကောင်းအောင် ပြောတတ်တဲ့ ရာသီဥတုဆိုင်ရာ ဆွေးနွေးမှုတွေကလည်း ဘယ်တုန်းကမှ သဘောတူညီချက်ရတယ်လို့ မရှိဘူး။ ဘယ်နိုင်ငံကမှ ကိုယ့်နိုင်ငံထက်ပိုပြီး ကမ္ဘာကြီးကို မချစ်ကြဘူးဖြစ်နေတယ်။ အဲဒီလိုအခြေအနေမှာ ၂၀၁၂ ဇာတ်ကားကိုကြည့်ပြီး ကမ္ဘာကြီးက တကယ်ပျက်မှာလားမသိဘူးဆိုပြီး လာပြောတဲ့လူတွေကို ဘာမှပြန်မပြောချင်ဘူး။ သူတို့ကိုကြည့်ပြီး ရယ်ပဲရယ်ချင်နေမိတယ်။ ကိုယ့်ကိုကိုယ်လည်း ပြန်မေးကြည့်မိတယ်။ သူများတွေက အားလုံး အေ ဖြစ်နေတဲ့အချိန်မှာ ငါက ဘာကြောင့် ဘီ ဖြစ်နေရသလဲပေါ့။ အဖြေရပါတယ်။ စကားပုံလေးတစ်ခုပြောလိုက်ရုံနဲ့ အဲဒီအဖြေက လုံလောက်ပါတယ်။
မျက်ကန်း တစ္ဆေမကြောက် တဲ့။
ကျွန်တော့်လို မျက်ကန်းတစ္ဆေမကြောက်တွေ ဘယ်လောက်များရှိသလဲဆိုတာ သိချင်စမ်းပါရဲ့ဗျာ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၈ ရက်၊ အင်္ဂါနေ့။
နံနက် ၁ နာရီ ၄၀ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics