ဝိ၀ါဒများ
တော်လှန်ရေးနှင့် ပြုပြင်ပြောင်းလဲရေးတို့ကြား ဘာခြားနားသနည်းဟု လက်ဝဲလောကတွင် ရှေးပဝေသဏီကပင် ၀ိဝါဒကွဲပြားခဲ့ကြသည်။ ဤ၀ိဝါဒအဟောင်းကြီးကိုပင် မြန်မာ့နိုင်ငံရေးလောက၌ ပြန်သုံးချင်သူတို့ ပေါ်လာသည်။ ၀ိဝါဒအဟောင်းများ၊ ဆိုရှယ်လစ်စနစ်ကို တော်လှန်ရေးနည်းဖြင့် ရယူလိုခြင်းနှင့် ဆိုရှယ်လစ်ရည်မှန်းချက်တို့ကို ပါလီမန်ဒီမိုကရေစီနည်းဖြင့် ရယူလိုခြင်းတို့ ဖြစ်ကြသည်။ တော်လှန်သောနည်းတို့ဖြင့် ဆိုရှယ်လစ်ရည်မှန်းချက် ရယူလိုသူတို့သည် ဆိုရှယ်လစ်ဒီမိုကရေစီတွေ ဖြစ်လာသည်။ ဒီမိုကရေစီအရေးနှင့် ပတ်သက်၍လည်း အယူအဆ ၀ိဝါဒအမျိုးမျိုး၊ အမြင်အမျိုးမျိုး ကွဲသည်။ အခြေခံအဖြစ်က ဒီမိုကရေစီသည် ရွေးကောက်ပွဲနှင့် လွှတ်တော်တို့ပေါ်တွင် အခြေစိုက်ရမည်။ ရွေးကောက်ပွဲနှင့် လွှတ်တော်တို့ပေါ်အောင် ကြိုးစားရမည်။ ရွေးကောက်ပွဲနိုင်ငံရေးနှင့် လွှတ်တော်နိုင်ငံရေးတို့သည်သာ တစ်ခုတည်းသော ဖိုရမ်ဖြစ်ရမည်။ အခြားနည်းလမ်းတို့ဖြင့် ဒီမိုကရေစီရနိုင်သည်ဟု မယုံကြည်။
ဘူဇွာမှိုင်း
စာရေးသူသည် ကွန်မြူနစ်သူပုန် လုပ်ခဲ့ဖူးသည်။ ထိုစဉ်က နုနယ်သေး၍ ရွေးကောက်ပွဲနည်းလမ်းနှင့် လက်နက်ကိုင်လမ်းတို့ကို ၀င်ရိုးတစ်ဖက်စွန်းထား ကြည့်ခဲ့သည်။ ရွေးကောက်ပွဲတို့မည်သည် ဘူဇွာတို့၏မှိုင်းဟု ပစ်ပစ်ခါခါ မြင်ခဲ့သည်။ ပါတီအနေဖြင့်လည်း မူလပထမ၌ ရွေးကောက်ပွဲသည် လက်နက်ကိုင်လမ်းစဉ်ကို မှေးမှိန်အောင်လုပ်သော ဖြစ်ရပ်ဟုသုံးသပ်ကာ မဲရုံတို့ကို ဖျက်ဆီးရန်ကြိုးပမ်းခဲ့သည်။
သို့ရာတွင် (၁) ရွေးကောက်ပွဲဆန့်ကျင်ရေးသည် လူထုဆန့်ကျင်ရေးဖြစ်ကြောင်း သိလာသည်။ (၂) ရွေးကောက်ပွဲနှင့် လွှတ်တော်နိုင်ငံရေးတို့သည် လက်နက်ကိုင်လမ်းစဉ်ကို ဖယ်ကြဉ်ကြောင်း သိလာသည်။ (၃) ရွေးကောက်ပွဲနှင့် လွှတ်တော်တို့သည် အကောင်းဆုံးဖြစ်ထိုက်သော ဖိုရမ်များဖြစ်ကြောင်း သိလာသည်။ သို့ဖြင့် စာရေးသူသည် လက်နက်နှင့် ဒီမိုကရေစီလဲလှယ်ရေးဆောင်ပုဒ်ကို ပြောခဲ့သည်။
နည်းလမ်းတစ်ခုလား
အကြောင်းကြောင်းတို့ကြောင့် စာရေးသူသည် အဲင်အယ်လ်ဒီ စီအီးစီ ဖြစ်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဝင်ခဲ့သည့် အဖြစ်အပျက်တစ်ခုကို သွားသတိရသည်။ ရွေးကောက်ပွဲဝင်၍ ကြေညာစာတမ်းထုတ်ပြန်သောအခါ တစ်ယောက်က ပြင်ဆင်ချက်တစ်ခု တင်သွင်းလာရာ ဤပြင်ဆင်ချက်မှာ ရွေးကောက်ပွဲသည် ဒီမိုကရေစီရရှိရေးတွင် တစ်ခုတည်းသော နည်းလမ်းမဟုတ် ဟူသော အပိုဒ်ဖြစ်သည်။ ဤအဆို၏ အဓိပ္ပါယ်သက်ရောက်မှုနှင့် အန္တရာယ်ကိုမြင်သဖြင့် ကန့်ကွက်ပြီး ပယ်ချခဲ့ရသည်။ စာရေးသူသည် နိုင်ငံရေးသမားတစ်ယောက်အနေဖြင့် တိုက်ပွဲပုံသဏ္ဍာန်ပေါင်းစုံတွင် ပါဝင်ပတ်သက်ခဲ့ဖူးလေရာ တိုက်ပွဲပုံစံတစ်ခုစီ၏ သက်ရောက်မှုနှင့် ကံကြမ္မာကို ကောင်းစွာသိသည်။ ရွေးကောက်ပွဲသည် တစ်ခုတည်းသော နည်းမဟုတ်ဟုဆိုသဖြင့် ဘယ်နည်းတွေကိုများ စဉ်းစားကြပါလိမ့်ဟု မေးမိသည်။ ထို့အပြင် သူတို့စဉ်းစားထားသော အခြားနည်းလမ်းတို့ကတော့ ဖြစ်နိုင်ခြေရှိပါရဲ့လားဟု ဆက်မေးမိသည်။
