Saturday, December 12, 2009

လုပ်ငန်းခွင်ဆက်ဆံရေးနှင့် ပတ်သက်သမျှ


ကျွန်တော်တို့ရုံးက အဆောက်အအုံတစ်ခုရဲ့ အထပ်တစ်ထပ်လုံးမှာ ရှိပါတယ်။ ၀န်ထမ်းတွေဟာ ဌာနအလိုက် တစ်ဦးစာအကန့်ငယ်လေးတွေကိုယ်စီနဲ့ ရုံးထိုင်ရပါတယ်။ ဒီလိုအခန်းမျိုးမှာ ရုံးထိုင်ရသူတွေအနေနဲ့ တစ်ယောက်ကိုတစ်ယောက် အနှောင့်အယှက်မပေးမိအောင် လိုက်နာသင့်တဲ့အချက်တွေကို သိပါရစေခင်ဗျာ။

ဒီလိုရုံးခန်းမျိုးမှာ အလုပ်လုပ်ရသူတွေအနေနဲ့ စိန်ခေါ်မှုရှိနိုင်ပါတယ်။ နေရာအကန့်အသတ် ရှိနေတဲ့အပြင် ဒီရုံးခန်းမျိုးမှာ အလုပ်လုပ်ကြသူတွေ ပြောလေ့ပြောထအရှိဆုံး ကိစ္စရပ်ကတော့ "သီးသန့်တည်ရှိမှု"၊ "အနှောင့်အယှက်မှ ကင်းဝေးမှု" ဆိုတဲ့ Privacy မရှိတာကိုပါပဲ။ ခုခေတ် အလုပ်လုပ်ကြရာမှာ Calculator တွေ၊ ကွန်ပျူတာတွေ၊ ပရင်တာတွေက ထွက်ပေါ်လာတဲ့ ခလုတ်နှိပ်သံ၊ စာစီစာရိုက်သံ၊ စက်လည်သံ၊ တခြားတခြားသော ရုံးပစ္စည်း အမျိုးမျိုးရဲ့ တစ်တစ်တောက်တောက် ချောက်ချောက်ချက်ချက် မြည်သံပေါင်းစံအသံတွေ၊ ကိုယ့်ဘေးခန်းက မကြားချင်ပေမယ့် ကြားနေရမယ့် စကားသံတွေအပြင် အဆိုးတကာ့အဆိုးဆုံးကတော့ ကိုယ်ရုံးထိုင်အလုပ်လုပ်ရာ အခန်းငယ်အတွင်း မပြောမဆိုနဲ့ အလွယ်တကူ ၀င်ရောက်လာမယ့် လုပ်ဖော်ကိုင်ဖက်တွေကြောင့် အာရုံထွေပြား အနှောင့်အယှက်ဖြစ်ရတာတွေကို ရင်ဆိုင်နေရတာပါပဲ။ အခန်းကျယ်အတွင်းမှာ ဒီလိုရုံးထိုင်အလုပ်လုပ်ကြရမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် အနှောင့်အယှက် မဖြစ်စေဖို့အတွက် သဘောတူညီချက် (စည်းကမ်းချက်လို့လည်း ဆိုနိုင်မယ်ထင်ပါတယ်) ပြုလုပ်ထားသင့်ပါတယ်။ ဖော်ပြပါအချက် (၁၂) ချက်ကို အကြံပြုချင်ပါတယ်။

