စကားတစ်ခွန်းကြောင့်
ကျွန်တော်ဟာ ဘောလုံးကို အင်မတန်မှကို ခုံမင်နှစ်သက်တဲ့ လူတစ်ယောက်ပါ။ ကိုယ်တိုင်လည်း ဘောလုံးကစားရတာကို ရူးသွပ်သလို စလောင်းကလာတဲ့ပွဲတွေကို အားပေးကြည့်ရှုရတာကိုလည်း စွဲလန်းနှစ်ခြိုက်သူပါ။ မြန်မာအများစု အကြိုက်ဆုံးဖြစ်တဲ့ အင်္ဂလန်က မန်ချက်စတာ ယူနိုက်တက်ဟာ ကျွန်တော့်ရဲ့ ထာဝရဖေးဘရိတ်အသင်းပေါ့။ နိုင်ငံအသင်းတွေကိုတော့ သိပ်ပြီးစွဲစွဲလန်းလန်း ကြိုက်လှတယ်မရှိပါဘူး။ ဘရာဇီးလ်ရဲ့ ကစားဟန်တွေ၊ ကျွမ်းကျင်မှုတွေကို ကြိုက်တယ်။ အင်္ဂလန်ရဲ့ ခွန်အားသုံးကန်တင်ပြေးကို သဘောကျတယ်။ ဟော်လန်ရဲ့ တိုတယ်ဖွတ်ဘော(လ်)ကို စွဲလန်းခဲ့ဖူးတယ်။ အခုနောက်ပိုင်း အိုင်ဗရီကို့စ်တို့၊ ကင်မရွန်းတို့ရဲ့ ကစားဟန်တွေကိုလည်း နှစ်ခြိုက်မိပြန်ပါရော။ ဒါပေမယ့်လို့ မြန်မာအသင်းဆိုရင်တော့ လူကြီးအသင်းပဲဖြစ်ဖြစ်၊ ကလေးအသင်းပဲဖြစ်ဖြစ် ကန်ပြီဆိုတာနဲ့ နိုင်စေချင်တဲ့စိတ်နဲ့ အားပေးတော့တာပါပဲ။ ဒါကလည်း အထူးအဆန်းတော့မဟုတ်ပါဘူး။ မြန်မာအားလုံး ဒီစိတ်နဲ့ ဒီလိုပဲ အားပေးကြမှာပဲမဟုတ်လား။ အားလုံးသိတဲ့အတိုင်းပဲ အခုနောက်ပိုင်း မြန်မာအသင်းဆိုတာကလည်း ၁၉၉၃ ခုနှစ် စင်ကာပူပွဲတုန်းသဲာ သန်းတိုးအောင်၊ မျိုးလှိုင်ဝင်း၊ ၀င်းအောင်၊ အောင်ကျော်ကျော်၊ တင်မြင့်အောင်၊ သန်းဝေ၊ စိုးနိုင် စတဲ့ မြန်မာ့ဂုဏ်ဆောင် ဘောလုံးသမားတွေရဲ့ အစွမ်းနဲ့ ငွေတံဆိပ်လေး ရခဲ့တာလေ။ အဲဒီနောက်တော့ ပြိုင်သမျှပြိုင်ပွဲမှန်သမျှ မနိုင်တာနဲ့၊ အခြေမလှတာနဲ့၊ အုပ်စုကထွက်ရတာနဲ့၊ ဒိုင်ညစ်တာခံရတာနဲ့ ခေါင်းစဉ်မျိုးစုံအောက်မှာ အရှုံးတလည်လည် ဖြစ်နေခဲ့ရတာလေ။ မြန်မာပွဲကြည့်ရင် ရောဂါရလို့ မကြည့်တော့ဘူးဆိုတဲ့လူတွေလည်း ဘောလုံးပွဲလာရင် မနေနိုင်ပါဘူး။ တီဗီရှေ့၊ စလောင်းရှေ့ အပြေးရောက်သွားတာပါပဲ။ အော်ဟစ်ဆဲဆို အားပေးသံတွေနဲ့ ညံသွားရတာပါပဲ။ အဲဒီအထဲမှာ ကျွန်တော်လည်း ပါခဲ့တာပေါ့ဗျာ။ မြန်မာအသင်းနိုင်ရင် ပျော်ခဲ့ရသလို မြန်မာအသင်းရှုံးတဲ့အခါများမှာလည်း စိတ်ညစ်ခဲ့ရ၊ အားမလိုအားမရဖြစ်ပြီး တီဗီရှေ့မှာ ဆဲဆိုလိုက်နဲ့ပေါ့။ ဒါပေမယ့်… ဒါပေမယ့်ပေါ့လေ တစ်ခုသောကာလမှာ ဆရာထွန်းလှအောင်ရဲ့ စကားတစ်ခွန်းကြောင့် အဲဒီနောက်ပိုင်း မြန်မာဘောလုံးပွဲကြည့်တိုင်း ဘယ်တော့မှ မဆဲတော့ပါဘူး။
မြန်မာအသင်း
ကိုယ့်မြန်မာအသင်းကို နိုင်စေချင်တာ၊ ဖလားရစေချင်တာဟာ မြန်မာပီသတာပဲဖြစ်ပါတယ်။ ဘယ်သူမဆို ကိုယ့်နိုင်ငံအသင်းကို အားပေးကြမှာပဲမဟုတ်လား။ ဒါပေမယ့် အားပေးတဲ့နေရာမှာ တရားမျှတမှုရှိဖို့တော့ လိုပါတယ်။ ကိုယ့်နိုင်ငံအသင်းက ဘရာဇီးလ်လို၊ စပိန်လို၊ အာဂျင်တီးနားလို အသင်းမျိုးလည်းမဟုတ်ပါဘဲ ဘယ်အသင်းနဲ့ကန်ကန် နိုင်စေချင်နေရင်တော့ မျက်ကန်းမျိုးချစ်လို့ ဆိုရပါလိမ့်မယ်။ "ငါ့အသင်းမှ ငါ့အသင်း"လို့ မျက်စိမှိတ်ပြီး အော်နေရင်တော့ အခြားလူတွေက မသိမသာရယ်ကြပါလိမ့်မယ်။ ဘယ်အသင်းနဲ့ကန်ကန် နိုင်စေချင်တဲ့စိတ်ရှိတာ ကောင်းပါတယ်။ နိုင်ရမယ်ဆိုတဲ့စိတ်နဲ့ အားပေးတာလည်း ကောင်းတာပေါ့။ ဒါပေမယ့် မနိုင်ရကောင်းလားဆိုပြီး အပြစ်တင်မယ်၊ ဝေဖန်မယ်ဆိုရင်တော့ မကောင်းတော့ပါဘူး။ သူ့အိုးနဲ့သူဆန် တန်ရုံပဲရတတ်တာဟာ လောကသဘာဝပဲ ဖြစ်ပါတယ်။ ထိုင်းအသင်းနဲ့ကန်ရင် မနိုင်ဘူးဆိုပါတော့၊ ရှင်းနေတာပဲ…။ ထိုင်းအသင်းလောက်မကောင်းလို့ပေါ့။ သူတို့ကိုနိုင်ချင်ရင် သူတို့ထက်ကောင်းအောင် ကြိုးစားပေါ့။ ကန်တဲ့လူတွေကို အားမလိုအားမရဖြစ်ရင် ကိုယ်ကိုယ်တိုင်ကန်တတ်အောင် ကြိုးစားပေါ့။ ဒီလိုဆိုတဲ့အတွက် ဘုပြောနေတယ်လို့ မထင်စေလိုပါ။ ပြောချင်တာက ဘေးကနေကြည့်ပြီးအားပေးနေတဲ့ ကိုယ်တွေတောင်မှ ဒီလောက်စိတ်ဓာတ်ပြင်းထန် နိုင်ချင်စိတ်တွေပြင်းပြနေရင် တကယ်ဝင်ကန်နေရတဲ့ ကစားသမားတွေက ကိုယ်တွေထက် ပိုမယ်ဆိုတာ သံသယဖြစ်စရာမရှိပါ။ စောစောက ကျွန်တော်ပြောခဲ့သလို စင်ကာပူအသင်းနဲ့ကန်ရင် သူတို့လည်း နိုင်ချင်တာပါပဲ၊ ဒါပေမယ့် စင်ကာပူက ကိုယ်တွေထက်ပိုကောင်းနေတဲ့အခါ စိတ်သွားတိုင်းကိုယ်မပါ ဖြစ်ရပြီး အရှုံးကို ရင်ဝယ်ပိုက်ရတယ်ဆိုတာကို နားလည်ပေးစေလိုတာပါ။ အဓိကပြောချင်တာကတော့ ဘောလုံးပွဲမှာ မြန်မာအသင်း မအောင်မြင်တဲ့အတွက် တစ်နိုင်ငံလုံးရဲ့ ဒေါသတွေ၊ ဝေဖန်ပြစ်တင်မှုတွေ၊ ရှုံ့ချမှုတွေဟာ ဘောလုံးသမားတွေ၊ နည်းပြတွေဆီကိုပဲ ပုံချနေတာကို ကျွန်တော်က သဘောမတူတာပါ။
အားလုံးကနိုင်ချင်သတဲ့လား