စိတ္တဇ
အကောင်းဆုံးဖြစ်ထိုက်သောစံ Normative Value ဘက်မှကြည့်လျှင် ရွေးကောက်ပွဲနှင့် လွှတ်တော်တို့သာလျှင် အခြေခံဖိုရမ်ဖြစ်ထိုက်သည်။ ပဋိပက္ခပေါင်းစုံဖြေရှင်းရာဖိုရမ်၊ အကျိုးစီးပွားအားလုံး ညှိနှိုင်းအပေးအယူ လုပ်ဖို့ရာဖိုရမ်သည် ရွေးကောက်ပွဲနှင့် လွှတ်တော်တို့ဖြစ်ရမည်။ ဤကား အခြေခံယုတ္တိဖြင့် ကြည့်ခြင်းဖြစ်၍ စိတ္တဇဖြင့် တန်ဖိုးဖြတ်ဖို့ မဟုတ်ပေ။ No Subjective Valuation ဟု ပြောရမည်။
နိုင်ငံရေးနှင့် သက်ဆိုင်သူတို့သည် ရွေးကောက်ပွဲကို ဆန့်ကျင်လျှင် အခြားအစားထိုးစရာ၊ ရွေးချယ်စရာနည်းလမ်းကို လောက်လောက်လားလား ပြသနိုင်ရမည်။ Viable Alternative ကို ချပြနိုင်ရမည်။ အစားထိုးရွေးချယ်စရာမပြနိုင်ဘဲ ရွေးကောက်ပွဲဆန့်ကျင်ရေးကိုသာ ဟောပြောလျှင် ယင်းမှာ လူထုအား ထွက်လမ်းပိတ်နေသောလမ်းထဲ မောင်းသွင်းသလိုဖြစ်မည်။ နိုင်ငံရေးဟူသည် အသေပိတ်မကစားရပေ။
ပကတိအဖြစ်
လက်ရှိအခြေအနေသည် ဒြပ်မဲ့၊ ယေဘုယျတရားတွေ ပြောနေရသော အချိန်မဟုတ်ပြီ။ လက်တွေ့ဖြစ်ရာတို့ကို လက်ဆုပ်လက်ကိုင် ဖော်ထုတ်စကားပြောကြရမည့် အချိန်ဖြစ်သည်။ Issue Oriented debate ဟု ခေါ်ဆိုသည်။ ထို့အပြင် တစ်ခုကိုပယ်လျှင် လောက်လောက်လားလားရှိသည့် အစားထိုးရွေးချယ်မှုကို ပြနိုင်ရမည်။ အလှတန်ဆာဆင်မှုတွေပြောနေရန် အချိန်မဟုတ်ပေ။ လက်တွေ့ကျကျ သဘောထားတွေ တင်ပြရမည့်အချိန် ဖြစ်သည်။
ယေဘုယျဒြပ်မဲ့စကားတို့ဖြင့် သွေးတိုးစမ်းခြင်း၊ တီးခေါက်ကြည့်ခြင်း၊ ဖြေစမ်းကြည့်ခြင်းတို့ ဖြစ်စေမူ အဓိကအကျဆုံးပုစ္ဆာကိုမူ ဖြေရတော့မည်။ ဤပုစ္ဆာသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပေါ် ဘယ်လိုသဘောထားမလဲဟူ၍ ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲသည် တစ်ခုတည်းသောဖြစ်စဉ်၊ ပကတိဖြစ်စဉ်၊ နောက်ဆုတ်လို့မရသောဖြစ်စဉ် ဖြစ်နေပြီ။ ရွေးကောက်ပွဲသည် ပကတိအဖြစ် တရားဖြစ်လာပြီ။
Thursday, December 10, 2009
ပကတိအဖြစ် စိတ္တဇဖြင့် မကြည့်ထိုက် - မောင်စူးစမ်း
(ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ ၅၊ အမှတ် ၄၈ နိုင်ငံရေးအထူးအချပ်ပိုမှ ပြန်လည်ကူးယူဖော်ပြပါသည်)
Posted by Ko Nyan Posted Time 12:33 AM
Labels 2010, Political, နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment