Sunday, December 13, 2009

အများကြီးတွေးမိတယ်၊ ဒါပေမယ့် နည်းနည်းပဲပြောပြမယ်


(၁)
အလုပ်ကိစ္စတွေကြားမှာ တစ်ပတ်လောက် ခေါင်းမဖော်နိုင်အောင် ပျားတုပ်ခဲ့ရတယ်။ ဘာနဲ့မှတန်ဖိုးဖြတ်လို့ မရတဲ့ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ အများကြီးရလိုက်တယ်။ စာအုပ်တွေဖတ်ရင်း ရလာတာနဲ့မတူတဲ့ သင်ခန်းစာတွေဟာ တကယ်ကို စိတ်ဝင်စားစရာကောင်းတယ်။ ဒါကြောင့်လည်း ဘ၀ဆိုတာ ကျောင်းတစ်ခုလို့ ပြောကြတာဖြစ်မယ်။ နေ့စဉ်နဲ့အမျှ ကျွန်တော်တို့ကို သင်ပေးနေလိုက်တာများ ဘယ်တော့မှ မကုန်နိုင်မယ့် သင်ရိုးတွေနဲ့ပေါ့။

(၂)
တကယ့်ကို ကျဉ်းထဲကျပ်ထဲ ရောက်လာပြီဆိုတဲ့အခါ လူတွေရဲ့ စိတ်ရင်းအမှန်ကို မြင်လာရတာပါပဲ။ ပုံမှန်အချိန်မှာတုန်းကတော့ စကားကို ရွှန်းရွှန်းဝေအောင်ပြော၊ တကယ်ကို ပြည့်ဝရင့်ကျက်တဲ့ လူတစ်ယောက်ပုံစံမျိုးနဲ့ တကယ်တမ်း နင်လားငါလား လုပ်ရပြီလဲဆိုရော ဖုံးကွယ်ထားတဲ့ မူရင်းစိတ်ကလေးက ခေါင်းပြူကြည့်ရုံတင်မကဘူး၊ ဆက်ဆံလုပ်ကိုင်သမျှလူတွေကို ခေါင်းထွက်ပြီး ဆဲတော့တာပါပဲ။ အဲဒီလိုလူကို ရှေ့လျှောက်ပြီး ဘယ်လိုဆက်ဆံပေါင်းသင်းရမလဲ၊ ဘယ်လိုလေးစားရမလဲ။

(၃)
အတွေ့အကြုံဆိုတဲ့ စကားလုံးကို အရမ်းကို သဘောကျသွားတယ်။ တစ်ခုခုလုပ်တော့မယ်ဆိုတာနဲ့ အရင်က ဘယ်လိုလုပ်ခဲ့သလဲဆိုတာကို မေးရ၊ မြန်းရ၊ ပြန်လှန်ကြည့်ရတာ အတော်ကို စိတ်ဝင်စားဖို့ကောင်းတယ်။ ကျွန်တော်ထင်တယ်၊ အခုကျွန်တော်တို့ လုပ်နေတဲ့ အလုပ်အားလုံးနီးပါးလောက်ဟာ အရင်တုန်းက အခြားလူတွေ လုပ်ပြီးသားတွေချည်းပါပဲ။ အဲဒါကြောင့် အခုလုပ်မယ်ဆိုတဲ့အခါ သူတို့တုန်းက ဘယ်လိုလုပ်ခဲ့သလဲဆိုတာကို မေးပြီး ကိုယ်နဲ့အဆင်ပြေမယ့် နည်းလမ်းကို ရွေးချယ်ရတာဟာ အတော်လေးကို အကျိုးရှိအောင်မြင်တာကို တွေ့ရပါတယ်။ ဒါများကွာ အထူးအဆန်းလုပ်နေပြန်ပြီလို့ ပြောမယ်ဆိုလည်း ခံပါတယ်။ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့တွေ အနေနဲ့ အတွေ့အကြုံဆိုတာကို ကိုယ်တိုင်ရယူနိုင်သလို အခြားလူတွေဆီကနေလည်း ရနိုင်ကြောင်း ပြောချင်တာပါ။ သိပြီးတဲ့လူတွေအတွက် မဟုတ်ပါ။ မေ့နေတဲ့လူတွေအတွက်ပါ။ အတွေ့အကြုံကို ကိုယ်တိုင်ကလွဲရင် ဘယ်ကနေ အဓိကရနိုင်သလဲဆိုတော့ စာအုပ်တွေဟု အဖြေထွက်ပါသည်။ ကိုယ့်ရဲ့အတွေ့အကြုံတွေကို စာတစ်တန် ပေတစ်ဖွဲ့ဖြင့် မှတ်တမ်းတင်သွားသော၊ မှတ်တမ်းတင်နေကြသော ပုဂ္ဂိုလ်များကို ဤနေရာမှ ကန်တော့လိုက်ပါသည်။

(၄)
ကိုယ်မသိသေးတဲ့ အလုပ်တစ်ခုကို တခြားလုပ်ဖူးတဲ့လူတွေ ဘယ်လိုလုပ်မလဲ၊ ဘယ်လိုသုံးသပ်သလဲဆိုတာ စိတ်မ၀င်စားဘဲ ကိုယ်ထင်ရာစိုင်း လုပ်တတ်သူများနှင့် တွေ့ခဲ့ရပါသည်။ အဆိုပါလူများသည် လိုက်ပါလုပ်ဆောင်ရသည့် နောက်လိုက်များဖြစ်နေလျှင် အကြောင်းမဟုတ်ပါ၊ ဦးဆောင်သူက ပြင်ဆင်ထိန်းမတ်ပေးနိုင်ပါသည်။ သို့သော် Decision Maker များ ဖြစ်နေလျှင် အင်မတန်မှကို စိတ်ညစ်ရပါသည်။ အလုပ်က မတွင်ကျယ်သည့်အပြင် မှားယွင်းသော ခိုင်းစေမှုများကြောင့် ပိုမိုပင်ပန်းရပါသည်။ လမ်းတွေလွဲရပါသည်။ ၁၀၀ ဖိုး ပြီးရမည့်အလုပ်သည် ဆုံးဖြတ်ချက်အမှားများကြောင့် ၆၀ ဖိုး ပြီးအောင် အတော်ကို ရုန်းကန်ကြရပါသည်။

(၅)
ကျွန်တော်တို့မြန်မာလူမျိုးတွေ ဘောလီဘောအရမ်းကျွမ်းကျင်မှန်း အလုပ်အတူတွဲလုပ်တော့မှ သိလာရပါသည်။ ကျွန်တော်သာ နောင်တစ်ချိန်တွင် အားကစားဝန်ကြီးဖြစ်ခဲ့ပါမူ ထိုသူတို့ကို မြန်မာ့လက်ရွေးစင်အသင်းတွင် ထည့်သွင်းယှဉ်ပြိုင်နိုင်စေရန်အတွက် စာရင်းတို့ထားလိုက်မိပါသည်။ သူတို့နှင့်သာဆိုပါက ဘယ်အသင်းနဲ့ပဲပြိုင်ပြိုင် မြန်မာအသင်းသာ သေချာပေါက် အနိုင်ရမည်ဟု ကျွန်တော့်အသက်ကို လောင်းကြေးထပ်ဝံ့ပါသည်။ ထိုမျှအထိ ဘောလီဘော ကျွမ်းကျင်ကြသူများ ဖြစ်ကြပါသည်။

(၆)
ဂျက်ကီချန်းကားတွေမှာ ကျွန်တော်အကြိုက်ဆုံးက ဇာတ်လမ်းပြီးချိန်တွင် ပြန်ပြသော ရိုက်ကွင်းပေါ်မှ အလွဲကလေးတွေ ဖြစ်ပါသည်။ ရုပ်ရှင်ကြည့် ပရိသတ်များ အသည်းတယားယား၊ ရင်တဖိုဖိုဖြင့် ပါးစပ်ကြီးဟောင်းလောင်းပေါက်ဖြစ်အောင် ကြည့်ခဲ့ရသော ဇာတ်ကွက်များသည် အဆင်မပြေမှုများစွာ၊ ထိခိုက်ဒဏ်ရာရမှုများစွာဖြင့် ဖန်တီးခဲ့ရကြောင်း သိသာစေသော ပြချက်များဖြစ်ပါသည်။ အချို့ကတော့ ရယ်စရာဖြစ်ရသည့် အလွဲကောင်းလေးများ ဖြစ်ပါသည်။ ပြောချင်တာက တချို့ကိစ္စများတွင် အပေါ်ယံရလဒ်ကိုသာ မကြည့်မိစေဘဲ ထိုရလဒ်ထွက်လာအောင် ဘယ်လိုတွေ ဖန်တီးခဲ့ရသလဲ၊ ရင်းနှီးခဲ့ရသလဲဆိုတာကို မြင်အောင်ကြည့်စေချင်၊ သိအောင်စဉ်းစားစေချင်ခြင်း ဖြစ်ပါသည်။ (အောင်မြင်မှု) ဆိုသည့် စကားလုံးလေးတစ်ခု ဖြစ်လာစေဖို့အတွက် နဂိုက သူ့ဟာသူရှိနေသည့် (သဝေထိုး၊ အ၊ ရေးချ၊ ငသတ်၊ ရရစ်၊ မ၊ ဟထိုး၊ တစ်ချောင်းငင်) တို့ စတေးခံလိုက်ရသည်ကို နားလည်စေလိုခြင်းပါ။

(၇)
တချို့တွေက ကိုယ်လုပ်နိုင်သည့် Limit အထိ ရောက်အောင် လုပ်ကြပါသည်။ တချို့ကျပြန်တော့ ကိုယ်လုပ်နိုင်သော Limit အောက် အနည်းငယ်လျှော့၍ လုပ်ကြပါသည်။ တချို့တချို့များကတော့ ကိုယ်လုပ်နိုင်သည်ထက်ပို၍ လုပ်နိုင်အောင် ကြိုးစားအားထုတ် လုပ်ကိုင်နေကြပါသည်။ သူတို့နှင့် မတူသည့် သူများကတော့ ကိုယ်လုပ်နိုင်တာ ဘာရှိသလဲဆိုတာကိုပင် မသိသူများနှင့် ဘာမှမလုပ်နိုင်သည့်လူများ ဖြစ်ကြပါသည်။ သူတို့အတွက် ပြဿနာမရှိပါ။ သူတို့ကို လမ်းညွှန်ဦးဆောင်မည့် ခေါင်းဆောင်ကောင်းတစ်ဦးသာ လိုပါသည်။ ပြဿနာရှိတာ၊ စိတ်ညစ်စရာကောင်းတာက ကိုယ်လုပ်နိုင်သမျှကို မလုပ်ဘဲ ဘေးထိုင်ဘုပြောသည့်အပြင် အခြားသော လုပ်နေသူများကိုပါ လုပ်ချင်စိတ်ပျောက်သွားအောင် ကဖျက်ယဖျက်လုပ်သည့်သူများ ဖြစ်ကြပါသည်။ အတော်ကို ကြောက်စရာကောင်းပါသည်။

(၈)
စေတနာသည် လူတိုင်းနှင့်မတန်ဟု ဆိုကြပါသည်။ ဘယ်သူတွေက ထိုစကားကို ပြောတတ်သလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါသည်။ ကျွန်တော့်အယူအဆကတော့ စေတနာ၊ မေတ္တာ စသည့်အရာများသည် လူတိုင်းအတွက် ထိုက်တန်သည်ဟု ထင်ပါသည်။ စေတနာ၊ မေတ္တာ မလိုအပ်သောသူ၊ စေတနာမေတ္တာတွေ ပိုလျှံနေသောသူဟူ၍ မတွေ့ခဲ့ဖူးပါ။ လူတိုင်းသည် ကိုယ့်ကို စေတနာထားတာ၊ မေတ္တာထားတာ လိုချင်ကြပါသည်။ သို့သော် အခြားလူများလည်း ကိုယ့်လိုပဲ စေတနာ၊ မေတ္တာလိုချင်ကြမည် ဆိုသည်ကိုကား မေ့နေတတ်ကြပါသည်။ ကျွန်တော့်အစ်ကိုကြီး ဒေါက်တာအောင်နိုင်ကတော့ အားပေးပါသည်။ စေတနာဟာ ဘယ်တော့မှ အလကားမဖြစ်ဘူး၊ တစ်ချိန်မှာ ကိုယ့်ကို ပြန်ပြီးအကျိုးပေးကိုပေးတယ်တဲ့။ ယုံကြည်မိပါသည်။

(၉)
နာမည်ရလာသော အားကစားအင်တာနက်စာမျက်နှာတစ်ခုကို ပုံမှန်ဝင်ဖတ်ဖြစ်ပါသည်။ အထူးသဖြင့် ဘောလုံးအားကစားကို ၀ါသနာပါသည့် ကျွန်တော့်အတွက် ဘောလုံးသတင်းများ အလွယ်တကူဖတ်လို့ရ၍ ဖြစ်ပါသည်။ အခုတလော ရေးလာသော ဆောင်းပါးများသည် အဖွဲ့အစည်းတစ်ခုကို ဦးတည်ချက်ထားကာ ပြောင်ပြောင်တင်းတင်း ဝေဖန်ရေးသားလာသည်ကို ၀မ်းနည်းစွာ တွေ့မြင်ရပါသည်။ သူတို့က ကွေးနေအောင်ကသလို မြောက်ပေးသည့်သူများကလည်း ထုနှင့်ဒေးဖြစ်ပါသည်။ ကောင်းစေချင်လို့ပါဟု အကြောင်းပြကောင်းပြနိုင်ပါသည်။ သို့သော် သူတို့ကိုယ်တိုင်ရော ကောင်းစေချင်၍ သူတို့ကို ဝေဖန်ရေးသားတာမှန်သမျှကို လက်ခံပါရဲ့လားဟု မေးမိပါသည်။ ကျွန်တော့်ကိုယ်တွေ့ကြောင့် ဖြစ်ပါသည်။ သူတို့ရေးသားထားသည့် သတင်းတစ်ခုတွင် အသုံးအနှုန်းတစ်ခုသည် အခြားတစ်ဖက်အတွက် ထိခိုက်နစ်နာစေသည့်အသွင် ဆောင်နေသည့်အတွက် ဝေဖန်ထောက်ပြ ပြောဆိုမိပါသည်။ သို့သော် ကျွန်တော်၏ အဆိုပါမှတ်ချက်ကို တင်မပေးဘဲ တစ်ရက်ခန့် Pending ဖြစ်နေသည်ကို တွေ့ရပါသည်။ မှတ်ချက်တစ်ခုကို ၅ မိနစ်၊ ၁၀ မိနစ်ခန့်အတွင်း အမြဲတမ်းတည်းဖြတ် တင်ပေးတတ်သော သူတို့အတွက် ကျွန်တော်၏မှတ်ချက်ကို အဘယ်ကြောင့် တစ်ရက်ခန့်အထိ မဖော်ပြသလဲဆိုသည်ကို အီးမေးလ် (၃)ကြိမ်ခန့် ပို့ပေးကာမှ ခွင့်ပြုကာဖော်ပြခဲ့သည်ကို တွေ့ရပါသည်။ အဆိုပါဖြစ်ရပ်အတွက် သူတို့ဘာပဲလုပ်လုပ် သံသယဖြင့် စောင့်ကြည့်တတ်ခဲ့ခြင်းသည် ယခုတော့ အသုံးဝင်လာပြီဟု ဆိုရမည်ဖြစ်ပါသည်။ သူတို့နှင့် အဆင်မပြေသော အဖွဲ့အစည်းအတွက် ကောင်းစေချင်လို့ဟူသော ခေါင်းစဉ်တပ်ကာ သူတို့တွေပြောင်ပြောင်တင်းတင်းပင် ဝေဖန်လာကြသည်ကို မြင်ရတော့ စိတ်ထဲမှာ ဟားတိုက်မိပါသည်။ သူများကို လက်ညှိုးထိုးချင်ပါလျှင် ကိုယ့်လက်ချောင်းသုံးချောင်း(လက်မ မပါ)ကို အရင်ဦးစွာ ဖြတ်ထားစေလိုပါသည်။

ဆိုင်သည်မဆိုင်သည်မသိပါ။ မောင်ကောင်းထိုက်(နှီးပဒေါ)၏ ဟာသတစ်ပုဒ်ကို ချက်ချင်းပင် သတိရမိပါသည်။ ဟာသက ဒီလိုပါ-
(မေး) ကိုယ့်ပါတီကနေ အခြားပါတီဘက် ပြောင်းသွားတဲ့လူကို ဘယ်လိုခေါ်သလဲ။
(ဖြေ) သစ္စာဖောက်ပေါ့။
(မေး) အခြားပါတီကနေ ကိုယ့်ဘက်ကို ပြောင်းလာတဲ့လူကိုရော။
(ဖြေ) အမြင်ပြောင်းလဲလာသူ (အမြင်မှန်ရလာသူ) ပါတဲ့။

မှတ်မိသလိုပြန်ရေးပြတာပါ။ လွဲနေရင် ပြင်ပြီးဖတ်လိုက်ပါနော်။

ဤမျှနှင့်တော်ဦးမည်။ နောက်များမှ ဆက်ကြသေးတာပေါ့။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်၊ တနင်္ဂနွေနေ့။
ည ၉ နာရီ ၃၄ မိနစ်တွင် ပြီး၏။

No comments:

Post a Comment

 
Web Statistics