  1. တခြားတစ်ယောက်ရဲ့ အခန်းငယ် (အင်္ဂလိပ်လို "ကျူးဘစ်ခ်လ်" (Cubicle) လို့ ခေါ်ပါတယ်) တွင်းကို လာဖို့ ဖိတ်ကြားမခံရဘဲ မ၀င်ပါနဲ့။ အဲဒီလို အခန်းငယ်တိုင်းမှာ မမြင်ရတဲ့အခန်းတံခါး ရှိနေတယ်လို့ သိမှတ်ထားပါ။
  2. တယ်လီဖုန်းပြောဆိုနေသူ၊ ဒါမှမဟုတ် တခြားနည်းလမ်းတစ်ခုခုနဲ့ ဆက်သွယ်ပြောဆိုနေသူကို ကြားဖြတ် ၀င်ရောက်နှောင့်ယှက်တာမျိုး မလုပ်ပါနဲ့။
  3. ပြောဆိုစရာကိစ္စရှိလာမယ်ဆိုရင် အလုပ်ထဲ အတွေးထဲမှာနစ်နေသူ တစ်ဖက်သားကို ကြားဖြတ်ပြောဆို သင့်၊ မသင့် နှစ်ခါပြန်စဉ်းစားပါဦး။ မဖြစ်မနေပြောရမယ့် အကြောင်းကိစ္စဆိုရင်တော့ တစ်ဆိတ်လောက်ခင်ဗျာ…၊ ကျွန်တော့်ကို အချိန်ခဏလောက်ပေးနိုင်မလား လို့ အရင်မေးပါ။
  4. ကိုယ့်အသံကြောင့် တခြားသူတွေ ဘယ်လိုဖြစ်နိုင်မလဲ သတိမူပါ။ (မေးခွန်းရှင်က ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်ပြီ ဆိုပါစို့၊ တခြားသူတွေ ခင်ဗျားအသံကို ဘယ်လောက်ကျယ်ကျယ် ကြားသွားမလဲ၊ သူတို့တစ်တွေရဲ့ အာရုံစူးစိုက်မှုအပေါ် ဘယ်လိုသက်ရောက်သွားမလဲ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပါ)
  5. စပီကာဖုန်းလို အသံကျယ်တဲ့ ကိရိယာတွေနဲ့ ဒီလိုရုံးခန်းမျိုးဟာ လုံးဝ လိုက်ဖက်ခြင်း မရှိပါဘူး။
  6. တခြားဝန်ထမ်းတွေ မသိသင့်တဲ့ကိစ္စ၊ လျှို့ဝှက်ရမယ့်ကိစ္စတွေကို ကိုယ့်အခန်းမှာ ဆွေးနွေးပြောဆိုတာမျိုးကို ရှောင်ကြဉ်ရပါမယ်။
  7. မေးခွန်းရှင် ပြောဆိုတာမှန်သမျှအားလုံးဟာ ခင်ဗျားရဲ့ Internal Customer တွေဖြစ်တဲ့ လုပ်ဖော်ကိုင်ဖက်၊ အခန်းနီးချင်းတွေက ခင်ဗျားအပေါ် သဘောထားယူဆချက် ဖြစ်စေမယ်ဆိုတာကို နားလည်ထားပါ။
  8. ထမင်းစားချိန်၊ ခဏနားချိန်လို အချိန်မျိုးကလွဲရင် ရုံးချိန်အတွင်းမှာ ကိုယ်ရေးကိုယ်တာ ဖုန်းခေါ်ဆိုတာ၊ လက်ခံပြောဆိုတာတွေ မလုပ်သင့်ပါဘူး။
  9. တစ်ယောက်ယောက် ကြားဖြတ်ပြီး တခြားကိစ္စမပြောစေချင်တဲ့ အချိန်မျိုးမှာ အဲဒီလူနဲ့ မျက်လုံးချင်းဆုံအောင် မနေပါနဲ့။ (ဥပမာ- ဖုန်းပြောနေချိန်၊ ဒါမှမဟုတ် အစည်းအဝေးလုပ်နေချိန်မျိုးမှာ ဖြစ်ပါတယ်)
  10. တွေ့ဆုံဆွေးနွေးမှုကို အချိန်တိုတိုနဲ့ အပြီးသတ်ချင်ရင် မတ်တတ်ရပ်ပါ၊ နောက် ကိုယ့်အခန်းငယ်ရဲ့ ထွက်ပေါက်ဆီ ဦးတည်လျှောက်လိုက်ပါ။
  11. ကိုယ့်အခန်းငယ်အတွင်းမှာ မတတ်သာမှသာ အစားစားပါ။ ဆိုလိုတာကတော့ အကြိမ်နည်းနိုင်သမျှ နည်းနည်းပဲ အစားစားသင့်ပါတယ်။ ကိုယ့်ရုံးခန်းငယ်လေးဟာ ကော်ဖီဆိုင်အသေးစားနဲ့ တူနေတာမျိုး၊ အနံ့တွေလှိုင်နေတာမျိုး မဖြစ်သင့်ပါဘူး။
  12. ကိုယ့်အခန်းငယ်ဟာ ကိုယ့်ကိုယ်စား၊ ကိုယ့်ပုံရိပ်ရောင်ပြန် ဖြစ်တဲ့အတွက် သပ်ရပ်သန့်ရှင်းပြီး စနစ်တကျရှိအောင် နေထိုင်ရမယ်ဆိုတာကို သိမှတ်ထားရပါမယ်။

နေရာထိုင်ခင်း အနေအထားအရ အနှောင့်အယှက်တွေကနေ လုံးလုံးလျားလျား ကင်းဝေးဖို့ဆိုတာ သိပ်မလွယ်လှပါဘူး။ ကိုယ့်အလုပ်က အရေးကြီးနေချိန်မှာ၊ အပြီးသတ်ပေးရတော့မယ့်အချိန်နား ကပ်နေချိန်မှာ ကိုယ့်အနား အကြောင်းရှာပြီး ရစ်သီရစ်သီလုပ်၊ စကားစ ရှာပြော၊ အလုပ်အကြောင်းနည်းနည်း တခြားအကြောင်းများများ ပြောချင်သူတွေ ရှိနိုင်ပါသေးတယ်။ ဘယ်သူတွေက ဒီလိုလုပ်ဖော်ကိုယ်ဖက်မျိုးလဲ ဆိုတာကိုတော့ ခင်ဗျားအနေနဲ့ အလွယ်တကူ စဉ်းစားကြည့်နိုင်ပါလိမ့်မယ်။

အဲဒီလိုလူတွေကို နှစ်လိုဖွယ်အပြုံးနဲ့ အသိအမှတ်ပြုရင်း ကိုယ့်အခန်းငယ်၊ ကိုယ့်အလုပ်စားပွဲဆီ တိုက်ရိုက်ဦးတည်ပြီး ခြေလှမ်းကျဲကျဲ လှမ်းဝင်လိုက်ပါ။ သူ့ကို ကိုယ်က စကားမစပါနဲ့။ တကယ်လို့ အဲဒီဝန်ထမ်း နောက်က လိုက်လာဦးမယ်၊ အခန်းထဲဝင်လာဦးမယ် ဆိုရင်လည်း ကိုယ့်အလုပ်ကို (ဖုန်းဆက်တာမျိုးပဲဖြစ်ဖြစ်) စတင်လိုက်ပါ။ ဒါဆို အဲဒီဝန်ထမ်းလည်း ခင်ဗျားအလုပ်များနေတယ်၊ အရေးကြီးနေတယ်ဆိုတာကို သိမြင်သွားပါလိမ့်မယ်။ တချို့ မသိသားဆိုးဝါးပြီး အလုပ်နဲ့ မသက်ဆိုင်တာတွေ ပြောနေဦးမယ်ဆိုရင်တော့ "အဲဒီအကြောင်း ခင်ဗျားနဲ့ မပြောချင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုအချိန်မှာ အလုပ်အပြီးသတ်ဖို့ အရေးကြီးနေတယ်။ ဒီတော့ ညနေရုံးဆင်းချိန်ကျမှ ခင်ဗျားနဲ့ ကျွန်တော် တွေ့ပြီး ပြောကြမလား" လို့ ပြောလိုက်ပါ။ ဒါဆို အလုပ်ချိန်အတွင်းမှာ ခင်ဗျားကို တခြားအကြောင်း ဆက်ပြောလို့မရဘူးဆိုတာ တစ်ဖက်လူ သိသွားပါလိမ့်မယ်။

( ၂၀၀၉ ခုနှစ် ဒီဇင်ဘာလထုတ် CEO မဂ္ဂဇင်း မှ EXECUTIVE Etiquette ကဏ္ဍကို ပြန်လည်ကူးယူဖော်ပြပါသည် )

No comments:

Post a Comment

 
Web Statistics