အခု လာအိုဆီးဂိမ်းမှာ လာအိုကိုသရေကျတယ်၊ တစ်နိုင်ငံလုံး ကြွက်ကြွက်ညံသွားတယ်။ စင်ကာပူကိုလည်း သရေကျရော ဘယ်လိုမှ ထိန်းလို့မရတော့ဘူး။ ရပ်ကွက်မှာ၊ လမ်းပေါ်မှာ၊ လက်ဖက်ရည်ဆိုင်မှာ၊ ရုံးပေါ်မှာ၊ ကားပေါ်မှာ၊ နောက်ဆုံး အင်တာနက်စာမျက်နှာတွေပေါ်မှာ မြန်မာအသင်းနဲ့ပတ်သက်လို့ ပြောကြဆိုကြရေးကြသားကြတာများ ကြောက်ဖို့တောင်ကောင်းတယ်။ အင်တာနက်စာမျက်နှာတစ်ခုက ကွန်းမန့်တွေမှာ တစ်ချို့တွေရေးထားတာများဆိုရင် မြန်မာတွေရေးထားတာမှ ဟုတ်ရဲ့လားလို့ တွေးမိတယ်။ ကစားသမားတွေကိုတောင် သုတ်သင်ပစ်ချင်စိတ် ရှိနေကြပြီလားလို့ မေးချင်မိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအကြောင်းအားလုံးရဲ့ အရင်းခံက ကိုယ့်မြန်မာအသင်းကို အားလုံးက နိုင်စေချင်ကြတာပါ။ မြန်မာလူမျိုးတွေဖြစ်တဲ့အတွက် မြန်မာအသင်းကို နိုင်စေချင်ကြတာဟာ သဘာဝကျတယ်လို့ ဆိုချင်ပါတယ်။
ဘောလုံးသမားတွေက မေးကြမယ်ဆိုရင် ဘယ်လိုဖြေကြမလဲ
ကဲ.. အခုတော့ ဘောလုံးသမားတွေနေရာကနေ စဉ်းစားကြည့်ရအောင်ပါ။ ဟုတ်ပြီ… ဘောလုံးသမားတွေဟာ နိုင်ငံ့လက်ရွေးစင်အနေနဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်နေကြတယ်။ မြန်မာအသင်းကရှုံးတယ်။ မအောင်မြင်ဘူး။ သူတို့တွေညံ့တယ်လို့ ပရိသတ်တွေနဲ့ တစ်နိုင်ငံလုံးက ဝေဖန်ကြတယ်။ သူတို့ကလည်း အဲဒီအရှုံးအတွက် သူတို့တွေညံ့ကြောင်း လက်ခံပါတယ်။ ဒါပေမယ့် ခင်ဗျားကိုလည်း သူတို့က ပြန်လည်မေးခွန်းထုတ်ခွင့်ရှိတယ်။ ဆိုပါတော့… ခင်ဗျားဟာ မြန်မာအသင်းကို အရူးအမူးအားပေးတဲ့ လယ်သမားတစ်ယောက် ဆိုပါတော့။ ခင်ဗျားနဲ့ ထိုင်းနိုင်ငံက လယ်သမားတစ်ယောက်၊ ဒါမှမဟုတ် ဗီယက်နမ်က လယ်သမားတစ်ယောက် ပြိုင်ရင် ဘယ်သူနိုင်မယ်ထင်သလဲဗျ။ အာစီယံနိုင်ငံထဲက ဘယ်လယ်သမားနဲ့ဖြစ်ဖြစ် ကျွန်တော်ပြိုင်ဝံ့တယ်ဆိုတဲ့ လယ်သမား ရှိသလားလို့ သူတို့မေးရင် ဘယ်လိုဖြေမလဲဟင်။ ထားပါတော့… ခင်ဗျားဟာ တက္ကသိုလ်ကျောင်းသားတစ်ယောက် ဖြစ်နေနိုင်သေးတာပဲ။ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေက တက္ကသိုလ်ကျောင်းသားတွေနဲ့ ခင်ဗျားနဲ့ယှဉ်ရင် ခင်ဗျားက သာပါတယ်၊ အနိုင်ရမှာပါလို့ ခင်ဗျားပြောဝံ့ပါသလား။ ဒီလိုမှမဟုတ်ဘူး ခင်ဗျားက ဂျာနယ်လစ်တစ်ယောက် ဆိုပါတော့။ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်တွေက ဂျာနယ်လစ်တွေထက် ခင်ဗျားက ပိုတော်ပါတယ်လို့ လက်မထောင်ဝံ့ပါသလား။ အခြားသော စီးပွားရေးလုပ်ငန်းရှင်တွေ၊ ၀န်ထမ်းတွေ၊ အရာရှိတွေ၊ စာရေးစာချီတွေ၊ အလုပ်သမားတွေကရော အခြားသောနိုင်ငံကသူတွေနဲ့ယှဉ်ရင် ပိုတော်တယ်၊ ပိုတတ်တယ်၊ ပိုထက်တယ်၊ ပိုပြီးလာဘ်မြင်တယ်လို့ ကြွေးကြော်ဝံ့ပါသလားလို့ မေးလာပါပြီရဲ့။ ဘယ်လိုဖြေကြမလဲဗျာ။ သူများကို မပြောပြရင်တောင် ကိုယ့်ဘာသာကိုယ် စိတ်ထဲမှာ တိုးတိုးလေး ဖြေကြည့်ကြစေချင်ပါတယ်။
တွေးကြည့်ရင်
ကိုရီးယားက ၁၉ နှစ်သမီးက အာကာသကနေ ပြန်လာခဲ့ပြီ။ တစ်ကမ္ဘာလုံး လူပြောအများဆုံးဖြစ်နေတဲ့ Facebook ကို တည်ထောင်တဲ့လူက အသက် ၃၀ တောင်မကျော်သေးတဲ့ လူငယ်တစ်ယောက်။ အဲဒီလိုအချိန်မှာ ကျွန်တော်တို့မြန်မာနိုင်ငံက ၁၉ နှစ်သားတွေက မိဘဆီကရသမျှကို လက်ဖြန့်တောင်းပြီး အပေါင်းအသင်းတွေ ဝေးလားဝါးလားနဲ့ ဟိုယောင်ယောင်ဒီယောင်ယောင် လုပ်လို့ကောင်းနေတုန်း။ ရည်မှန်းဆိုတာ ဂျိုနဲ့လားလို့ မေးလို့ကောင်းနေတုန်း။ လူငယ်တွေဆိုတာကလည်း ရတဲ့အလုပ်ကို ဖင်မြဲအောင်လုပ်ဖို့ထက် ဟိုဟာလေးပေါ်ပင်လုပ်ချင်၊ ဒီဟာလေးပေါ်ပင်လုပ်ချင်နဲ့ သစ်ကိုင်းကူးနေတာနဲ့ပဲ အချိန်ကုန်နေရတယ်။ လမ်းသစ်ထွင်လျှောက်ဖို့အသာထား၊ ရှေ့ကဖောက်ခဲ့ပြီးသား လမ်းကိုတောင် ဖြောင့်အောင်မလျှောက်ချင်ကြဘူး။ အဲဒီလိုအခြေအနေမှာ ကိုယ့်ဘာသာကိုယ်တော့ ဘယ်နိုင်ငံက လူငယ်နဲ့ပြိုင်ပြိုင်၊ လူကြီးနဲ့ပြိုင်ပြိုင် နိုင်အောင်ကြိုးစားမယ်၊ ပိုတော်အောင် ဖြည့်တင်းထားမယ်ဆိုတဲ့ စိတ်မရှိဘဲ ဘောလုံးအသင်းရှုံးတာကိုပဲ ၀ိုင်းဆဲနေကြတာ၊ လက်ညှိုးဝိုင်းထိုးနေကြတာဟာ တရားမျှတမှုရှိရဲ့လားလို့ တွေးကြည့်ရင် ရှက်စရာကောင်းလှပါတယ်။
ဆရာထွန်းလှအောင်
အပေါ်မှာ ကျွန်တော်ပြောခဲ့သလို အရင်တုန်းကတော့ ကျွန်တော်လည်း ဘောလုံးပွဲကြည့်ရင်း ပါးစပ်သေနတ်တွေ ပစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဆရာထွန်းလှအောင်နဲ့ တွေ့တဲ့တစ်နေ့ကပေါ့ဗျာ။ ကျွန်တော်က "မြန်မာအသင်းကလည်း အားပေးရကျိုးကို မနပ်ပါဘူးဆရာရယ်။ အမြဲတမ်းကို ရှုံးနေတော့တာပါပဲ"လို့ ပြောမိတော့ ဆရာထွန်းလှအောင် ပြန်ပြောတဲ့ စကားလေးက စိတ်ဝင်စားစရာပါ။ "စင်ကာပူက မင်းအသက်အရွယ် လူငယ်တစ်ယောက်နဲ့ အခုမင်းလုပ်နေတဲ့ Field မှာ ပြိုင်ရင် မင်းနိုင်မယ်ထင်သလား"တဲ့။ ကျွန်တော်ဆွံ့အသွားမိပါတယ်။ တစ်ခါမှ ကျွန်တော်မတွေးမိတဲ့ အတွေးတံခါးကို ဆရာက အသာလေးဖွင့်ပေးလိုက်တာပါ။ ကျေးဇူးတင်ပါတယ်ဆရာ။
တိုက်တွန်းလိုပါတယ်
ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ပြောရမယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ဒေသတွင်းက အခြားသောအချို့နိုင်ငံတွေထက်စာရင် အများကြီးကို နောက်ကျပြီး ကျန်နေခဲ့ပါပြီ။ လူညံ့တွေ ပြောနေကျစကားဖြစ်တဲ့ အုပ်ချုပ်သူကြောင့်ပါ၊ စနစ်ကြောင့်ပါ ဆိုတာတွေက အပ်ကြောင်းထပ်နေခဲ့ပါပြီ။ အဲဒါကို ကိုယ်တွေက ပြင်လို့ရတာမှမဟုတ်တာပဲ။ ပြည်တွင်းမှာ အဲဒါတွေကို လက်ညှိုးထိုးပြတယ်ပဲထားပါတော့။ ပြည်ပနိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာတွေမှ အများကြီးပါပဲ။ ဘယ်သူများ ချွန်ထွက်လာတာ၊ ထူးထူးခြားခြား ကမ္ဘာသိ အောင်မြင်လာတာ ရှိသလဲဗျာ။ ကျွန်တော်မသိတဲ့ ရှိနေတဲ့လူဆိုရင်လည်း လက်ဆယ်ချောင်းမပြည့်လောက်ဘူး ထင်ပါတယ်။ ဘယ်သူ့ကြောင့်မို့၊ ဘယ်နိုင်ငံမှာနေလို့၊ ဘယ်နေရမှာရောက်နေလို့ဆိုတဲ့ ဆင်ခြေတွေက မိုးကြိုးပစ်တာကို ထန်းလက်နဲ့ကာသလိုပါပဲ။ သေချာပေါက် ကိုယ်ပြင်လို့ရတာက ကိုယ်ကိုယ်တိုင်ပါပဲ။ ကိုယ်ကရော အခြားနိုင်ငံသားတွေလိုမျိုး ပြည့်ဝရင့်ကျက်တဲ့ နိုင်ငံသားကောင်းတစ်ယောက် ဟုတ်ရဲ့လား၊ တိုင်းပြည်အတွက် မရှိမဖြစ် အားကိုးရတဲ့ လူတော်လူကောင်းတစ်ယောက် ဟုတ်ရဲ့လားလို့ မေးကြည့်သင့်ကြပါတယ်။ ကြိုးစားသင့်ကြပါတယ်။ ကိုယ့်အချင်းချင်းပဲ နေရာလုလိုက်၊ မျက်စောင်းထိုးလိုက်၊ စားမာန်ခုတ်လိုက်၊ လက်ညှိုးထိုးလိုက် လုပ်မနေကြပါနဲ့။ "ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်"ဆိုတဲ့ သီချင်းစာသားအတိုင်း ကမ္ဘာလုံးအတိုင်းအတာနဲ့ယှဉ်ပြီး အမြင်ကျယ်ကျယ်နဲ့ မြန်မာနိုင်ငံသားအားလုံး ညီညာဖြဖြ ကြိုးစားကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်၊ တနင်္လာနေ့။
နေ့လည် ၁ နာရီ ၃၀ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်၊ တနင်္လာနေ့။
နေ့လည် ၁ နာရီ ၃၀ မိနစ်တွင်ပြီး၏။
No comments:
Post a Comment